CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၅
ရီးရယ်လ်အသင်းနည်းပြအန်ဆယ်လော့တီက လာမယ့်အပတ်မှာယှဉ်ပြိုင်မယ့် ဘာစီလိုနာအသင်းနဲ့ ကလက်စီကိုပွဲက ဒီရာသီလာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်နီးပါးဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ သူတို့ကို အနိုင်ယူဖို့လိုအပ်တယ်ဆိုတာ ရှင်းပါတယ်။ လာမယ့်ပွဲက အဆုံးအဖြတ်လို့ ကျနော်မပြောချင်ပေမယ့် အဆုံးအဖြတ်နီးပါးပါပဲ။ ကျနော်တို့သာ အနိုင်ရခဲ့ရင် ၁ မှတ်သာ ကွာဟတော့မှာပါ။ လိဂ်က ဘာစီလိုနာအသင်းရဲ့လက်ထဲမှာ ရှိနေမှာဖြစ်ပေမယ့် ကျနော်တို့အခွင့်အရေး ပိုပြီးရလာပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ဟာ ဒီရာသီ ၄ ကြိမ်မြောက်တွေ့ဆုံမှုအဖြစ် လာမယ့်အပတ်မှာ လာလီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။
ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့ရင် ရီးရယ်လ်အသင်းကို ၇ မှတ် ဖြတ်ထားနိုင်မှာဖြစ်ပြီး လာလီဂါချန်ပီယံဆုရရှိဖို့ နီးစပ်သွားမှာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းသာ အနိုင်ရခဲ့ရင် ဘာစီလိုနာအသင်းနဲ့ ရမှတ် ၁ မှတ်သာကွာဟတော့မှာဖြစ်လို့ လာလီဂါ လက်ကျန်ပွဲစဉ်တွေမှာ သူတို့ကို ဖိအားပေးလို့ရမှာပါ။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ ဘာစီလိုနာ အသင်းနဲ့တွေ့ဆုံခဲ့တဲ့ ၃ ပွဲစလုံးအရေးနိမ့်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းကို လာလီဂါမှာ ၄ ဂိုး-ဂိုးမရှိ၊စပိန်စူပါဖလားဗိုလ်လုပွဲမှာ ၅ ဂိုး-၂ ဂိုး၊ စပိန်ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့် ခဲ့တာပါ။
ရီးရယ်လ်အသင်းနည်းပြအန်ဆယ်လော့တီက သူတို့ဟာ စပိန်ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာ အသင်းကို အနိုင်ရဖို့နီးစပ်ခဲ့ပြီး လာမယ့်ပွဲစဉ်မှာ ယုံကြည်မှုအပြည့်နဲ့ အနိုင်ရရှိအောင် ကစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source:ESPN