CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အင်္ဂလန်အတွက် ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကို အဆုံးသတ်ပြီး ဂျမေကာနိုင်ငံကို ကိုယ်စားပြုပြီးကစားဖို့ တောင်းဆိုထားတယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)အကြီးအကဲ ဘူလ်လင်ဂမ်က အတည်ပြုထားပါတယ်။
The Mirror က ဂရင်းဝုဒ်ဟာ ဂျမေကာအသင်းအတွက် ကစားဖို့ တရားဝင် စာရင်းသွင်း လျှောက်ထားတယ်လို့ ဖော်ပြထားတာပါ။
ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းကြီးအတွက် တစ်ပွဲပါဝင် ကစားထားပေမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက မုဒိမ်းမှု အပါအဝင် စွဲချက်အမျိုးမျိုးနဲ့ စွဲချက်တင်ခံရပြီးနောက်မှာ လက်ရွေးစင်အသင်းနဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီမှာ သူ့အပေါ်စွဲချက်တင်ထားတဲ့ အမှုတွေကနေ လွတ်မြောက်ခဲ့တာပါ။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ အပြီးသတ်ထွက်ခွာခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပြင်သစ်လီဂူး-၁ ပွဲစဉ် ၂၄ ပွဲမှာ ၁၅ ဂိုးသွင်းပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်း နည်းပြသစ် တူချယ်လ်က သူ့ကို လူစာရင်းထဲ ရွေးချယ်ခံမယ်ဆိုရင်တောင် နိုင်ငံ ကိုယ်စားပြုပြောင်းလဲဖို့ တရားဝင်တောင်းဆိုထားတဲ့အတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းအတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှာ ပါဝင်ကစားခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်း ချိုးဖောက်မှုကြောင့် အိမ်ပြန်စေလွှတ်ခြင်း ခံခဲ့ရပါတယ်။
ဂျမေကာလက်ရွေးစင်အသင်းကို ယူနိုက်တက် လက်ထောက်နည်းပြဟောင်း မက္ကလာရင်က ကိုင်တွယ်နေပြီး ဒီလထဲမှာ ကွန်ကာကပ်ဖ် Gold Cup ခြေစစ်ပွဲ ၂ ပွဲကစားဖို့ရှိနေတာပါ။
ဂရင်းဝုဒ်အနေနဲ့ ဒီပွဲတွေမှာ ဂျမေကာအသင်းအတွက် ပါဝင်ကစားမလားဆိုတာ မသေချာသေးပေမယ့် လာမယ့် ဇွန်လမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။
ဂျမေကာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ကွန်ကာကပ်ဖ်ဇုန်)ဒုတိယအဆင့်မှာ ၂ ပွဲကစားထားပြီး ၂ ပွဲစလုံး နိုင်ပွဲရရှိထားတာပါ။
ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ လာမယ့်လီဂူး-၁ ပွဲစဉ်ကစားဖို့ မာဆေးလ်အသင်းနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မာဆေးလ်အသင်းဟာ လန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal