CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီအကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ဝါရင့်ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Sky Sports က အက်စတွန်ဗီလာအသင်းဟာ နွေရာသီမှာ အသင်းလက်မဲ့ ဖြစ်လာတော့မယ့် ဒီဘရိုင်းကို ခေါ်ယူဖို့အတွက် အတွင်းပိုင်းထဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မေဂျာလိဂ် ကလပ်တွေဖြစ်တဲ့ အင်တာမိုင်ယာမီ၊ ချီကာဂို၊ ဒီစီယူနိုက်တက်နဲ့ နယူးယော့ခ် စီးတီးအသင်းတို့ဟာ ဒီဘရိုင်းကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားကြတာပါ။
ဒါအပြင် ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းကလည်း ဒီဘရိုင်းကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းဟာ မန်စီးတီးအသင်းက သူ့ကို စာချုပ်သက်တမ်း မတိုးတဲ့အတွက် ၁၀ နှစ် ကြာကစားခဲ့တဲ့ အသင်းကနေ ရာသီကုန်ရင် ထွက်ခွာမယ်လို့ ကြေညာထားတာပါ။
ဒီဘရိုင်းကိုတွေ့ရစဉ်
ဒီဘရိုင်းဟာ ကမ်းလှမ်းမှုတွေ ရရှိထားပေမယ့် ရာသီကုန်မှသာ သူပြောင်းရွှေ့မယ့် အသင်းကို ဆုံးဖြတ်ဖို့ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဒီဘရိုင်းကို ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ အကြံပေးခဲ့တာပါ။
ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၁၆ ခု ရယူထားပါတယ်။
၂၀၁၅ ခုနှစ်က ဝုလ်ဗ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၁၇ ပွဲ ပါဝင်ကစားထားပြီး ၁၀၇ ဂိုးသွင်းယူထားတာပါ။
ဒီဘရိုင်းဟာ သူ့ရဲ့နောက်ဆုံး ရာသီမှာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့နဲ့ FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကူညီဖို့ ဆုံးဖြတ်ထားပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၃ နေရာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: goal