CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၅
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဒီရာသီ ဘွန်ဒက်လီဂါဖလား ရရှိခဲ့ပြီးနောက် စီနီယာကစားသမားဘဝ ပထမဆုံးဆုဖလားရရှိဖို့ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ပြီးခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ပွဲစဉ်မှာကတည်းက ချန်ပီယံဆုအတွက် အောင်ပွဲခံဖို့ နီးစပ်ခဲ့တာပါ။
ဒီပွဲကို ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဟာရီကိန်းဟာ ပွဲပြီးခါနီးမှာ ကွင်းထဲဆင်းလာခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် အသင်းဟာ နောက်ဆုံးမိနစ်မှာ လိုက်ပ်ဇစ်အသင်းကို ချေပဂိုးပေးခဲ့ရပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံအဖြစ် အောင်ပွဲခံဖို့ စောင့်ဆိုင်းခဲ့ရတာပါ။
ဒါပေမယ့် အမှတ်ပေးဇယားအဆင့် ၂ နေရာက လေဗာကူဆင်အသင်းဟာ ဖရိုင်းဘတ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါ ချန်ပီယံအဖြစ် အောင်ပွဲခံလို့ ရရှိသွားခဲ့ပါတယ်။
အဲဒါကြောင့် ဟာရီကိန်းဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားမရရှိဘဲ ပွဲပေါင်း ၆၉၄ ပွဲ ကစားခဲ့တာကို အဆုံးသတ်နိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဟာရီကိန်းဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဆုဖလား အီမိုဂျီပုံတင်ခဲ့သလို အသင်းဖော်တွေနဲ့ "We Are the Champions" သီချင်းသီဆိုကာ အောင်ပွဲခံခဲ့ကြပါတယ်။
ဟာရီကိန်းအတွက်တော့ သူ့ရဲ့ကစားသမားဘဝမှာ ဆုဖလား ကျိန်စာသင့်နေတာကို အဆုံးသတ်နိုင်ခဲ့တာပါ။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး ဘွန်ဒက်လီဂါ ပွဲပေါင်း ၆၀ မှာ စံချိန်တင် ၆၀ ဂိုးအထိ သွင်းယူထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းကို ပေးခဲ့ရတဲ့ ဘွန်ဒက်လီဂါဆုဖလားကို တစ်ရာသီအကြာမှာ ပြန်ရယူနိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်အပတ် မိုချန်ဂလာဘတ်အသင်းနဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ ဘွန်ဒက်လီဂါ ဆုဖလားကို လက်ခံရရှိပြီး အောင်ပွဲခံမှုပြုလုပ်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
Source: ESPN