CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
အစ်စဝစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရင် တိုက်စစ်မှူး ဒီလပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်သန်း ၃၀ အထိ လျော့ကျသွားမယ်လို့ The Guardian က ဖော်ပြထားပါတယ်။
အင်္ဂလန်ကြယ်ပွင့် ဒီလပ်ဟာ ဒီရာသီမှာ အစ်စဝှစ်ချ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာပါ။
ဒီလပ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ရှိဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အစ်စဝှစ်ချ်အသင်း လူစာရင်းမှာ အဓိက ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။
The Guardian က အစ်စဝှစ်ချ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းခဲ့ရင် ဒီလပ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင်သန်း ၄၀ ကနေ ပေါင်သန်း ၃၀ အထိ လျော့ကျသွားမယ်လို့ ဖော်ပြထားတာပါ။
လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဒီလပ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်း တို့အတွက် ဒီသတင်းဟာ သတင်းကောင်းအဖြစ် ရှိနေပါတယ်။
ဒီလပ်ကို တွေ့ရစဉ်
ဒီလပ်ကို သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းက ပြန်လည်ခေါ်ယူခွင့်ရှိပေမယ့် ဟာလန်းနဲ့ အိုမာမာမွတ်ရှ် တို့ရှိနေတာကြောင့် ပြန်လည်ခေါ်ယူဖွယ် မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ ဒီလပ်ကို အစ်စဝှစ်ချ်အသင်း ရောင်းချခဲ့ရင် ရရှိလာမယ့် ပြောင်းရွှေ့ကြေးထဲက ၂၀ ရာခိုင်နှုန်းကို ရရှိမှာပါ။
ဒီလပ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့အပြင် လီဗာပူးလ်၊ နယူးကာဆယ်နဲ့ စပါးအသင်းတို့ ကလည်း စိတ်ဝင်စားနေကြပါတယ်။
နွေရာသီမှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်အသင်းဟာ ဒီလပ်ကို အဓိက တိုက်စစ်မှူးအဖြစ် ပစ်မှတ် သတ်မှတ်ထားတာပါ။
အစ်စဝှစ်ချ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၇ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ အမှတ်ပေး ဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၇ နေရာက ဝုလ်ဗ်စ်အသင်းနဲ့ ၁၂ မှတ်ကွာဟနေပါတယ်။
အစ်စဝှစ်ချ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: Goal