CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၄
ဆိုစီဒက်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ယူနိုက်တက် အသင်းအတွက် ဟက်ထရစ် သွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူတို့အနိုင်ရရှိဖို့ လိုအပ် တယ်လို့ ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ဒီကလပ်က အနိုင်ရဖို့ ဖြစ်တဲ့အတွက် ကျနော်တို့ပွဲတွေကို အနိုင်ယူဖို့ လိုအပ်ပါတယ်။ ကျနော်တို့ သွားရမယ့် ခရီးက အရှည်ကြီးဖြစ်ပေမယ့် လာမယ့်ပွဲတိုင်းကို အာရုံစိုက်ပြီး မှန်ကန်တဲ့ စိတ်ဓါတ်တွေ ရှိမယ်ဆိုရင် ပွဲတွေကို အနိုင်ယူနိုင်မယ်ဆိုတာ ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ ကျနော်တို့ဟာ အလွန်ကောင်းမွန် တဲ့ တိုးတက်မှုရရှိအောင် လုပ်ဆောင်နေပေမယ့် လိုချင်တဲ့ရလဒ်တွေ ရရှိမယ်ဆိုရင် တိုးတက်မှုကို မြင်တွေ့ရမှာ ပါ” TNT Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပထမအကျော့ပွဲစဉ်က ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် ဒုတိယအကျော့မှာ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ဖလားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်း ရရှိနိုင်တဲ့ တစ်ခုတည်းသော ဆုဖလား ဖြစ်တာကြောင့် ယူနိုက်တက်အသင်းဟာ ဒီဆုဖလားကို ရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နေတာပါ။
ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ဘရူနိုဖာနန်ဒက်စ်ကတော့ ယူရိုပါလိဂ်ဖလား ရရှိဖို့အတွက်ဆိုရင် မှန်ကန်တဲ့ စိတ်ဓါတ် ရှိရမယ်လို့လည်း ယူနိုက်တက်အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဒီရာသီမှာ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဆုဖလားတွေ ရရှိနိုင်အောင် အသင်းအနေနဲ့ အကူအညီပေးဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်း နောက်ဆုံး သွင်းယူထားတဲ့ သွင်းဂိုး ၁၃ ဂိုးထဲမှာ ၁၁ ဂိုး ပါဝင်ပတ်သက်ခဲ့ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ယူနိုက်တက်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ် ကလပ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်အသင်းဟာ အခုလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ လက်စတာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal