CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၈

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားသည့် ဒေသခံများသည် ပြည်ပမှ လာရောက်ဖွင့်လှစ်ထားသော ယာယီဆေးရုံများမှာ အလှမ်းဝေးသည့်အတွက် သွားရောက်ကုသမှု နည်းပါးကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းမှ ဒုဥက္ကဌ ဦးကျော်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပြည်သူလူထုအနေဖြင့် အစိုးရဆေးရုံကြီးများတွင်သာ စုပြုံကာ ဆေးဝါးကုသမှု ခံယူနေကြပြီး ပြည်ပမှ လာရောက်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံများတွင်မူ လူနာနည်းပါး လျက်ရှိသည်ကို တွေ့ရသည်။

ထိုသို့ လူနာနည်းပါးရခြင်းမှာ ဒေသခံလူထု အနေဖြင့် ပြည်ပမှ ယာယီဆေးရုံများ လာရောက်ဖွင့်လှစ်ထားသည်ကို မသိရှိကြသူများလည်းရှိကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းမှ ဒုဥက္ကဌ ဦးကျော်ကျော်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။

ဂျပန်က မန္တလေးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ်

၎င်းက “ဒါက လူမသိတာလည်း ဖြစ်နိုင်တယ် ဆိုရှယ်အားပေါ့။ အင်တာနက် လိုင်းတွေမရတာတို့ အဲဒီလိုမျိုးတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ဆီ လာတဲ့ဟာက တကယ်လို့ ဆေးရုံပို့ရမယ့်လူနာ ပါတယ်ဆိုရင်တော့ ကျနော်တို့ ဆေးရုံကြီးပို့သင့်တဲ့ လူနာကိုပို့တယ်။ ရုရှားတို့ဘာတို့ ဆေးရုံပို့သင့်တဲ့ လူနာကို ပို့တယ်။ ဝေးလည်း ဝေးတယ်။ တကယ့်တကယ်ကြတော့ လှမ်းလည်းလှမ်းတယ်လေ။ အဲဒါတွေလည်း ပါလောက်တယ်။ ဝေးဝေး လံလံ သူတို့က မသွားနိုင်တော့ဘူးလေ။ အိမ်တွေကလည်း မီးလောင်တာနဲ့ အိမ်ပြိုတာနဲ့ သူခိုးကလည်း အရမ်း ပေါတော့ သူခိုးတွေကို ပစ်ပြီးတော့လည်း မသွားကြတော့ဘူး။ ကိုယ့်အိမ်ရှေ့တွေမှာကိုယ်အိပ်၊ ဟာလာဟင်းလင်း ပြင်မှာ အိပ်ကြတာဆိုတော့ အဲဒီလိုမျိုးလေ” ဟု ပြောသည်။

မန္တလေးမြို့တွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကုသပေးနိုင်ရန်အတွက် ဂျပန်၊ အိန္ဒိယ၊ တရုတ်နှင့် ရုရှား စသည့် နိုင်ငံများမှ ယာယီဆေးရုံများ ဖွင့်လှစ်ကာ ဆေးဝါးကုသပေးလျက်ရှိသည်။

တရုတ်နိုင်ငံမှ ဖွင့်လှစ်ထားသော ယာယီဆေးရုံသည် လမ်း ၃၀၊ ၇၂ လမ်း နှင့် ၇၃ လမ်းကြားတွင်ရှိပြီး အိန္ဒိယမှ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံသည် ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းအဟောင်းတွင် တည်ရှိသည်။

ထို့နောက် ရုရှားနိုင်ငံမှ ဖွင့်လှစ်ထားသော ယာယီဆေးရုံသည် ၆၈ လမ်းနှင့် ၁၀၇ လမ်းထောင့်မှာရှိသည့် မန္တလာ သီရိဘောလုံးကွင်းတွင် ရှိပြီး ဂျပန်နိုင်ငံက ဖွင့်လှစ်ထားသော ယာယီဆေးရုံမှာ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီရုံး ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဖွင့်လှစ်ထားသည်။

အိန္ဒိယက မန္တလေးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ်

အဆိုပါ ယာယီဆေးရုံများတွင် ခွဲစိတ်ခန်း အသေးစားနှင့် ဆေးဝါးကုသသည့် ပစ္စည်းများလည်း အစုံအလင် ပါရှိသည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူများအား အချိန်နှင့်တပြေးညီ ကုသပေးနိုင်သည်။

ထို့ကြောင့် ဒေသခံပြည်လူထု အနေဖြင့် ၎င်းတို့ထံတွင် ဆေးဝါးကုသမှု ခံယူသင့်ကြောင်း၊ ဆေးရုံကြီးနှင့် ပြည်ပ ယာယီဆေးရုံများကို လူနာများခွဲကာ ပြသမည်ဆိုပါက ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း မဟာလူမှု ကယ်ဆယ် ရေးအသင်းမှ ဒုဥက္ကဌ ဦးကျော်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုသသင့်တာပေါ့ သူတို့က နိုင်ငံခြားကလာတဲ့ စက်ပစ္စည်းနဲ့ဆိုတော့ သူတို့က စုံတာပေါ့။ ဆေးဝါးတွေ လည်း ကောင်းတယ်လေ။ သူတို့ရဲ့ ဆေးဝါးကုသမှုက ကောင်းပါတယ်။ အသေးစိတ်ကအစ သေချာလုပ်ပေးတယ်။ စနစ်ကျတယ်။ လူနာတွေအတွက်လည်း ပိုကောင်းသွားတာပေါ့ ဟိုမှာ ဆေးရုံကြီးမှာလည်းပြ ဒီမှာလည်း ဟိုဟာ ဖြစ် ခွဲပြီးတော့ ပြလိုက်တော့ ပိုကောင်းတာပေါ့။ လူနာတွေအတွက် ပိုပြီးအဆင်ပြေတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွား ပြီးနောက် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်း အပါအဝင် နေရာအချို့၌ နေအိမ်၊ အဆောက်အအုံ ပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ထိုပြိုကျပျက်စီးမှုများကြောင့် သေဆုံးသူ ၄၀၀၀ ဝန်းကျင်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၅၀၀၀ ဝန်းကျင်ခန့် ရှိလာ ကြောင်း၊ ဧပြီ ၇ ရက်နေ့အထိ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေကြဆဲ ဖြစ်သော်လည်း အချို့နိုင်ငံမှ လာရောက် ကူညီပေးကြသည့် ကယ်ဆယ်ရေးအဖွဲ့များမှာမူ နေရပ်သို့ ပြန်ကြတော့မည်ဖြစ်သည်။