CNI International News

ဝါရှင်တန်၊ ဧပြီ ၃၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်း၏ ပထမဆုံး ရက်ပေါင်း ၁၀၀ အတွင်း ကုန်သွယ်ရေးမူဝါဒများ၊ မခန့်မှန်းနိုင်သည့် သံတမန်ရေးတို့ကြောင့် အာရှတစ်ဝန်း စိုးရိမ်သောကများကို ပေါ်ပေါက်စေခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ဧပြီ ၂ ရက်က ထရမ့်သည် လွတ်မြောက်ရေးနေ့ဆိုသည့် စကားလုံးကို အသုံးပြုပြီး ကမ္ဘာ့နိုင်ငံအားလုံးမှ သွင်းကုန် များအပေါ် ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် ကုန်သွယ်မှုတွင် ပိုငွေပြနေသည့် နိုင်ငံများကိုလည်း မတူညီသော နှုန်းထားများဖြင့် အခွန် နှုန်းထားများ အသီးသီး တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့ပြီး အာရှနိုင်ငံအများစုကို ဂယက်ရိုက်ခတ်ခဲ့သည်။

ထရမ့်သည် တရုတ်၏ သွင်းကုန်များအပေါ် ကုန်သွယ်ခွန် ၁၄၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သဖြင့် တရုတ် ကလည်း အမေရိကန်၏ သွင်းကုန်များအပေါ် ကုန်သွယ်ခွန် ၁၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။

အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့် ရက် ၁၀၀ အတွင်းဖြစ်ပွားမှုကို သရုပ်ပြထားစဉ်

အမေရိကန်သည် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အခြား အာရှနိုင်ငံများ၏ သွင်းကုန်များကိုလည်း အခွန် ၃၇ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းအထိ အသီးသီး တိုးမြှင့်ခဲ့သဖြင့် ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်ခြင်း၊ ကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့ကို ဖြစ်ပွားစေခဲ့သည်။

ထို့ပြင် မခန့်မှန်းနိုင်သည့် သံတမန်ဆက်ဆံရေး၊ မဟာမိတ်များနှင့် ခပ်တန်းတန်း ဆက်ဆံသည့် ထရမ့်၏ ချဉ်းကပ် ဆောင်ရွက်ပုံကြောင့် အစဉ်အလာရှိခဲ့သည့် မဟာမိတ်နိုင်ငံများကို ကသိကအောက်ဖြစ်စေခဲ့သည်။

တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အမေရိကန်၏ ကာကွယ်ရေး ကတိကဝတ်များ လျှော့ချခံရမည့် အရေးကို ရင်ဆိုင်နေရသဖြင့်  ဖြစ်လာနိုင်ခြေရှိသည့် စီးပွားရေးထိခိုက်မှုများအား ကာမိစေရန် ကုန်သွယ်ရေး၊ ငွေကြေး မူဝါဒများနှင့်ပတ်သက်ပြီး တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့သည်။

ထို့ပြင် ပါရီ ရာသီဥတု သဘောတူညီချက်၊ WHO တို့ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများမှ နုတ်ထွက်ခဲ့သည့် ထရမ့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များကြောင့် အမေရိကန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ လျော့ကျစေခဲ့ ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

အလားတူ မြောက်ကိုရီးယားကို တစ်ဖက်သတ်ဆန်သည့် ခြိမ်းခြောက်မှုများ၊ တောင်တရုတ်ပင်လယ်အရေးတွင် ရှင်းလင်းပြတ်သားမှုမရှိသည့် မူဝါဒနှင့် ယူကရိန်းစစ်ပွဲ၌ ယူကရိန်းအား စစ်ရေးအထောက်အပံ့များ ဆိုင်းငံ့မှု အစရှိသည့် လုပ်ဆောင်ချက်များကြောင့် ဒေသတွင်း စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source Nikkei Asia