
- By CNI
- Category: စီးပွားရေး
- Hits: 715
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ရွှေနှင့်ပြုလုပ်ထားသည့် လက်ဝတ်တန်ဆာပစ္စည်း အချောထည်များကို ဂျပန်နိုင်ငံသို့ တင်ပို့ရန်အတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ပြင်ဆင်နေပြီး ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များသည်လည်း မြန်မာ့ ရွှေထည်များကို ဝယ်ယူရန်အတွက် ကမ်းလှမ်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ယခင်က ဂျပန်နိုင်ငံသို့ ရွှေထည်ပစ္စည်းများ တင်ပို့ခဲ့သော်လည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုများကြောင့် ရပ်တန့် ခဲ့ရပြီး လက်ရှိတွင် ဂျပန်နိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း၊ မြန်မာနိုင်ငံမှလည်း တင်ပို့ရန်အတွက် အဆင် သင့်ရှိနေကြောင်း၊ လက်ရှိတွင် တင်ပို့ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
“အရင်တုန်းက ဂျပန်ကို ပို့တယ်လေ တောက်လျှောက်။ အခုနောက်ပိုင်း ကိုဗစ်နဲ့ပတ်သက်လို့ ရပ်သွားတယ် လုပ်ငန်းတွေ ရပ်သွားတယ်။ အခုကျတော့ ဟိုဘက်ကလည်း ပြန်ပြီးတော့ ကမ်းလှမ်းတယ်။ ဒီဘက်ကလည်း ပစ္စည်းရောင်းဖို့ ဘာညာအဆင်သင့် ရှိတယ်ပေါ့ ပန်းတိမ်သမားတွေကလည်း။ အခု ဆွေးတော့ ဆွေးနွေးနေကြပြီ။ အတိအကျတော့ မဖြစ်သေးပါဘူး။ ဒီဘက်ကလည်း ကိုဗစ်နဲ့ပတ်သက်လို့ ဘာစည်းကမ်းချက်တွေ ရှိလဲ။ သူတို့ လာတဲ့အခါမှာ ဒီမှာ ဟိုတယ်မှာ တစ်ပတ်နားပေးရတာတို့ ဘာတို့ အဲဒါမျိုး သူတို့က မလိုဘူးပေါ့။ သူတို့က ဒီဘက် က ကိုဗစ်စည်းကမ်းနဲ့ပတ်သက်လို့ မေးကြ မြန်းကြတာ ရှိတယ်။ နောက် ကုန်သွယ်ရေးလိုင်စင်နဲ့ ပတ်သက်လို့ မေးတာ ရှိတယ်။ သူတို့လာမယ်ဆိုရင်တော့ အရောင်းအဝယ် ပြန်ဖြစ်သွားပါပြီ။ ပို့နေကြပါပဲ အရင်ပို့တာကို ကိုဗစ် ကြောင့် ရပ်သွားတာပါ” ဟု ပြောသည်။
မြန်မာ့ရွှေထည်ပစ္စည်းများ
လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ရွှေတွင်းများမှ ရွှေကုန်ကြမ်းများ ဝင်ရောက်လျက်ရှိနေကြောင်း၊ ရွှေများ အလုံအလောက် ရှိကြောင်း၊ ဂျပန်နိုင်ငံသို့ တင်ပို့မည်ဆိုပါက ပြည်တွင်းရှိ ရွှေပန်းတိမ်လုပ်ငန်းများ အဆင်ပြေ လာမည်ဖြစ်ပြီး ရွှေဆိုင်များလည်း အရောင်းအဝယ် ကောင်းမွန်လာမည် ဖြစ်သည်ဟု ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆက် ပြောသည်။
ဂျပန်နိုင်ငံသို့ တင်ပို့သည့် ရွှေသည် ပမာဏ နည်းပါးသော်လည်း ပြည်ပသို့ ရွှေတင်ပို့နိုင်သည့်အတွက် ပြည်တွင်း ရွှေဈေးကွက်ကို အနည်းငယ် ထိန်းကျောင်း၍ ရနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
“ပြည်ပ ရွှေတင်ပို့နိုင်တာတော့ ကောင်းပါတယ်။ ပြည်တွင်းမှာလည်း ပစ္စည်းတွေ အိုင်မနေတော့ဘူးပေါ့။ အထွက် လည်းနည်းနည်းရှိတော့ ကျနော်တို့ ဈေးနည်းနည်းကျဖို့ အခြေအနေကောင်းတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်တာ ပေါ့။ အခုက ဒေါ်လာလည်း မလှုပ်ဘူးလေ။ ရွှေတစ်ခုတည်းကပဲ ရောင်းလိုအား ဝယ်လိုအားနဲ့ ဟိုဘက် သွားလိုက်၊ ဒီဘက်သွားလိုက် ဖြစ်နေတဲ့အချိန်ဆိုတော့ အတည်တကျ ပြောလို့မရဘူးပေါ့။ တချို့ကျတော့ ဒီအချက်ကို ထောက်ပြီးတော့ လုပ်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ရှိတယ်လေ။ နည်းတာများတာ ဆိုတာထက် တချို့က ပွိုင့်တစ်ခုကို ထောက်ပြီး လုပ်ကြတာ ရှိတယ်။ ဒေတာလေး တစ်ခုပဲ။ ကမ္ဘာ့ဈေးကွက် တွေမှာဆိုရင် ဘာသတင်းထွက်ရင် ဘယ်လိုဖြစ်ရင် ရွှေဈေးက ကောင်းမယ်၊ ကျမယ် ဈေးက တက်မယ် ကျမယ် တကယ်တမ်း ကျတော့ အဲဒီသတင်းက အဲလောက်ကြီး မဟုတ်ဘူး။ ဒါပေမယ့် အဲဒီပွိုင့်ကို ထောက်ပြီးတော့ အရောင်းအဝယ် လုပ်ကြတဲ့ လူတွေပေါ်မှာလည်း မူတည်သေးတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဂျပန်နိုင်ငံသို့ လက်ဝတ်တန်ဆာ ရွှေထည်ပစ္စည်းများ၊ အဆောင်ပစ္စည်း အချောထည်များဖြစ်သည့် ကျားရုပ်၊ ဆင်ရုပ်များစသည်တို့ကို တင်ပို့လျက်ရှိနေကြာင်း သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ် ကျဆင်းလာသည့်အချိန်တွင် ဂျပန်နိုင်ငံသို့ ရွှေတင်ပို့မှု စတင်လာနိုင်ကြောင်း၊ ထို့နောက် တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် ရွှေကို CMP (လက်ခစားစနစ်) ပုံစံမျိုးဖြင့် လာရောက် လုပ်ကိုင်ရန်အတွက် ရှိနေကြောင်း၊ လက်ရှိတွင် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့် ကုန်သွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များအပေါ် စောင့်ကြည့်နေကြသည်ဟု ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 847
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်းမှ စတင်ကာ MOU စာချုပ်ဖြင့် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံနေရပြီး အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများဖြင့် ကြုံတွေ့နေ ကြကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
ထို MOU လုပ်သားများထဲ၌ အများစုသည် စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်းကို အဓိကကြုံတွေ့နေရသလို အထောက်အထားများ သိမ်းဆည်းခံထားရခြင်း၊ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း၊ လုပ်ခလစာနှင့် လုပ်ငန်းခွင် အတွင်း ထိခိုက်မှုများတွင် တာဝန်ယူမှုမရှိခြင်း စသည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။
မိမိတို့၏ တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းမှု မရှိဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ နှစ်နိုင်ငံအစိုးရချင်း သဘော တူညီမှု MOU စာချုပ်ဖြင့် လာရောက် လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်း လုပ်သားများအပေါ် ယခုကဲ့သို့ ခေါင်းပုံ ဖြတ်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
၎င်းက “ခေါင်းပုံဖြတ်တယ်ဆိုတာ လုပ်အားခ မပေးတာပဲ လုပ်အားခကိုပဲ ဖြတ်တယ်လို့ အများစုက နားလည် တယ်။ အလုပ်သမား တစ်ယောက်ချင်းရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး မရဘူးဆိုရင် ဒါ အလုပ်သမား ဥပဒေကို ချိုးဖောက်တာပဲ။
အလုပ်သမားအခွင့်အရေးကို ခေါင်းပုံဖြတ်တာပဲ။ MOU အလုပ်သမားတစ်ယောက် ဝင်လာရင် လူမှုဖူလုံရေးခ ဘတ် ၁၀၀၀ သူတို့သွင်းတယ်ပေါ့။ တကယ်တမ်းကျရင် အလုပ်သမား တစ်ယောက်ဟာ နေမ ကောင်းဖြစ်ရင် သူနဲ့သက်ဆိုင်တဲ့ ဆေးရုံဆေးခန်းကို ပို့ပေးရမယ်။ မြန်မာနိုင်ငံကနေ စပြီးထွက်လာ ကတည်းက သူသွင်းထားတဲ့ လူမှုဖူလုံရေးခတွေနဲ့ ကတ်ပြားတွေနဲ့အတူ ဆေးကုသခံယူခွင့် ရှိရမယ်။ နောက် အစိုးရဆေးရုံ တွေမှာ သူတို့ ကျန်းမာရေး အာမခံတွေ ရှိထားပြီးသား ဖြစ်တယ်ပေါ့။ ထိုင်းအစိုးရကလည်း သူကိုယ်တိုင်က သိ တယ်။ မြန်မာနိုင်ငံသား တစ်ဦး တစ်ယောက်ရဲ့ ဒုက္ခအခက်အခဲကို မြန်မာနိုင်ငံ အစိုးရကနေပြီးတော့မှ ထိရောက် တဲ့ အကူအညီ မပေးနိုင်သလို သူတို့အပေါ်ကိုလည်း တစ်စုံတစ်ရာ ဖိအားပေးတာမျိုး၊ တစ်စုံတစ်ရာ မှတ်ချက်ပေး တာမျိုး မလုပ်နိုင်ဘူးဆိုတာကို သူတို့သိတယ်။ ဘာလို့ဆို မြန်မာနိုင်ငံမှာက ကြီးမားတဲ့ပြဿနာတွေ နိုင်ငံရေး ပြဿနာတွေ ရှိနေတဲ့အခါ ကြတော့ အလုပ်သမားအရေးကို သိပ်ပြီးတော့မှ စိတ်ဝင်တစားနဲ့ လုပ်ပေးမယ့် အစိုးရ အဖွဲ့အစည်းဌာန မရှိဘူး” ဟု ပြောသည်။
ထိုသို့ စေလွှတ်ရာတွင် အေဂျင်စီအချို့အနေဖြင့် ထိုင်းအလုပ်ရှင်ဘက်မှ လိုအပ်သည့် လုပ်သားဦးရေထက် ပိုမို၍ စေလွှတ်မှုများရှိကြောင်း၊ စာချုပ်ပါ အလုပ်မဟုတ်သဖြင့် အဆင်မပြေသည့်အတွက် အလုပ်ထွက်မည် ဆိုပါက လည်း အလုပ်ထွက်စာအဖြစ် ငွေကြေးတောင်းခံမှုများ ရှိကြောင်းလည်း သိရသည်။
FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “သူတို့ရဲ့ မူအရ အလုပ်ထွက်ခွင့် လက်မှတ်ပေးရတယ်ပေါ့နော်။ အဲဒီ အလုပ်ထွက်ခွင့်ပြုကြောင်း လက်မှတ် ပေးတယ်။ တချို့ ကုမ္ပဏီတွေ တချို့ အေးဂျင့်တွေက အဲဒီလိုမျိုး လက်မှတ် မပေးတော့ အလုပ်သမားတွေ အနေနဲ့ တော်တော်ခက်ခဲတယ်ပေါ့။ သူတို့ကနေပြီးတော့လည်း အဲဒီ လက်မှတ် မရှိ ရင် တခြားလုပ်ငန်းရှင် အသစ်ကိုလည်း ဆက်လို့မရဘူး။ ဆက်လို့မရနိုင်ဘူး။ အဲဒါကြောင့်မို့လို့ တချို့ အလုပ် သမားတွေက တရားဝင်တာကနေ တရားမဝင် အလုပ်သမားတွေ ဖြစ်သွားတာမျိုးတွေ ကျနော်တို့ တွေ့နေရ တာပေါ့” ဟု ပြောသည်။
ထိုင်းရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
လက်ရှိ မြန်မာ MOU လုပ်သားများ ခေါင်းပုံဖြတ်ခံ နေရခြင်းတွင် အလုပ်ရှာဖွေရေး အေဂျင်စီများ၌ အဓိက ပိုအရေးကြီးကြောင်းနှင့် ၎င်းတို့လုပ်ကိုင်ရမည့် လုပ်ငန်းခွင်နှင့်ပတ်သက်၍ ထိုအေဂျင်စီများမှ မစေလွှတ်ခင်တွင် သေချာစွာ စိစစ်ထားသင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထို့အပြင် မြန်မာသံရုံးမှ တာဝန်ရှိသူများ အနေဖြင့်လည်း အလုပ်သမားအရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိဘဲ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားမှသာလျှင် လုပ်ဆောင်ပေးခြင်း ဖြစ် ကြောင်း ၎င်းတို့က သုံးသပ်သည်။
ကိုသားကြီးက “ ၂ ရာခိုင်နှုန်း လောက်တောင်မှ သေသွားလို့ သဂြိုလ်တဲ့အခါမှာ မျက်နှာသွားပြတာမျိုးတွေ၊ လျော်ကြေး ရတဲ့အခါမှာ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုတွေကို မျက်နှာကောင်းလုပ်တာမျိုးတွေ ဒီလောက်ပဲ တွေ့ရတယ်။ အဲဒီတော့ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ဒုက္ခအခက်အခဲတွေကို မြန်မာအလုပ် သမား သံအရာရှိတွေ ကူညီတယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ အဲဒီတော့ မြန်မာတွေက ဘယ်သူ့ကို ကူညီရသလဲဆိုတာကို တဆက်တည်းပြောရင် ကျနော် အပါအဝင် ထိုင်းနိုင်ငံထဲမှာ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလိက ဖွဲ့စည်းထားတဲ့သူတွေ၊ မြန်မာအချင်းချင်းတွေ ကူညီတာကိုပဲ တွေ့ရတယ်။ ဒါဟာ ဘာကိုသွားပြီးတော့ ညွှန်းနေတာလဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ဝန်ကြီးဌာနတွေဟာ အဂတိ မကင်းတာရယ်၊ နေရာတစ်စုံတစ်ရာရလာရင် မိမိတို့ရဲ့ မိသားစု အကျိုးစီးပွား အတွက်ပဲ စီးပွားရေးရှာတာကို တွေ့နေရတယ်”ဟု ပြောသည်။
မြန်မာသံရုံးမှ တာဝန်ရှိသူများ အနေဖြင့် အလုပ်သမား အရေးနှင့်ပတ်သက်ပြီး သေချာစွာ ကိုင်တွယ်ဖြေရှင်းပေးပါ က ယခုကဲ့သို့ ခေါင်းပုံဖြတ်ခံရခြင်းများ ကြုံရမည် မဟုတ်ကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ပြန်လည်စေလွှတ်မှုကို ၂၀၂၂ ခုနှစ်၊ မေလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံသို့ MOU လုပ်သား စေလွှတ်ထားမှုမှာ လူဦးရေ တစ်သိန်းဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 885
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ယခုနှစ် ကြံစိုက်ရာသီတွင် ကြံ ၁ တန်၏ ကြမ်းခင်းဈေးသည် ၉ သောင်းကျပ် ရှိသော်လည်း လက်ရှိ ကြံရာသီ အကုန်၌ သကြားဈေးနှုန်း ကောင်းမွန်သည့်အတွက် ကြံတစ်တန်လျှင် ၉ သောင်းခွဲနှင့် ၁ သိန်းကျပ်အထိ သကြား စက်ရုံများက ဈေးနှုန်းတိုးမြှင့် ဝယ်ယူလာကြသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။
တောင်သူများအနေဖြင့် သကြားစက်ရုံများနှင့် ကြံတစ်တန် ၉ သောင်းဖြင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပြည်တွင်း သကြားဈေးနှုန်း ကောင်းမွန်နေခြင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ သကြားဝယ်ယူမှုတို့ကြောင့် သကြားဈေးကွက် ကောင်းမွန်နေသည့်အတွက် သကြားစက်ရုံများမှ ကြံဈေးနှုန်းကို တိုးမြှင့်ပေးခြင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြံဈေးနှုန်းက ၉ သောင်းခွဲ။ သကြားဈေး ကောင်းတာကိုး။ သကြားကလည်း ဗီယက်နမ် ထွက်တာနဲ့ ဘာနဲ့ဆို စက်ရုံတွေက တောင်သူတွေ ပိုစိုက်အောင်လို့ ပိုပေးတာပေါ့လေ။ တကယ်တမ်းက ၉ သောင်းနဲ့ စာချုပ် ချုပ်ထားတာပေါ့လေ။ သူတို့လည်း ဈေးတက်တော့ ဈေးရတော့ တောင်သူကို ပြန်ပေးတာပေါ့နော်။ ပြည်တွင်း သကြားဈေးပေါ့နော် ဈေးကွက်အရ တရုတ်ဘက်ကလည်း တောင်းတယ်။ ဗီယက်နမ်ကလည်း တောင်းတာကိုး။ အဲဒီအခါကျတော့ သကြားဈေးကွက် ကောင်းတာပေါ့နော်။ ပြီးခဲ့သည့် နှစ်ကတော့ ၆ သောင်းလေ။ ဒီနှစ်ကတော့ စကတည်းက ၉ သောင်းလေ။ အခု ၉ သောင်းနဲ့ စာချုပ်ချုပ်ပြီး ကြံရာသီ ပြီးတော့မှာဆိုတော့ သူတို့ဈေးနှုန်းကို ပြန်တိုးပေးတာပေါ့။ ၉ သောင်းမဟုတ်ဘဲ ၉ သောင်းခွဲပေါ့နော်။ ရှမ်းမြောက် ၉ သောင်းခွဲပါ။ ငွေရည်ပုလဲနဲ့ သင်း ရွှေရည်က ၉ သောင်းခွဲ။ ၁ သိန်းဆိုတာက မြဘုရင်ကတော့ လိုင်းပေါ်မှာတော့ တွေ့တယ်။ ၁ သိန်း ဝယ်တယ် ဆိုတာက သူတို့မှာ ကြံမရှိဘူးလေ” ဟု ပြောသည်။
ကြံစိုက်ခင်းတစ်ခုကိုတွေ့ရစဉ်
ကြံတစ်တန် ၁ သိန်းကျပ်ဖြင့် ဝယ်ယူမည်ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြဘုရင် သကြားစက်ရုံက စတင် ကြေညာခြင်းဖြစ်ပြီး ကျန်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မိုင်းရယ်သကြားစက်ရုံနှင့် ငွေရည်ပုလဲ သကြား စက်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သကြားစက်ရုံများကမူ ကြံတစ်တန် ၉ သောင်းခွဲကျပ်ဖြင့် ဝယ်ယူမှု ရှိကြောင်း သိရသည်။
လက်ရှိ ကြံဈေးနှုန်းသည် စက်ရုံအရောက် စျေးနူန်းဖြစ်ပြီး ပြည်တွင်း ကြံစိုက်ရာသီ ကာလတစ်လျှောက်တွင် အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းတစ်ခုဖြစ်ကြောင်း၊ တောင်သူများအတွက်လည်း အဆင်ပြေသည့် စျေးတန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သကြားစက်ရုံများက ကြံစိုက်တောင်သူများအား စိုက်စရိတ်တချို့ ထုတ်ချေးပေးသည့်အတွက် ယခုနှစ် ကြံစိုက်ရာသီတွင် ကြံစိုက်တောင်သူများအနေဖြင့် ဧက တိုးချဲ့ စိုက်ပျိုးလာနိုင်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်မှ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။
၎င်းက “စိုက်ပျိုးမှု အခြေအနေက ၃၀ ရာခိုင်နှုန်း တိုးမယ်။ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း၊ ဒီဈေးနဲ့ဆိုရင် တောင်သူ တွေက စိုက်နိုင်တယ်လေ စိုက်ပျော်တယ်လေ။ သူတို့ကလည်း ဘာဖြစ်လို့ တိုးတာလဲဆို အကြောင်းရင်က စက်ရုံ တွေက ဟိုတုန်းက စိုက်ပျိုးစရိတ် မပေးဘူး။ အခု စိုက်ပျိုးစရိတ်ကို ထုတ်ပေးတယ် ထုတ်ချေးပေးတယ်ပေါ့။ ငွေသား ၃ သိန်း မြေဆီ ၂ သိန်း၊ ၅ သိန်းပေါ့ အဲဒါကတော့ ဝေမာ(သကြားစက်)က ပေးတယ်” ဟု CNI သတင်းဌာန သို့ ပြောသည်။
ကြံများရောင်းချနေစဉ်
ကြံစိုက်ပျိုးရာတွင် လက်ရှိ၌ စိုက်ပျိုးရေး သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး ဆေးမျိုးစုံ၊ စက်သုံးဆီစျေး၊ အလုပ်သမား ငှားရမ်းခများသည် အရင်နှစ်များထက် မြင့်တက်နေသော ကြောင့် ကြံတစ်ဧက စိုက်ပျိုးပါက ၈ သိန်းမှ ၁၀ သိန်းအထိ ကုန်ကျသည်ဟု ကြံစိုက်တောင်သူများက ပြောသည်။
ရာသီဥတု ကောင်းမွန်ပါက ကြံတစ်ဧကလျှင် ကြံတန်ချိန် ၃၀ ခန့် ထွက်ရှိသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။
ကြံကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုး ကြပြီး ပဲခူးတိုင်းအရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ ရန်ကုန်းတိုင်း ဒေသကြီး ဥက္ကံမြို့နယ်တို့တွင် စိုက်ပျိုးမှုများ ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 843
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉
နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များဖြစ်သည့် မြဝတီ၊ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့်(QR Code) ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုသည့်စနစ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ အသုံးပြုမည်ဖြစ်သည်။
ထို့နောက် ယာဉ်တစ်စီးလျှင် ကျပ် ၅၀၀၀ နှုန်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် မြေပဲတင်ပို့ခြင်းကို စနစ်တကျ ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လိုင်စင် ရရှိထားသော ကုန်ပစ္စည်းများ သယ်ဆောင်သည့် ပို့ကုန်ယာဉ်များအနေဖြင့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်လက်မှတ်(မျှော)ကို ကြိုတင်ရယူပြီးမှသာ သယ်ဆောင်ခွင့် ပြုလျက်ရှိသည်။
လက်ရှိတွင် လုပ်ငန်းရှင်များ ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
QR Code ဖြင့် ဆောင်ရွက်ရာတွင် လျင်မြန်စွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ QR Code စစ်ဆေးသည့် ဂိတ် များတွင် အင်တာနက်လိုင်း ကောင်းမွန်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်
၎င်းက “QR Code ဖတ်တဲ့ နေရာမှာပေါ့နော်၊ သက်ဆိုင်ရာ ကုမ္ပဏီတွေ ဒီဘက်က လျှောက်တဲ့နေရာမှာ အချက် အလက် ပြည့်စုံတယ်၊ ဒါပေမယ့် မကျလာဘူးပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် မကျလာဘူးဆိုရင်လည်း ဒါက သိပ်အဆင်မပြေဘူးပေါ့နော်။ တစ်ခါ စစ်ဆေးတဲ့ ဂိတ်တွေမှာလည်း ဒီ QR Code ကို စစ်ဆေးဖို့အတွက် သူတို့ရဲ့ system က ၁၆ မိုင်ဂိတ်မှာရှိတဲ့ စစ်ဆေးတဲ့ ဆော့ဝဲလ်သည် လားရှိုးနဲ့ သိန်းနီကြားမှာရှိတဲ့ ရေပူဂိတ်က စစ်လို့ မရ ဘူး။ အဲတော့ သူ့နေရာမှာပဲ သူစစ်လို့ရတယ်။ ၁၆ မိုင်ဂိတ်ကို ဖြတ်ပြီပေါ့နော် မူဆယ်ကိုသွားဖို့ ၁၆ မိုင်ဂိတ်မှာရှိတဲ့ QR Code စစ်ဆေးတဲ့သူသည် ကျွမ်းကျင်တဲ့သူက တစ်ယောက်တည်း ရှိတယ်၊ အဲဒီတစ်ယောက်ကလည်း အကြောင်းကြောင်းကြောင့် အစည်းအဝေး သွားတက်နေတယ်ဆို၊ မျှော်မှန်းမထားတဲ့ ကိစ္စနဲ့ အပြင်ထွက် နေတယ် တို့ အဲလိုမျိုး ဖြစ်သွားရင်တော့ QR Code စစ်ဖို့အတွက်ကို ကားတွေက တန်းစီ စောင့်နေရမှာပေါ့နော်။ အဲဒါလေး တစ်ချက်တော့ ရှိတယ်။ အဲဒီစခန်းမှာ အင်တာနက်လိုင်းက ကျနေတယ်ပေါ့နော်၊ ဒါက အင်တာနက်ပေါ်မှာ အခြေခံတော့ အင်တာနက်လိုင်း ကျနေလို့ QR Scan ဖတ်လို့ မရလို့ ကြန့်ကြာနေရင်လည်း နှောင့်နှေးစရာတွေ ဖြစ်တာပေါ့နော်” ဟု ပြောသည်။
ထို့နောက် နယ်စပ်ပို့ကုန်လိုင်စင် လျှောက်ထားရန် မလိုသည့် ကုန်စည်များအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ကို တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရသည်။
ကုန်ပစ္စည်းသယ်ဆောင်ခွင့်(QR Code) ဖြင့် သတ်မှတ်ထားသည့် ကုန်စည်တွင် လယ်ယာထွက်သီးနှံ မပါဝင်သည့် အတွက် ဆန်တင်ပို့မှုအပေါ် သက်ရောက်မှု မရှိဘူးလို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “QR Code ထုတ်လိုက်လို့လည်း ဘာမှလည်း ရောင်းတာ ဝယ်တာမှာ ဘာမှ မထိခိုက်ပါဘူး။ တို့က ပုံမှန် သွားတာ တို့က တရားဝင် သွားတဲ့ပစ္စည်း။ သူတို့ရေးထားတာက အရင်တုန်းက ကန့်သတ်ပစ္စည်း QR Code နဲ့ သွားရမယ့်ဟာတွေက အဲလိုပါတယ်။ ဘာပဲပြောပြော တို့ကိုတော့ မထိခိုက်ဘူး ဆန်နဲ့ ဆန်ကွဲကိုတော့ QR Code လုပ်တဲ့ကိစ္စက။ ပဲကတော့ ဆီထွက်သီးနှံတစ်မျိုး။ တို့ကျတော့ လယ်ယာထွက်သီးနှံတစ်မျိုး အဲဒါ မတူလို့ သူက ဆီထွက်သီးနှံအုပ်စုထဲ ပါနေတာ” ဟု ပြောသည်။
မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များ ဖြစ်သည့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းများမှ နယ်စပ်ကုန်တင်ယာဉ်များ အနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ကို အွန်လိုင်း ကနေ ကြိုတင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကုန်ကားများကိုတွေ့ရစဉ်
အဆိုပါ စနစ်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပြုခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ် ကာလအဖြစ် စတင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စမ်းသပ်ကာလအတွင်း အခကြေးငွေ ကောက်ခံခြင်း မပြုဘဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက် ကုန်စည် စစ်ဆေးရေး ဂိတ်များရှိ တာဝန်ကျ ဝန်ထမ်းများထံသို့ အဆိုပါ QR Code အား ပြသ၍ စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း၊ QR Code ပြသ စစ်ဆေးခံနိုင်ခြင်း မရှိသည့် ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက် ထွက်ခွာ ခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။
ထို့နောက် အဆိုပါ ယာဉ်များအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို Online မှ ပြန်လည် လျှောက်ထားပြီး QR Code ရရှိပြီးမှသာ ဆက်လက် ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 951
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်အတွင်းရှိ နွေစပါးစိုက် တောင်သူများနှင့် နေကြာစိုက် တောင်သူများအတွက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ယူရီးယား ဓာတ်မြေဩဇာ တစ်အိတ်လျှင် ၅ သောင်းကျပ်ဖြင့် ဈေးသက်သာစွာ ရောင်းချပေးသော် လည်း တောင်သူများထံသို့ မရောက်ဘဲ ဖြစ်နေသည်ဟု ရခိုင်ပြည်နယ်မှ တောင်သူများထံမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာများကို ဖြန့်ဝေရာတွင် တောင်သူများဆီသို့ တိုက်ရိုက် ဖြန့်ဝေခြင်း မဟုတ် ဘဲ သက်ဆိုင်ရာ မြို့နယ်နှင့်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးမျာမှတဆင့် ဖြန့်ဝေလျက်ရှိကြောင်း၊ ထို့နောက် အုပ်ချုပ်ရေးမှူးများက ရောင်းစားလိုက်သည်များ ဖြစ်ပေါ်နေကြောင်း ကျောက်တော်မြို့နယ် စပါးစိုက်တောင်သူ ဦးသန်းဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နွေစပါးစိုက်တဲ့သူကို ပေးတယ်။ နောက်တစ်ခုက စိုက်ပျိုးမြို့နယ်ရဲ့ ခွဲတမ်းကိုလေ အဲဒါကို ရရက ဥက္ကဋ္ဌ တွေနဲ့ သူတို့က ခွဲတမ်းပေးတယ်။ သူတို့က တောင်သူတွေဆီကို ရောက်အောင်မပေးဘူး အဲဒါတစ်ခုတော့ ရှိတယ်။ တောင်သူတွေကို သူတို့က မပေးဘူး။ ဥပမာ ရွာတစ်ရာမှာ အိတ် ၂၀၀ ပေးတယ် သဘောမှာဆိုရင် အဲဒီ အုပ်ချုပ်ရေးမှူးက သူတို့ကတဆင့် တောင်သူတွေဆီကို ရောက်အောင်လည်း မပေးဘူး။ ရောင်းစားလိုက်တယ် အကုန်လုံး ရောင်းစားလိုက်တယ်။ အဲဒီလိုမျိုး ရှိတယ်။ တောင်သူဆီကို တကယ်ရောက်စေချင်ရင်တော့ တောင်သူ တွေကတော့ အကုန်လုံးလည်း လိုချင်ကြတယ်လေ။ ကိုယ့်ရဲ့ အခွင့်အရေးကိုတော့ အကုန်လုံး လိုချင်တာပေါ့။ အပြင်က ဆိုရင်တော့ ဈေးကများတယ်။ အစိုးရဆီက ရောင်းတာကတော့ ဈေးက သက်သာတယ်။ တစ်အိတ်ကို ၅ သောင်းလောက်ပဲ ပေးရတယ်” ဟု ပြောသည်။
တောင်သူများ ကောက်စိုက်နေစဉ်
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများသို့ ဖြန့်ဖြူးရာတွင် တောင်သူများ အမှန်တကယ် ရရှိစေရန်အတွက် အုပ်ချုပ်ရေးမှူးများဖြင့် ဆောင်ရွက်မည့်အစား သက်ဆိုင်ရာ တောင်သူအစုအဖွဲ့များ၊ တောင်သူ အဖွဲ့အစည်းများ ဖြင့် ချိတ်ဆက် ဆောင်ရွက်သင့်ကြောင်း တောင်သူများက ပြောသည်။
လက်ရှိ ဖြန့်ဝေနေသည့် ပုံစံသည် ခေတ်အဆက်ဆက် ကျင့်သုံးနေခြင်းဖြစ်ပြီး တောင်သူများ၏ ရပိုင်ခွင့် အခွင့် အလမ်းများ ဆုံးရှုံးနေကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ကျနော်တို့က တကယ်တမ်းကျရင် စိုက်ပျိုးရေးဦးစီးဌာနဘက် ဖြစ်စေပေါ့နော် ဒါက စစ်ရမှာ။ စစ်ရမှာ ဆိုတာက သူတို့နဲ့ ချိတ်ဆက်နေတဲ့ တောင်သူအဖွဲ့အစည်းတွေ ရှိကြတယ်။ ဆိုတော့ အုပ်ချုပ်ရေးဆီကို သွားရမယ့် အစားပေါ့နော် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူတွေကို ခေါ်ယူပြီးတော့ အသိပေးပြီးတော့ အဲဒီလို စီမံရမှာလေ။ ဒါမှမဟုတ်ရင် အဲဒီလိုမှ မဟုတ်ရင် ကျနော်တို့ အဆင်မပြေနိုင်ဘူးဗျ။ ဘာလို့ဆို ခေတ်အဆက်ဆက် ကျနော်တို့ အဲဒီလိုမျိုး ကြုံခဲ့ရတာလေ။ တောင်သူတွေကတော့ အခွင့်အလမ်း ဆုံးရှုံးတာပေါ့။ တကယ်တမ်း အစိုးရက အမှန် တော့ လိုအပ်ချက်အရ ပေးတယ်ဆိုရင်တောင်မှ တောင်သူတွေဆီ မရောက်ဘူးဆိုရင်တော့ အဲဒီတောင်သူတွေက အခွင့်အလမ်း ဆုံးရှုံးတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် နွေစပါးစိုက် တောင်သူများနှင့် နေကြာစိုက်ပျိုးသူများကို ဈေးသက်သာစွာဖြင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချ ပေးနေခြင်းဖြစ်ပြီး မိုးစပါးရာသီတွင်လည်း ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေးအတွက် ဆောင်ရွက်နေ ကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းမှ ဓာတ်မြေဩဇာ အမြောက်အများ ထုတ်လုပ်နိုင်ပါက ရရှိသည့် ခွဲတမ်းပေါ် မူတည်ပြီး ဦးစားပေးအလိုက် ဖြန့်ဖြူးပေးသွားမည်ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများ ကောက်စိုက်နေစဉ်
၎င်းက “လယ်သမားတွေကို ကျနော်တို့က ကျနော်တို့ဌာနအနေနဲ့ စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ ရောင်းတာ မဟုတ်ဘူးခင်ဗျ။ ကျနော်တို့က မြို့နယ်မှာ မြို့နယ် ဓာတ်မြေဩဇာ သိုလှောင် သယ်ယူ ဖြန့်ဖြူးရေးအဖွဲ့ဆိုပြီး ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့ ကော်မတီတွေ ဖွဲ့ထားပါတယ်ခင်ဗျ။ အဲဒီလို ဖွဲ့ထား ပြီးတော့ အဖွဲ့က ဘယ်သူ့ကို ဦးစားပေးပြီး ရောင်းမလဲ အဲလို အစည်းအဝေး ထိုင်ပြီး ဆောင်ရွက်တာခင်ဗျ။ မြန်မာ့ ရေနံနဲ့ ဓာတုဗေဒလုပ်ငန်းက ယူရီးယား ထုတ်လုပ်တဲ့ စက်ရုံတွေက လည်ပတ်လို့ရှိရင်တော့ ကျနော်တို့က ပုံမှန် ခွဲတမ်းတွေ ရပါတယ်ခင်ဗျ။ အဲဒီခွဲတမ်းအပေါ် မူတည်ပြီးတော့ ကျနော်တို့က ဦးစားပေးအလိုက် ဖြန့်ဖြူးရတာပါ ခင်ဗျ” ဟု ပြောသည်။
တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စသည့် သွင်းအားစုစရိတ် ကြီးမြင့်မှုများ ကြုံတွေ့ နေရသည့်အတွက် အစိုးရမှ ဈေးနှုန်း သက်သက်သာသာဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများကို ရရှိရန် လိုအပ်ကြောင်း၊ တစ်ဧက တစ်အိတ်နှုန်းအပြင် လိုအပ်သလောက် လုံလုံလောက်လောက်ဖြင့် ရောင်းချ ပေးစေလိုကြောင်း၊ တောင်သူများထံသို့ အမှန်ကတယ် ရောက်ရှိစေရန်အတွက် စိစစ်စေလိုကြောင်း တောင်သူများ က ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1082
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးမှုကဏ္ဍတွင် တောင်သူများအပြင် စီးပွားရေး လုပ်ငန်းရှင်များနှင့် နည်းပညာပိုင်း များ ယခုထက်ပို၍ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး များက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ပူးပေါင်း ပါဝင်လာပါက ကောင်းမွန်သော်လည်း ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင် အနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအား ကြည့်တတ်သည့် သူမျိုးဖြစ်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ လယ်သမားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခေတ်အဆက်ဆက်မှာက လုပ်ငန်းရှင်တွေနဲ့ ဒီစိုက်ပျိုးရေးဘက်မှာ စိုက်ပျိုးရေးကို အထောက်အကူ ပြုတာ မဟုတ်ဘဲနဲ့ ဒီစိုက်ပျိုး ထုတ်လုပ်ကုန်တွေကိုပဲ ဝယ်ယူသိုလှောင် ဖြန့်ဖြူးတဲ့နေရာမှာ ပူးပေါင်းကြတာ ဖြစ်ပြီးတော့ ဝယ်ယူသိုလှောင်ဖြန့်ဖြူးတဲ့ နေရာမှာ သူတို့အတွက် အမြတ်ရရေးကိုပဲ ဦးစားပေးတဲ့ လုပ်ငန်းရှင်မျိုး ဆိုရင်လည်းပဲ ဒီစိုက်ပျိုးရေးက development ဖြစ်ဖို့ မလွယ်ဘူးပေါ့။ ဒါကြောင့်မို့လို့ နည်းပညာရှင်တွေ ဘက်က လည်း ပူးပေါင်းပါဝင်တဲ့အခါမှာ တကယ်လက်တွေ့ကျတဲ့ ရေမြေသဘာဝနဲ့လေ။ အန်ကယ်တို့ တိုင်းပြည်မှာက အရင်က ပညာရှင်တွေ လာခဲ့ကြပေမယ့် ရေမြေဒေသ မကျွမ်းကျင်တော့ ဒေသတစ်ခုနဲ့တစ်ခု လုပ်ထုံးလုပ်နည်း အစစအရာရာ ဒေသမှာရှိတဲ့ ကျွမ်းကျင်တောင်သူကြီးတွေနဲ့ ပူးပေါင်းပြီးတော့ အဲဒီနည်းပညာတွေ ပူးပေါင်းကြမယ် ဆိုရင်တော့ ပိုပြီးအဆင်ပြေပါလိမ့်မယ်လို့။ နောက် ဒေသလုပ်နိုင်တဲ့ အခြေအနေပေါ့လေ။ လက်ရှိ ဗမာပြည်မှာ ရှိတဲ့ လယ်သမားတွေရဲ့ ရင်းနှီးမြှုပ်နှံနိုင်မှု အနေအထားပေါ်မှာ မူတည်ပြီးတော့ တကယ်ပဲ အချိုးကျကျ သဘာဝ ကျကျ ပူးပေါင်းပါဝင်ကြမယ်ဆိုရင်တော့ အားလုံး အဆင်ပြေသွားမှာပါ” ဟု ပြောသည်။
စိုက်ခင်းများကိုတွေ့ရစဉ်
ပူးပေါင်းပါဝင်သည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း ထုတ်ကုန် အများအပြား ရရှိရန်အတွက်သာမကဘဲ စိုက်ပျိုး ရေး ဖွံ့ဖြိုးမှုအတွက်ပါ မျှတစွာ လုပ်ဆောင်တတ်ရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်ဆောင်သည့် လုပ်ငန်းရှင်မျိုး ပူးပေါင်းပါဝင်မှသာလျှင် ပို၍ အောင်မြင်မည် ဖြစ်ကြောင်း တောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေးတို့က သုံးသပ်ကြသည်။
လက်ရှိတွင် စိုက်ပျိုးရေး သွင်းအားစုများအား တင်သွင်းရာ၌ နိုင်ငံရေးနှင့် နိုင်ငံခြားငွေကြေး မတည်ငြိမ်မှုအပြင် လုပ်ငန်းရှင်များနှင့် ကုန်သည်တို့၏ အကျိုးအမြတ် ကြည့်မှုတို့ကြောင့် ဈေးအဆမတန် မြင့်တက်ကာ တောင်သူ များအပေါ် သက်ရောက်မှု လာရှိကြောင်းလည်း ၎င်းတို့က ပြောသည်။
သို့သော် ထိုကဲ့သို့သော လုပ်ငန်းရှင်များနှင့် နည်းပညာရှင်များ ပူးပေါင်းပါဝင်လာခဲ့သည်ရှိပါက ဆန်စပါး စိုက်ပျိုးရေးကဏ္ဍသည် အလျှင်အမြန် တိုးတက်ပြောင်းလဲရန်မှာ မဖြစ်နိုင်ကြောင်း၊ အရှိန်တစ်ခု ယူရမည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စီးပွားရေးလုပ်ငန်းတစ်ခု စပြီးတည်ထောင်တယ်ဆိုရင် ပထမဆုံး ၅ နှစ်က မြတ်ဖို့ဆိုတဲ့ဟာထက် ဘယ်လောက် အရှုံးနည်းနိုင်သမျှ နည်းအောင် ကြိုးစားရတာပေါ့နော်။ နောက်ပိုင်းနှစ်တွေမှသာ ဖြေးဖြေးနဲ့ မြတ်အောင် ကြိုးစားရတာပေါ့။ ဒီလိုသဘောတရားပဲပေါ့နော်။ ခုနက စိုက်ပျိုးရေးကဏ္ဍမှာလည်း ဒီလိုမျိုး တောင်သူကလည်း တောင်သူဘက်က လုပ်နိုင်တာလုပ်။ လုပ်ငန်းရှင်ကလည်း လုပ်ငန်းရှင်လုပ်နိုင်တဲ့ အနေ အထားနဲ့ ဘာလို့ဆို လုပ်ငန်းရှင်က အဓိက ငွေထွက်တဲ့နေရာပေါ့ source of credit ၊ supporting ကကြတော့ အစိုးရက ပေးရမှာပေါ့။ ဒါတွေအတွက် ဘာမူဝါဒတွေ ပြောင်းလဲပေးဖို့ လိုမလဲ၊ သူတို့တွေ လုပ်သာ ကိုင်သာရှိ အောင် ဘာမူဝါဒတွေ ပြောင်းလဲပေးဖို့ လိုမလဲဆိုတဲ့ဟာ ဒီလိုမျိုး ၃ ဦး ၃ ဖလှယ်ကနေမှ အနစ်နာခံပြီးတော့ အတိုင်းအတာတစ်ခုအထိ လုပ်မယ်ဆိုရင်တော့ အများကြီး အရင်တုန်းကလိုပေါ့ မမွေးခင်က ကြားခဲ့ဖူးတဲ့ မြန်မာပြည်က အာရှရဲ့ ဆန်အိုးကြီးတို့ အဲဒီလိုမျိုး ပြန်ဖြစ်သွားနိုင်တယ်ပေါ့”ဟု ပြောသည်။
တောင်သူများသည် စိုက်ပျိုးရေးပညာ သိရှိမှု အားနည်းသဖြင့် စိုက်ပျိုးရေး လုပ်ရာတွင် သီးနှံအထွက်နှုန်း တိုးစေ ရန် ဓာတ်မြေဩဇာအား အများအပြား အသုံးပြုပြီး စိုက်ပျိုးနေကြကြောင်း သိရသည်။
အစိုးရဌာနဆိုင်ရာများ အနေဖြင့်လည်း တစ်နိုင်ငံလုံးနီးပါးရှိ တောင်သူများအား စိုက်ပျိုးရေး ပညာပေးလုပ်ငန်းတို့ အများအပြား လုပ်ဆောင်နိုင်မည်ဆိုပါက တောင်သူများအတွက် နည်းပညာပိုင်း သိရှိမှုသည် ယခုထက် ပိုမို ကျယ်ပြန့်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
စိုက်ပျိုးရေးအတွက် ကောက်လိုင်းပေါ်နေစဉ်
၎င်းက “သူတို့က များများထည့်ရင် များများထွက်တယ်ဆိုတဲ့ concept ရှိတယ် တောင်သူတွေမှာက။ တကယ် လည်း အဲဒီလိုထွက်တယ်။ ဒါပေမယ့် ရေရှည်မှာ မြေဆီလွှာ ပျက်စီးတာတို့၊ ပတ်ဝန်းကျင် ထိခိုက်တာတို့ ဆိုတာက နောက်တစ်ပိုင်းပေါ့နော်။ သူတို့က အဲဒီလောက်အထိ မစဉ်းစားနိုင်ဘူး။ မစဉ်းစားနိုင်ရတဲ့ အကြောင်းအရင်းက ပညာပေး လုပ်ငန်းတွေ အားနည်းနေလို့ပဲ။ ပညာပေးလုပ်ငန်းတွေ အားနည်းတော့ ဒီဟာတွေလုပ်ရင် ဒီလိုအကျိုး အပြစ်တွေ ရှိပါလားဆိုတာကို သိတဲ့တောင်သူက အရမ်းနည်းတယ်။ အခုနောက်ပိုင်းမှာ ကိုဗစ်နဲ့ coup ပြီးတဲ့ နောက်ပိုင်းမှာကြတော့ သွင်းအားစုတွေ ဈေးကြီးလာတဲ့အတွက် အများကြီး မထည့်နိုင်တော့ဘူး အခုဟာက။ တကယ့်ကို လုပ်ကွက်ကြီးတဲ့ တောင်သူတွေလောက်သာ ထည့်နိုင်တော့တာပေါ့နော်။ ဒါတောင် သူတို့က အရင်လို မျိုး ပုံသဏ္ဍာန်နဲ့ မသုံးနိုင်တော့ဘူး။ အရင်က တစ်ဧကကို ၂ အိတ် သုံးတယ်ဆိုရင် အခု တစ်ဧကကို တစ်အိတ် လောက်ပဲ သုံးနိုင်တဲ့ အနေအထား ဖြစ်သွားပြီပေါ့။ အထွက်တော့ သေချာတယ် သိသိသာသာလျော့မှာ” ဟု ပြော သည်။
တောင်သူများ အနေဖြင့် ပြီးခဲ့သည့် မိုးစပါးစိုက်ပျိုးချိန်တွင် သွင်းအားစုစရိတ်နှင့် စက်သုံးဆီစရိတ်တို့ ကြီးမြင့်မှု များကြောင့် အလုံအလောက် အသုံးမပြုခဲ့နိုင်သဖြင့် လက်ရှိတွင် စပါးအထွက်နှုန်းမှာ နည်းပါးကာ ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
သွင်းအားစုစရိတ် နှုန်းထားသည် ယခင်ကဲ့သို့ ပြန်လည် ကျဆင်းရန်မှာ မဖြစ်နိုင်သဖြင့် ယခုနှုန်းထားထက် ပို၍ မမြင့်သွားစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်များအနေဖြင့် ထိန်းချုပ်ပေးရန် တောင်သူများက လိုလားကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1231
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသအတွင်း ရုရှား-မြန်မာ အပန်းဖြေအိမ်ရာစီမံကိန်း စတင် အကောင်အထည်ဖော်ရေး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင် များအကြား နှစ်ဖက်သဘောတူစာချုပ် MOU လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကိုပါ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း အိမ်ရာစီမံကိန်း ပြုလုပ်ခြင်းထက် ဟိုတယ်နှင့်သံတွဲလေဆိပ်တို့ကို ယခုထက်ပို၍ အဆင့်မြှင့်တင်ရန်သာ လိုလားကြကြောင်း ငပလီဒေသခံ မြို့မိမြို့ဖ ဦးထွန်းသန့်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့က အိမ်ရာထက် ဟိုတယ်ဆောက်တာ ပိုသဘောကျတာပေါ့။ အိမ်ရာဆောက်တယ်ဆိုတဲ့ဟာက ဘယ်လိုသဘောနဲ့ ဘယ်လိုဆောက်မလဲ ကျနော်တို့လည်း နားမလည်ဘူး။ တကယ်လို့သာ ငပလီမှာ ဆိုက်ရောက်ဗီဇာ International လေဆိပ် ပေးနိုင်တယ်ဆိုရင် ဟိုတယ်တွေက အများကြီးလိုမှာပဲလေ။ ကျနော်တို့က ဟိုတယ်ချည်းပဲ ဆောက်တာကို မြင်ချင်တာပေါ့။ အဲဒါမှလည်း International လေဆိပ်နဲ့ ဆိုက်ရောက်ဗီဇာ ပေးလို့ရမှာကို။ များသောအားဖြင့် ထိုင်းကနေ တိုက်ရိုက် ဒီကိုလာချင်ကြတယ်။ ဒါပေမယ့် ရန်ကုန် transit ခံနေတော့ နည်းနည်းထောက်နေတာပေါ့။ အများကြီးတိုးမြှင့်သင့်တာပေါ့။ လေယာဉ်လည်း ရှိတယ်၊ ကျနော်တို့ရဲ့ သဘာဝအခြေခံအလှတရားကြီး ကမ်းခြေကြီးလည်း ရှိနေတယ်။ သဘာဝရဲ့ seafood လတ်လတ်ဆတ်ဆတ်တွေ ရှိတယ်။ တကယ်လို့သာ ကျနော်တို့ဆီကို ဆိုက်ရောက်ဗီဇာသာ ပေးမယ်ဆိုရင် ထိုင်းကနေ တိုက်ရိုက် ဒီကိုလာတော့မှာပဲလေ။ ပွင့်ပွင်းလင်းလင်းပြောရရင် ရန်ကုန် transit ကြီး ခံထားတယ် အခုက။ transit ကြီးခံတော့ ဧည့်သည်က ကုန်ကျစရိတ်လည်း ပိုများတယ်။ လာဖို့က နည်းနည်း စိတ်ပျက် တာပေါ့။ ကျနော်တို့ ငပလီက တကယ်တမ်းပြောရင် အေးချမ်းတယ်လေ။ ဘာမှမရှိဘူး။ ရန်ကုန် တဆင့်ထောက် နေတော့ နိုင်ငံခြားသားက သိပ်မသွားချင်ဘူး” ဟု ၎င်းက ပြောသည်။
သံတွဲလေဆိပ်၏ လေယာဉ်ပြေးလမ်းမှာ တိုသည့်အတွက် လေယာဉ်ကြီးများမှာ မဆင်းသက်နိုင်သောကြောင့် သံတွဲလေဆိပ်၏ လေယာဉ်ပြေးလမ်းအား ပင်လယ်ဘက်အထိချဲ့ထွင်၍ ကြံ့ခိုင်မှုအားကောင်းသည့် လေယာဉ်ပြေး လမ်းများ လုပ်မည်ဆိုပါက တိုက်ရိုက်လေကြောင်းများ ပျံသန်းဆင်းသက်နိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ကမ်းခြေဒေသတွင် အပန်းဖြေအိမ်ရာများဆောက်လုပ်ခြင်းသည် အခြားပြည်ပနိုင်ငံများတွင်လည်း ရှိသည့်အတွက် ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာလုပ်သည့်အခါတွင် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကမ်းခြေစီမံကိန်းများအား အကုန်အကျခံ၍ လုပ်မည်ဆိုပါက ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။
ခရီးသွားလုပ်ငန်းရှင်တစ်ဦးက “အခုတော့ ငပလီက တဆင့်တည်း လာရင်းနဲ့မှ သူကလာတာတောင်မှ လူတိုင်း မသွားနိုင်ဘူးပေါ့။ လေယာဉ်ခတွေ ဟိုတယ်ခတွေ ဈေးကြီးတယ်။ နောက်ပြီး အပိုင်းအခြားတစ်ခု လုပ်ထားတာ ပေါ့နော်။ သာမန်လူတွေ local အများစုကတော့ ချောင်းသာ၊ ငွေဆောင် သွားကြတာပေါ့နော်။ ငပလီကတော့ ဂွလည်း ကမ်းခြေအနေနဲ့ ရှိတာဆိုတော့ သံတွဲလေဆိပ်သာ တိုးချဲ့နိုင်မယ်ဆိုရင် mice tourism လည်း လက်ခံ နိုင်မယ်။ အဲဒီအခါကျရင်တော့ ခုနတုန်းက စီမံကိန်းတွေလည်း အချိန်နဲ့တပြေးညီ ပြီးမယ်ဆိုရင်တော့လည်း ဒါကတော့ ဘယ်သူပဲလာလာပေါ့ စစ်မှန်တဲ့ စေတနာနဲ့ ရင်းနှီးမြှုပ်နှံသွားမယ်ဆိုရင် နှစ်ဖက်လုံးအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ငပလီက Tourism တစ်ခုတည်း စီးပွားရှာတာမဟုတ်ဘူး။ ကျန်တဲ့ ရေလုပ်ငန်းတွေ လုပ်ကြ တယ်။ တချို့လည်း တခြားလုပ်ငန်းတွေ ရှိကြတာပေါ့နော်။ ရှိကြတဲ့အခါကြတော့ အဲဒီတွေမှာ impact ဖြစ်စေ မယ့် အကြောင်းတရားတွေဖြစ်လာရင် မကောင်းဘူးပေါ့။ အထူးသဖြင့်တော့ ကျနော်တို့က ထိန်းသိမ်းဖို့တော့ လိုတယ်။ ငပလီက တကယ့်အစဉ်အလာရှိခဲ့တဲ့ နေရာလည်းဖြစ်တယ်။ နောက် ဒီလို beach မျိုး အရှေ့တောင် အာရှမှာလည်း တော်တော်ရှားသွားပြီပေါ့နော်” ဟု ပြောသည်။
ငပလီကမ်းခြေမြင်ကွင်း
ငပလီကမ်းခြေသည် သဘာဝသယံဇာတများ မပျက်စီးသေးသည့် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေထဲတွင် တစ်ခု အပါအဝင်ဖြစ်ကာ ကိုဗစ်မတိုင်ခင်ကာလက နှစ်စဥ် နိုင်ငံခြားသားများအပါအဝင် ခရီးသွားဧည့်သည်များ အများ အပြား လာရောက်လည်ပတ်ကြသည့် ခရီးသွားနေရာဒေသတစ်ခုလည်း ဖြစ်သည်။
ထိုကဲ့သို့သော နေရာဒေသတွင် ယခုကဲ့သို့ အပန်းဖြေအိမ်ရာစီမံကိန်း ဆောက်လုပ်မည်ဆိုပါက သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရန် ပြုလုပ်သင့်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“သူတို့က နည်းပညာလည်း ရှိတယ်။ လုပ်နိုင်တဲ့လုပ်အားလည်းရှိတယ်ဆိုရင်တော့ သူ့ရဲ့လုပ်ကိုင်စွမ်းက ခေတ်မီ ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်မယ်လို့တော့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုထက်ထိ သဘာဝအတိုင်းပဲ ရှိသေးတယ်ဆိုပေမယ့် ဒီကမ်းခြေနဲ့သင့်တော်တဲ့အကွာအဝေးမှာ လုပ်နိုင်တဲ့ ပရောဂျက်တွေ ကြတော့လည်း ခေတ်မီဖို့လိုသေးတယ်လေ။ လက်ရှိက အန်ကယ်တို့က ဘာမှမှ မရှိသေးတာကို။ သူလုပ်တဲ့ တည်ဆောက်တဲ့အနေအထားနဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်တာပေါ့။ သူက ဒေသရဲ့ဖွံ့ဖြိုးမှုကို ဦးတည်ပြီး ဆောက်တယ်ဆိုရင်လည်း ဒေသရဲ့ဖွံ့ဖြိုးမှုမြင့်လာမှာပေါ့။ မြင့်လာတဲ့အပေါ်မှာ မူတည်ပြီး ဧည့်သည်လိုက်လာ မှာပေါ့။ ငပလီရဲ့အခြေခံကတော့ သဘာဝရဲ့ပတ်ဝန်းကျင်ကို အခြေခံပြီး အေးအေးဆေးဆေးနားတဲ့ လူတွေ အတွက်ကို အဓိကရည်ရွယ်ပြီး လာကြတာကိုး။ အဲဒီပတ်ဝန်းကျင်ကိုပဲ လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်သွားမယ်ဆိုရင်တော့ အကျိုးရှိမှာပေါ့” ဟု ၎င်းက ပြောသည်။
ငပလီကမ်းခြေဒေသသည် လက်ရှိတွင် ပြည်တွင်းခရီးသွား အနည်းငယ်သာ လာရောက်အပန်းဖြေလျက်ရှိသဖြင့် လာမည့် သင်္ကြန်ပိတ်ရက်အတွက်ကိုသာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား မျှော်လင့်နေရကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 873
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ပြည်တွင်း ကြက်သွန်များသည် အချိန်ကြာမြင့်စွာထား၍ မရခြင်းနှင့် ပြည်ပတင်ပို့မှုများ မရှိသည့်အတွက် လက်ရှိ တွင် ဈေးနှုန်းများ ကျဆင်းနေကာ ကြက်သွန်ပွဲရုံများ၌ တစ်ပိဿာ ၇၀၀ ကျပ်မှ ၉၀၀ ကျပ်အထိသာ ရှိနေသည် ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။
ယခု ထွက်ရှိနေသည့် ကြက်သွန်များသည် ရက်တစ်သတ္တပတ်ခန့်သာ ထားသို၍ရခြင်းကြောင်း သိရသည်။
ထို့နောက် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်သို့ တင်ပို့ရန်အတွက် ဝယ်ယူသည့် ကုန်သည် မရှိသည့်အတွက် ဈေးနှုန်း ကျဆင်းနေခြင်းဖြစ်ပြီး ဆက်လက် ကျဆင်းနိုင်ကြောင်း၊ တစ်ပိဿာ ၆၀၀ ကျပ်အထိ ရောက်သွားနိုင်ကြောင်း ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုကြောင့် ကျတယ်ဆိုရင် အနုတ်မှ သိပ်မရှိတာ။ Export ရှိမှ သူတို့က တက်တာကိုး။ Export မှ မရှိ ဘဲ။ နောက်တော့ ကြက်သွန်က ထားရတဲ့ ကြက်သွန်မှ မဟုတ်ဘူးလေ။ ၁၄၊ ၁၅ ရက်ဆို အူတွေ ချောင်သွားတာ လေ။ ကြက်သွန်တွေက ကျမှာပဲ။ ၆၀၀၊ ၇၀၀ အထိတောင် ရောက်သွားနိုင်တယ်။ ပွဲစားတွေလည်း မထိန်းနိုင်ဘူး လေ။ ပွဲစားတွေလည်း နိုင်အောင် မထိန်းနိုင်ဘူး။ ထိန်းလို့ရတဲ့ ကြက်သွန်လည်း မဟုတ်ဘူး။ ၁၄၊ ၁၅ ရက်ဆို အူတွေ ချောင်ပြီ။ ၁ ပိဿာလောက် ထားထားတဲ့ ကြက်သွန်က ၆၀ လောက်ပဲ ကျန်တာ” ဟု ပြောသည်။
ကြက်သွန်နီအိတ်များကိုထမ်းနေစဉ်
မတ်လအကုန် ဧပြီလတွင် ထွက်ရှိမည့် နွေကြက်သွန်များ ပေါ်ပေါက်လာမှသာ လက်ရှိ ကြက်သွန်ဈေးနှုန်း ကျဆင်းနေမှုကို ထိန်းနိုင်မည်ဟု ကြက်သွန်ကုန်သည်များက ပြောသည်။
နွေကြက်သွန်များသည် တစ်နှစ်ပတ်လုံး အထားခံသည့်အတွက် ဈေးနှုန်း ထပ်မံမကျစေရန် ထိန်းလို့ ရနိုင်ခြင်း ဖြစ်သည်ဟု ဦးလှသောင်းက ဆက်ပြောသည်။
၎င်းက “၃ လပိုင်းကုန် ၃ လပိုင်း လလယ်လောက် လွှတ်တဲ့ ကြက်သွန်တွေဆို အဆင်ပြေတယ်။ အဲဒါကတော့ ထားလို့ရပြီ ထားလို့။ ထိန်းတော့ ထိန်းနိုင်သွားတယ်။ ဥပမာ မကြိုက်သေးဘူး မဟုတ်လား။ ၄ လပိုင်းက ဝယ် တယ် မကြိုက်သေးဘူး။ ၉ လ၊ ၁၀ လ၊ ၁၁ လ အဲလိုတွေ ထားလို့ရတယ်လေ။ ၉ လပိုင်းအထိအောင် ထားလို့ရ တယ်။ ၁၀ လပိုင်း အထိအောင် ထားလို့ရတယ် အဲလိုမျိုးတွေပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကြက်သွန်သည် ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက် ဝယ်သူရှိသည့် အချိန်တွင်သာ ရောင်းချရခြင်းကြောင့် ရှုံးသည် ဖြစ်စေ မြတ်သည်ဖြစ်စေ တောင်သူများအနေဖြင့် ရောင်းချနေရကြောင်း၊ လက်ရှိတွင် ကြက်သွန်စိုက်ပျိုးရာ၌ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များမှာ ကြီးမြင့်နေသည်ဟု တောင်သူများက ပြောသည်။
တောင်သူများအနေဖြင့် ကြက်သွန်တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ခန့် ရရှိမှသာ အဆင်ပြေနိုင်ပြီး ၂၀၀၀ အောက် ကျဆင်းလျှင် အကျိုးအမြတ် မရှိတော့ကြောင်း ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
ကြက်သွန် ဈေးနှုန်းညှိနှိုင်းနေစဉ်
၎င်းက “၁၀၀ ကို ၁ သိန်းကြေးတောင် ဖြစ်သွားတယ်။ ကုန်ချိန်က အခုဟာက အထွက်လည်း နည်းတယ်။ ဈေး လေး ကောင်းမှ ဈေးကလည်း ကောင်းမှာဆို ၂ သိန်းကျော်၊ ၂ သိန်း ပတ်ဝန်းကျင်လောက်မှ။ အဲဒါလည်း မစွတ် မပွတ် ဖြစ်တာ။ ၂ သိန်းမပြည့်ရင် မမြတ်တော့ဘူး။ အရင်းသာသာ အရင်းလောက် အဲလိုပဲ” ဟု ပြောသည်။
ထို့နောက် လက်ရှိတွင် ကြက်သွန်ပွဲရုံနှင့် ကုန်စည်ဒိုင်သို့ ကြက်သွန် ဝင်ရောက်မှုများသည် ယခင်ကထက် လျော့နည်းနေပြီး တစ်ရက်လျှင် ပိဿာချိန် ၅ သောင်းခန့်သာ ဝင်ရောက်ကြောင်း၊ ထိုဝင်ရောက်ထားသည့် ကြက်သွန်များကိုလည်း ဝယ်ယူမည့်သူ မရှိဖြစ်နေကြောင်း သိရသည်။
ထိုသို့ ကြက်သွန်များကို ဝယ်ယူမည့်သူ မရှိသည့်အတွက် ကြက်သွန်ကုန်သည်များနှင့် ပွဲစားများသည် အရှုံးနှင့် ကြုံတွေ့နေရကြောင်း၊ သိန်း ၁၀၀ မှ စတင်၍ သိန်း ၃၀၀ အထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ဟု ကြက်သွန် ကုန်သည်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 826
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုရှိ မြို့နယ် (၃၇) မြို့နယ်ကို စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် နစက အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ကုန်စည်ပို့ဆောင်ရေးအနေဖြင့် အခက်အခဲများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသော် လည်း လက်ရှိတွင် ကုန်စည်စီးဆင်းမှု အခက်အခဲ မရှိသေးကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် စတင်ကြေညာကာစဖြစ်ပြီး ကန့်သတ်ချက်များ၊ ထိန်းချုပ်မှုများ လုပ် ဆောင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် မည်သည့်နေရာမှ ကုန်စည်ပို့ဆောင်ရေး အခက်အခဲ ရှိနေသည်ကို မတွေ့ရသေးကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ အခုမှ စလုပ်တာဆိုတော့ ဘာမှ မသိရသေးဘူး။ ဘယ်မှာမှတော့ Traffic ဖြစ်တာ မရှိသေးဘူး။ လောလောဆယ် အခုမှ သူတို့ စကြေညာတာဆိုတော့ သွားနေတာပဲ လောလောဆယ်တော့ သွားလာနေကြတာပဲ။ ဒါပေမယ့် ဘယ်လို Effect ဖြစ်မယ်ဆိုတာ ပြောမတတ်သေးဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ အနေအထားက ဘာမှတော့ မရှိသေးဘူးလေ။ အခုမှ ကြေညာပြီးတော့ အခုမှ စပြီးတော့ လုပ်တာဆိုတော့ မသိ သေးဘူး။ မသိရသေးဘူးပေါ့ ဘယ်လို အခက်အခဲတွေ ရှိတယ်။ လက်ရှိကတော့ သွားတော့ သွားနေတာပဲ” ဟု ပြောသည်။
ကုန်စည်ပို့ဆောင်နေခြင်း
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ ဗန်းမောက်၊ ကော လင်း၊ ပင်လယ်ဘူး ၊မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦး စုစုပေါင်း (၁၁) မြို့နယ် ဖြစ်သည်။
ထို့နောက် ချင်းပြည်နယ်တွင် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟာခါး စုစုပေါင်း (၇) မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင် စုစုပေါင်း (၅) မြို့နယ်တို့ ပါဝင် သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးတွင် ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်း စုစုပေါင်း (၅) မြို့နယ်၊ မွန်ပြည်နယ်တွင် ရေးမြို့နယ်၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ် စုစုပေါင်း (၂) မြို့နယ်တို့လည်း ပါဝင်သည်။
တနင်္သာရီတိုင်းဒေသကြီးမှာတော့ တနင်္သာရီ နှင့် ပုလောမြို့နယ် စုစုပေါင်း (၂)မြို့နယ်၊ ကယားပြည်နယ်တွင် ဒီမော့ဆို၊ ဖရူဆို၊ ရှားတော နှင့် ဘော်လခဲ စုစုပေါင်း (၄)မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး မကြေညာခင် ကတည်းကပဲ ယင်းဒေသများတွင် ကုန်စည်ပို့ဆောင်ရာတွင် စစ်ဆေးရေးဂိတ် များစွာရှိနေပြီး တင်းကြပ်မှုများ ရှိနေကြောင်း၊ ဂိတ်ကြေးများလည်း ပေးဆောင်ကြရကြောင်း ကုန်ကားသမား များက ပြောသည်။
လက်ရှိတွင် ကုန်စည်ပို့ဆောင်ရာ၌ ကုန်ကားသမားများအနေဖြင့် ဂိတ်ကြေးများ ပေးဆောင်ရခြင်းသည် ယခင်က ထက် ပို၍ ကုန်ကျမှု များပြားနေကြောင်း မြစ်ကြီးနားသို့ ကုန်စည်ပို့ဆောင်နေသည့် ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုစိုင်းထွဋ် (အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်းတွေ့ရစဉ်
၎င်းက “ကျနော်တို့ ပုံမှန်အတိုင်းပဲ ကားသမားတွေကတော့ သူတို့ အဲဒါ ထုတ်ပြန်လည်း သက်ရောက်မှုကတော့ နဂို ကတည်းကပဲ သူတို့ပဲ လမ်းမှာ စစ်ဆေးရေးဂိတ်တို့ ဘာတို့ သူတို့ပဲ ဂိတ်ထိုင်တဲ့ အနေအထားကိုး။ တချို့ ကျနော်တို့ မြစ်ကြီးနား လမ်းဆိုရင်လည်း မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ သူတို့ စစ်ဆေးရေးဂိတ်တွေက ရှိတာကိုး။ အဲဒါတော့ ကျနော်တို့ ကားသမားတွေကတော့ အရင်တုန်းကထက် စာရင်တော့ နည်းနည်းတော့ သွားရလာရ တာတော့ ကြပ်သွားတာပေါ့။ ကြပ်သွားတာဆိုတာတော့ ပေကမ်းပြီး သွားရတာပေါ့။ ကုန်စုံပေါ့ ဘာမှ မပါတဲ့ ကားတောင်မှ ဒီတစ်ခေါက် လမ်းကြေး ၂ သိန်းကုန်ရင် နောက်တစ်ခေါက် ၂ သိန်း လောက်ချင်မှ လောက်တော့ တာ။ တစ်ခါတလေကျရင်လည်း ၂ သိန်းနဲ့ လောက်ပြန်ရော။ တစ်ခါတလေကျရင်လည်း ၂ သိန်းခွဲ၊ ၃ သိန်းလောက် ကုန်ပြန်ရော။ ပြောမယ်ဆိုရင်တော့ ပါးစပ်ဈေးပုံစံမျိုး ဖြစ်နေတာပေါ့” ဟု ပြောသည်။
ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံရေး ပဋိပက္ခများတွင် ပါဝင်ခြင်း မရှိသည့်အတွက် ကုန်စည် ပို့ဆောင်ရေး အဆင်ပြေ ချောမွေ့စေရန် လိုလားလျက်ရှိနေကြောင်း၊ ကုန်စည် စီးဆင်းမှု ကြန့်ကြာခြင်းနှင့် ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ပါက ပြည်သူများ၏ အခြေခံ ကုန်ဈေးနှုန်းများ ကြီးမြင့်မှု ဖြစ်ပေါ်သွားနိုင်ကြောင်း ကုန်သည်များက ပြောသည်။
ထို့ကြောင့် ကုန်စည်များသည် ပြည်သူများအတွက် လိုအပ်ချက် တစ်ခုဖြစ်၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းများ မရှိစေရန်နှင့် ကုန်စည်စီးဆင်းမှု ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကုန်စည် စီးဆင်းမှုများကို လမ်းကြောင်းရှိသလောက်၊ ပို့ဆောင်၍ ရသလောက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 871
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ပြည်တွင်းတွင် စားသုံးနေသည့် ဆန်ဈေးနှုန်းများသည် လက်ရှိ၌ အမြင့်ပိုင်းသို့ ရောက်ရှိနေပြီး ဆန်တစ်အိတ်လျှင် ၅ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်နေသည်ဟု ဆန်ဈေးကွက်အတွင်းမှ သိရသည်။
ထိုသို့ ဆန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ ပြည်ပ တင်ပို့ရန်အတွက် ပို့ကုန်တင်ပို့သူများမှ ဆန်များကို အဝယ်လိုက် လာခြင်း၊ ပြည်တွင်း ဆန်လက်ကျန် နည်းပါးနေခြင်းနှင့် ဆန်ကြမ်းဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆန်ချောများဖြစ်သည့် ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်များလည်း လိုက်ပါ မြင့်တက်သွား ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆန်ဈေးကတော့ ၁ လပိုင်း လဝက်လောက်တုန်းက နည်းနည်းလေး ဆန်တစ်အိတ်ကို ၃၊ ၄ ထောင် လောက် တက်သွားတယ်။ Export ရောပေါ့။ Exporter တွေက လက်ရှိက သင်္ဘောတင်တွေ ဝယ်ဖို့ရှိတာ သူတို့က ဝယ်တယ်။ နယ်မှာက ပြည်တွင်းစား ဆန်ဈေးတွေလည်း တက်သွားတယ်။ ဆန်လက်ကျန်လည်း နည်းနည်းလေး ပါးသွားတယ်ပေါ့နော်။ မိုးစပါးကလည်း နည်းနည်း ကုန်တဲ့အချိန် ဖြစ်နေတယ်။ နွေစပါးကလည်း မပေါ်သေး။ ဆန် လက်ထဲမှာ ရှိတဲ့သူတွေကလည်း ရှေ့မှာ ဈေးတွေတက်လို့ ရောင်းခဲ့တယ်။ လက်ကျန် နည်းသွားတယ်။ နည်းသွား တဲ့ အချိန်မှာ သင်္ဘောတင်လေးရှိလို့ Exporter တွေက ထွက်ဝယ်တော့ တစ်ဦးစ နှစ်ဦးစ ဝယ်တော့ ဈေးပိုတိုးပြီး ဝယ်ရင်းနဲ့ ဈေးတွေက မြင့်ကုန်တာပေါ့။ နောက် ပြည်တွင်းစားဆန် ပေါ်ဆန်းတွေ၊ ဆန်ကြမ်းရှယ်တွေကလည်း တစ်အိတ်ကို ၄ ထောင်၊ ၅ ထောင်လောက် တက်သွားတာတွေ ရှိတယ်။ ပေါ်ဆန်းမွှေးတွေ တစ်အိတ် ၁ သောင်း ကျော် တက်သွားတယ်။ အကြမ်းတွေဆိုလည်း ၅ ထောင်လောက် တက်သွားတယ်ဆိုတော့ ဆန်ဈေးနှုန်းတွေက တဖြည်းဖြည်း နည်းနည်း လိုက်တက်တာပေါ့နော်” ဟု ပြောသည်။
ဆန်များ ရောင်းချနေစဉ်
လက်ရှိတွင် ဆန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ဆန်များကို အများ အပြား ဝယ်ယူမှု လုပ်ဆောင်ခြင်း မရှိကြောင်း၊ လက်လီရောင်းချသူများ အနေဖြင့်လည်း အနည်းငယ်သာ ဝယ်ယူနိုင်တော့ကြောင်း သိရသည်။
ထို့အပြင် ဆန်သည် အဓိက စားသောက်ကုန် ဖြစ်သည့်အတွက် တခြားသော ကုန်စည်များ ဈေးနှုန်း မြင့်တက် သည့်နည်းတူ မြင့်တက်၍ မရကြောင်း၊ ဆန်ဈေးတက်ခြင်းကြောင့် စားသုံးသူ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တောင်သူတော့ ကောင်းတယ်။ စားသုံးသူက နည်းနည်းလေး ဈေးတွေက နည်းနည်းလေး သူတို့အတွက် ကတော့ နည်းနည်းလေး ဝန်ထုပ်ဝန်ပိုး ဖြစ်တာပေါ့လေ။ ဒီဈေးတွေနဲ့ ကျတော့။ ဆန်က အဓိက စားကုန်ဖြစ်တော့ လေ ရွှေတက်တယ်၊ ငွေတက်တယ်၊ စက်သုံးဆီတက်တယ်၊ အဲဒီအတိုင်းတော့ ဆန်က လိုက်တက်လို့ မရဘူးပေါ့။ သူက အဓိက စားသောက်ကုန် ဖြစ်နေတော့”ဟု ပြောသည်။
လက်ရှိတွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုသည် ယခင်ကထက် နည်းပါးလျှက်ရှိနေပြီး ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ၇ သောင်း၊ ၈ သောင်း ဝင်သော်လည်း လက်ရှိမှာတော့ ဆန်နှင့် ဆန်ကွဲ ဝင်ရောက်မှု သည် ၃ သောင်းဝန်းကျင်ခန့်သာရှိသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။
ဆန်များ ရောင်းချနေစဉ်
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “လောလောဆယ်တော့ ပြည်တွင်းစား ဆန်သမားတွေ ကတော့ ပထမရက်က ရွှေဘိုဈေးတွေတက်တော့ လိုက်တက်တော့ အကုန်လုံး လိုက်တက်တာ။ ဒါပေမယ့် တကယ်တမ်း စားသုံးသူတွေက နောက်က လိုက်ရောင်းရတာ သူတို့မှာ လက်လီရောင်းတာဆိုတော့ အဲဒီလောက် မဝယ်ဘူးလေ။ စားဝတ်နေရေးက လူတိုင်းက ကြပ်တည်းနေတာဆိုတော့ ဆန်ဈေးနှုန်းက တအားကြီး မြင့်နေတာ အများကြီး အပိုလျှံတွေ မဝယ်နိုင်တော့ လိုသလောက်ပဲ ဝယ်ကြတာ။ အခု တအားကြီး ရောင်းမကောင်းလို့ မကုန် တဲ့အတွက် ဆန်ဈေးက ဒီထက် အများကြီး ဟပြီးတော့ တက်ဖို့တော့ မရှိဘူး။ လက်ရှိရောက်နေတဲ့ ဈေးကတော့ ဒီနှစ်၊ ဒီအခါ၊ ဒီအချိန်၊ ဒီလမှာတော့ အရင်နှစ်တွေထက်စာရင် မြင့်တယ်လို့ ပြောလို့ရတာပေါ့” ဟု CNI သတင်း ဌာနသို့ ပြောသည်။
လက်ရှိကာလသည် မိုးစပါး လက်ကျန် နည်းပါးနေခြင်းနှင့် နွေစပါးများ ထွက်ရှိမှု မရှိသေးသော ကာလဖြစ်သည့် အတွက် ဆန်ဈေးနှုန်းများသည် အမြင့်ဈေးတွင်သာ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း၊ နွေစပါးများ ပေါ်လာမည့် ဧပြီလ နောက်ပိုင်းတွင် ဈေးနှုန်း တည်ငြိမ်လာနိုင်သည်ဟု ဆန်ရောင်းချသူများက သုံးသပ်နေကြသည်။
ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် စာချုပ်ကြိုတင် ချုပ်ဆိုထားသည့် ပြည်ပ ပို့ကုန်တင်ပို့သူများ အနေဖြင့် လက်ရှိကာလတွင် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း၊ ပို့ကုန်သမားများ အနေဖြင့် ရေကြောင်းဖြင့် ဆန်တင်ပို့ခြင်းကို နွေစပါးပေါ်ထွက်ပြီး ဧပြီလနောက်ပိုင်းမှသာ တင်ပို့သင့်သည်ဟု ဆန်ကုန် သည်များက အကြံပြုနေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1531
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၂၃ ခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်လာ မည်ဟု ဇန်နဝါရီ ၃၀ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တချို့သော ဒေသများသည် စိုက်ပျိုးရေး လုပ်ကိုင်ရန် နယ်မြေတည်ငြိမ်မှု အနည်းငယ် ရှိလာခြင်းကြောင့် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု၌ ယခင်ကထက် အာရုံစိုက်နိုင်လာခြင်းနှင့် ပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်လာခြင်းကြောင့် GDP သည် ၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ Trade Export လိုင်း ဖြစ်မှာပေါ့။ ပြီးတော့ ဒီနှစ်က GDP Grow တွေက မနှစ်ကနဲ့ ယှဉ် တာလေ။ အမြဲတမ်း မနှစ်ကနဲ့ ဘယ်လောက်တက်လဲ၊ ဘယ်လောက်တက်လဲ၊ မနှစ်ကနဲ့ ဘယ်လောက်ကျလဲ အဲလိုမျိုး ယှဉ်တာဆိုတော့ မနှစ်ကကို ကြည့်ကြည့်လိုက်ပေါ့။ မနှစ်က တော်တော့်ကို ဆိုးတဲ့နှစ်လို့ ပြောရမှာပေါ့။ အခုကတော့ မနှစ်ကနဲ့ စာလို့ရှိရင် နည်းနည်း ပိုပြီးတော့ တည်ငြိမ်မှု ရှိလာမယ်၊ နောက် စိုက်ပျိုးရေးရော၊ ကုန် ထုတ်လုပ်မှုရော ပိုပြီးတော့ အာရုံစိုက်နိုင်မယ်လို့ တွက်လို့ အဲဒီ ၃ ရာခိုင်နှုန်းလို့ ခန့်မှန်းတာ ဖြစ်မှာပေါ့။ အခု တရုတ် Border Trade က Fully ပြန်ဖွင့်လိုက်ပြီလေ။ Fully လောက် နီးနီးပေါ့လေ ပြန်ဖွင့်လိုက်ပြီဆိုတော့ အဲဒီ ဟာလည်း ပါမှာပေါ့။ မနှစ်က တရုတ်ရဲ့ Border Trade က တအားကျသွားတယ်။ အရင်ဆို တရုတ် Border Trade က အမြင့်ဆုံးပဲ။ မနှစ်ကတော့ ထိုင်းက ကျော်တက်သွားတာပေါ့” ဟု ပြောသည်။
အမျိုးသမီးနှစ်ဦး သင်္ဘာစောင့်နေစဉ်
ယခုနှစ် နွေစပါး စိုက်ရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက် တောင်သူများအတွက် အကြွေးစနစ်ဖြင့် ဓာတ်မြေဩဇာများကို ရောင်းချပေးမှုများ ရှိနေကြောင်း တောင်သူများထံမှ သိရသည်။
ထို့ကြောင့် ဓာတ်မြေဩဇာများကို လုံလုံလောက်လောက်ဖြင့် ထောက်ပံ့ပေးနိုင်မည်ဆိုပါက မိုးစပါးတွင်လည်း စပါးစိုက်ပျိုးမှုများ တိုးတက်လာမည်ဖြစ်သလို အထွက်နှုန်းများလည်း တိုးတက်လာမည် ဖြစ်သည်ဟု တောင်သူ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထောက်ပံ့တာက ဧကအပြည့်တော့ မဟုတ်ဘူးပေါ့။ အချိုးနဲ့ပေါ့။ တစ်ဧကကို ၂ သိန်းဖိုး သွင်းအားစုပေါ့။ မြေဩဇာ တစ်အိတ်ကို ၁ သိန်းနဲ့ဆိုတော့ ၂ အိတ်ဆို ၂ သိန်းပေါ့။ အဲဒီ ၂ သိန်းဖိုး မြေဩဇာကို စပါးပေါ်မှ ပြန်ပေး ပေါ့။ အခုဆိုရင် အဘဆိုရင် ၃၅ ဧက စိုက်တယ်။ အိတ် ၇၀ ရတယ်။ ခါတိုင်းဆိုရင် သိန်း ၇၀ ကျော် အပြင်မှာ အကြွေး(တင်)ခံရတာ။ အကြွေးရရင်ရ မရရင် နည်းနည်း စပါးမှာ အစာမနိုင်ဘူး ဖြစ်တာပေါ့။ ခုက ၁ ဧက ၂ အိတ် နှုန်းနဲ့ ရတာဆိုတော့ လုံလုံလောက်လောက် ဖြစ်သွားတာပေါ့။ လုံလုံလောက်လောက် ဖြစ်တဲ့အတွက် နည်းနည်း စိတ်မဆင်းရဲ ရတော့ဘူးပေါ့။ သွင်းအားစုဖြစ်တဲ့ မြေဩဇာ လုံလုံလောက်လောက် ထောက်ပံ့မယ်ဆိုရင်တော့ တိုးလာနိုင်ပါတယယ်” ဟု ပြောသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP)သည် တိုးတက်မည်ဟု ခန့်မှန်း သော်လည်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်သည့်နှစ်တွင် GDP သည် ၁၈ ရာခိုင်နှုန်း ကျဆင်းထားသည့်အတွက် ၂၀၂၀ ခုနှစ်၏ GDP နှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်း ကျဆင်းမှု ရှိနေသေးသည်ဟု စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၂၀ နဲ့ နှိုင်းရင် ကြားထဲမှာ GDP အကုန်လုံးကို ထည့်တွက်ရမှာပေါ့။ ၂၀၂၀ နဲ့နှိုင်းရင် ၂၀၂၁ မှာ အနုတ် ၁၈ ကျတယ်။ ၂၀၂၂ မှာ ၂ လောက် တက်မယ်ပေါ့။ အနုတ် ၁၈ ကနေ အပေါင်း ၂ ဆိုရင် ၂၀၂၀ နဲ့ ယှဉ်ရင် အနုတ် ၁၆ ရှိနေတုန်းပဲ။ အခု ၂၀၂၃ မှာ ၃ ရာခိုင်နှုန်း တက် မယ်ဆိုရင်တော့ ၁၆ ကနေ ၃ ထပ်နုတ်ရင် ၁၃ ရာခိုင်နှုန်းပဲ။ ၂၀၂၀ နဲယှဉ်ရင် ၁၃ ရာခိုင်နှုန်း နိမ်နေတုန်းပဲ။ ကျနေတုန်းပဲ” ဟု ပြောသည်။
ငှက်ပျော်သီးများ တင်ပို့နေစဉ်
ထို့အပြင် စီးပွားရေး မရောရာမှုများ၊ ပဋိပက္ခများနှင့် လျှစ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်လက် ဖြစ်ပေါ် နေခြင်းကြောင့် ကာလတို စီးပွားရေး ပြန်လည် အသက်ဝင်လာနိုင်မှု နှေးကွေးနေဆဲဖြစ်ကြောင်း၊ ၂၀၂၃ အလွန် တွင် မသေချာ မရေရာမှု အခြေအနေ မြင့်တက်နေသည့်အတွက် မခန့်မှန်းနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထား သည်။
ထို့နောက် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှု လျော့နည်းမည်ဟု ခန့်မှန်းထားပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာမည်ဟု နိုင်ငံတကာ စီးပွားရေးပညာရှင်များက ထောက်ပြနေကြသည်။
ထိုသို့ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် မြန်မာမှ ထွက်ရှိသည် ကုန်စည်များ ပြည်ပသို့ တင်ပို့ရာတွင် ဈေးနှုန်း ကောင်းနိုင်သည့်အတွက် မြန်မာ့ GDP သည် တိုးတက်သည့် အခြေအနေ ရှိလာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင် များနှင့် ပညာရှင်များက သုံးသပ်ကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1084
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
တရုတ်နှစ်ကူးပြီး နောက်ပိုင်း မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး အခြေအနေသည် ယခင်ကထက် ကောင်းမွန် လာနေခြင်းကြောင့် ကိုဗစ်မဖြစ်ခင် ကာလသို့ တဖြည်းဖြည်း ရောက်ရှိလာနိုင်သည်ဟု မူဆယ်နယ်စပ်ကုန်သည် များက သုံးသပ်နေကြသည်။
လက်ရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးဂိတ်များ အပါအဝင် လူအဝင်၊ အထွက် ဂိတ်များ ကိုလည်း ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များလည်း ဖြေလျှော့လိုက်ပြီ ဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးသည် ယခင်နှစ်များထက် တိုးတက်ကောင်းမွန်လာမည် ဖြစ်သည်ဟု မူဆယ် ဆန် စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
ကုန်ကားများကို ကိုဗစ်ဆေးဖြန်းနေစဉ်
၎င်းက “တရုတ်နှစ်သစ်ကူးလည်း ပြီးသွားပြီ။ အင်္ဂလိပ်လကလည်း လဆန်းနှစ်ထဲကို ရောက်လာပြီဆိုတော့ ဘာပဲ ပြောပြော အန်ကယ်တို့ မှန်းတာကတော့ ဒီနှစ်ထဲမှာ ၂၀၂၃ မှာတော့ နယ်စပ်ကုန်သွယ်ရေးက ပြီးခဲ့တဲ့နှစ်ထက် စာရင်တော့ အများကြီး တိုးတက်ကောင်းမွန် လာလိမ့်မယ်လို့ ထင်တယ်။ ဒါဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ် တုန်းက ကိုဗစ်စည်းကမ်းချက်တွေ အများကြီး သတ်မှတ်ထားတယ်။ ကိုဗစ်ကလည်း လုံးဝကင်းစင် သွားတယ်ဆို တာ မရှိသေးဘူး မြန်မာပြည်ဘက်ခြမ်းမှာ။ အခုဆိုရင် ကိုဗစ်စည်းကမ်းချက်တွေ တော်တော်လေး ဖြေလျှော့လိုက် တယ်။ နောက်တစ်ခါ ဂိတ်တွေ ပြန်ဖွင့်လာတာလည်း ပါတယ်။ ဂိတ်တွေ တော်တော်များများ ပြန်ဖွင့်ပြီ။ ကုန်သွယ် လို့ရတဲ့ ကျင်စန်းကျော့ဂိတ်ရော။ တခြားဂိတ်တွေကလည်း လူဝင်လူထွက်တွေ ပြန်လုပ်လို့ရပြီ။ မူဆယ်မှာလည်း နယ်အသီးသီးကနေပြီးတော့ တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်မယ့် လူတွေကလည်း တဖွဲဖွဲနဲ့ ရောက် လာပြီ။ ဒါပေသည့် လောလောဆယ် အထဲကို နယ်ကလူတွေ ဝင်ခွင့်မရသေးဘူး။ ဘာလို့လဲဆိုတော့ နယ်စပ် ပတ်စပို့စာအုပ် လုပ်တဲ့အချိန်အခါမှာ မူဆယ်အိမ်ထောင်စုဇယား ရှိတဲ့လူကိုသာ လုပ်ပေးတဲ့အတွက် နယ်ကလူ တွေ ဝင်လို့မရသေးဘူး။ ဒါ့ကြောင့် ခြုံပြီး ပြောရမယ်ဆိုရင်တော့ အခု လာမယ့် ၂၀၂၃ ပြက္ခဒိန်နှစ်မှာတော့ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးက ပြီးခဲ့သည့်နှစ်ထက် အများကြီး တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ အန်ကယ် ထင်ပါတယ်” ဟု ပြောသည်။
ထို့နောက် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ကုန်သွယ်ရေး ဂိတ်ပေါက် တစ်ခုဖြစ်သည့် မန့်ဝိန်းဂိတ်သည် လက်ရှိ၌ မူဆယ်တွင် ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများကြောင့် ကုန်တင်တွဲကားများကို ဝင်ခွင့်မပြုဘဲ ၆ ဘီးယာဉ်များကိုသာ ဝင်ခွင့်ပြုထားကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရသည်။
၆ ဘီးအထက် ယာဉ်များနှင့် တွဲကားများသည် လက်ရှိတွင် သစ်သီးဝလံများကို တင်ပို့သည့် ကျင်စန်းကျော့ဂိတ်မှ တဆင့် ဝင်ထွက်ကြရကြောင်း၊ ထိုသို့ တွဲကားများ ကျင်စန်းကျော့ဂိတ်တွင် ဝင်ထွက်ကြမည်ဆိုသော်လည်း သစ်သီးကုန်ကားများအတွက် အခက်အခဲ မရှိနိုင်ကြောင်း ခွါညိုသစ်သီးပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။
သစ်သီးသယ် လာသော ကုန်ကားများကိုတွေ့ရစဉ်
၎င်းက “တရုတ်ဘက်က အလုံးစုံ ဖွင့်နေပြီဆိုတော့ တစ်နေ့ကို အစီး ၂၀၀၊ ၃၀၀ တော့ ဝင်လို့ရပါတယ်။ ဘာမှ ပြဿနာ မရှိပါဘူး။ နောက်ပြီးတော့ အခု သွားနေတဲ့ ကုန်သွယ်မှု အခြေအနေကလည်း တအားကြီး များနေတယ် လို့လည်း မဆိုလိုဘူးလေ။ ပုံမှန်လောက်ပဲ သွားနေကြတော့ တခြားကုန်တွေ တိုးလာတယ်ဆိုပေမယ့် သိပ်တော့ ကားတွေဘာတွေ ပိတ်လောက်တဲ့ အထိတော့ မရှိပါဘူး။ သစ်သီးအတွက်ကတော့ ဘာမှ ထိခိုက်မှု မရှိပါဘူး။ ကုန်သွယ်ရေး လမ်းကြောင်းအရကတော့ ကောင်းလာနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကောင်းလာနိုင်တဲ့ အခြေအ နေ ရှိပေမယ့်လည်း တချို့ မမျှော်မှန်းနိုင်တဲ့ အကြောင်းတရားတွေကလည်း စိုးရိမ်ရတာကိုး။ တရုတ်ဘက်က လည်း အပြောင်းအလဲ ရှိလာနိုင်သလို မြန်မာဘက်ကလည်း အပြောင်းအလဲ ရှိလာနိုင်တယ်။ တရုတ်ဘက်ကတော့ ငြိမ်ပါပြီ။ အခု သူတို့ကလည်း အကုန်ဖွင့်နေတော့ လောလောဆယ် ကိုဗစ်နဲ့ဆိုင်တဲ့ အတားအဆီးတွေကလည်း ဖြုတ်လိုက်ပြီ၊ လူကလည်း ဝင်လို့ရပြီဆိုတော့ တဖြည်းဖြည်းတော့ ကောင်းလာမှာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ တရုတ်နယ်စပ် ကုန်သွယ်ရေး အခြေအနေသည် တရုတ်နှစ်သစ်ကူး နောက်ပိုင်း ကုန်သွယ်ရေးများ ပုံမှန် ကုန်သွယ်မှု ရှိနေပြီး ဖရဲကားအစီးရေ ၈၀ နှင့် ၁၀၀ ကြား ဝင်ထွက်လျက်ရှိနေကြောင်း၊ ပဲ၊ ပြောင်းနှင့် နှမ်းများကို လည်း တရုတ်ဘက်က ပုံမှန်ဝယ်ယူနေကြောင်း သိရသည်။
ထို့နောက် ၂၀၂၃ ခုနှစ်အတွက် ဆန်ဝယ်ယူခွင့်အတွက် တရုတ်နိုင်ငံက ချပေးထားသည့် လိုင်စင်ခွဲတမ်းသည် များပြားသည့်အတွက် ဆန်ဝယ်ယူမှု များပြားလာမည် ဖြစ်သည်ဟု မူဆယ် ဆန်ကုန်သည်များက ပြောသည်။