CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁
လေဗာကူဆင်အသင်းဟာ နည်းပြဇာဘီအလွန်ဆိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ယူနိုက်တက်အသင်း နည်းပြဟောင်း အဲရစ်တန်ဟတ်ကို နံပါတ်တစ်နည်းပြ ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဂျာမနီသတင်း တွေမှာ ဖော်ပြထားပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၉ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့လက်ထက်မှာ အသင်းကို ကာရာဘောင်းဖလားနဲ့ FA ဖလား ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတဲ့ နည်းပြ အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်းရဲ့ နည်းပြသစ် စာရင်းထဲမှာ ပါဝင်နေတယ်လို့ Kicker က ဖော်ပြ ထားတာပါ။
လေဗာကူဆင်အသင်းဟာ ရာသီကုန်ရင် ရီးရယ်လ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာဖွယ်ရှိနေတဲ့ နည်းပြ ဇာဘီအလွန်ဆိုရဲ့ နေရာမှာ အစားထိုးဖို့ အခုကတည်းက နည်းပြသစ်ရှာဖွေဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဂျာမန်သတင်း Kicker က လေဗာကူဆင်အသင်းဟာ ဘိုင်ယန်မြူးနစ် ဒုတိယအသင်းကို ၂ နှစ်ကြာ ကိုင်တွယ်ပြီး ဂျာမန်ဘာသာစကားကို ပြောနိုင်တဲ့ အဲရစ်တန်ဟတ်ကို သူတို့ရဲ့နည်းပြသစ် စာရင်းထဲမှာ နံပါတ်တစ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားတာပါ။
အဲရစ်တန်ဟတ်နဲ့ ဇာဗီကို တွေ့ရစဉ်
ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီဟာ အဲရစ်တန်ဟတ်နဲ့အတူ လေဗာကူဆင်အသင်းရဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေပြီး ဂျာမန်ကလပ်က သူ့ကိုချဉ်းကပ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
စပိန်ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါနဲ့ ပိုကယ်ဖလားတို့ကို ရှုံးပွဲမရှိ ချန်ပီယံဆုရယူပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးထားတာပါ။
လေဗာကူဆင်အသင်းဟာ ဒီရာသီမှာတော့ ဆုဖလားလက်မဲ့နဲ့ ရာသီ အဆုံးသတ်ရဖို့ရှိနေပြီး ဘွန်ဒက်လီဂါပြိုင်ပွဲ မှာ အမှတ်ပေးဇယား အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။
ဘွန်ဒက်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ကျန် ၃ ပွဲမှာ ရမှတ် ၂ မှတ် ရယူနိုင်တာနဲ့ ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပါတယ်။
Source: metro