မန်စီးတီးမှာ ကစားနိုင်သေးတယ်ဆိုတာ ပြသခဲ့တယ်လို့ ဒီဘရိုင်း ပြော
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃
မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဒီဘရိုင်းက သူဟာဒီမှာ ကစားနိုင်သေးတယ်ဆိုတာ ပြသခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းက “ကျနော်ဒီမှာကစားဖို့ တစ်ပွဲပဲကျန်တော့တယ်ဆိုတာကို သိပေမယ့် ကျနော် အမြဲတမ်းလုပ်ခဲ့တဲ့ အတိုင်း အလုပ်ကို ကြိုးစားပြီး ဒီပွဲမှာလည်းလုပ်ခဲ့ပါတယ်။ ကျနော်လုပ်ခဲ့တဲ့ အရာတွေအတွက် ဂုဏ်ယူပါတယ်။ အသင်းဖော်တွေ အများကြီးနဲ့ စကားပြောခဲ့ပြီး သူတို့တွေဟာ ကျနော်သွားမှာကို ဝမ်းနည်းနေကြတယ်လို့ ထင်ပါ တယ်။ ကံမကောင်းစွာနဲ့ပဲ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို ကျနော်မသိပါဘူး။ ကျနော်ဒီမှာ ကစား နိုင်သေးတယ်ဆိုတာကို ပြသထားပါတယ်”လို့ Sky Sports မှာပြောခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် ထွက်ခွာမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးအသင်းရဲ့ စာချုပ်ကမ်းလှမ်းမှုကို မရရှိခဲ့တာကြောင့် ၁၀ နှစ်ကြာ ကစားခဲ့တဲ့ အသင်းကနေ ထွက်ခွာရတော့မှာပါ။
ဒီဘရိုင်းကတော့ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ မသိပေမယ့် အမြင့်ဆုံးအဆင့်မှာ ကစားနိုင်ကြောင်းကို ပြသထားတယ်လို့ ပြောခဲ့ပါတယ်။
ပုံစာ- ဒီဘရိုင်းကို တွေ့ရစဉ်
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလား ပေါင်း ၁၆ ခု ရရှိထားတာပါ။
ဒီဘရိုင်းဟာ မေဂျာလိဂ်ကလပ် ချီကာဂိုအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီဘရိုင်းဟာ မေလ ၂၀ ရက်မှာ ကစားမယ့် ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီဘရိုင်းလို ကစားသမားမျိုးရဲ့ နေရာမှာ အစားထိုးဖို့ မဖြစ်နိုင်ဘဲ သူလုပ်ခဲ့တဲ့ အရာတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
Source: ESPN