CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄
အေစီမီလန်အသင်းဟာ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ အေစီမီလန်အသင်း အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ဒီရာသီမှာ ရလဒ်တွေဆိုးနေတဲ့ အေစီမီလန်အသင်းဟာ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့ တာကြောင့် ဒီဆုဖလားကို ရယူပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၉ နေရာ ရပ်တည်နေပြီး ဥရောပဝင်ခွင့် နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၆ နေရာက လာဇီယိုအသင်းနဲ့ ၈ မှတ်ကွာဟနေတာပါ။
စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေ တဲ့ အင်တာမီလန်အသင်း အတွက်တော့ ရှုံးပွဲကြောင့် ဒီရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်မယ့် မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ပါတယ်။
အေစီမီလန်အသင်းနဲ့ အင်တာမီလန်အသင်းကို တွေ့ရစဉ်
အင်တာမီလန်အသင်းဟာ ဒီရာသီမှာ အေစီမီလန်အသင်းနဲ့ ၅ ကြိမ်တွေ့ဆုံခဲ့ပြီး ၂ ပွဲသရေနဲ့ ၃ ပွဲအရေးနိမ့်ခဲ့တာပါ။
ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးဂျိုဗစ်က သူတို့ဟာ စီးရီးအေပြိုင်ပွဲမှာ ကောင်းမွန်မှုမရှိတဲ့အတွက် ဒီပွဲဟာ အလွန်အရေးကြီးတဲ့ ပွဲဖြစ်ခဲ့ပြီး အရည်အသွေးနဲ့ စရိုက်လက္ခဏာကို ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက သူတို့ဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေတာ ကြောင့် ပိုသန်မာဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။
အေစီမီလန်အသင်းဟာ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲအဖြစ် ဘိုလော့ဂ်နာအသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိ နေပါတယ်။
ဘိုလော့ဂ်နာအသင်းဟာ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အမ်ပိုလီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။
Source: ESPN