CNI International News

နယူးဒေလီ၊ မေလ ၆

အိန္ဒိယနှင့် ပါကစ္စတန်သည် ၂၀၁၉ ခုနှစ်က တိုက်ပွဲဖြစ်ပွားပြီးကတည်းက နှစ်နိုင်ငံစစ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ခဲ့ကြသဖြင့်  စစ်ပွဲဖြစ်ပွားနိုင်သည့် အန္တရာယ်သည် မြင့်တက်လာခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိ ဟောင်းများနှင့် စစ်ရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီးနောက် အိန္ဒိယသည် စစ်ရေးအရ ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်နေသည်ဟု ပါကစ္စတန်က ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) က တိုက်ခိုက်သူများကို ရေဆုံးမြေဆုံး လိုက်လံရှာဖွေပြီး အပြစ်ပေး သွားမည်ဟု ကတိပြုခဲ့သည်။

ပါကစ္စတန်နိုင်ငံကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး မိမိတို့ကို တိုက်ခိုက်လာမည်ဆိုပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဟု သတိပေးခဲ့သည်။

အိန္ဒိယတိုက်လေယာဉ်ကို တွေ့ရစဉ်

၂၀၁၉ ခုနှစ်က ကက်ရှ်မီးယားဒေသရှိ အိန္ဒိယစစ်တပ်၏ မော်တော်ယာဉ်တန်း ဗုံးခွဲခံခဲ့ရပြီးနောက် အိန္ဒိယသည် ပါကစ္စတန်နိုင်ငံအတွင်းသို့ ဝင်ရောက်ကာ လေကြောင်းတိုက်ခိုက်ခဲ့သည်။

အိန္ဒိယကမူ ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ပစ်မှတ်များသည် အကြမ်းဖက်သမားများ၏ စခန်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်ကလည်း အိန္ဒိယကို တုံ့ပြန်သည့် အနေဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အိန္ဒိယလေယာဉ်တစ်စင်းကို ပစ်ချခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၈ ခုနှစ်၊ ၁၉၆၅ ခုနှစ်၊ ၁၉၇၁ ခုနှစ်တို့ကလည်း စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သည်။

၁၉၉၀ ပြည့်နှစ်က  နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ခဲ့ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကမ္ဘာပေါ် တွင် စစ်ပွဲဖြစ်ပွားနိုင်ခြေ အများဆုံး နယ်မြေများထဲ၌ ပါဝင်နေသော ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ကြောင်း ၂ နိုင်ငံစလုံးက ကြေညာထားကြသည်။

လက်ရှိ အခြေအနေအရ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားလက်နက်များ အသုံးပြုလိမ့်မည် မဟုတ် သော်လည်း ကန့်သတ်စစ်ပွဲတစ်ခု ဖြစ်နိုင်ခြေ အလွန်မြင့်မားနေကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

Source: ရိုက်တာ