CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၇

ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ တိုက်စစ်မှူး အမ်ဘူမိုဟာ နွေရာသီမှာ ဘရန်ဖို့ဒ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အသင်းခေါင်းဆောင် နော်ဂတ်က ပြောခဲ့ပါတယ်။ 

နော်ဂတ်က “အမ်ဘူမိုက နွေရာသီမှာ ထွက်ခွာဖို့ ဖြစ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဝီဆာကို‌တော့ လူတိုင်းက ဆက်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကျနော်ကတော့ ဒီရာသီအတွက် ပျော်ရွှင်နေသလို သူတို့နှစ်ဦးအတွက်လည်း ပျော်ရွှင်ပါတယ်။ သူတို့နဲ့ အလွန်ထိုက်တန်မှုရှိပါတယ်”လို့ Sky Sports News ကိုပြောခဲ့တာပါ။

ကင်မရွန်း တိုက်စစ်မှူး အမ်ဘူမိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရန်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြသ နေပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။

အဲဒါကြောင့် အမ်ဘူမိုကို ခေါ်ယူဖို့ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ထိပ်တန်းကလပ် အသင်းအချို့က စိတ်ဝင်စားနေကြတာပါ။ 

အမ်ဘူမိုကို တွေ့ရစဉ်

ဘရန်ဖို့ဒ်အသင်းဟာ အမ်ဘူမိုနဲ့အတူ ဒီရာသီမှာ သွင်းဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူးဝီဆာကို လည်း လာမယ့်နွေရာသီမှာ ဆုံးရှုံးရနိုင်ပါတယ်။

ဘရန်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဝက်ကင်စ်၊ ဘန်ရာမာနဲ့ အိုင်ဗန်တိုနေး တို့ကို ဆုံးရှုံးခဲ့ပေမယ့် သူတို့ရဲ့ပုံစံကောင်းကို ပြသနေတာပါ။

ဘရန်ဖို့ဒ်အသင်းနဲ့ အမ်ဘူမိုတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိရှိပြီး နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့်ရှိနေပါတယ်။ 

ဘရန်ဖို့ဒ်အသင်းဟာ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေး အများအပြား လိုချင်နေတယ်လို့ သိရပါတယ်။

ဘရန်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့်(၉)နေရာမှာ ရပ်တည်နေတာပါ။ 

ဘရန်ဖို့ဒ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်စဝှစ်ခ်ျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal