CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၄
အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ကာဗာလီယာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မက်ဆီဟာ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်ကာ ဖေဖော်ဝါရီ ၂၅ ရက်က စပို့တင်းကန်ဆပ်အသင်းနဲ့ ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွင်းထဲကို ပြန်ဝင်ရောက်နိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုဟာ မက်ဆီကို ဒဏ်ရာရနိုင်မယ့် အခြေအနေတွေကနေ ရှောင်ရှား နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၃ ပွဲစလုံး အနားပေးခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ပွဲချိန် ၅၃ မိနစ်မှာ ဆွာရက်ဇ်ရဲ့နေရာ လူစားလဲ ဝင်ရောက်ပြီး ဂျမေကာမှာ သူ့အတွက် ပထမဆုံးပွဲစဉ် အဖြစ် ပါဝင်ကစားခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ အင်တာမိုင်ယာမီ အသင်းအတွက် ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။
မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ကာဗာလီယာအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက သူတို့ဟာ မက်ဆီကို ပွဲကစားစေချင်ပေမယ့် သူ့ကို ကွင်းထဲ ပို့ပေးဖို့ အခိုက်အတန့်ကို သိဖို့လိုအပ်ပြီး သူကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် မာရှေယာနိုက မက်ဆီ ဂိုးသွင်းနိုင်ခဲ့ပြီး ဂျမေကာမှာရှိတဲ့ လူတွေကလည်း သူ့ကိုမြင်တွေ့ခဲ့ရတာကြောင့် အားလုံးအတွက် အလွန်ကောင်းမွန်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
ကာဗာလီယာအသင်းဟာ ပရိသတ်ဦးရေ ၃,၀၀၀ ဝင်ဆံ့တဲ့ အားကစားကွင်းမှာ ကစားလေ့ရှိပေမယ့် ဒီပွဲအတွက် ပရိသတ်ဦးရေ ၃၅,၀၀၀ ဝင်ဆံ့တဲ့ နိုင်ငံရဲ့အမျိုးသားအားကစားကွင်းကို ပြောင်းရွှေ့ပြီး ကျင်းပခဲ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် LAFC အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN