CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပဲလေ့စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က အသင်းရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ 

အာတီတာက “ကျနော်တို့ဟာ ပွဲကိုကြီးစိုးထားနိုင်ဖို့အတွက် ဧရိယာအများအပြားမှာ တသမတ်တည်း မရှိခဲ့ပါဘူး။ ဒီပွဲမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ စံချိန်စံနှုန်းအောက်မှာသာ ရှိခဲ့ပြီး ပဲလေ့စ်အသင်းကိုတော့ အသိအမှတ်ပြု ရမှာပါ။ ကျနော်တို့ဟာ ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ဘောလုံးကိုပေးပို့ခဲ့ပြီး ကျနော်တို့လုပ်တဲ့အရာတွေဟာ နောက်ကျခဲ့ပါတယ်။ ဒီပွဲရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ခီဗီရော၊ ထရော့ဆာ့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အီဇီ၊ မာတီတာတို့ရဲ့ ချေပဂိုးတွေကြောင့် ပဲလေ့စ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့ချိန်မှာ အမှတ်ပေး ဇယားအဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၁၂ မှတ်ကွာဟသွားတာပါ။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ လာမယ့် စပါးအသင်းနဲ့ပွဲစဉ်မှာ သရေတစ်မှတ် ရယူနိုင်တာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အကြိမ် ၂၀ မြောက် ရယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပလေ့စ်အသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့တဲ့ ထရော့ဆာ့ဒ်က ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်ဟာ ကောင်းမွန်မှု မရှိတဲ့အတွက် အပြစ်ပေးခံခဲ့ရတယ်လို့ ပြောခဲ့တာပါ။

ဒါအပြင် ထရော့ဆာ့ဒ်က အာဆင်နယ်အသင်းဟာ လာမယ့် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ရာနှုန်းပြည့် ပြင်ဆင်ပြီး ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်လိမ့်မယ်လို့ ကတိပေးခဲ့ပါတယ်။ 

ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက အသင်းရဲ့တိုက်ပွဲဝင် စိတ်ဓါတ်ကို ချီးကျူးခဲ့ပြီး လာမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီစွမ်းအင်နဲ့ ယုံကြည်မှုကို ဆက်ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၂ နေရာ ရပ်တည်နေတဲ့ ပဲလေ့စ်အသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Dailymail