CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၉ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ အင်တာမီလန် အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် နည်းပြကွန်ပနီက သူတို့နောက်တဆင့် တက်နိုင်မယ်လို့ ယုံကြည် မှုရှိကြောင်း ပြောခဲ့ပါတယ်။ 

ကွန်ပနီက “အင်တာမီလန်ရဲ့ အောင်ပွဲခံမှုတွေကို အများကြီး တွေ့ခဲ့ရပေမယ့် ကျနော်တို့အတွက် ဒါက ပထမပိုင်းပဲ ရှိပါသေးတယ်။ မီလန်မှာ နိုင်ပွဲရယူဖို့ ကျနော်တို့အတွက် အခွင့်အရေး ရှိနေဆဲဖြစ်ပြီး ဒီပွဲကို စောင့်မျှော်နေပါတယ်။ ကျနော်တို့ဟာ မီလန်မှာ အနိုင်ရနိုင်တယ်လို့ ယုံကြည်နေပြီး ကျနော်တို့ လုပ်နိုင်တာထက် ခြားနားတယ်လို့ ထင်စရာအကြောင်းမရှိပါဘူး။ ကျနော်တို့လုပ်နိုင်တဲ့ အရာအားလုံးကို လုပ်သွားမယ်”လို့ ပြောခဲ့ တာပါ။ 

ဒီပွဲမှာ လောတရိုမာတီနက်ဇ်က အင်တာမီလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး မူလာက ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုး ပြန်သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၈ မိနစ်မှာ ဖရက်တီဆီက အင်တာမီလန်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာပါ။

အင်တာမီလန်နဲ့ဘိုင်ယန်မြူးနစ် ယှဉ်ပြိုင်နေစဉ်

ဒီရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလနောက်ပိုင်း ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီး ၂၂ ပွဲဆက်တိုက် အိမ်ကွင်းရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ပါတယ်။ 

အင်တာမီလန်အသင်းဟာ ဒုတိယအကျော့ကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီနိုင်ပွဲကြောင့် အားသာချက် ရရှိသွားခဲ့တာပါ။ 

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက သူတို့ ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာ နိုင်ပွဲရယူ နိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောခဲ့ပါတယ်။ 

အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက သူတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရပြီး အရေးပါတဲ့ အရာတစ်ခုကို လုပ်ခဲ့ပေမယ့် နောက်ထပ် အလုပ်တွေက စောင့်ဆိုင်းနေတယ်လို့ ပြောခဲ့တာပါ။ 

အီတလီစီးရီးအေနဲ့ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားတွေကို ဦးဆောင်နေတဲ့ အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၇ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: BBC