CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ 

စပါးအသင်းဟာ AZ အယ်လ်ခမာအသင်းကို ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင် ရရှိပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာကြောင့် နည်းပြပိုစတီကိုဂလူးက အသင်းကစားသမားတွေအတွက် အလွန်ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။ 

ပိုစတီကိုဂလူးက “ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်။ သူတို့ကို ဂိုးပြန် ပေးလိုက်ရချိန်မှာ စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရပေမယ့် ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျနော့်ရဲ့ ကစားသမားတွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ဟာ ကျနော်တို့အတွက် ကြီးမားတဲ့ ခြားနားမှုကို ပြုလုပ်ပေးခဲ့ပြီး အိုဒိုဘတ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ခင်ဗျားတို့ မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့ တာပါ။ 

စပါးအသင်းဟာ AZ အယ်လ်ခမာအသင်းကို ပထမအကျော့ပွဲစဉ်က ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယ အကျော့မှာ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေတဲ့ စပါးအသင်းအတွက် ယူရိုပါလိဂ်ဖလားဟာ သူတို့ရဲ့အဓိက ပစ်မှတ်အဖြစ် ရှိနေတာပါ။ 

စပါးအသင်းကို တွေ့ရစဉ်

စပါးအသင်းဟာ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်မှာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲကြီးပွဲကောင်း တစ်ပွဲကို ထပ်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

နည်းပြ ပိုစတီကိုဂလူးဟာ သူကိုင်တွယ်တဲ့ အသင်းတိုင်းကို ဒုတိယမြောက်ရာသီမှာ ဆုဖလားတွေ ရယူပေးနိုင်ခဲ့ တာကြောင့် စပါးအသင်းကိုလည်း ဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာပါ။ 

ဒဏ်ရာတွေကြောင့် အနားယူနေရတဲ့ ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ ဗဟိုခံစစ်အတွဲအဖက် ဒီပွဲမှာ ပြန်ပါဝင်နိုင်ခဲ့တာက စပါးအသင်းရဲ့ ခံစစ်ကို ပိုပြီးအားကောင်းလာစေခဲ့ပါတယ်။

စပါးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC