CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇

ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ ပွဲစဉ်မှာ ဘာစီလိုနာအသင်း က အချိန်ပိုမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၃၂ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ပက်ဒရီက ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဘတ်ပီနဲ့ ချူအာမန်နီက ရီးရယ်လ် အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းယူခဲ့တာပါ။

ဒါပေမယ့် ဖာရန်တောရက်စ်က ဘာစီလိုနာအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူခဲ့တာကြောင့် ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ဟာ ၂ ဂိုးစီသရေကျပြီး အချိန်ပို ဆက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အချိန်ပိုမှာ ခွန်ဒဲက ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိသွားခဲ့တာပါ။ 

ဒီပွဲစဉ်ရဲ့ အချိန်ပိုပြီးခါနီးမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့တဲ့ ရီးရယ်လ်အသင်းက ရူဒီဂါနဲ့ ဗတ်စ်ကွက်ဇ်တို့ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရသလို အားကစားမဆန်တဲ့ အပြုအမူကြောင့် ပွဲအပြီးမှာ ဘယ်လင်ဂမ်လည်း အနီကတ်ပြသခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်စလုံး အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့တာပါ။ 
ဒီရာသီမှာဆုဖလား ၂ လုံး ရယူထားပြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဆုဖလား ၄ လုံးရယူနိုင်မယ့် လမ်းကြောင်း ပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

Source: ESPN