CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃

စပါးအသင်းဟာ အသင်းကို ယူရိုပါလိဂ်ဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ရင်တောင် နည်းပြ ပိုစတီကိုဂလူးကို ရာသီကုန်မှာ ထုတ်ပယ်သွားဖွယ်ရှိနေပါတယ်။ 

စပါးအသင်းဟာ နည်းပြ ပိုစတီကိုဂလူးလက်ထက် ဒုတိယရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ အလွန် ဆိုးရွားနေပြီး ရှုံးပွဲ ၁၈ ပွဲအထိ ကြုံတွေ့ကာ အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတာပါ။ 

စပါးအသင်းဟာ ဒီရာသီမှာ အဓိက ကစားသမား အများအပြားရဲ့ ဒဏ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ကစားသမား အများအပြား ဒဏ်ရာက သက်သာပြီး ပြန်လာချိန်မှာတောင် စပါးအသင်းဟာ ရလဒ်တွေ ဆိုးနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားတာပါ။

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးနေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေ ပြီး ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်တွေရှိနေတာ ဖြစ်ပါတယ်။

 စပါးအသင်းကို တွေ့ရစဉ်

The Telegraph က စပါးအသင်းဟာ ယူရိုပါလိဂ်ဖလားရပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ရင်တောင် ရာသီကုန်မှာ နည်းပြ ပိုစတီကိုဂလူးကို ထုတ်ပယ်သွားဖွယ်ရှိတယ်လို့ ဖော်ပြထားတာပါ။ 

ပိုစတီကိုဂလူးဟာ ဒီရာသီမှာ စပါးအသင်းကို ဆုဖလား ရယူပေးနိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ ရာသီအစောပိုင်းမှာ ပြောထားပါတယ်။ 

ဒါပေမယ့် အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့အနာဂတ် မသေချာကြောင်း မကြာသေးမီက နည်းပြ ပိုစတီကိုဂလူးက ဝန်ခံခဲ့ပါတယ်။

စပါးအသင်းဟာ ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြစာရင်း ပြုစုထားပြီး ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာနဲ့ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားတို့က နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတာပါ။

အီရာအိုလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘုန်းမောက်အသင်းကို အဆင့် ၈ နေရာ ရပ်တည်နိုင်အောင် ကိုင်တွယ်ပေးထားပြီး မာကိုဆေးလ်ဗားက ဖူလ်ဟမ်အသင်းကို အဆင့် ၉ နေရာ ပို့ဆောင်ပေးထားပါတယ်။

စပါးအသင်းဟာ ဘိုဒိုဂီလင့်အသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်မီ အခုလာမယ့်ပွဲအဖြစ် လီဗာပူးလ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro