CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅

ပြင်သစ်လီဂူး-၁ ချန်ပီယံ PSG အသင်းဟာ လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိအောင်ကစားဖို့ ဆုံးဖြတ်ထားပေမယ့် အဓိကအာရုံစိုက်မှုက စံချိန်တွေထက် ဆုဖလား ၃ လုံးရယူနိုင်ဖို့လို့ နည်းပြအင်းနရစ်က ပြောခဲ့ပါတယ်။

အင်းနရစ်က “စံချိန်မှတ်တမ်းတွေက ကျနော်တို့အဓိက ရည်မှန်းထားတဲ့အရာမဟုတ်ဘဲ ဆုဖလားတွေကသာ အဓိကပါ။ နိုက်စ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုသွားမယ်လို့ တစ်စုံတစ်ဦးက အာမခံရင် ကျနော်ဒါကို ချက်ချင်းလက်မှတ်ထိုးသွားမှာပါ။ ဒါပေမယ့် ဒါကို ဘယ်သူကမှ အာမခံနိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ရည်မှန်းချက်ကြီးမားတဲ့အသင်းဖြစ်ပြီး လိဂ်မှာရှုံးပွဲမရှိအောင်ကစားကာ စံချိန်တင်နိုင်မယ့် အနေအထားမှာရှိပါတယ်”လို့ ပြောခဲ့တာပါ။

PSG အသင်းဟာ ဒီရာသီ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပွဲပေါင်း ၃၀ ကစားထားပြီး ရှုံးပွဲမရှိသေးဘဲ ရမှတ် ၇၈ မှတ် ရရှိထားတာဖြစ်ပါတယ်။ 

PSG အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေသလို ပြင်သစ် ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဖြစ် ရင်းမ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အဲဒါကြောင့် PSG အသင်းဟာ တစ်ရာသီ အတွင်း ဆုဖလား ၃ လုံးစလုံးရရှိနိုင်မယ့် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် PSG အသင်းဟာ ပြင်သစ် လီဂူး-၁ ပွဲစဉ် လက်ကျန် ၄ ပွဲမှာရှုံးပွဲမရှိအောင် ကစားနိုင်ရင် ပြင်သစ်လိဂ်ပြိုင်ပွဲမှာ တစ်ရာသီလုံးရှုံးပွဲမရှိအောင် ကစားနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်မှာပါ။

PSG အသင်းနည်းပြအင်းနရစ်က ရာသီကုန်ဆုံးဖို့ နီးကပ်လာတဲ့အချိန်မှာ နိုင်ပွဲအရှိန်ကို ဆက်ထိန်းသိမ်းနိုင်ဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ 

PSG အသင်းဟာ နိုက်စ်အသင်းနဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီး ၄ ရက်အကြာမှာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။ 

အဲဒါကြောင့် နိုက်စ်အသင်း နဲ့ပွဲစဉ်မှာ ကစားသမားတွေကို အနားပေးဖွယ်ရှိ/မရှိ မေးမြန်းခံခဲ့ရပြီး အင်းနရစ်က နည်းပြတိုင်းမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကိုယ်စီရှိတယ်လို့ ဖြေခဲ့ပါတယ်။

PSG အသင်းဟာ ဧပြီ ၂၆ ရက်မှာ နိုက်စ်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ပြီးရင် အာဆင်နယ်အသင်းနဲ့ ချန်ပီယံ လိဂ်အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ChannelNewsAsia