CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀

လီဗာပူးလ်အသင်းကို ၉ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ပြီးခဲ့တဲ့နွေရာသီက ထွက်ခွာခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြ ကလော့ပ်ဟာ မေလမှာ လီဗာပူးလ်ထံ ပထမဆုံးအကြိမ် ပြန်လာမှာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် အဓိကဆုဖလား ၇ ခု ရယူပေးနိုင်ခဲ့တဲ့ ကလော့ပ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာခဲ့တာပါ။ 

ကလော့ပ်ဟာ LFC ဖောင်ဒေးရှင်းက ပြုလုပ်မယ့် ပွဲတစ်ပွဲမှာ ဧည့်သည် ဟောပြောသူအဖြစ် ပါဝင်ဆောင်ရွက် ပေးဖို့ မေလမှာ မာဆေးဆိုဒ်ထံ ပြန်လာမှာဖြစ်ပါတယ်။ 

ကလော့ပ်ဟာ ပြီးခဲ့တဲ့နွေရာသီက LFC ဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး မေလ ၂၃ ရက် ကျင်းပမယ့်ပွဲရဲ့ နာမည်စာရင်းထဲမှာ ပါဝင်နေတာပါ။ 

ဒီပွဲဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ရက်သတ္တပတ်နဲ့ တိုက်ဆိုင်နေတာကြောင့် လီဗာပူးလ်အသင်း ဆုဖလား ကိုင်မြှောက်နိုင်ဖွယ်ရှိတဲ့ ပဲလေ့စ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကို ကလော့ပ် တက်ရောက် ကြည့်ရှုဖွယ်ရှိနေပါတယ်။ 

လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက်မှာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၁၁ မှတ်ဖြတ်ကာ ဦးဆောင်နေတာပါ။ 

 ကလော့ပ်ကိုတွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ဒုတိယအကြိမ်မြောက် ရရှိနိုင်ဖို့ဆိုရင် ကစားဖို့ ကျန်ရှိနေတဲ့ လက်ကျန်ပွဲစဉ် ၇ ပွဲထဲမှာ ရမှတ် ၁၁ မှတ် ရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 

ကလော့ပ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက် ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ ရာထူးကို ရယူထားတာပါ။ 

ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကလပ်အသင်းအချို့က စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ နည်းပြလောကထဲကို ပြန်လာဖွယ်မရှိသေးပါဘူး။ 

ကလော့ပ်ဟာ နည်းပြဘဝမှာ မိန့်ဇ်၊ ဒေါ့မွန်နဲ့ လီဗာပူးလ်အသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး ဒေါ့မွန်အသင်းနဲ့ ဆုဖလား ၅ ခု၊ လီဗာပူးလ်အသင်းနဲ့ ဆုဖလား ၇ ခုရယူနိုင်ခဲ့ကာ အကောင်းဆုံးနည်းပြဆုကိုလည်း အများအပြား ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ 

Source: ESPN