CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄
ရီးရယ်လ်အသင်းနောက်ခံလူ အလာဘာနဲ့ ကွင်းလယ်လူ ကာမာဗင်ဂါတို့ဟာ ဂီတာဖေးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းက လူငယ်ကြယ်ပွင့် အာဒါဂူလာရဲ့သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အလာဘာဟာ ဒဏ်ရာ ကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး သူ့ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ကာမာဗင်ဂါလည်း ဒဏ်ရာခံစားခဲ့ရတာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အလာဘာနဲ့ ကာမာဗင်ဂါတို့ဟာ ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ဆေးစစ်မှုတွေပြုလုပ်ပြီးရင် အခြေအနေကို အတိအကျသိရမှာဖြစ်ပေမယ့် ဗိုလ်လုပွဲကို ပါဝင်ဖို့မဖြစ်နိုင်ဘူးလို့ထင်ကြောင်း ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
ဒဏ်ရာကြောင့် ဂီတာဖေးအသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူးဘတ်ပီဟာ ဘာစီလိုနာအသင်းနဲ့ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းအတွက် ပြန်ပါဝင်နိုင်ဖွယ်ရှိနေတာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းနဲ့ ၂ ကြိမ်ယှဉ်ပြိုင်ခဲ့ပြီး လာလီဂါမှာ ၄ ဂိုး-ဂိုးမရှိ၊စပိန်စူပါဖလားဗိုလ်လုပွဲမှာ ၅ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်း အနိုင် ရဖို့ ရေပန်းစားနေတာပါ။
ရီးရယ်လ်အသင်းနည်းပြအန်ဆယ်လော့တီက ရေပန်းစားမှုရှိနိုင်ပေမယ့် ဗိုလ်လုပွဲက ဗိုလ်လုပွဲဖြစ်ပြီး ဘာမဆို ဖြစ်သွားနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဂီတာဖေးအသင်းကို အနိုင်ရခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ ဘာစီလိုနာအသင်းကို ၄ မှတ်အကွာနဲ့ အဆင့် ၂ နေရာ ကနေ ဖိအားပေးနေခဲ့တာပါ။
ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲကို ဧပြီ ၂၇ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: ChannelNewsAsia