
- By CNI
- Category: စီးပွားရေး
- Hits: 491
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် မျိုးစပါးများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးများ ဖြန့်ဝေပေးနေပြီ ဖြစ်သော်လည်း ဖြန့်ဝေပေးနိုင်သည့် ပမာဏသည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအစုံရရှိရန် လုံလောက်သည့် အနေအထား မရှိသေးကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
လက်ရှိတွင် စစ်တွေသို့ သင်္ဘောဖြင့် မျိုးစပါး တင်းပေါင်း ၃၀၀၀၀(သုံးသောင်း)ရောက်ရှိနေပြီး ဖြစ်ကြောင်း၊ ထို့နောက် မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏာန်းကျွန်း၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များသို့ ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မျိုးစပါး ဖြန့်ဝေပေးနေတာတော့ ရှိနေတယ်။ ဒေသအစုံ ရဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ရခိုင်ဒေသ တော် တော်များများက မိုခါမှာ တော်တော်များများ အထိနာသွားကြတယ်။ အခု သူတို့ပေးတဲ့ အနေအထားကတော့ လုံလောက်တဲ့ အနေအထား ရှိနိုင်မှာ မဟုတ်သေးဘူး။ သူတို့မှာရှိတဲ့ ပေးနိုင်တဲ့ အရေအတွက်ကို အခု ဆုံးရှုံးသွား ကြတယ်ဆိုတဲ့ စာရင်းအပေါ်မှာ အခြေခံပြီးတော့ သူတို့တွက်တာနဲ့ တူပါတယ်။ လုံလောက်တဲ့ အနေအထား မရှိ ဘူးဆိုတာ အဲဒါ။ သူတို့မှာ ပေးနိုင်တာက ဆိုပါစို့ မျိုးစပါးတင်း ၃ သောင်းဆိုရင် ၃ သောင်းကို အခြေခံပြီးတော့ ဆုံးရှုံးသွားတဲ့ မြို့နယ်ပေါ့ မြို့နယ်ရှိမယ်။ မြို့နယ်ထဲက ရွာတွေရှိမယ်။ အဲဒီအခြေအနေပေါ်မှာ တွက်ဆပြီးတော့ သူတို့ပေးတာနဲ့ တူတယ်။ ဝေငှတဲ့သဘောပေါ့နော်” ဟု ပြောသည်။
ရခိုင်မှ လယ်သမားများအတွက် မျိုးစပါးတင်း ၇၀၀၀၀ ကျော်ကို ထောက်ပံ့ပေးမည်ဟု ပြောထားသော်လည်း မျိုးစပါးများမှာ မြို့နယ်ဒေသအများစုတွင် ရောက်ရှိလာခြင်း မရှိသေးကြောင်း တောင်သူများက ပြောသည်။
စပါးများကိုတွေ့ရစဉ်
ထို့နောက် ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၂ သိန်းကျော် ပျက်စီးသွားပြီး လယ်တစ်ဧကလျှင် မျိုးစပါး ၁ တင်းခွဲ အသုံးပြုရခြင်းကြောင့် မျိုးစပါးလိုအပ်ချက်သည် တင်းပေါင်း ၃ သိန်းခန့် လိုအပ်မည်ဟု ဦးကျော်ဇံက ပြောသည်။
၎င်းက “ကျနော်တို့ ရခိုင်ဒေသကို ကျနော်တို့ကြည့်ရင် စိုက်ဧကနဲ့ ကျနော်တို့ အခု မုန်တိုင်းမှာ ဆုံးရှုံးသွားနိုင်တဲ့ အနေအထား အဲဒီ ၂ ခုကို ယှဉ်ကြည့်ရင်တော့ အနီးစပ်ဆုံး ခန့်မှန်းခြေ အထူးသဖြင့် ရခိုင်ပြည် မြောက်ပိုင်းဒေသ မှာ ပါသွားတဲ့ မြို့နယ်တွေရယ်၊ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ တနည်းအားဖြင့် ပြောရမယ်ဆိုရင် မျိုးစပါး ဆုံးရှုံးသွားတဲ့ ရွာတွေရယ် အဲဒါကို တွက်ကြည့်ရင်တော့ ကျနော်ထင်တယ် ၂ သိန်းဝန်းကျင်လောက် ရှိလိမ့်မယ် စိုက်ဧက။
စိုက်ဧက ၂ သိန်းဝန်းကျင်လောက် မျိုးစပါး လိုအပ်လိမ့်မယ်။ ၁ ဧကကို ကျနော်တို့ ပျိုးစိုက်မယ်ဆိုရင် ၁ တင်း။ ကြဲမယ်ဆိုရင် ပုံမှန်အားဖြင့်တော့ ကြဲကြတယ်ပေါ့နော် မစိုက်ကြဘူး။ အဲဒီလိုဆိုရင် ၁ တင်းခွဲ လိုတယ် ၁ ဧကကိုပေါ့နော်။ တင်း ၃ သိန်းနီးပါး လိုတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနှင့် ရသေ့တောင် စသည့် မြို့နယ် ၈ မြို့နယ်သာ မျိုးစပါးများ ရရှိသေးကြောင်း သိရသည်။
ထို့နောက် ကျွဲ/နွားဖြင့် အဓိက လုပ်ကိုင်နေကြသည့် ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းအတွင်း ကျွဲ/နွားများ သေဆုံးခဲ့ခြင်းကြောင့် လက်ရှိတွင် မျိုးစပါး ရရှိသော်လည်း ထွန်ယက်ရန်အတွက် ထွန်စက်များ လိုအပ်နေသည်ဟု မြောက်ဦးမြို့နယ် ဓညဝတီ တောင်သူလယ်သမားအသင်းချုပ် အတွင်းရေးမှူး ဦးမောင်သိန်းလှက ပြောသည်။
စပါးပင်များကို တွေ့ရစဉ်
၎င်းက “အထူးသဖြင့်ကတော့ ရသေ့တောင်က မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံရတဲ့အတွက် ရသေ့တောင်ကို တော့ မြောက်ဦးထက်စာရင် ထောက်ပံ့တဲ့အဖွဲ့တွေ ပိုပြီးတော့ သွားတာရှိတဲ့အတွက် အဲဒါကတော့ လုံလောက်ပြီ လို့ ထင်ပါတယ် မျိုးစပါးပေါ့။ ဒါပေမယ့် တစ်ခုရှိတာက မျိုးစပါး လုံလောက်မှု ရှိပေမယ့် မလုံလောက်နေတာက ထွန်စက်ပါ။ အဲဒီမှာ ကျွဲနွားတွေ သေကုန်တယ်။ အဲဒီနေရာက ကျွဲ/နွားနဲ့ လုပ်တဲ့နေရာမျိုး ဖြစ်တဲ့အတွက် ထွန်ယက်ဖို့ကိစ္စမှာ စက်ကိရိယာ လိုအပ်ချက်ကတော့ ရှိနေတယ်ဆိုတာ သိရပါတယ်” ဟု ပြောသည်။
မုန်တိုင်းပြီးနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပျက်စီးသွားသည့် မျိုးစပါးပမာဏနှင့် စိုက်ပျိုးဧကများကို စာရင်းကောက်ရာတွင် တောင်သူများနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းအချက်အလက် တင်ပြရာ၌ ကျန်ရှိခဲ့သည့် လယ်ဧကများရှိနေကြောင်း၊ ထိုသို့ စာရင်းမပါသည့် မြို့နယ်ရှိ တောင်သူများသည် မျိုးစပါးများ မရရှိဘဲ ဖြစ်နေ ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ တောင်သူများအတွက် မျိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တခြားသော ကုမ္ပဏီများက ထောက်ပံ့မှုများ ရှိကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
တောင်သူများကို မျိုးစပါးထောက်ပံ့နေမှု အခြေအနေ၊ ဖြန့်ဝေပြီးစီးမှုများနှင့် ပေးဝေသည့် ပမာဏများကို သိရှိရန် အတွက် ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

- By CNI
- Category: စီးပွားရေး
- Hits: 863
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအပါအဝင် နိုင်ငံခြားသား ဒုက္ခသည်ဦးရေမှာ အင်မတန် များပြားလာ သဖြင့် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအား မှတ်ပုံတင်စနစ်တစ်ခု ပြုလုပ်ပေးရန် လိုအပ်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မေလက မလေးရှား ပြည်ထဲရေးဝန်ကြီးသည် ဒုက္ခသည်များနှင့် ပတ်သက်သည့် အချက် အလက်များကို ကောက်ယူစုဆောင်းရန် ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် တစ်စုံတစ်ရာ ကြေညာမှုများ မရှိသေးကြောင်း သိရသည်။
မလေးတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “သူတို့ပြန်စိစစ်ဖို့တော့ များပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဒီမှာ ဒုက္ခသည်တွေက မတရားများနေတယ်။ UNHCR ကဒ် ကိုင်ဆောင်ထားတဲ့ လူတွေ အရမ်းများတယ်ပေါ့။ သူတို့ system တစ်ခုခု လုပ်ဖို့ လိုအပ်တယ်လို့တော့ မြင်တယ်ပေါ့နော်။ ဘယ်တော့လုပ်လာ လိမ့်မလဲ၊ ဘယ်လိုနည်း ဘယ်လိုပုံလဲဆိုတာတော့ အဓိက မသိရသေးပါဘူး။ အရင်တုန်းက ဆိုရင်တော့ သူတို့လုပ် ခဲ့တာတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေက UNHCR ကဒ် ကိုင်ဆောင်ထားတဲ့ သူတွေက မလေးရှား အစိုးရနဲ့ မှတ်ပုံတင်ထားတာ မဟုတ်ပါဘူး။ UNHCR အဖွဲ့အစည်းနဲ့သာလျှင် မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ ဒီအစိုးရကနေပြီးတော့ သူတို့ဒီမှာ မှတ်ပုံတင်ဖို့ရန်အတွက် ပြန်လုပ်ဖို့တော့ လိုအပ်ပါတယ်။ သူတို့ လုပ်လာလိမ့်မယ်လို့လည်း ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့သာလျှင် ဒီကဒ် ကိုင်ဆောင် ပြီးတော့ အမှုအခင်း တစ်ခုခု ကျူးလွန်တယ်ဆိုရင် သူတို့ရဲ့ နောက်ကြောင်းတွေကို ဘယ်လို လိုက်လံ စုံစမ်းရမလဲ ဆိုတာ အစိုးရဆီမှာ record ဆိုတာမရှိဘူး။ ဟိုးအရင် အစိုးရတွေ လက်ထက်တုန်းကတော့ လုပ်ခဲ့ဖူးတာတွေရှိ တယ်။ UNHCR ကဒ်ကိုင်ဆောင်ထားတဲ့ သူတွေရဲ့ နေရပ်လိမ်စာတို့၊ လုပ်ကိုင်တဲ့ နေရာတို့ record ယူတာမျိုးတွေ သူတို့ လုပ်ခဲ့ဖူးတာရှိတယ်။ ၂၀၁၈ လောက်မှာ လားမသိဘူး ပျောက်သွားတယ်။ အခု ဒီအစိုးရအသစ်မှာတော့ ပြန် လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ လုပ်ဖို့လည်း လိုအပ်တယ်လို့ မြင်မိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရောက် ရွှေ့ပြောင်းများကိုတွေ့ရစဉ်
ယခင်အစိုးရလက်ထက်တွင် တတိယအဖွဲ့အစည်းဖြစ်သည့် (Refugee information Tracking System - TRIS) ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဒုက္ခသည်ပေါင်း ၃၀၀၀၀ ခန့်သာ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း လက်ရှိ မလေးရှားအစိုးရသစ် လက်ထက် ပြည်ထဲရေးဝန်ကြီး၏ ပြောကြားခဲ့မှုအရ သိရသည်။
၎င်းသည် ဒုက္ခသည်ဦးရေ ၁၈၅,၀၀၀ စာရင်းရှိထားသော UNHCR ၏ အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ကွာဟ ချက် များလွန်းသဖြင့် နိုင်ငံတော်လုံခြုံရေးကောင်စီ (MKN)နှင့် ပြည်ထဲရေးဝန်ကြီးဌာန (KDN)တို့မှ စာရင်းကောက် ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဦးစားပေးစဉ်းစား စေချင် ပါက အချက်အလက်ဖြင့် ဦးစွာလုပ်ရမည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြီးခဲ့သည့် မေလတွင် ပြောခဲ့ဖူးသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့် မပေးထား သော် လည်း နားလည်မှုဖြင့် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
မလေးရှားရောက် ရွှေ့ပြောင်းများ ဖမ်းဆီးခံရစဉ်
သို့သော် မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေး မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်လုပ်ခွင့် ပေးလိုက်ရင် ကောင်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ မလေးရှားမှာ သူတို့နေတာ ယာယီ လေ။ ယာယီဆိုတာက တတိယနိုင်ငံဆိုတဲ့ တခြားနိုင်ငံမှာ အခြေချနေထိုင်ဖို့ မသွားခင် ဆက်ကြားကာလပေါ့။ တချို့ကလည်း ၁ နှစ်ကြာမယ်၊ ၂ နှစ်ကြာမယ်၊ ၃ နှစ်ကြာမယ်၊ ၅ နှစ်ကြာမယ် စသည်အားဖြင့်ပေါ့။ အဲဒီအခါကျ အဲဒီလို အလုပ်လုပ်ခွင့် ပေးလိုက်ပြီဆိုရင် လုပ်ငန်းရှင်တွေက တရားဝင် အလုပ်ခန့်ခွင့်ရှိတယ်။ နောက်တစ်ခုက သူတို့ ရသင့်ရထိုက်တဲ့ အလုပ်သမားခံစားခွင့်ပေါ့။ ရသင့်ရထိုက်တဲ့ လစာတို့၊ အားလပ်ရက်တို့၊ အခွန်ကင်းလွတ် ခွင့်တို့၊ ဆေးဝါးကုသခွင့်တို့ အဲဒါတွေပေါ့။ နောက်တစ်ခုက သူတို့ရဲ့ သားသမီးတွေကို တရားဝင် ကျောင်းထားနိုင် တာတို့ စသည်အားဖြင့်ပေါ့။ အခွင့်အရေးတွေက သူတို့အတွက် တော်တော်ကြီးကို အထောက်အကူဖြစ်တာပေါ့ အကျိုးရှိတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် မလေးရှားအစိုးရ လက်ထက်တွင်လည်း UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား တရားဝင် အလုပ်လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသေးသည်။
မလေးရှားအစိုးရမှ UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား အမှန်တကယ် တရားဝင် အလုပ်လုပ်ခွင့် ပေးလိုက်သည်ရှိသော် ဒုက္ခသည်အဖြစ် လာရောက်ကြမည့်သူ များပြားလာနိုင်သည့်အတွက် နယ်စပ်ဒေသများ အား မလေးရှားအာဏာပိုင်များအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 501
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇
မြန်မာနိုင်ငံ၏အဓိက တင်ပို့ကုန်တစ်ခုဖြစ်သည့် ကော်ဖီဈေးနှုန်းမှာ ယခင်နှစ်ကထက် တစ်ဆခန့် မြင့်တက်လာ သောကြောင့် ပြည်တွင်းတွင်ရောင်းလိုအားမရှိတော့ကြောင်း ကော်ဖီရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများက CNI သတင်းဌာသို့ ပြောသည်။
ပြည်ပနိုင်ငံများသို့ ကော်ဖီတင်ပို့မှုများရှိသော်လည်း လက်ရှိပြည်တွင်းဈေးနှုန်းမှာ မြင့်တက်လာသောကြောင့် ရောင်းဝယ်သူများမရှိတော့ကြောင်း ရှမ်းပြည်နယ်၊တာချီလိတ်မြို့မှ ကော်ဖီရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ မအင်နာက ပြောသည်။
မအင်နာက “ခုက မဝယ်တာကြာပြီ။ အရောင်းအဝယ်မကောင်းလို့ပါ။ ရောင်းဝယ်ရေးမကောင်းလို့ ဒီနှစ်ကော်ဖီကို မရလိုက်ဘူး။ အမျိုးမျိုးတော့ ရှိတယ်။ ပြီးတော့ ကော်ဖီလည်း ဈေးကြီးတယ်။ တစ်ဆလောက် တက်သွားလို့ အစ်မက မဝယ်တော့တာ။ ကော်ဖီကဈေး အရမ်းတက်တယ်။ အရင်က တစ်ပိဿာ ငါးထောင်၊ ခြောက်ထောင် အခုက တစ်သောင်းကျော်ပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုလို အရောင်းအဝယ် မရှိခြင်းသည် ကော်ဖီထွက်သည့် ရာသီမဟုတ်၍ ဖြစ်ကြောင်း၊ ဈေးတက်နေသည့် အတွက် ကော်ဖီစိုက် တောင်သူများအတွက် အကျိုးရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၏ အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောသည်။
မြန်မာ့ကော်ဖီသီးများကို တွေ့ရစဉ်
၎င်းက “ကော်ဖီကတော့ ဈေးတက်တာကြာပြီပေါ့နော်။ ကော်ဖီရာသီ မကုန်ခင်ကတည်းကပေါ့နော်။ မတ်လ မကုန်ခင်အထိက တက်သွားပြီးတော့ အခုတော့ ဈေးနှုန်းပဲရှိတော့တာပေါ့နော်။ ပစ္စည်းမရှိတော့ဘူးဆိုတော့ အရောင်းအဝယ် export လုပ်တာတွေဆိုလည်း export deal လုပ်ပြီးသားတွေပေါ့နော်။ အခုက နိုင်ငံခြားက ဝယ်လိုအားများတဲ့အတွက် ဈေးတက်တာ။ ဈေးပိုရတဲ့အတွက် တောင်သူတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီ change ထဲမှာရှိတဲ့ ပြည်တွင်းထဲက ကော်ဖီလှော်တဲ့သူတွေအတွက်တော့ မကောင်းဘူးပေါ့နော်။ တောင်သူ အများစု ကောင်းတယ်ဆိုတော့ ကောင်းတယ်ပေါ့နော်။ ဒါပေမယ့် တောင်သူတွေကလည်း ဈေးကောင်း တာ တစ်ခုထဲကို သာယာတာ မဟုတ်ဘဲ ဈေးပိုရတဲ့အတွက် တောင်သူတွေက ကော်ဖီ ခြံထဲမှာ ပြန်ထည့်ဖို့ လိုတာ ပေါ့။ ဈေးကောင်းနေတာမှာ သာယာနေပြီးတော့ ကော်ဖီခြံကျတော့ ပြုလည်း မပြုစုဘူး။ အစာလည်း မကျွေးဘူး ဆိုတော့ အဲတာကြီးက လွှဲနေတာပေါ့”ဟု ပြောသည်။
ကော်ဖီဈေးကောင်း ရနေသော်လည်း အထွက်နှုန်းမှာ ပြည်ပနိုင်ငံများလောက် မကောင်းကြောင်း ဦးမင်းလှိုင်က ပြောသည်။
မြန်မာ့ကော်ဖီ ပြည်ပတင်ပို့ဖို့ထုတ်ထားစဉ်
၎င်းက “ အထွက်နှုန်းက အရမ်းနည်းတယ်။ ပွိုင့် ဝမ်းကနေ ပွိုင့်တူး အဲကြားပဲရှိတယ်။ ပွိုင့်ဝမ်းပွိုင့်တူးကတော့ နဂိုကတည်းက အထွက် မကောင်းတာပေါ့နော်။ တစ်ဧကကို ပွိုင့်တူးတောင် မထွက်ဘူး။ ပွိုင့်ဝမ်းလောက်ပဲ ရှိကြတာဆိုတော့ ဒါအထွက်နည်းတာပေါ့။ သူများနိုင်ငံမှာ တစ်ဧကကို ပွိုင့်ဖိုးအထိ ထွက်တာဆိုတော့ ပွိုင့် ဝမ်းဆိုတော့ အရမ်းနည်းတာပေါ့။ အထွက်က မကောင်းတာကျတာ မဟုတ်ဘူး။ အခုက ဘာပြဿနာရှိ လဲဆိုတော့ ခြံတွေမှာ ပင်စည်ခေါက်ပိုးတွေ ကျရောက်နေတဲ့ဟာတော့ တော်တော်လေး အထွက်ကို ထိခိုက် တယ်”ဟု ပြောသည်။
ကော်ဖီပင်များကို ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး တခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကာ ဧက ၅၀၀၀၀ ကျော်ရှိပြီး နှစ်စဉ်ကော်ဖီတန်ချိန် ၁၀၀၀၀ ကျော် ထွက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံက ထွက်ရှိသည့်ကော်ဖီသည် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများဖြစ်သည့် အမေရိက၊ ဥရောပနှင့် အာရှဒေသများမှ နိုင်ငံပေါင်း ၁၄ နိုင်ငံကို တင်ပို့လျက်ရှိပြီး နောက်ထပ် ပြည်ပနိုင်ငံများကို တင်ပို့ရန် ကြိုးစားနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ကော်ဖီတစ်ကီလို၏ တန်ဖိုးမှာ ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး US ဒေါ်လာ ၆ ကနေ ၁၂ ဒေါ်လာ အထိရှိနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 479
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားသည် ဖောက်ခွဲဖျက်ဆီး ခံထားရသည့်အတွက် လက်ရှိတွင် တခြမ်းသာ ဖြစ်သန်းသွားလာ၍ ရခြင်းကြောင့် ကုန်တင်ကားများအနေဖြင့် စုံစမ်းပြီးမှသာ သွားသင့်ကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများက ပြောသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲခံရမှုကြောင့် တခြမ်း ပျက်စီးသွားပြီး လက်ရှိတွင် ကျန်ရှိသည့် တခြမ်း ကိုသာ အသုံးပြုနေရသည့်အတွက် ကုန်တင်ယာဉ်များအနေဖြင့် စောင့်ဆိုင်း၍ အလှည့်ကျဖြင့် ဖြတ်သန်းနေရ ကြောင်း၊ တံတားပြင်ဆင်မှုများ ပြုလုပ်မည်ဆိုပါက လမ်းကြောင်းပိတ်ဆို့မှုများ ရှိလာနိုင်ခြင်းကြောင့် ကုန်ကား သမားများအနေဖြင့် စုံစမ်းပြီးမှသာ သွားရန်လိုအပ်သည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သွားတယ်။ သွားနေတာပဲ လက်ရှိက။ သွားလို့ရပါတယ် လောလောဆယ်တော့။ နည်းနည်းတော့ စောင့် ရတာပေါ့။ ဒီဘက်က ၁၀ စီးလွှတ်လိုက်၊ ဟိုဘက်က ၁၀ စီးလွှတ်လိုက် အဲဒီလိုမျိုးပေါ့။ စုံစမ်းပြီးမှ သွားရမှာပေါ့။ ဘာလို့လဲဆိုတော့ တံတားက အခုက တခြမ်းပဲ ရှိတာဆိုတော့လေ။ ဒီတခြမ်းကို ပြင်တာတို့၊ ပိတ်တာတို့ လုပ် တော့ လုပ်လိမ့်မယ် ဟိုဘက်ခြမ်းကို။ ပြင်တာတို့၊ ပိတ်တာတို့ လုပ်တာဆိုရင် အဲဒါတော့ တခါတလေ ၃ ရက် လောက် စောင့်ရင် စောင့်ရမယ်၊ ၂ ရက်လောက် စောင့်ရင် စောင့်ရမယ်” ဟု ပြောသည်။
လက်ရှိတွင် ကျန်ရှိနေသည့် တံတားဘက်ခြမ်းမှသာ ကားများ တစ်စီပြီးတစ်စီး ဖြတ်သန်းသွားလာနေရသည့် အတွက် ကားပိတ်ဆို့မှုများရှိသော်လည်း အချိန်ကြာမြင့်စွာ မဟုတ်ကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
ကျုံအိတ်တံတား မိုင်းခွဲခံရလို့ ဒဏ်ရာရသွားသူတစ်ဦးကိုတွေ့ရစဉ်
ကျုံအိတ်တံတားသည် မွန်ပြည်နယ်တွင် တည်ရှိသော်လည်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ကို သွားရောက် ရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အဓိက ဖြတ်သန်းရသည့် တံတားဖြစ်ကြောင်း သိရသည်။
တခြားသော လမ်းကြောင်းများ ရှိသော်လည်း လက်ရှိတွင် အသုံးပြုရန် မလွယ်သည့်အတွက် ကျုံအိတ်တံတား ရှိသည့် လမ်းပိုင်းကိုသာ အဓိကထား အသုံးပြုနေရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တခြမ်းပေါ့နော် တခြမ်းတော့ ကျန်ခဲ့တယ် ကျုံအိတ်တံတားဆိုတာ။ အသွားပေးလိုက်၊ အပြန်ပေးလိုက် ပေါ့နော် အဲဒီအတိုင်းတော့ သွားတယ်။ ဒီလမ်းပေါ်မှာ ဖြတ်နေတဲ့ ကားအရေအတွက်နဲ့တော့ အရမ်းကြီး ပိတ်ဆို့မှု တော့ မဖြစ်ပါဘူး။ နည်းနည်းတော့ စောင့်လိုက်ရတာပေါ့နော်။ ဟိုဘက်တခြမ်း ပြီးသွားရင် ဒီဘက်တခြမ်း လွှတ် ပေးတာပေါ့နော် အဲဒီသဘောမျိုး ဖြစ်သွားတယ်။ ဒီလမ်းတွေကတော့ အရှင်းဆုံး ပြောရရင်တော့ ကရင်ပြည်နယ် ထဲကို ဝင်ဖို့တို့၊ ဒါကတော့ လက်ရှိကတော့ မွန်ပြည်နယ်ထဲမှာပေါ့နော်။ နောက် တနင်္သာရီတိုင်း သွားဖို့ဆိုတာက ကုန်းလမ်းကနေဆိုရင် ဒီလမ်းက တစ်လမ်းပဲ ရှိတယ်ဆိုတဲ့ သဘော ရှိတယ်လေ။ ကရင်ပြည်နယ်ထဲကို တခြား လမ်းကနေ ဝင်တာတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လုံးဝ အသုံးပြုလို့ မရတော့တဲ့အထိ ဖြစ်သွားတော့ အရင်တုန်းကတော့ သွားလို့ရတယ်၊ ကားလေးတွေ သွားလို့ရတဲ့ လမ်းတွေ ရှိတယ်ပေါ့နော်။ ဥပမာ တောင်ငူကနေ လိပ်သို - သံတောင်လမ်းကနေ သွားရင်တော့ ရတဲ့နေရာတွေ ရှိတယ်။ ဒါပေမယ့် အရမ်းကြီး တွင် တွင်ကျယ်ကျယ် အသုံးပြုမှု နည်းတယ်။ တကယ့် ကုန်စည်စီးဆင်းမှုကျတော့ ဒီလမ်းကြီးအပေါ်မှာပဲ အခြေခံပြီး သွားကြတာ” ဟု ပြောသည်။
ကျုံအိတ်တံတား မိုင်းခွဲခံရလို့ ပျက်စီးနေတာကို တွေ့ရစဉ်
တံတားဖောက်ခွဲခံခဲ့ရမှုကြောင့် တံတားတခြမ်း ပြိုကျပျက်စီးသွားခဲ့ပြီး တံတားပေါ် ဖြတ်သန်းနေသည့် ခရီးသွား ယာဉ်နှစ်စီးသည် တံတားနှင့်အတူ ပါသွားပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်း ကားလမ်းပိုင်း၊ ရထားလမ်း ပိုင်း မိုင်းဖောက်ခွဲခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များနှင့် လူမှုကယ်ဆယ် ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံရမှုများလည်း မကြာခဏ ဖြစ်လေ့ရှိသည်ကို သတင်းဌာနများ၏ ဖော်ပြချက်များတွင် တွေ့ရှိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 470
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆
ထိုင်းရှိ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် လုပ်သားများအတွက် နေထိုင်ခွင့်အား ဇူလိုင်လကုန်အထိ ဖြေလျှော့ခွင့်ပြုလိုက်သဖြင့် မိမိတို့၏ အလုပ်ရှင်သူဋ္ဌေးများအား အမြန်ဆုံး အမည်စာရင်းတင်သွင်းခိုင်းကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဇူလိုင်လကုန်အထိ ဖြေလျှော့ခွင့်ရရှိရန် အလုပ်ရှင်မှ အလုပ်သမားအမည်စာရင်းနှင့် အလုပ်သမားဓါတ်ပုံ တို့အား အလုပ်အကိုင်ရှာဖွေရေးရုံးများသို့ တင်သွင်းရမည်ဖြစ်ပြီး ၎င်းတို့၏ အမည်စာရင်းကျလာမှသာ အဆိုပါ ဖြေလျှော့ခွင့်တွင် အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။
အမည်စာရင်းကျလာသည့် တရားမဝင်လုပ်သားများအနေဖြင့်လည်း ၎င်းအမည်စာရင်းစာရွက်အား ကိုင်ဆောင် ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ကျိန်းသေသလောက်ရှိနေတာကတော့ ၈ လပိုင်းလောက်မှာ လူသစ် တွေကို စာရင်းအသစ်သွင်းတဲ့ဟာ ပြန်လုပ်မယ်လို့ အဲဒီလိုကြားနေတာပေါ့။ ဒီထဲမှာ သူက အရိပ်အမြွက်ပဲ ပြော သေးတယ် အစိုးရဘက်ကတော့လေ။ ဒါပေမယ့် ဒီနေရာမှာ သိရမှာက တရားမဝင်တဲ့သူကို မဖမ်းဘူးဆိုပြီးတော့ တရားမဝင်ဘဲနဲ့ ခေါ်ပြီးသွင်းလာလို့ အဲဒီလိုမျိုးတော့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီဟာက ကြတော့ အခုမှ တရားမဝင်တဲ့အလုပ်သမားကို သယ်လာဖို့အတွက် ပွဲစားတွေက လုပ်မှာပဲ။ အဲဒီလိုလုပ်တဲ့အခါကျရင်တော့ အဲဒါအဖမ်းခံရမှာ။ သူက ဆိုလိုချင်တဲ့သဘောက ရောက်နေပြီးတော့ အကြောင်းကြောင်းကြောင့် အထောက် အထားမလုပ်ဖြစ်တာ၊ လုပ်ဖို့မမီတာ၊ အထောက်အထားပျက်တဲ့လူတွေအတွက်ကိုပဲ မှတ်ပုံတင်အသစ် မလုပ်ခင်မှာ ခဏပေးပြီးတော့ နေတဲ့သဘောပေါ့။ တော်ကြာနားလည်မှုလွဲပြီးတော့ အထောက်အထားမရှိရင် မဖမ်းဘူးဟေ့ဆိုပြီး အကုန်လုံးတရားမဝင်ခိုးဝင်လာမယ်၊ အဲဒီလိုမျိုးကတော့ မရဘူးပေါ့နော်။ မနေ့ကတောင်မှ ဖမ်းနေတာတွေတွေ့တယ်” ဟု ပြောသည်။
အထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ(ဓါတ်ပုံ-ရိုက်တာ)
ဇူလိုင်လကုန်အထိ ဖြေလျှော့ခွင့်ပြုသည့်အထဲတွင် အထောက်အထားရှိသော်လည်း အလုပ်ထွက်စာကြောင့် တရားမဝင်လုပ်သားဖြစ်သွားသူများ၊ အထောက်အထားရှိသော်လည်း Work Permit နှင့် ဗီဇာသက်တမ်းတိုး မမီလိုက်သူများ၊ Overstay ဖြစ်သွားသူများနှင့် ယခု နေထိုင်ခွင့်ပြုသည့် မတိုင်မီကာလတွင် အလုပ်လုပ်ကိုင် လျက်ရှိသည့် တရားမဝင် အထောက်အထားမဲ့လုပ်သားတို့ ပါဝင်ကြောင်းသိရသည်။
ထို့ကြောင့် တရားမဝင်များအား ဇူလိုင်လကုန်အထိ နေထိုင်ခွင့်ပြုထားသည့်အတွက် အမည်စာရင်းကျထား သူများအား ထိုင်းအာဏာပိုင်များအနေဖြင့် ဖမ်းဆီးခြင်းမပြုလုပ်ရန် လိုအပ်ကြောင်း၊ ဖမ်းဆီးလာပါက ၎င်း အချက်အလက်များအား မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြသ၍ ပြောဆိုသင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ယခုကဲ့သို့ ဇူလိုင်လကုန်အထိ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား နေထိုင်ခွင့်ပြုပေးခြင်းသည် ကောင်းမွန် သော်လည်း အချိန်ကာလအားဖြင့် နည်းပါးလွန်းကြောင်းနှင့် ယခုထက်ပိုမို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပို၍ အဆင်ပြေမည်ဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၀ မေလ ၂၅ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားများကို ဘန်ကောက်မြို့တွင် တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)
“အခုလောလောဆယ် အလုပ်သမားရှားပါးရေးကို ဖြေရှင်းတဲ့နည်းလမ်းက အလုပ်သမားလက်မှတ်မရှိတဲ့ သူတွေကို လူဦးရေဘယ်လောက်ရှိလဲ၊ အရေအတွက်ဘယ်လောက်ရှိလဲဟာကို စာရင်းပေးလိုက်ရုံနဲ့ အလုပ်ထဲမှာ အလုပ်လုပ်လို့ရတယ်။ ဒါနည်းလမ်းကတော့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ တတ်နိုင်ရင်တော့ ကုန်ကျစရိတ် တွေကို လျှော့ပေးဖို့လိုတယ်။ တတ်နိုင်ရင်တော့ ပန်းရောင်ကတ်ကို တစ်နှစ်မဟုတ်ဘဲနဲ့ ၂ နှစ်စာထုတ်ပေးနိုင်ရင် ပိုကောင်းတယ်။ အဲဒီလိုဆို ပိုပြီးတော့အဆင်ပြေတယ်။ နောက်ပြီး CI ဆိုတဲ့ process ကို မသွားဘဲနဲ့ ပန်းရောင်ကတ်နဲ့တင်လိုအပ်တယ်။ အခုလက်ရှိ ပန်းရောင်ကတ်လုပ်လိုက်၊ CI သွားလုပ်လိုက်ဆို ဘာမှမထူးဘူး။ အဲဒီတော့ အခုလုပ်ပေးတာကောင်းတယ်။ သို့သော်လည်း ပန်းရောင်ကတ်ထုတ်တဲ့ အနည်းဆုံး ၂ နှစ်ကာလ ထုတ်ပေးလိုက်။ ၂ နှစ်ကာလထုတ်ပြီးကာမှ ဒီအုပ်စုတွေကို CI လုပ်သင့်၊ မလုပ်သင့် အခြေအနေဆက်တိုးသင့်၊ မတိုးသင့်ကို ပြန်စဉ်းစားပေါ့” ဟု ၎င်းက ပြောသည်။
ဇူလိုင်လကုန်အထိ နေထိုင်ခွင့်ဖြေလျှော့ပေးလိုက်သည့်အထဲတွင် အကြောင်းကြောင်းကြောင့် တရားမဝင် ဖြစ်သွားသည့် MOU သမားများနှင့်ပတ်သက်၍ ပြောဆိုထားခြင်းမရှိပေ။
ထို့အပြင် ယခု နေထိုင်ခွင့်ဖြေလျှော့ပေးလိုက်သည့်ကာလ၌ အသစ်ရောက်ရှိလာသည့် တရားမဝင် လုပ်သားများ အနေဖြင့် ၎င်းအစီအစဉ်တွင် အကျုံးမဝင်သောကြောင့် ပွဲစားများ၏ လိမ်လည်မှုများကို နားမယောင်ကြရန်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 647
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းစရာ မလိုဘဲ ကုန်ပစ္စည်း တင်ပို့ခွင့် ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီ ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး မြန်ဆန်လာမည်ဟု ကုန်သည်များက ပြောသည်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ကြိုတင်ငွေ ၁၀၀ ရာခိုင်နှုန်း ပေးသွင်းရသည့်စနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ကုန်သည်များသည် အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် ၂၀ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်းသာ ပေးသွင်းရတော့မည် ဖြစ်သည့်အတွက် ကုန်သွယ်ရေး လုပ်ငန်းများ မြန်ဆန်လာမည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဘက်မှာ ဒီလိုမူဝါဒရှိတော့ ကုန်သည်က ၂ ရင်း ရင်းရတာပေါ့နော်။ နိုင်ငံတော်ကို လိုင်စင်ရရှိရေးအတွက် တစ်ရင်း ၁၀၀ ရာခိုင်နှုန်း ထည့်ရတယ်။ ဒီဘက်မှာ ကုန်ပစ္စည်းကို ကုန်သည်တွေ တောင်သူဆီကနေ ဝယ်ရတဲ့ ၁ ရင်းပေါ့နော်။ ၂ ရင်း ရင်းရတဲ့ ဟာကနေပြီးတော့ အခုကတော့ တကယ်နာမည်ကောင်း ရှိပြီးသားပေါ့၊ အမြဲတမ်း လုပ်နေတဲ့ ကုမ္ပဏီတွေအတွက်ကတော့ ၂၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၃ နှစ်အောက် ကုမ္ပဏီတွေကတော့ ၃၅ ရာခိုင်နှုန်း ဒါကို သွင်းရမယ်။ ပြီးရင် သူတို့ သတ်မှတ်ချက်တွေ ရှိတယ်။ ဘယ်ရက် အတောအတွင်းမှာ တင်ပို့ကုန် နိုင်ငံတော် ကို ပေးသွင်းရမယ့် လုပ်ထုံးလုပ်နည်းတွေကို အပြီးလုပ်ရမယ်။ မလုပ်ရင်တော့ တင်ထားတဲ့ deposit ကိုလည်း သိမ်းမယ်၊ တရားလည်း စွဲမယ် ဒီလိုလေးတွေတော့ ရှိပါတယ်။ လောလောဆယ်တော့ ဒီဟာလုပ်ဖို့အတွက် သွား နေပြီ။ နောက် ၃၊ ၄၊ ၅ ရက်တော့ စောင့်ကြည့်ရမှာပေါ့။ ဒီလုပ်ငန်းစဉ်ကြီး စလုပ်ဖြစ်လား မလုပ်ဖြစ်လားဆိုတာ စောင့်ကြည့်ရမှာပေါ့။ နယ်စပ် ဘတ်(ထိုင်းငွေ)လည်း သုံးခွင့် ပြုထားပါတယ်။ ဒေါ်လာလည်း သုံးလို့ရပါတယ်။ အခု လောလောဆယ်တော့ ဘယ်ဟာနဲ့မှ သွင်းရမယ်လို့တော့ ကန့်သတ်ချက်တော့ မတွေ့မိဘူး။ နည်းနည်းတော့ ပိုပြီး တော့ မြန်သွားမယ်ထင်တယ်” ဟု ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်
ပို့ကုန်ရငွေ ကြိုတင်ငွေသွင်းစရာ မလိုသော်လည်း သက်တမ်း ၃ နှစ် အထက်ရှိသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို အာမခံကြေးအဖြစ် သွင်းရမှာဖြစ်ကြောင်း၊ သက်တမ်း ၃ နှစ်အောက်ရှိသည့် ကုမ္ပဏီ များသည် ၃၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး မူဝါဒများ မကြခဏ ပြောင်းလဲမှုများ ရှိသည့်အတွက် လက်ရှိ ထုတ်ပြန် လိုက်သည့် မူဝါဒအပေါ် စောင့်ကြည့်ရမည်ဟု မြဝတီကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဇူလိုင် ၁ ရက်ကနေတော့ စပြီး ကျင့်သုံးဖို့ ပြောတယ်။ ဒါပေမယ့် အခုကတော့ လောလောဆယ် run တုန်းပဲ ရှိပါသေးတယ်။ သက်ရောက်မှုကတော့ ပိုက်ဆံ ၂ ရင်း မရင်းရတော့ဘူးပေါ့။ ၁ ရင်းနဲ့ ပြီးတယ်ပေါ့။ deposit တင်ထားတာလေးတော့ ရင်းရမှာပေါ့။ သူတို့ ထုတ်တာတွေက အခြေအနေပေါ် မူတည်ပြီးတော့ အပြောင်းအလဲ အများကြီး ရှိတယ်လေ” ဟု ပြောသည်။
ကုန်ကားများကိုတွေ့ရစဉ်
ကုမ္ပဏီ၏ ငွေစာရင်းသို့ ပို့ကုန်ရငွေ ဝင်ရောက်လာသည့်အခါ အာမခံကြေးကို ပြန်လည် ထုတ်ပေးမည်ဖြစ် ကြောင်း၊ သတ်မှတ်ရက်အတွင်း ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ၏ ငွေစာရင်းသို့ ပို့ကုန်ရငွေ ဝင်ရောက်လာခြင်း မရှိပါ က အာမခံကြေးကို သိမ်းယူမည်သလို ကုမ္ပဏီ၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကိုလည်း ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်တင်ပို့ရာတွင် ကြိုတင်ငွေ တင်သွင်းရာ၌ ဒေါ်လာ၊ ယွမ်၊ ဘတ်နှင့် ကျပ် စသည့် မည်သည့် ငွေကြေးဖြင့်မဆို ပေးသွင်းနိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 624
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
မြန်မာနိုင်ငံ၏အဓိက စိုက်ပျိုးရေးထွက်ကုန် တစ်ခုဖြစ်သည့် အုန်သီးကို ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်လာခြင်း များ ရှိသော်လည်း တွင်တွင်ကျယ်ကျယ် လုပ်နိုင်ရန် နစကမှ အရင်းအနှီးများ ထုတ်ပေးဖို့ လိုအပ်ကြောင်း အုန်းသီး ကုန်ထုတ်လုပ်ငန်းလုပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
အုန်းသီးမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို လုပ်ငန်းခွင်တွင် လက်တွေ့ အသုံးချပြီး စီးပွားရေး၌ တွင်ကျယ် စေရန် အစိုးရဘက်က စက်ပစ္စည်း ကိရိယာများနှင့် ငွေကြေးများ ထောက်ပံ့ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ အုန်းထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ရွှေနန်းဒီက ပြောသည်။
ဒေါ်ရွှေနန်းဒီက “အန်တီတို့ မြန်မာပြည်မှာဆိုရင် ဒါက လုပ်ငန်းရှင် တော်တော်များများက လုပ်နိုင်တဲ့ အရည် အချင်းတွေတော့ ရှိကြတယ်။ ဒါပေမယ့် သူတို့မှာ ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလိုအပ်တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ ဒါက အသင်းအနေနဲ့ရော နိုင်ငံတော်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ရော ထောက်ပံ့ပေးဖို့ကတော့ တကယ်ကို လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲတာမှ တချို့ဆိုလည်း စက်ပစ္စည်းတွေ ဟန်းနီးခရက် လုပ်မယ့်သူတွေဆို စက်တွေရင်းရတယ်။ အလုပ်ရုံတွေ နေရာထိုင်ခင်းတွေ ရင်းရတယ်။ အလှကုန် လုပ်မယ်ဆိုလည်း ပါကင်ပြဿနာမျိုးပေါ့။ ပါကင်တွေက တို့မြန်မာနိုင်ငံမှာ ကောင်းကောင်း မထုတ်နိုင်ကြဘူး။ နိုင်ငံခြားက မှာမယ်ဆိုလည်း ဈေးကြီးတယ်။ ပြီးရင်ရင်းရရင်လည်း ဗူးဖိုးမှာရော ပါကင်ဖိုးမှာရော တော်တော်ရင်းရ တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
အုန်းနဲ့ကုန်ချောထုတ်လုပ်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
ထို့အပြင် အုန်းသီးမှရရှိသည့် အုန်းမှုတ်ခွက်ဖြင့် ပြုလုပ်ထားသည့် Hand Made ပစ္စည်းများကို ပြည်တွင်းဈေးကွက် မှာ သာမက ပြည်ပသို့ တင်ပို့နိုင်ရန် အစိုးရမှ အထောက်အကူ ပြုပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး Theint handmade ဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံကထွက်တဲ့ ဟာက အများကြီးပဲလေ။ လက်မှုပစ္စည်းတွေကိုမှ ဒီလိုသူတို့ promote လုပ်ပေး ရင် သူတို့အနေနဲ့ weight ပါသွားတယ်။ အစ်မတစ်ယောက်ထဲ promote လုပ်တာထက်စာရင် သူတို့ပါ promote လုပ်ရင် ပိုအဆင်ပြေတာပေါ့။ လက်မှုလုပ်တဲ့ သူတွေအတွက်ရော ပိုပြီး တိုက်ရိုက် အကျိုးရှိနိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ လက်မှုပစ္စည်း အချောကို ပြနိုင်တာဖြစ်တဲ့အတွက် ပိုပြီး အကျိုးရှိလာနိုင်တယ်”ဟု ပြောသည်။
ယခုရာသီသည် အုန်းသီးရောင်းဝယ်ရေး အကောင်းဆုံး ရာသီဖြစ်သည့်အတွက် အုန်းမှုတ်ခွက်ကိုသာ ဝယ်ယူမှု ရှိလာပါက ဒေသတွင်း အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြောင်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ဇရပ်ကုန်းခင် ကျေးရွာက မစန်းသီတာက ပြောသည်။
အုန်းသီးများကိုတွေ့ရစဉ်
မစန်းသီတာက “အုန်းခွံကိုအများကြီး ဝယ်ကြရင် စီးပွားဖြစ်ထွန်းမယ်။ အခုရာသီဆို အုန်းသီး လုပ်သားတွေ ရှိနေ တာဆိုတော့ အုန်းခွံတွေ အများကြီးထွက်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
အုန်းသီးကို မုန့်အမျိုးမျိုးတွင် အသုံးပြုပြီး အုန်းသီးမှ ထွက်ရှိသည့် ကုန်ကြမ်းအား ဓာတ်မြေဩဇာ အပါအဝင် လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ်သော နေရာ၌ အသုံးပြုကြကြောင်း သိရသည်။
အုန်းခွံနှင့် အုန်းမှုတ်ခွက် တို့ဖြင့် ပြုလုပ်သည့် အနုအပညာ လက်ရာများကို လက်ရာမြောက် ထုတ်ကုန်များဖြင့် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ မေလကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဧရာဝတီတိုင်း ဒေသကြီးတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 608
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားကျွမ်းကျင်လုပ်သားများအတွက် ဗီဇာလျှောက်လွှာစနစ်သစ်အား အကောင် အထည်ဖော်နေသော်လည်း အဆိုပါ ဗီဇာစနစ်သစ်သည် မလေးရှားသို့လာမည့် မြန်မာများနှင့် မသက်ဆိုင်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခုလုပ်ဆောင်မည့် စနစ်သစ်သည် ဘဏ္ဍာရေး၊ စွမ်းအင်နှင့် အခြားသောကုမ္ပဏီများ၏ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား ဝန်ထမ်းများအတွက်ဖြစ်ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။
၎င်းသည် ယခင်က မလေးရှားနိုင်ငံ ဗီဇာလျှောက်ထားရာတွင် စာရွက်စာတမ်း အထောက်အထားများ၊ အေဂျင်စီများ၏ ထောက်ခံမှု အစရှိသည်တို့ကြောင့် အချိန်ကာလအားဖြင့် ၃ လခန့် စောင့်ဆိုင်းရခြင်းအစား ဗီဇာလျှောက်ထား ခြင်းကို ငါးရက်အပြီး လုပ်ဆောင်ပေးမည့်စနစ်သစ် ဖြစ်ကြောင်းလည်း သိရသည်။
မလေးတွင် မြန်မာများအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “၅ ရက်ဆိုတာ possible ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ ဘာလို့ဆို သူတို့ဒီမှာလည်း ကျွမ်းကျင်အလုပ်သမားတွေ အမျာကြီးရှိတာပဲ။ သူတို့အချိန် တွေ အများကြီးလျှော့ချလိုက်ပါတယ်။ ဝန်ဆောင်မှုတွေပေါ့နော်၊ တစ်ခုခု လျှောက်တင်တာတို့ ဘာတို့ သူတို့ အချိန် အများကြီးလျှော့ချလိုက်တယ်။ ဆိုတော့ ၅ ရက်နဲ့ဆိုရင်တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အွန်လိုင်းနဲ့ သွား ကောင်းလည်း သွားပါလိမ့်မယ်။ ကျနော်သိရသလောက်တော့ ကျွမ်းကျင်အလုပ်သမားကတော့(မြန်မာ) သူ့ လမ်းနဲ့သူပေါ့နော်။ သူ့ရဲ့အဆက်အသွယ်၊ သူ့ချိတ်ဆက်မှုနဲ့ လာကြတာရှိတယ်။ အဲဒါမျိုးတွေတော့ တွေ့ဖူးတာ ပေါ့။
များသောအားဖြင့်ကတော့ calling နဲ့ပဲ လာကြတယ်။ ဒီကျွမ်းကျင်လုပ်သားတွေကြတော့လည်း နီးစပ်ရာ နီးစပ်ရာ သူ့လမ်းကြောင်းနဲ့သူပဲ လာပြီးတော့မှ သူနဲ့ ထိုက်သင့်တဲ့နေရာတို့ဘာတို့မှာ ဝင်လုပ်တာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ပါဘူး။ အခုအချိန်မှာ ကျနော်ပြောရရင်တော့ မြန်မာနိုင်ငံက အလုပ် သမားတွေကို ခေါ်တယ်ဆိုတာ ကျွမ်းကျင်ကျင် မကျွမ်းကျင်ကျင် တကယ်ဘွဲ့ရပြီးတော့ ဒီမှာ calling နဲ့ လာလုပ် နေသူတွေ ရှိတယ်။ မြန်မာနိုင်ငံသားတွေကို အကျယ်တဝင့် ခေါ်တယ်ဆိုတာ လုံးဝကိုမရှိပါဘူး။ ဒီစက်ရုံတွေက သာ တိုက်ရိုက် calling ပေါ့နော်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံသည် ကျွမ်းကျင်လုပ်သားများအား အခြားနိုင်ငံများမှ ခေါ်ယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများအား အထွေထွေလုပ်သားအဖြစ်သာ အများဆုံးခေါ်ယူခြင်းဖြစ်သည်။
မလေးရှားနိုင်ငံရှိ စက်ရုံတစ်ရုံမြင်ကွင်း
သို့သော်အချိတ်အဆက်များဖြင့် တစ်ဦးတစ်ယောက်ချင်း ကျွမ်းကျင်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်မည့် မြန်မာများအနေဖြင့် ၎င်းဗီဇာစနစ်သစ်တွင် အကျုံးဝင်နိုင်ကြောင်းလည်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသားများအား တရားဝင် calling ဖြင့် အသစ်ခေါ်ယူမှု လုံးဝမရှိသည့် အပြင် အချို့စက်ရုံ၊ အလုပ်ရုံများတွင် မြန်မာနိုင်ငံသားများအား အလုပ်ရပ်နားမှုများရှိကြောင်းလည်း မလေးရှား တွင် မြန်မာနိုင်ငံသားအရေးကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
မလေးရှားနိုင်ငံမှ မြန်မာများအား ကျွမ်းကျင်လုပ်သားဟူ၍ သီးသန့်ခေါ်ယူခြင်းမရှိသော်လည်း မလေးသို့ နှစ်ရှည် လများ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာများမှာ ကျွမ်းကျင်လုပ်သားများအဖြစ် သတ်မှတ်ခံထားရ ကြောင်းလည်း သိရသည်။
နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က “မလေးရှားမှာဆို လူဟောင်းတွေဆိုရင် စက်ရုံတွေမှာဆို တကယ့်ဆရာကြီးတွေ အများကြီးပဲကို။ စက်ပိုင်း ဆိုင်ရာလား၊ construction ပိုင်းလားဆိုရင်လည်း ဟိုးတုန်းကလုပ်ခဲ့တဲ့လူတွေ တကယ့်ဆရာကြီးတွေ။ လက်ရှိ လည်း ဖိုဝင်တွေ၊ ကားဝပ်ရှော့ဆိုလည်း ဆရာကြီးတွေ မြန်မာတွေအများဆုံး တော်တော်ရှိပါတယ်။ စားသောက်ဆိုင်ဆိုလည်း စားဖိုမှူးတွေမြန်မာတွေ၊ စက်ရုံပိုင်းဆိုလည်း mechanic ပိုင်းတွေ၊ အင်ဂျင်နီယာ team တွေဆိုလည်း မြန်မာတွေ အများကြီးပဲ။ လူဟောင်းတွေပေါ့နော်။ လက်ရှိ မြန်မာပြည်ကနေ ကျွမ်းကျင်လုပ်သား နည်းစနစ်နဲ့ခေါ်တောတော့ မပြောတတ်ဘူးပေါ့နော် ရှိလား၊ မရှိလား။ ပုံမှန်လုပ်သားလောက်ပဲ ခေါ်တာ အထူး သဖြင့်တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံသည် နည်းပညာမြင့် Xpats Gateway စနစ်သစ်ဖြင့် အချက်အလက်ဒေတာများ ချိတ်ဆက် ပေးသည့် ဗီဇာလျှောက်လွှာစနစ်သစ်တစ်ရပ်အား အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ထိုစနစ်သစ်သည် ကျွမ်းကျင်လုပ်သားများနှင့် လုပ်ငန်းစဉ်များအား အရှိန်မြှင့်ပေးရုံတင်မက ကုမ္ပဏီများသည် လည်း ၎င်းတို့ ဝန်ထမ်းများအတွက် ဗီဇာလျှောက်ထားရာမှာ ပိုမိုလွယ်ကူစေကြောင်း Nikkei Asia သတင်းတွင် ရေးသားထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 789
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသည့် တောင်သူများကို နိုင်ငံတော်အစိုးရမှ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖြင့် လယ် ၁ ဧကလျှင် ၂ သိန်းနှုန်းဖြင့် ထုတ်ချေးပေးမှုများ ရှိသော်လည်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ယင်းကဲ့သို့ ထုတ်ချေးပေးခြင်း မရှိကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများကို ချေးငွေထုတ်ချေးပေးရန်အတွက် စာရင်းကောက်ယူနေမှုများ ရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ ထုတ်ချေးပေးခြင်းကြောင့် တောင်သူများအတွက် ဓာတ်မြေဩဇာကဏ္ဍ၌ အဆင်ပြေသွားမည်ဖြစ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“လေးလေးတို့ ဒီဘက်တော့ စာရင်းကောက်တုန်းပဲ။ တချို့မြို့နယ်တွေတော့ မပြောတတ်သေးဘူး။ တောင်သူတိုင်းတော့ မယူဘူးပေါ့။ တချို့ပြေလည်တဲ့သူတွေကျတော့လည်း မယူဘူးပေါ့။ မပြေလည်တဲ့ တောင်သူတွေကတော့ ယူရတာပေါ့။ စိုက်ဘဏ်က စိုက်ဘဏ်သပ်သပ်။ ဒါက သီးသန့်သပ်သပ်။ ၁ ဧကကို ၂ သိန်းနှုန်း။ သူတို့နာမည်တပ်တာတော့ ကန်ထရိုက်လယ်ယာဆိုပြီးတော့ အဲဒီလို နာမည်တပ်တာပေါ့။ ဒီ ၂ သိန်းက ငွေပေးမှာ မဟုတ်ဘူးလေ။ သွင်းအားစုပဲ ပေးမှာလေ။ မြေဩဇာပဲ ပေးမှာဆိုတော့ မြေဩဇာကဏ္ဍကတော့ လုံလောက်တာပေါ့။ ဒါပေမယ့် ရတဲ့ဧကအတွက် မြေဩဇာကတော့ လုံလောက်ပါတယ်။ သို့သော် ဘာဖြစ်လဲဆိုတော့ ကျန်တဲ့ ထွန်ယက်စရိတ်၊ အလုပ်သမားစရိတ်၊ ပေါင်းသတ်ဆေးစရိတ်၊ နေ့စားခစရိတ်၊ ရိတ်သိမ်းခြွေလှေ့စရိတ် ဒါတွေကတော့ ဘယ်လုံလောက်မလဲ။ သို့သော်လည်းပဲ သွင်းအားစု မြေဩဇာအတွက်တော့ တစ်ဖက်တစ်လမ်းက လုံလောက်သွားတယ်ဆိုလည်း မဆိုးဘူးလေ” ဟု ပြောသည်။
နွားများကို အသုံးပြု၍ ထွန်ယက်စိုက်ပျိုးနေစဉ်
ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူလယ်သမားများအတွက် ပြီးခဲ့သည့် နွေစပါးစိုက်ပျိုးချိန်တွင် ယခုကဲ့သို့ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း၊ ထိုအချိန်တွင်လည်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူများကို ယင်းကဲ့သို့ ချေးငွေများ ထုတ်ချေးပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
တခြားသော တိုင်းနှင့်ပြည်နယ်များရှိ တောင်သူများသည် စိုက်ဘဏ်ဟုခေါ်သည့် မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသည့် ချေးငွေများကိုသာ ရရှိကြောင်း၊ ယင်းချေးငွေသည်လည်း ၁ ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် ၁၀ ဧကအထိသာ ထုတ်ချေးပေးကြောင်း သိရသည်။
သို့သော်လည်း တောင်သူအများစုသည် စပါးအထွက်နှုန်း နည်းပါးခြင်းနှင့် တခြားသော အကြောင်းများကြောင့် စိုက်ဘဏ်သို့ အကြွေးပြန်ဆပ်နိုင်ခြင်း မရှိသည့်အတွက် ထပ်မံထုတ်ချေးမရ ဖြစ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ယခုကဲ့သို့ ချေးငွေများ ထုတ်ချေးပေးသည့်အတိုင်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ထုတ်ချေးပေးရန် လိုအပ်ကြောင်း၊ တောင်သူများ အနေဖြင့် လိုချင်ကြကြောင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။
“ဒီမှာတော့ မရှိဘူး။ စိုက်ပျိုးရေးဘဏ်ပဲရှိတယ် ဒီမှာကလေ။ စိုက်ပျိုးရေးဘဏ်ကပဲ ရတယ်။ ပေးတော့ ပေးသင့် တာပေါ့။ ပေးသင့်တယ်ဆိုတာက ဒီအချိန်မှာက ၁ ဧက ၂ သိန်းသာ ရမယ်ဆိုရင် စပါးများများ ထွက်နိုင်တာပေါ့။ အခုကတော့ လယ်တော့ ထွန်ကြတယ်။ စပါးလည်း စိုက်ကြတယ်။ ဒါပေမယ့် သွင်းအားစုက သိပ်မထည့်နိုင် ကြဘူး။ သွင်းအားစု မထည့်နိုင်တော့ စပါးအထွက် လျော့မှာပေါ့။ အဲဒီလိုပေးတော့ တောင်သူအတွက်လည်း ကောင်းတယ်။ နိုင်ငံတော်အတွက်လည်း ကောင်းတာပေါ့။ စပါးများများထွက်မယ်၊ များများရမယ်ပေါ့ အဲဒီလို ပေးလို့ရှိရင်တော့” ဟု ပြောသည်။
ဒါ့အပြင် စပါးအထွက်နှုန်း တိုးတက်ရန်အတွက် စိုက်ပျိုးရေးစရိတ် ချေးငွေများကို ထိထိရောက်ရောက် ထုတ်ချေး ပေးရန် လိုအပ်ကြောင်း၊ ထို့နောက် လယ် ၁ ဧကလျှင် စပါးတင်း ၁၀၀ ထွက်ရှိရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တောင်သူများတွေ့ဆုံ၍ အဖြေရှာ ဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများအနေဖြင့်လည်း လိုအပ်သည့် စက်ကိရိယာများကို ထောက်ပံ့ပေးစေလိုကြောင်း တောင်သူများက လိုလားနေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 985
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မဲဆောက်မြို့သို့ သွားရောက်မည့်သူများ ကိုဗစ်ကာကွယ် ဆေးထိုးထားသည့် လက်မှတ်မလိုဘဲ မှတ်ပုံတင်တစ်ခုတည်းပါရှိရုံဖြင့် သွားလာဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မဲဆောက်မြို့သို့ Border Pass (ယာယီနယ်စပ်ဖြတ်သန်းခွင့်) လက်မှတ်စာအုပ်ဖြင့် သွားရောက်ရာတွင် မှတ်ပုံတင်အပြင် ကိုဗစ်ကာကွယ်ဆေး သုံးကြိမ်ထိုးထားသည့် လက်မှတ်ပါရှိမှသာ သွားရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ မှတ်ပုံတင်တစ်ခုတည်း ပြသရုံဖြင့် ဖြတ်သန်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကိုဗစ်ဆေးထိုးလက်မှတ်တွေ၊ ကျန်းမာရေးကနေ စစ်တာတွေ မရှိတော့ဘူးပေါ့။ နိုင်ငံသားကဒ်ပါတာနဲ့ သွားလို့ ရတယ်။ အထောက်အထားဟိုဟာ မဖြစ်တော့ဘူး။ ဟိုဘက်နိုင်ငံလည်း အဲဒါတွေမစစ်တော့ဘူး။ ဒီဘက်ကလည်း ဖြေလျှော့။ MOU သွားတဲ့ အလုပ်အကိုင်သွားတဲ့လူကြတော့ စစ်တယ်။ ဒါကတော့ အလည်အပတ်သွားတဲ့ အဖွဲ့ တွေမို့လို့။ အလည်အပတ်ကတော့ ရှိတယ်။ စဖွင့်ဖွင့်ကနေ အခုအချိန်ထိပေါ့ ၁၀၀၀ နဲ့ ၅၀၀ ကြားထဲမှာတော့ ရှိတယ်။ လွယ်တော့လွယ်သွားတာပေါ့နော်။ တချို့ကြတော့ ဟိုဘက်ကလာတယ်ဆို ကိုဗစ်ဆေးထိုး လက်မှတ် မပါတော့ အခက်အခဲဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။
ကိုဗစ်မတိုင်ခင်ကာလများကတည်းက မြန်မာနိုင်ငံသားအများအပြားသည် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ Border Pass များဖြင့် သွားရောက်ကာ အလုပ်လုပ် ကိုင်ခဲ့ကြခြင်းဖြစ်သည်။
တံတားဝင်ပေါက်ရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ်
ထို့ကြောင့် ယခုကဲ့သို့ မှတ်ပုံတင်ပြသရုံဖြင့် ဖြတ်သန်းခွင့်ပြုခြင်းသည် ကောင်းမွန်သော်လည်း ကိုဗစ် ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အရှင်းပျောက်ကွယ်သွားခြင်းမျိုးမဟုတ်သည့်အတွက် ရောဂါအားကာကွယ်သည့် အနေဖြင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားလာရာတွင် အကန့်အသတ်များ ထားရှိရန် လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုမှုများရှိသည်။
သို့သော် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံအား ခရီးသွားပိုမို ဝင်ရောက်လာ စေရန်နှင့် ခရီးသွားများဝင်ရောက်ခြင်းမှ ၎င်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား လိုချင်သောကြောင့် ဖြေလျှော့ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း Labour Right Foundation (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီခွင့်ပြုချက်က ဝင်ရောက်နေသူတွေကို ထပ်မံပြီးမှ တွန်းအားပေးလိုက်သလို ဖြစ်သွားတာပေါ့။ ပြည်တွင်းမှာ အားလုံးသိကြတဲ့အတိုင်းပဲ စီးပွားရေးရော အလုပ်အကိုင်ရော အန္တရာယ်တွေရော များနေတဲ့အတွက်ကြောင့် ပြည်တွင်းမှာရှိတဲ့ အရွယ်ရှိတဲ့လူငယ်တွေအားလုံးက အများစုက ပြည်ပနိုင်ငံတစ်ခုခုကို သွားချင်နေတာဆိုတော့ ပိုမိုပြီးမှ တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဟိုးအရင်ကတည်းက ဆယ်စုနှစ်ပေါင်းများစွာကတည်းက နယ်စပ်ကနေပြီးမှ Border Pass တွေနဲ့ ဝင်ရောက်ပြီးမှ တစ်ရက် မနက်သွား ညနေပြန် အဲဒီလို Border Pass တွေရှိသလို အဲဒီနောက်ပိုင်းမှ တိုးမြင့်ပြီးမှ ရက်ရှည်တွေလည်း ရှိလာတယ်။ အဓိကကတော့ ဟိုဘက်နဲ့ ဒီဘက်မှ ဝင်ငွေက တအားကွာတာကို။ ကျနော်တို့ဆီမှာ ၄၈၀၀ ကျပ်လို့ သတ်မှတ်ထားပေမယ့် ၄၈၀၀ နဲ့ အလုပ်တိုင်းကို ရနိုင်တာမဟုတ်ဘူး။ နောက်ဒီမှာက ဝင်လာပြီးလုပ်မယ်ဆိုရင် နယ်စပ်ဆိုတော့ ကျနော်တို့ ဘန်ကောက်လောက် တော့ လုပ်အားခမများဘူးပေါ့။ သို့သော် ၂၀၀ လောက်ရတယ်ဆို မြန်မာငွေနဲ့ဆို နည်းတာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ လာလုပ်ကြတာပါ” ဟု ၎င်းက ပြောသည်။
ယခင်က မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ထိုင်းသို့ သွားရောက်သည့် မြန်မာများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်များယူဆောင်လာကြသော်လည်း QR code မပါရှိသည့် စာရွက် များဖြစ်ပါက ထိုင်းဘက်မှ နိုင်ငံထဲသို့ ပေးမဝင်ခဲ့ပေ။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ် မတ်လမှ စတင်ကာ ပိတ်ထား ခြင်းဖြစ်ပြီး ၃ နှစ်နီးပါးအကြာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 614
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်က မဝယ်ယူတော့ခြင်းကြောင့် အုန်းသီးတင်ပို့မှု ကျဆင်း သွားသော်လည်း ပြည်တွင်းရောင်းလိုအား ကျဆင်းမှုမရှိကြောင်း အုန်းခြံစိုက်ပျိုးသူများက CNI သတင်းဌာနသို့ ပြောသည်။
အုန်းသီးအား ပြည်ပကို မတင်ပို့နိုင်သော်လည်း အုန်းသီးရောင်းလိုအား ကျဆင်းသွားခြင်းမရှိဘဲ ယခင်အတိုင်း ပုံမှန်လည်ပတ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ အုန်းခြံစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်သူ ဦးတင်အောင်သန်းက ပြောသည်။
ဦးတင်အောင်သန်းက “အရောင်းအဝယ်က အရည်သောက်ကို ပိုပြီးတော့ အဝယ်များတယ်။ အရည်သောက်က ပုံမှန် တစ်နေ့ကို ကားနှစ်စီးလောက်ကို ထွက်နေတာ။ အဓိက ရန်ကုန်ပို့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရယ်လို့ တော့ မဟုတ်ဘူး။ ရန်ကုန်က အဓိကပါပဲ အဲဒီထွက်ပေါက်ပါပဲ အဓိကတော့။ အဓိကတော့ ရန်ကုန်ကနေ ပြီးသွား တာပဲ။ တိုက်ရိုက်လာဝယ်တာမျိုးတော့ မရှိပါဘူး။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ”ဟု CNI သတင်းဌာနသို့ ပြော သည်။
မြန်မာ့အုန်းသီးများကိုတွေ့ရစဉ်
ပြည်မဖက်မှာ အရောင်းအဝယ်ရှိပြီး ဈေးကောင်းရနေသေးသော်လည်း ပြီးခဲ့တဲ့ နှစ်လအတွင်းကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်မှ ဂျင်းကလွှဲပြီး တခြားထွက်ကုန်များကို မဝယ်တော့ ကြောင်း၊ ထို့ကြောင့် အုန်းသီးတင်ပို့မှု မရှိတော့ကြောင်း ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ကျေးရွာ မှ အုန်းခြံလုပ်ကိုင်သူ ဒေါ်စန်းသီတာက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်စန်းသီတာက “အခုကတော့ နည်းသွားပြီ။ အုန်းသီး အလုံးတစ်ထောင်မှ သုံးသိန်းပဲရတယ်။ အရင်က အုန်းသီး တစ်ထောင်ကို ငါးသိန်းကျော်၊ ငါးသိန်းခွဲ ခြောက်သိန်း လောက်ရတယ်။ အရင်က စစ်တွေက တစ်လုံးကို ၇၅၀၊ ၇၀၀၊ ၆၅၀၊ ၆၀၀ အမျိုးမျိုးပေးတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အမြင့် အနိမ့် အဲလိုတွက်တယ်။ တတ်ရင်တတ်သလို ပေးတယ်။ အခုမဝယ်တော့ဘူး။ ဝယ်မဲ့သူ မရှိလို့တောင် အုန်းအသားပဲ ရောင်းနေရတယ်”ဟု ပြောသည်။
မြန်မာ့အုန်းသီးများကိုတွေ့ရစဉ်
အုန်းသီးသည် စားသုံးကုန်အဖြစ် အသုံးဝင်သည်သာမက အုန်သီးက ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများနှင့် ကုန်ချော ထုတ်လုပ်မှုပါ လုပ်နိုင်ခြင်းကြောင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိနေကြောင်း သိရသည်။
အုန်းခြံစိုက်ပျိုးသည့် ဒေသများတွင် အုန်းသီးအနု တစ်လုံးကို ၃၀၀ ကျပ်၊ အခြောက်တစ်လုံးကို ၃၅၀ ကျပ်သာ ရရှိပြီး ရန်ကုန်ဈေးကွက်မှာတော့ အုန်းသီးအနု တစ်လုံးကို ကျပ် ၁၅၀၀၊ အခြောက်တစ်လုံးကို ကျပ် ၈၀၀ လောက် ဈေးရရှိနေကြောင်း အုန်းစိုက်တောင်သူများက ပြောသည်။
အုန်းသီးသည် ပင်လယ်ကမ်းခြေ ဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တို့တွင် အများဆုံး ထွက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ပြည်ပသို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ၀.၀၈၂ သန်း တန်ဖိုးရှိ အုန်းသီးတန်ချိန် ၂၀၆ တန်ချိန်ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ထို့နောက် ၂၀၂၂-၂၀၂၃ ဧပြီလမှ စက်တင်ဘာလ အတွင်းမှာတော့ အမေရိကန် ဒေါ်လာ ၀.၁၂၈ သန်း တန်ဖိုးရှိ အုန်းသီးတန်ချိန် ၃၁၉ တန်ချိန်ကို တင်ပို့နိုင်ခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 838
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
ထိုင်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) အစိမ်းရောင်စာအုပ်အား ဇူလိုင်လကုန်အထိ ပြန်လုပ်ခွင့်ရကြောင်း ထိုင်းအခြေစိုက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းတွင် CI အစိမ်းရောင်စာအုပ် ပြုလုပ်ခြင်းအား ပြီးခဲ့သည့် မေလခန့်တွင် ရပ်နားသွားခြင်းဖြစ်သော်လည်း ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ၃၁ ရက်နေ့အထိ တစ်လတာ CI စခန်းများ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ နီးစပ် ရာ 7/11 စတိုးဆိုင်များတွင် CI ကြေး ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလုပ်သမားတွေ အတွက်ကတော့ အဲဒီလို မိုဘိုင်းစနစ်နဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ဒီလိုမျိုး စမွတ်ဆာခွန်မှာ ဖွင့်တဲ့ဟာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဖွင့်ပေးတယ်ဆိုရင်တော့ ကျန်ရှိနေတဲ့ သူတွေအတွက်ကတော့ လုပ်လို့ရတာပေါ့။ လုပ်ဖို့ အခွင့်ရေးရတာပေါ့။ နို့မို့ဆိုရင် တစ်ခါစာအုပ်က သက်တမ်း မတိုးနိုင်ဘူးဆိုရင် သူတို့အတွက် ဗီဇာ၊ work permit အစရှိသဖြင့် အဲဒါတွေက ပြဿနာတက်မှာကိုး။ သို့သော် လည်း ဒီလုပ်တဲ့ဟာက နှစ်ဖက်စလုံးမှာ မူတည်တာ။ နှစ်ဖက်စလုံးမှာ မူတည်တယ်ဆိုတာက ထိုင်းအစိုးရရော၊ ဗမာဘက်အခြမ်းကရော နှစ်ဖက်စလုံးကနေပြီးတော့ လိုအပ်တဲ့ အထောက်အထားနဲ့ ဗီဇာ၊ work permit ဒါတွေ ကို တစ်ကြိမ်တည်း လုပ်ပေးတာဆိုတော့ သူတို့အနေနဲ့ကလည်း အဲဒီနှစ်နိုင်ငံရှိတဲ့ သက်ဆိုင်ရာ အဲဒီဟာတွေကို လုပ်ကိုင်ပေးမယ့် ဝန်ထမ်းတွေ ဘယ်လိုခေါ်မလဲ အဆင်ပြေတဲ့အချိန် အဲဒီလိုဖြစ်အောင်လို့ သူတို့လုပ်ဖို့တော့ လိုတာပေါ့။ ဒီဘက်ကကြတော့ အထူးသဖြင့်ကတော့ အချိန်ကအရမ်းကို နည်းတယ်လေ။ အဲဒီလိုအချိန်နည်းတဲ့ အခါကျတော့ အခုလိုမျိုး နောက်ကျတဲ့ဟာတွေ၊ ပွဲစားစနစ်တွေလည်းပါတယ်၊ ပွဲစားတွေကလည်း လူများမှ လုပ်ပေးတာ၊ အလုပ်သမားတွေအနေနဲ့ သူတို့ဘာသာသူတို့ မလုပ်နိုင်ဘူး။ အဲဒီပွဲစားကို စောင့်ရတာလေ။ အလုပ် သမားဘက်က လိုအပ်တာက ဘာသာစကားအရ သူက နားမလည်တဲ့အခါကျတော့ ပွဲစားကိုပဲ မှီရတာပေါ့။ အဲဒီမှာ မလိုလားအပ်တဲ့ မလုပ်ဖြစ်တာတို့ ဘာတို့ဖြစ်တာလေ” ဟု ပြောသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သမားများ သက်သေခံလက်မှတ်လုပ်နေကြစဉ်
ထို့အပြင် မေလမတိုင်ခင်က CI စာအုပ်ပြုလုပ်ရန် ငွေသွင်းထားပြီး စာအုပ်မရသေးသော သူများအနေဖြင့် ငွေ ထပ်မံ သွင်းစရာမလိုဘဲ သွားရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။
သို့သော် မိမိ၌ ငွေသွင်းထားသည့် အချက်အလက် စာရွက်စာတမ်းများ ရှိရမည်ဖြစ်ပြီး ငွေသွင်းပြီးကြောင်း သက်သေပြစရာ အထောက်အထားများ မရှိပါက ငွေထပ်မံပေးသွင်း၍ CI စာအုပ်ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မိမိတွင် ငွေသွင်းပြီးသား အချက်အလက်များရှိပါက ပွဲစားများမှ ထပ်မံငွေတောင်းခံ လာသည်ရှိသော် ပေးစရာမလိုကြောင်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အဓိကကတော့ ဥပဒေအရ ကုန်ကျ စရိတ်တွေကို ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ်တိုင်နားလည်ဖို့ လိုတယ်။ ဥပမာ work permit သက် တမ်းတိုးရင် ကုန်ကျစရိတ် ဘယ်လောက်ရှိတယ်။ ကျန်းမာရေးအာမခံ လုပ်တဲ့အခါ ကုန်ကျစရိတ် ဘယ်လောက် ရှိတယ်။ နောက် CI စာအုပ် တကယ့်တကယ် ဥပဒေလမ်းကြောင်းရဲ့ ကုန်ကျစရိတ်က ဘယ်လောက်ရှိတယ်။ ဒါတွေကိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ သိအောင်လုပ်ရမှာ ဖြစ်တယ်။ အကြံဥာဏ် ပေးချင်တာ ကတော့ CI စာအုပ် သွားလုပ်မယ်ဆိုရင် ဘယ်နှရက်သွားရမလဲ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ဒါတွေကို သိထားဖို့လိုတယ်။ ဒါတွေသိမှ ကိုယ်ကယှဉ်လို့ရတာပေါ့။ ဥပမာ ပွဲစားခ ဘယ်လောက်ကျတယ်၊ ကုန်ကျစရိတ်က ဘယ်လောက် ကျတယ်ဆိုတဲ့ဟာကို ယှဉ်တယ်။ နောက်တစ်ခုက ပိုက်ဆံပေးတဲ့အခါ အထောက်အထားတွေနဲ့ ပေးနိုင်ရင်တော့ ပိုကောင်းတယ်။ ကိုယ့်မှာ လုပ်ငန်းရှင်မရှိဘဲနဲ့ ပွဲစားတွေကို တဆင့်ခံပြီးလုပ်တဲ့ အုပ်စုတွေလည်း ရှိတယ်။ အဲဒီအုပ်စုတွေ အနေနဲ့ကတော့ ပိုက်ဆံပေးတဲ့အခါ မှတ်တမ်းလေးတွေ ယူထားဖို့၊ အထောက်အထား တွေနဲ့ စနစ်တကျပေးဖို့ ဒါတွေလည်း အကြံပြုမျှဝေချင်တယ်” ဟု ပြောသည်။
သက်သေခံလက်မှတ်ထုတ်ပေးရေးစခန်းကိုတွေ့ရစဉ်
CI စာအုပ် ပြုလုပ်ရာတွင် ပုံမှန် ဘတ်ငွေ ငါးထောင်၊ ခြောက်ထောင်ခန့် ကုန်ကျမည့်အစား ပွဲစားများဖြင့် ပြုလုပ် ပါက နှစ်ဆခန့်ပေးရကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိ ပြန်လည်ဖွင့်ပေးနေသည့် ကာလများတွင် CI စာအုပ် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ပြုလုပ်ထားကြရန်လည်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက တိုက်တွန်းသည်။