CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူတို့ဟာ ဒီပြိုင်ပွဲမှာ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ် ထားတယ်လို့ ပြောခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “ဒီပြိုင်ပွဲမှာ ရီးရယ်လ်ကို အနိုင်ယူခဲ့တာက ကျနော်တို့အတွက် ကြီးမားပါတယ်။ ဂိုးသွင်းယူနိုင်ခဲ့ တာက ကမ္ဘာပေါ်မှာ အကောင်းဆုံး ခံစားချက်ပါ။ မှော်ဝင်တဲ့ ဖရီးကစ်ဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ကျနော် ပျော်ရွှင်ပါတယ်။ ဒါက သမိုင်းဝင် ညဖြစ်ပြီး ရီးရယ်လ်အသင်းကို ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူချင်ပါတယ်”လို့ Amazon Prime ကို ပြောခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဒီကလန်ရိုက်စ်က ဖရီးကစ်ကနေတိုက်ရိုက် ၂ ဂိုးသွင်းယူခဲ့ပြီး မယ်ရီနိုက ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်ဟာ သူ့ရဲ့ကလပ် ကစားသမားဘ၀ ပွဲပေါင်း ၃၃၀ ကျော်မှာ ဖရီးကစ်ကနေ ပထမဆုံး သွင်းဂိုး သွင်းယူနိုင်ခဲ့တာပါ။
အာဆင်နယ်နဲ့ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲမှာ ရီးရယ်လ်အသင်း ဂိုးသမား ကော့တွိုက်စ် လက်စွမ်းပြသနေလို့ အာဆင်နယ်အသင်းဟာ ဒီထက်ပိုပြီး သွင်းဂိုးတွေ မရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ရီးရယ်လ်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကိုတက်ဖို့ အခြေအနေ ကောင်း ပိုင်ဆိုင်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ လမ်းကြောင်းမှန်ကို ခြေတစ်လှမ်းလှမ်းဖို့ သေချာခဲ့ပေမယ့် ဘာနေဗျူးကို သွားရဦးမှာဖြစ်လို့ အနိုင်ရဖို့အတွက် ပွဲကိုပြင်ဆင်ရမယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က သူတို့ကို တစ်ပွဲလုံး အသာစီးနဲ့ ကစားနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ အလွန်ကောင်းမွန်တယ်လို့ ပြောခဲ့ပေမယ့် ဘာနေဗျူးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့တာပါ။
ရီးရယ်လ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၇ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: ESPN