CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ PSG အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြအာတီတာက အသင်းအနေနဲ့ ဗိုလ်လုပွဲ တက်ချင်ရင် ထူးခြားမှု တစ်ခုခုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ချင်ရင် ဒုတိယအကျော့မှာ ထူးခြားမှုတစ်ခုခုကို လုပ်ပြရမှာပါ။ ဒါက ပထမပိုင်းဖြစ်ပြီး ဗိုလ်လုပွဲတက်နိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ပါရီကိုသွားပြီး ပွဲကိုအနိုင်ယူရမှာပါ။ PSG ဂိုးသမား ဒွန်နာရမ်မာဟာ အလွန်ကောင်းမွန်ခဲ့ပြီး ပွဲရလဒ်ကို ခြားနားမှုဖြစ်အောင် လုပ်နိုင်ခဲ့တယ်”လို့ ပြောခဲ့တာပါ။ 

ဒီပွဲမှာ PSG အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တောင်ပံကစားသမား ဒမ်ဘီလီက ပွဲချိန် ၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ 

PSG အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယအကျော့ အိမ်ကွင်းကစားရမယ့် ပွဲစဉ်မှာ အားသာချက်တွေ ရှိသွားခဲ့တာပါ။ 

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် PSG အသင်းဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြသမှုတွေကြောင့် ဂိုးမရရှိခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့ ပီအက်စ်ဂျီ ယှဉ်ပြိုင်နေစဉ် 

ပြီးခဲ့တဲ့ လီဗာပူးလ်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဒွန်နာရမ်မာဟာ ဒီပွဲမှာ ဂိုးကာကွယ်မှု ၅ ကြိမ်နဲ့ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗိုလ်လုပွဲ တက်နိုင်ဖို့အတွက် ဒုတိယအကျော့မှာ ထူးခြားတဲ့အရာတွေ ပြုလုပ်ဖို့ အသင်းသားတွေကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ PSG အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒမ်ဘီလီဟာ ဒဏ်ရာရရှိခဲ့ပြီး နည်းပြ လူးဝစ်အင်းနရစ်က ဒုတိယအကျော့ပွဲမှာ ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိတယ်လို့ ပြောခဲ့တာပါ။

ဒါအပြင် PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ပွဲမပြီးသေးတာကြောင့် ဒုတိယအကျော့ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြုလုပ်ရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

PSG နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မေ ၈ ရက်မှာ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ 

Source: ESPN