CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၅
ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာဟာ လီဗာပူးလ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်း အတွက် ဂိုးသွင်းယူကာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်နေတဲ့ သူတွေကို တုံ့ပြန်ခဲ့ပါတယ်။
ကိုးလ်ပါလ်မာက “ကျနော်တို့ရဲ့အသင်း လိုက်ကစားပုံ အလွန်ကောင်းမွန်ခဲ့ပါတယ်။ ကျနော်ဟာ ၃ လလောက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကိုယ့်အတွက်ရော အသင်းအတွက်ပါ ပိုပြီးလုပ်နိုင်ဖို့ တွန်းအားတွေ ပိုပြီးပေးပါတယ်။ အခု ခေတ် ဆိုရှယ်မီဒီယာပေါ်မှာ ငတုံးတွေနဲ့ အဆိုးမြင်ဖို့ စောင့်ကြည့်နေတဲ့သူတွေက များပါတယ်။ ကျနော်က ဒါတွေ ကိုလိုက်ပြီး ဂရုစိုက်နေမယ့်သူ မဟုတ်ပါဘူး။ ကျနော်ဒီပွဲမှာ ဂိုးသွင်းနိုင်တဲ့အတွက် ပျော်ရွှင်ပြီး အသင်းကို ကူညီ ပေးရတာ ဂုဏ်ယူမိတယ်”လို့ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာက မန်စီးတီးအသင်းကနေ ပေါင် ၄၂.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအတွက် စတင်ပါဝင် ကစားချိန်ကတည်းက အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားတာဖြစ်ပါတယ်။
ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပထမဆုံး ၅၄ ပွဲမှာ ၃၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့တာပါ။
ဒါပေမယ့် ကိုးလ်ပါလ်မာဟာ ဒီရာသီ နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ပွဲမတိုင်မီ ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ ဂိုးပေါက်ပျောက်ဆုံး နေခဲ့ပေမယ့် ယုံကြည်မှုအပြည့်နဲ့ ဆက်ကစားခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အင်္ဂလန်ကြယ်ပွင့် ကစားသမားဟာ ပွဲအပြီးမှာ သူ့ကိုဝေဖန်နေတဲ့ ဆိုရှယ်မီဒီယာပေါ်ကသူတွေကို ပြန်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ကြားရက်မှာ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ယာဂါးဒန်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်မှာ ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရထားပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကို တက်နိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။
source: Goal