CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ အငှားကစားနေတဲ့ အေစီမီလန်အသင်းက သူ့ကို အပြီးသတ်ခေါ်ယူမှာ မဟုတ်တဲ့အတွက် နွေရာသီမှာ မိခင်ကလပ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ချယ်လ်ဆီးအသင်းကနေ အေစီမီလန်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဂျာအိုဖီးလစ်ဟာ အေစီမီလန်အသင်းအတွက် ပွဲဦးထွက် ပါဝင်ခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ အငှားစာချုပ်ထက် ကျော်လွန်ပြီး အေစီမီလန်အသင်းမှာ ဆက်ရှိချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောထားတာပါ။
ဒါပေမယ့် အေစီမီလန်အသင်းဟာ ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ဘူးလို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
ဂျာအိုဖီးလစ်ဟာ အေစီမီလန်အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားအပြီးမှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားပါတယ်။
ဂျာအိုဖီးလစ်ကိုတွေ့ရစဉ်
ပေါ်တူဂီကစားသမားဟာ ချယ်လ်ဆီးအသင်းမှာလည်း သူ့ရဲ့အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် လာမယ့် နွေရာသီမှာ နောက်ထပ် အသင်းတစ်သင်းထံ အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာရဖွယ်ရှိနေတာပါ။
အေစီမီလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အတ္တလန်တာအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အေစီမီလန်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြကွန်ဆီကာအိုရဲ့ အနာဂတ်ဟာ လှုပ်ခတ်နေပြီး ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။
အီတလီစူပါဖလား ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ကိုပါအီတာလီယာ ဖလား ကျန်ရှိနေသေးပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။
အေစီမီလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ တွေ့ဆုံနေပြီး ပထမအကျော့အဖြစ် ကစားခဲ့တဲ့ပွဲမှာ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။
Source: besoccer