- By cni
- Category: စီးပွားရေး
- Hits: 1270
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂
ဘဏ်များတွင် ပြည်သူလူထုက ငွေများ စုပြုံထုတ်ယူခြင်းဖြင့် ဘဏ်စနစ်ပြိုလဲစေရန် လှုံ့ဆော်မှုများကြောင့် ဘဏ်များ အကျပ်အတည်းဖြင့်သည့်အခါ မိမိတို့အနေဖြင့် ဗဟိုဘဏ်ကနေတဆင့် ထောက်ပံ့ကူညီပေးခဲ့သော် လည်း ယခုအခါမှာ ဘဏ်တချို့သည် သစ္စာမရှိဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပသည့် ၂၂ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘဏ်ကိစ္စ ဘဏ်တွေမှာ လူတွေက စုပြုံပြီး ငွေထုတ်နေတာတွေ၊ ဘဏ်စနစ်ကို ပြိုလဲ အောင် လုပ်တယ်။ ဘဏ်စနစ်ပြိုလဲပြီးဆိုရင်တော့ တိုင်းပြည်ရဲ့စီးပွားရေးက ပြိုလဲပြီးပေါ့။ ဒါကြောင့်မလို့ ဦးတည် ပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီဘဏ်စနစ်ကို ပြိုလဲအောင် တိုက်ခိုက်တဲ့အချိန်မှာ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့က ဒီဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေး ပြိုလဲမှာ ဖြစ်တဲ့အတွက် ကြောင့် ဘဏ်တွေ၊ အခုလက်ရှိ ရှိနေတဲ့ဘဏ်တွေကို ကျနော်တို့အနေနဲ့ အကူအညီပေးခဲ့ရတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် အနေနဲ့ အကူအညီပေးနိုင်သမျှ အကူအညီပေးခဲ့တယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည် ပေးထားတယ်။ အခုချိန်မှာ အဲ့ဒီထဲက တချို့သောဘဏ်တွေကလည်း သိပ်ပြီးတော့ သစ္စာတော့မရှိဘူး၊ သစ္စာ တော့ သိပ်မရှိဘူး အဲ့တော့ ခုနပြောတဲ့ တည်ငြိမ်ရေးပေါ့ တည်ငြိမ်ရေးမှာ ဘဏ်ရယ်။ UMFCCI ရယ်၊ ကျနော် တို့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိတယ်။ သူူတို့လုပ်ဆောင်ချက်အပေါ်မှာ ကျနော်တို့ ကြည့်မယ်”ဟု ပြောသည်။
သို့သော် မည်သည့် ဘဏ်ဖြစ်သည်ကိုတော့ ထုတ်ဖော် ပြောမသွားပေ။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေသလို အပ်ငွေများလည်း များ ပြားလာကြောင်း ဘဏ်လုပ်ငန်းများအတွင်းမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 655
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂
အိန္ဒိယနိုင်ငံက ပြည်ပဆန်တင်ပို့မှု ကန့်သတ်လိုက်ချိန်တွင် မြန်မာ့ဆန်ကို ပြည်ပနိုင်ငံများက မှာယူမှုများလာ နိုင် ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသူများက သုံးသပ်နေကြသည်။
ထို့အပြင် အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်လိုက်သည့်အပြင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများ၏ ဆန်ဈေးနှုန်း များသည်လည်း မြင့်တက်နေခြင်းကြောင့် ဝယ်လက်များသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်လာကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
လက်ရှိတွင် မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့လျက်ရှိနေပြီး အာဖရိကနိုင်ငံများက ဝယ်ယူမှုတိုးလာနေ သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပတော့ ဈေးတော့ နည်းနည်းလေး အဝယ်တော့ များနေကြပါတယ်။ ပြည်တွင်းလည်း အဝယ်များ တယ်၊ ပြည်ပလည်း အဝယ်များတယ်။ အိန္ဒိယကြောင့်လည်း အဝယ်များတာ ပါပါတယ်။ သွားပါတယ် ဖိလစ်ပိုင်တို့ ဘာတို့လည်း သွားပါတယ်။ အာဖရိကလည်း နည်းနည်း အဝယ်လိုက်ပါတယ်။ ပုံမှန်လေး ဝယ်ပါတယ်။ နည်းနည်း ဟိုဘက်နိုင်ငံတွေ ပိတ်တော့ ဒီဘက်ကို နည်းနည်းလေး တိုးဝယ်လာကြပါတယ်။ ထပ်ပြီး ဟိုဘက်နိုင်ငံတွေကို ထွက်နိုင်ပါတယ် ဒီဘက်က။ အရင်ကထက်စာရင်တော့ ပိုရောင်းရနိုင်ပါတယ်” ဟု ပြောသည်။
တောင်သူတစ်ဦး လယ်ထွန်နေစဉ်
ကမ္ဘာတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသည် လာမယ့်နှစ်အစောပိုင်းတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်းဆန်ဈေး မတက်စေရန် ရည်ရွယ်ပြီး ဆန်ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ အိန္ဒိယက ကန့်သတ်လိုက်ခြင်းကြောင့် မြန်မာ့ဆန်ဝယ်ယူမှု မြင့်တက်လာမည်ဆိုပါက မြန်မာနိုင်ငံတွင် ရှိသည့် စပါးစိုက်တောင်သူများအတွက် ကောင်းမွန်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယရဲ့ နိုင်ငံခြားဆန်တင်ပို့မှုက မနည်းဘူးလေ။ အဲဒီတော့ ဒီကနေပြီးတော့ ဝယ်ယူမှု ပိုများလာမယ် ဆိုရင်တော့ ဒီမှာရှိတဲ့ တောင်သူတွေအတွက်တော့ ပိုပြီးတော့ လုပ်ရတာ ဒီဘက်က တောင်သူတွေက မထုတ်လုပ် နိုင်တာ မဟုတ်ဘူး။ အမှန်တော့လေ ထုတ်ကုန်နဲ့ ထုတ်လုပ်တဲ့စရိတ်နဲ့ မကိုက်လွန်းအားကြီးလို့လေ။ အခု တကယ်လို့သာ ကိုက်လာမယ်ဆိုလို့ရှိရင် ဒီဘက်က ဆန်စပါးထုတ်လုပ်မှုက မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် ၃ ပုံ ၁ ပုံလောက် ထပ်တိုးလို့ရတယ်။ အထွက်နှုန်းတိုးအောင်ရယ်၊ ရာသီအလိုက် ထပ်ပြီးတော့ စိုက်တာရယ်၊ အများ ကြီး လုပ်လို့ရတာပေါ့။ အခု နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေပေါ့၊ အထည်ချုပ်တို့ ဘာတို့ကို ပိတ်ဆို့မှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာပြည်ရဲ့ အခြေခံစိုက်ပျိုးရေး လယ်ယာသီးနှံကို ဝယ်တဲ့နိုင်ငံ ပိုများလာ မယ်ဆိုရင်တော့ ဒီဘက်က ကိုယ့်ဘက်က ပျက်သွားတဲ့ အလုပ်လည်း ပြန်အစားထိုးလို့ ရမယ်။ အဲဒါက ကောင်းတဲ့ သတင်းပါပဲ” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ ကောင်းမွန်နေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်မားမှု မဖြစ် စေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု လိုင်စင်များကို အစိုးရမှ လာမည့်လတွင် လျှော့ချမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ထို့နောက် ပြည်ပတင်ပို့ရန်အတွက် ဆန်ဝယ်ယူမှုများသည် ရန်ကုန်ရှိ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ဝယ်ယူမှု နည်းပါးနေပြီး စပါးထွက်ရှိရာ နယ်ဒေသများသို့ ကုန်သည်များ တိုက်ရိုက် ဝယ်ယူမှုများ ရှိနေခြင်းကြောင့် ဆန် ဝင်ရောက်မှု နည်းပါးနေသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဆန်စက်တစ်ခုကို တွေ့ရစဉ်
၎င်းက “အခုလက်ရှိတော့ နိုင်ငံတကာဈေးနှုန်းတွေက ကောင်းပေမယ့်လည်း ပြည်တွင်းမှာ ဆန်ဈေး မြင့်တက်မှု မဖြစ်အောင်လို့တော့ Export လိုင်စင်တွေ လျှော့ချမယ်လို့တော့ အဲဒီလို ပြောနေတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရောင်းထားပြီးသား Exporter တွေကတော့ ဝယ်နေတုန်းပေါ့နော်။ ဝယ်တာကတော့ အရေအတွက်ကတော့ နည်း သွားတယ်။ အရင်ကလောက် မဝယ်ဘူး။ ဒါပေမယ့် ဝယ်ယူနေမှုတော့ ကျန်သေးတယ်။ နယ်တွေမှာ တိုက်ရိုက် ဆင်းဝယ်တာ များပြီးတော့ ကုန်စည်ဒိုင်ကို ဝင်ရောက်မှု နည်းတယ်။ ဒေသတွေမှာ သွားပြီးတော့ စပါးရော၊ ဆန် ရော ဝယ်ကြတာ များတယ်ပေါ့နော်” ဟု ပြောသည်။
လက်ရှိ ဆန်ဈေးနှုန်းများသည် အတက်ဘက်သို့ ဦးတည်နေပြီး အစိုးရမှ ပြည်ပဆန်တင်ပို့သည့် လိုင်စင်များကို လျှော့ချမည်ဆိုပါက ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းလာမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ပြည်ပ ဆန် ဈေးနှုန်းသည် တစ်အိတ်လျှင် ၆ သောင်းကျပ်ဝန်းကျင် ဖြစ်နေသည်ဟု သိရသည်။
လာမည့် စက်တင်ဘာလ ၁ လလုံးတွင် ပြည်ပဆန်တင်ပို့မှု လိုင်စင်ချထားပေးမှုများကို အစိုးရက ရပ်နားထား မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသော်လည်း ဝန်ကြီးဌာနမှ မူဝါဒများနှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးနေခြင်းကြောင့် အတည်ပြုချက် မရသေးကြောင်း သိရသည်။

- By cni
- Category: စီးပွားရေး
- Hits: 665
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အမေရိကန် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေဈေးနှုန်း မြင့်မားနေမှုနှင့် ရွှေဈေးနှုန်းများ မြင့်မားနေခြင်းကို ထိန်းချုပ်ရန်အတွက် ဗဟိုဘဏ်က မူဝါဒများ အမျိုးမျိုး ချမှတ်ကြောင်း ထုတ် ပြန် လာရာမှာ တိကျသေချာသော ရှင်းလင်းချက်များမဖြစ်နေခြင်းကြောင့် မှောင်ခိုဈေးကွက်ကို တွန်းပို့နေသလို ဖြစ်နေသလား သုံးသပ်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက ထောက်ပြသည်။
မြန်မာနိုင်ငံရှိ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေကြသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ရွှေ- ဒေါ်လာ အရောင်းအဝယ် လုပ်ကိုင်နေကြသူ အများစုသည် အစိုးရမှ ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်အပေါ် မူတည်၍ ဘယ်နည်းလမ်း ဖြင့် မှောင်ခိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်၍ ရနိုင်သလဲ စဉ်းစားကာ လုပ်နေကြောင်း ကားမူဝါဒ လေ့လာသုံး သပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နေမှုကိုတွေ့ရစဉ်
၎င်းက “ပြဿနာက မှောင်ခိုလုပ်နေတဲ့ သူတွေမှာ ဘာထူးခြားတဲ့ ဝိဒေသရှိလဲဆိုတော့ အစိုးရရဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပေါ်မှာ သူတို့ ဘယ်နေရာကနေ ယိုပေါက်တစ်ခုကနေ ဘာလုပ်လို့ရမလဲဆိုတာ သူတို့ အမြဲတမ်း စဉ်းစားနေတာ။ ခက်တာက အစိုးရဘက်ကလည်း ဒီထုတ်ပြန်ချက်တွေ ထုတ်ပြန်တာက တတ်နိုင်သမျှ ထိန်းချုပ် လို့ရနိုင်မလားဆိုတဲ့အတွေး၊ ထိန်းချုပ်မယ်ဆိုတဲ့ အတွေးနဲ့သူတို့ကလည်း အများကြီး ခေါင်းတွေ သုံးပြီးတော့ သူတို့မှာလည်း စီးပွားရေး ပညာရှင်တွေ အများကြီးရှိတယ်။
စီးပွားရေး အကြံပေးတွေ ရှိတယ်။ ဒီအပိုင်းကနေပြီး တော့ သူတို့ နိုင်ငံခြားငွေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ။
တစ်ဖက်ကလည်း ပိုက်ဆံ ဘယ်လိုရှိမလဲဆိုတဲ့ စီးပွားရေးသမားတွေကလည်း အဲဒီမှောင်ခိုလမ်းကြောင်းကနေ ဒေါ်လာကို ဘယ်လိုလုပ်မလဲဆိုတာ အမြဲတမ်း ကစားနေတာ။ တချို့ဆိုရင် တစ်သက်လုံး အသက် ၆၀/၇၀ ရောက်တဲ့အထိကို ဒေါ်လာပဲ ကစားနေတဲ့ တကယ့် ဝါရင့် ဒေါ်လာအရောင်းအဝယ် လုပ်နေတဲ့သူတွေ အများကြီးပဲ ဈေးကွက်ထဲမှာရှိတော့ ဒီလူတွေက ဒီလိုကြေညာ ချက် ထုတ်လာရင် ဘာလုပ်ရမလဲဆိုတာ သူတို့မှာ plan A, plan B ဆိုတာ ရှိပြီးသားပဲ။ ပြောချင်တာက ဗဟိုဘဏ် ကြေညာချက် ဘယ်လိုပဲထုတ်ထုတ် တစ်ဖက်မှာ ဒေါ်လာမှောင်ခိုလုပ်နေတဲ့ လုပ်ငန်းတွေက ပိုပြီးကြီးထွားလာနိုင် တယ်။ ပိုပြီး ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၀ ရက်နေ့က ပြည်တွင်းနေထိုင်သူတစ်ဦးသည် အမေရိကန်ဒေါ်လာ ၁ သောင်းအထိကို ၆ လ အတွင်း ကိုင်ဆောင်ခွင့်ရှိကြောင်း၊ ထိုကာလကျော်လွန်ပါက နိုင်ငံခြားသုံးငွေလုပ်ငန်း လိုင်စင်ရရှိသူများနှင့် ဘဏ် စာရင်းသို့ ထည့်သွင်းခြင်းနှင့် ဈေးကွက်ပေါက်ဈေးများဖြင့် ရောင်းချရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်မှုဖြင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက် မူဝါဒသည် ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်းကို ထိန်းချုပ်ခြင်းဟုဆိုသော်လည်း တစ်ဖက်တွင် မှောင်ခိုဈေးကွက်ကို ပို၍ကြီးထွားလာစေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။
ဗဟိုဘဏ် ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “အဲဒါကြီးကတော့ နည်းနည်းလေးတော့ များတာပေါ့နော်။ ကိုယ့်လက်ထဲမှာရှိတဲ့ ပိုက်ဆံ ဒေါ်လာ ၁ သောင်းကို ကိုယ်က အဲဒါတောင် ကိုင်လို့မရဘူးဆိုတဲ့ သဘောတော့ ဖြစ်သွားတာပေါ့နော်။ အရမ်းတင်းကြပ် သွားတဲ့သဘော ဖြစ်သွားတော့ မှောင်ခိုဈေးကွက်က ပိုပြီးတော့ ကြီးလာမယ်လို့ မြင်တယ်။ ဘယ်ကိစ္စမဆို ချုပ်ကိုင်ရင်တော့ မှောင်ခိုဆိုတာ အမြဲတမ်း ရှိတယ်လေ။ ဒါကတော့ ငွေကြေး ဈေးကွက်တင် မဟုတ်ဘူး၊ အရင် ကုန်စည်ဈေးကွက်မှာလည်း ချုပ်ကိုင်ရင် ချုပ်ကိုင်သလောက် မြန်မာပြည်မှာ ကုန်စည်ဈေးကွက်မှာလည်း ရှိတယ် မှောင်ခိုဆိုတာ။ အခုကလည်း ဒေါ်လာကို ချုပ်ကိုင်မယ်ဆိုရင် ဒေါ်လာ နောက်ကွယ်ကနေပြီးတော့ ဒါက ဒေါ်လာ ကစားတဲ့ သူတွေရဲ့ ပြဿနာပဲလေ။ တကယ်ဒေါ်လာ Hungry ဖြစ်တာ ဘယ်လောက်ဖြစ်သလဲ။ ဒါပေမယ့် ကျောင်းသွားတက်တဲ့သူက ဒေါ်လာ ၃၀၀/၄၀၀/၅၀၀ လောက်နဲ့ လုပ်လို့မရဘူးလေ။ အဲဒါကို ရောင်းပေးရမယ် လေ။ ဈေးသွားကုတဲ့သူက ဒေါ်လာ ၃၀၀/၄၀၀/၅၀၀ လောက်နဲ့ မရဘူးလေ။ ဒေါ်လာ သောင်းချီကုန်မှာကိုး။ အဲဒါ ကိုလည်း သူတို့ ရောင်းပေးရမယ်လေ။ ဒါပေမယ့် အထောက်အထား အခိုင်အမာတော့ တင်ပြခိုင်းပေါ့။ ဘယ်ကို သွားကုရမယ် ဘာညာဆိုတာတော့ လိုမှာပေါ့။ ကျောင်းဆိုလည်း ကျောင်းဝင်ခွင့်၊ ကျောင်းလခ အထောက်အထား တွေ ဘာတွေနဲ့ တင်ပြရင် အဲဒါကို ရောင်းပေးဖို့က ဗဟိုဘဏ်က လုပ်ပေးရမယ်လေ။ ကျန်တာတော့ ဘာမှမလုပ် နဲ့၊ မရောင်းနဲ့ဆိုတာမျိုးတော့ လုပ်လို့တော့ မရဘူးပေါ့။ အဲလိုဆိုရင် မှောင်ခိုဈေးကွက်က တအားကြီး ကြီးထွား သွားမယ်လို့ မြင်တယ်လေ” ဟု ပြောသည်။
အစိုးရအနေဖြင့် ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းရာတွင် ထိရောက်သည့် ထိန်းကျောင်းမှုစနစ် ရှိရန် လိုအပ် ကြောင်း၊ တိုင်းပြည်၏ အခြေခံ စီးပွားရေးသည် စနစ်တကျ လည်ပတ်မှု ရှိခြင်း/မရှိခြင်းကို သိရှိ နားလည်ထားရန် လိုအပ်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရက ဝင်ရောက်ထိန်းကျောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ထိန်းကျောင်းမှုသည် စနစ် တကျ တကယ်ဟုတ်/မဟုတ် ဒါက နံပါတ် ၁ အချက်ပေါ့။
စနစ်တကျဆိုတာ micro economic policy rule အရ ထိရောက်တဲ့ ကိရိယာတန်ဆာပလာ Tool နဲ့ လုပ်တာ ဟုတ်/မဟုတ် နံပါတ် ၁ အချက်ပေါ့နော်။ ရိုးရိုးသားသား ပြောရရင် သိပ်ပြီး ကွာလဖိုင်းဖြစ်တယ်လို့ မမြင်ဘူး။ နောက် ၂ အချက်က ဘာလဲဆိုတော့ အခံ တိုင်းပြည်ရဲ့ စီးပွားရေးစနစ်ရဲ့ ကာလအတန်ကြာ စနစ်တကျ လည်ပတ်ခဲ့လား၊ မလည်ပတ်ခဲ့လား အခင်းအကျင်းပေါ့။ အဲဒီ အခင်းအကျင်းကလည်း ပုံမှန် စီးပွားရေး micro economic policy tools တွေနဲ့ ကိုက်ညီတဲ့ဟာ အခင်းအကျင်း ရှိနေမှ ၁ အချက်။ ၂ အချက်က government က ဝင်ရောက်ပတ်သက်တဲ့ government interpreting ဆိုတာ သည်လည်း အဲဒီအခင်းအကျင်းပေါ်မှာ တကယ်စနစ်တကျ ရေပတ်မဝင် စဉ်းစားထားတာရှိမှ အကျိုးရှိတာပေါ့။ နံပါတ် ၁ အချက်က အခင်းအကျင်းသည် micro ဘောဂဗေဒ သဘောအရ စနစ်တကျ ရှိနေခဲ့တဲ့ အခင်းအကျင်း ရှိနေခဲ့တာ ဟုတ်/မဟုတ် နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်သည် interpreting လုပ်တဲ့ tools သည်လည်း စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ micro economic policy အရ စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ interpreting လုပ်တာ ဟုတ်/မဟုတ် အဲဒီ ၂ ချက်ပဲ စကားပြောမှာ” ဟု ပြောသည်။
ဗဟိုဘဏ်ရုံးချုပ်ကိုတွေ့ရစဉ်
သက်ဆိုင်ရာ အစိုးရမှ ဌာနဆိုင်များသည် ထုတ်ပြန်ချက် တစ်စောင်ထုတ်သည့် အခါဖြစ်စေ၊ မူဝါဒတစ်ခုကို ထုတ် ပြန် ကြေညာသည့်အခါ ဖြစ်စေ ရှင်းလင်းချက်များ မပါဘဲ ရှုပ်ထွေးပြီး ဝေဝါးစွာ ထုတ်ပြန်နေခြင်းကြောင့်လည်း ရွှေ-ဒေါ်လာ- ကုန်ဈေးနှုန်း ကြီးမြင့်အောင် တွန်းပို့သလို ဖြစ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက ထောက်ပြသည်။
ထို့နောက် မှောင်ခိုလုပ်သူများအတွက် အကြိုက်တွေ့စေကာ ဈေးကစားမှုများ ပေါ်ပေါက်လာနေသည်ကိုလည်း သတိပြုသင့်ကြောင်း၊ လက်တလောမှာလည်း သက်ဆိုင်ရာ အာဏာပိုင်များသည် ရွှေ-ဒေါ်လာ- ကုန်ဈေးနှုန်း ကစားသူများကို ဖမ်းဆီးမည်ဟု ပြောသည့်တိုင် ဖမ်းဆီးမှုများကြောင့် မှောင်ခိုဈေးကွက် ပိုမိုဖြစ်ပေါ်နေသလား ပ ပျောက်သွားသလားဆိုသည်ကိုလည်း သေချာပြန်သုံးသပ်သင့်ကြောင်း ၎င်းတို့က ပြောသည်။
ထို့အပြင် မူဝါဒများ ချမှတ်ရာတွင် သရေကွင်းကဲ့သို့ မူဝါဒများ မဖြစ်ရန် လိုအပ်ကြောင်း၊ မူဝါဒများကို မကြာခဏ ပြောင်းလဲခြင်းများ မလုပ်သင့်ကြောင်း၊ ခိုင်မာပြီး လက်တွေ့ကျသည့် မူဝါဒဖြစ်ရန် လိုအပ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1146
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀
အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့တွင် သတိပေး ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှု လုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွား ချက် လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်း ဗဟိုဘဏ်က ပြောသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌ နေထိုင်သူ တစ်ဦးသည် တရားဝင် နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း)အထိ သို့မဟုတ် ယင်းနှင့်ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင် ဆောင်ခွင့်ရှိသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၆ လ ကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်း သို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/ လိုင်စင် မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထား သည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် လူထုသည် မြန်မာငွေ တန်ဖိုး ကျဆင်းနေခြင်းကြောင့် ခိုင်မာသည့် ဒေါ်လာကို လဲလှယ်၍ ကိုင် ထားသည်ကို လိုက်လံစုံစမ်း အရေးယူဖို့ဆိုသည်မှာ မလွယ်ကူကြောင်း၊ နစကအပေါ် ယုံကြည်မှု အားနည်းနေ ခြင်းကြောင့်လည်း ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် လူထုပါဝင်မှု အားနည်းနေခြင်းဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ထို့အပြင် ဒေါ်လာနှင့် ရွှေဈေးနှုန်းများ ကစားခြင်းနှင့် ဈေးမြင့်တင်သူများသည် ဗဟိုဘဏ်က ထုတ်ပြန်ချက် ထုတ်လိုက်တိုင်း ဈေးကစားလေ့ရှိကြောင်း၊ နစက-က တင်းကြပ်မှုလုပ်လေ မှောင်ခိုဈေးကွက် ကြီးထွာလေ ဖြစ်နေသည်ကိုလည်း သတိထား သုံးသပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 785
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၉
ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်အနေဖြင့် ၅ နှစ် မှ ၇ နှစ်အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍကို အဓိကဦးစားပေး မြှင့်တင်သွားမည် ဖြစ်သည်ဟု ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်အတွင်း ပြောင်းသန့်စင်သည့်လုပ်ငန်း၊ သတ္တုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများ အတွက်လည်း ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးသွားရန်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးလုပ်ဆောင်ရန် ကောင်းမွန်သည့် အနေအထားတွင် ရှိခြင်းကြောင့် စိုက်ပျိုးရေးကို အခြေခံသည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“အခွန်ဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ ဒါကတော့ MIC Rule မှာတော့ သတ်မှတ်ထားသော ဥပမာ အားဖြင့် MIC မှာ လျှောက်ထားသော ပစ္စည်းများကို သွင်းကုန်လျှော့ပေါ့မှုတို့၊ သူက ကင်းလွတ်ခွင့်တွေကမျိုးစုံ ရှိတယ်။ ဝင်ငွေခွန် ကင်းလွတ်ခွင့်တို့ အဲဒါမျိုးတွေပေါ့နော်။ အဲဒါတွေကတော့ သူ့အနေအထားပေါ် မူတည်ပြီးတော့ ပေးတာပေါ့နော်။ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပြီးတော့ ပေးတာပေါ့နော်။ နံပါတ် ၁ ကတော့ ရှမ်းပြည်နယ် ကတော့ စိုက်ပျိုးရေးကောင်းတဲ့အတွက်ကြောင့် စိုက်ပျိုးရေးနဲ့ အခြေခံသော စားသောက်ကုန်ပစ္စည်း ထုတ်လုပ် တာတော့ ဒါ အကောင်းဆုံးလို့ ဆရာတို့မြင်တယ်။ နောက်တစ်ချက်ကတော့ ဓာတ်သတ္တုတူးဖော်ရေးပေါ့နော်။ နောက်တစ်ချက်ကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးပေါ့နော်။ ရေအားလျှပ်စစ်တွေ အများကြီး ရှိပါတယ် ရှမ်းပြည်နယ်မှာပေါ့နော်။ အဲဒါတွေက အကောင်းဆုံးလို့ ဆရာတို့ မြင်ပါတယ်” ဟု ပြောသည်။
စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ရှမ်းပြည်နယ် တွင် ၁၅ ခု ခန့်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ၈ ခု ရှိသည်ဟု ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။
ထို့နောက် ရှမ်း(အရှေ့ပိုင်း)ဒေသဖြစ်သည့် ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို ယခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ အပြင် တခြားသောရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုသည် နည်းပါးလျက်ရှိနေသည်။
လက်ရှိ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခြေအနေသည် လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကို နားမလည်သည့် အခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှပေးသည့် ခံစားခွင့်များ ဆုံးရှုံးဖြစ်ပေါ်နေသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်းကတောင်ယာ စိုက်ခင်းများကိုတွေ့ရစဉ်
“အဓိကကတော့ Local Investor ကလေ MIC ကို တင်ရမယ်ဆိုတဲ့ကိစ္စကို သူတို့ နည်းနည်းလေး နားလည်မှု အားနည်းသေးတယ်လို့ ဆရာတို့ သုံးသပ်ပါတယ်။ များသောအားဖြင့်တော့ အမှန်တော့ မဆောက်ခင်ကတည်းက MIC ဆီကို တင်ပြ၊ တင်ပြပြီးတော့မှ MIC ရဲ့ approve နဲ့ ဆောက်ပြီးတော့မှ ဒီဘက်ကို လိုင်စင်တင်လိုက်ရင် သူတို့ပြောတဲ့ ခံစားခွင့်တွေ ရကြမှာပေါ့နော်။ အဲဒီလို မဟုတ်ဘဲနဲ့ အခု အများစုက ဆရာတို့ တွေ့ရတာပေါ့လေ ခုနက ပြောတာတော့ တင်တာတော့ တင်ပါတယ် ဒါပေမယ့် အနည်းစု ဖြစ်နေတယ်။ အများစုက ဘယ်လိုတွေ့ရ လဲဆို သူတို့သဘောနဲ့ ဆောက်လိုက်တယ်။ ဆောက်ပြီးတော့မှ သက်ဆိုင်ရာ နီးစပ်တဲ့ မြို့နယ်စည်ပင်တို့ ဘာတို့ ခွင့်ပြုချက်နဲ့ ဆောက်လိုက်တာပေါ့နော်။ ဆောက်ပြီးတော့ ပြီးခါနီးကျမှ သူက ဟိုတယ်လုပ်ချင်တယ်ဆိုပြီး ဟိုတယ်/ခရီးကို လာလျှောက်တာမျိုးတွေ တွေ့ရတယ်။ အဲဒါကျတော့ အဆောက်အအုံး ဆောက်ပြီးသား လိုင်စင် ရပြီးသားမြို့ ဖြစ်တယ်ဆိုရင် MIC ကတော့ သူတို့ရင်းနှီးမြှုပ်နှံမှု Pass လုပ်ဖို့ ခက်သွားတာမျိုးတော့ ရှိတယ်။ အဲဒါလေးတွေတော့ ဆရာတို့ စည်ပင်ရယ်၊ ရင်းနှီးမြှုပ်နှံမှုရယ်၊ ဆရာတို့ ဟိုတယ်/ခရီးရယ် တဖြည်းဖြည်းချင်း တော့ လုပ်ငန်းစဉ်တွေကို တည့်မတ်တာ ရှိပါတယ်။ တချို့ကတော့ ကြိုတင်ဆောက်လုပ်ခွင့် အရင်တင်တဲ့ဟာတွေ ရှိတယ်လေ။ ဆောက်လုပ်ခွင့် ကြိုတင်တင်တဲ့ လုပ်ငန်းရှင်မျိုးဆိုရင် MIC process ကိုသွားဖို့ မှီတယ်။ ပြောပေးလို့ မှီတယ်ပေါ့နော်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ သူ့သဘောနဲ့သူ ဆောက်ခဲ့ကြတယ် စည်ပင်ခွင့်ပြုချက်ယူပြီး ဆောက်ကြ တယ်။ ရာနှုန်းပြည့်ပြီးလို့ မှတ်ပုံတင် လိုင်စင်လျှောက်တဲ့အခါကျတော့ နည်းနည်းလေး မမှီတော့ဘူးပေါ့။ ဒါပေမယ့်လည်း များသောအားဖြင့်တော့ လိုင်စင်ကျသွားပြီးရင် MIC ကတော့ များသောအားဖြင့် မပေးတာများ တယ်။ အသစ်ရင်းနှီးမြှုပ်နှံမှုကိုဆိုရင် သူတို့က ပေးတာများတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်အတွင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများထက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပိုများကြောင်း၊ ဟိုတယ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်လျှင် ၂၀ မှ ၃၀ ခုခန့် ရှိသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ တောင်ပိုင်းဒေသများဖြစ်သည့် တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်းနှင့် အရှေ့ပိုင်းဒေသများဖြစ်သည့် ကျိုင်းတုံနှင့် တာချီလိတ် မြို့နယ်များတွင် ဟိုတယ်လုပ်ငန်းများကို အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံကြသည်။

- By cni
- Category: စီးပွားရေး
- Hits: 608
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈
ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရပိုင် ဘဏ် ၂ ခု၏အကောင့်ကို ပိတ်လိုက်သော်လည်း ရခိုင်- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး မထိခိုက်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီ Sonali ဘဏ်က မြန်မာအစိုးရပိုင်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှစ်ခု၏ ငွေစာရင်းများကို ပိတ်လိုက် ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
ယခုကဲ့သို့ ဘဏ်ငွေစာရင်းအကောင့် အပိတ်ခံရခြင်းသည် ကုန်သည်များ၏ အကောင့်များကို ပိတ်လိုက်ခြင်း မဟုတ်၍ လက်ရှိတွင် ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကို ထိခိုက်မှုမရှိသေးကြောင်း စစ်တွေကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် ကုန်သွယ်ရေး လုပ်နေကြစဉ်
၎င်းက “ဒါက ကျနော်တို့ရဲ့ ကုန်သွယ်မှုမှာတော့ မြန်မာကျပ်ငွေနဲ့ ပေးရတာလည်း ရှိတယ် စစ်တွေကုန်သွယ်ရေး စခန်းက ဆိုရင်လေ။ တချို့ ဒေသထွက် ကုန်တွေဆိုရင် ပို့ရလွယ်အောင်ပေါ့နော် မြန်မာကျပ်ငွေနဲ့ ပို့ပါ အဲဒီလို မျိုးလည်း ရှိပါတယ်။ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေး ရခိုင်ရဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေး နှစ်ပေါက် ရှိတာပေါ့ မောင်တောရယ်၊ စစ်တွေရယ်။ ကျနော်တို့ကတော့ မြန်မာ့စီးပွားရေးဘဏ် တစ်ခုတည်းပဲ လုပ်လို့ရတယ် ကျနော်တို့ နယ်စပ်မှာလေ စစ်တွေကုန်သွယ်ရေးစခန်းရော၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းဘက်ရော။ အသုံးပြုရတာက နှစ်နိုင်ငံ သဘောတူညီထားတဲ့ မြန်မာ့စီးပွားရေးဘဏ် တစ်ခုပဲ အသုံးပြုလို့ရပါတယ်။ တခြား ဘဏ် သုံးလို့မရပါဘူး။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးဘူးဗျ။ ဒါပေမယ့် sanctions ပိတ်တယ်ဆို ပြီးတော့ သူတို့လိုက်နာဆောင်ရွက်တဲ့ သဘောပါပဲ။
ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကိုတော့၊ သဘောတူ ညီချက်တွေကိုတော့ ဖောက်ဖျက်လို့ မရဘူးလေ။ နှစ်နိုင်ငံကြားမှ သဘောတူညီချက် လက်မှတ်ထိုးထားတာက ကုန်သွယ်မှု လုပ်မယ်ဆိုပြီးတော့ လက်မှတ်ထိုးထားကြတယ်လေ။ အဲဒီအပေါ်မှာနေပြီးတော့ ကုန်သွယ်မှု လုံးဝ ပိတ်သွားလောက်တဲ့အထိ ရှိကောင်းမှ ရှိပါလိမ့်မယ်” ဟု ပြောသည်။
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခွင့်ပြုထားသည့်ဘဏ် ချိတ်ဆက်ဆောင်ရွက်ရခြင်းကြောင့် လတ်တလောတွင် ကုန်သွယ်ရေး အဆင်ပြေသည့် အခြေအနေ ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် ကုန်သွယ်ရေး လုပ်နေကြစဉ်
MFTB နှင့် MICB ဘဏ်အကောင့်နှစ်ခုကို ပိတ်လိုက်ခြင်းကြောင့် လက်တလောတွင် ကုန်သွယ်ရေးအပေါ် သက်ရောက်မှု မရှိသေးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဒေါ်လာထုတ်ယူမှုများကို ကန့်သတ်မည်ဆိုပါက ကုန်စည် မှာယူမှုများ ကျဆင်းလာနိုင်သည်ဟု မောင်တောကုန်သည် ကိုမင်းဇော်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သက်ရောက်မှုတော့ ရှိလာနိုင်ပါတယ် နောက်ကျရင်။ အခုတော့ လောလောဆယ်တော့ ဘာမှ မသိသေးပါ ဘူး။ နောက်ပိုင်းကျရင်တော့ ကုန်သွယ်စီးဆင်းမှု နည်းနည်း ဖြစ်မှာပေါ့နော်။ ဘယ်လိုကြောင့်လဲဆိုတော့ ဟိုဘက် က ကုန်ပစ္စည်းဝယ်ဖို့ မထုတ်ပေးဘူးဆိုရင် ဒေါ်လာ မထုတ်ပေးဘူးဆိုရင် ဒီဘက်က ကုန်စည်တွေ ပို့ပေးဖို့က အခက်အခဲ ဖြစ်သွားမှာပေါ့လေ။ အဲဒါကတော့လေ သေချာတော့ မသိသေးပါဘူး ဘယ်လိုပိတ်လဲဆိုတာကိုလေ။ လောလောဆယ်တော့ ဘာမှတော့ မဖြစ်သေးပါဘူး။ ပုံမှန်အတိုင်းပဲ။ အခုက အဲဒီကို သွားနေတဲ့ ကုန်တွေကတော့ များတာတော့ ဂျင်းပေါ့နော်။ ဂျင်းနဲ့ ငါးမြစ်ချင်း။ ကျန်တဲ့ပစ္စည်းတွေကတော့ နည်းပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်တွင် မြန်မာဘဏ်နှစ်ခုမှ အပ်နှံထားသည့် ငွေကြေးပမာဏသည် အမေရိကန် ဒေါ်လာ ၁ သန်းကျော် ရှိပြီး ထိုငွေစာရင်းများသည် လွန်ခဲ့သည့် တစ်လကျော်ကတည်းကပင် ပိတ်ထားခြင်း ဖြစ်သည်ဟု ဆိုနာလီဘဏ် တာဝန်ရှိသူက ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုကို ပြောကြားခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 644
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၆
ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုသည် Shwe Byain Phyu Oil & Gas Company Limited ကို ကုမ္ပဏီစာရင်း ရှင်းလင်း ဖျက်သိမ်းကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၁ ရက်နေ့က ကြေညာခဲ့သည်။
ထိုသို့ ကြေညာခဲ့ရာတွင် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို ဖျက်သိမ်းခြင်းမဟုတ်ဘဲ ရွှေဗျိုးဖြူကုမ္ပဏီအုပ်စု၏ ကုမ္ပဏီ အခွဲတစ်ခုကိုသာ ဖျက်သိမ်းခြင်းဖြစ်ကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်မှ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် Shwe Byain Phyu Oil & Gas Company Limited သည် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ၏ ကုမ္ပဏီအခွဲတစ်ခုသာဖြစ်ပြီး ၎င်းကုမ္ပဏီတစ်ခုတည်းကိုသာ စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အများပြည်သူသို့ စက်သုံးဆီများ ဖြန့်ဖြူးလျက်ရှိသော လုပ်ငန်း အပါအဝင် အခြားစီးပွားရေးလုပ်ငန်း များနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

- By cni
- Category: စီးပွားရေး
- Hits: 816
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆
ထိုင်းတွင် ဇူလိုင်လကုန်၌ အမည်စာရင်းတင်သွင်းထားပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ် ရှင်နှင့် လုပ်ငန်းခွင် တရားဝင် ပြောင်းရွှေ့ခွင့်မရှိသေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ၎င်းအမည်စာရင်းတင်သွင်းထားပြီးသူများအား စက်တင်ဘာလကုန်အထိ တရားဝင် နေထိုင် အလုပ် လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး လူသစ် ဘတ်မရိုက်ပေးခင်အထိ အလုပ်ရှင်နှင့် လုပ်ငန်းခွင် ပြောင်းပိုင်ခွင့်မရှိ ကြောင်းသိရသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “ဥပဒေအရဆိုရင် အခုလက်ရှိ သူလုပ်နေ တဲ့ လုပ်ငန်းရှင်နဲ့ အလုပ်လုပ်ပိုင်ခွင့်ပေးထားတယ်။
အလုပ်လုပ်လို့ ရတယ်။ ဒါပေမယ့် သူက သတ်မှတ်ထားတဲ့ နယ်မြေကို ကျော်လို့မရဘူး။ နာမည်စာရင်းတင်ထားတဲ့ လူအုပ်စုအနေနဲ့ အဓိကစဉ်းစားရဖို့ဟာက အခု နာမည် စာရင်းတင်ထားတဲ့လူကို ထိုင်းနိုင်ငံအစိုးရကနေ လက်ရှိအစိုးရကနေပြီးတော့ ၉ လပိုင်းအထိ အလိုအလျောက် သက်တမ်းတိုးပေးထားတယ်။ အဲဒါတစ်ချက်။
နောက်တစ်ချက်ကကြတော့ ဒီအုပ်စုတွေအနေနဲ့ အခုလက်ရှိ အခြေ အနေမှာ ကိုယ်သတ်မှတ်ထားတဲ့နယ်မြေကနေ တခြားနယ်မြေတွေကို သွားလာလို့မရဘူး။
နောက်တစ်ခုက ကြတော့ ကိုယ့်မှာ စာရွက်စာတမ်းတွေ ဘယ်လောက်ပဲ ရှိနေပါစေ ဒါပေမယ့် ဒီသူဋ္ဌေးကနေ နောက်သူဋ္ဌေး တစ်ယောက်ကို သူမသွားရသေးဘူး။ ဘာဖြစ်လို့ ဒီဟာတွေကို လုပ်ထားလဲဆိုရင် သူ့မှာ လုပ်ဆောင်ရမယ့် လုပ် ဆောင်ချက်အဆင့်တွေဆီကို မသွားရသေးတဲ့အတွက်ကြောင့် ဒီလိုလုပ်ငန်းစဉ်တွေကို မလုပ်ရသေးတာ။ ဒါ ဥပဒေ လမ်းကြောင်းက ပြောပြတာ။ ဘာဖြစ်လို့ဆိုလို့ရှိရင် သူဋ္ဌေးမတူဘူးလေ။ အလုပ်သမားမှာလည်း အပြစ်ရှိတယ်။ လုပ်ငန်းရှင်မှာလည်း အပြစ်ရှိတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ နယ်စပ်ရှိ အလုပ်သမားကတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ
သို့သော် ထိုသို့ အလုပ်ရှင်နှင့် လုပ်ငန်းခွင် ပြောင်းလဲလုပ်ကိုင်ရာတွင် ဒေသအပေါ်မူတည်ကာ လုပ်ပိုင်ခွင့် ကွဲလွဲမှု များရှိပြီး အချို့ပြည်နယ်များတွင်မူ ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရကြောင်းလည်း သိရသည်။
ဇူလိုင်လကုန်အထိ အမည်စာရင်းတင်သွင်းခိုင်းထားသည့်အခါ၌ အချို့ရွှေ့ပြောင်းလုပ်သားများသည် အလုပ်ရှင် သူဋ္ဌေးမရှိသည့်အတွက် ပွဲစားများ၊ အေးဂျင့်များအား အလုပ်ရှင်သူဋ္ဌေးအမည်ခံကာ ပြုလုပ်ထားကြသူများ ရှိ ကြောင်း၊ အမည်စာရင်းတင်သွင်းထားသည့် အလုပ်ရှင်နှင့် လုပ်ငန်းခွင်တူညီပါက ပို၍ကောင်းမွန်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် အချို့အလုပ်ရှင်သူဌေးများအနေဖြင့် လုပ်သားလိုအပ်သည့်အခါအတွင် ၎င်းအေးဂျင့်များထံမှ ခေါ်ယူမှု များရှိပြီး မြေပြင်အခြေအနေအတွင် နားလည်မှုအရ လုပ်ငန်းခွင်နှင့် အလုပ်ရှင် ပြောင်းလဲကာ လုပ်ကိုင်နေကြ ခြင်းများ ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံ မြင်ကွင်းတစ်ခု
၎င်းက "ဒါပေမယ့်အခုဟာတော့ ဘာတွေ များသောအားဖြင့် တွေ့ရသလဲဆိုတော့ ပွဲစား သို့တည်းမဟုတ် အေဂျင်စီတွေကနေပြီးတော့ လုပ်ပေးထားတယ်။ လုပ်ပေးထားပြီးတော့ သူတို့ကို အေဂျင်စီတွေနဲ့ ဆက်သွယ် ထားတဲ့ အလုပ်ရှင်တွေကနေပြီးတော့ င့ါအလုပ်မှာတော့ လူဘယ်နှစ်ယောက်လိုတယ်ပေါ့။ အဲဒီတော့ အဲဒါ ရှာထားပေးဆိုရင် အေဂျင်စီက သူကတော့ တဆင့်ခံခေါ်ပေးတဲ့အတွက်ကြောင့် ဝန်ဆောင်ခရတဲ့အတွက်ကြောင့် သူကတော့ ခေါ်ပေးလိုက်မှာပဲလေ။ အဲဒီလိုခေါ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီလူတွေက အလုပ်ကသွားပြီး တော့ လုပ်လို့တော့ရနေတယ်။ နာမည်ကတော့ ဒီ အေဂျင်စီနာမည်နဲ့ဖြစ်မယ်။ ဒါပေမယ့် တကယ် လုပ်ငန်းလိုလို့ ခေါ်တဲ့ အလုပ်ရှင်တွေဆီမှာ အလုပ်သွားလုပ်နေတာ ဒါမျိုးတွေ ဖြစ်မယ်။ ဒါပေမယ့် အလုပ်ရှင်ပြောင်းတဲ့ဥစ္စာက အခုအချိန်မှာ တရားဝင်ကြီး ပေါ်ပေါ်ထင်ထင် ပြောင်းလို့ လွှဲလို့ရတဲ့ အနေအထားမျိုးတော့ မရှိသေးဘူး။ မဟုတ် ရင် စစ်တဲ့ဆေးတဲ့ကိစ္စတွေမှာ အဲဒါမျိုးတွေကို တွေ့ရတယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့က အရေး ယူရင် အရေးယူပိုင်ခွင့်ရှိတယ်" ဟု ပြောသည်။
အမည်စာရင်းတင်သွင်းထားသူများအား စက်တင်ဘာလကုန်အထိ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပေးထား သည့်အတွက် စစ်ဆေးအဖမ်းအဆီးခံရပါက ၎င်းအထောက်အထားများ ပြသနိုင်လျှင် အဆင်ပြေသော်လည်း အမည်စာရင်းတင်သွင်းပြီးနောက် အလုပ်ရှင်နှင့်လုပ်ငန်းခွင် ပြောင်းလဲထားသူများအနေဖြင့် ဖမ်းဆီးခံရနိုင် ကြောင်း သိရသည်။
ထိုင်းတွင် အစိုးရသစ် ဖွဲ့စည်းပြီးမှသာ ၎င်း အမည်စာရင်းတင်သွင်းထားပြီးသူများ လူသစ်ဘတ်ရိုက်သည့် လုပ်ငန်း စဉ်များပြုလုပ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ အစိုးရသစ် မဖွဲ့စည်းနိုင်သေးမှုကြောင့် အမည်စာရင်း တင်သွင်း ထားပြီးသူများအား ယခုကဲ့သို့ လအလိုက် နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုး ပေးသွားနိုင်ဖွယ် ရှိကြောင်း လည်း သုံးသပ်မှုများရှိသည်။

- By cni
- Category: စီးပွားရေး
- Hits: 797
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅
ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လမ်းပိုင်းပျက်စီးသွားသည့် အတွက် လက်ရှိမှာတော့ မြဝတီသို့ တောင်ပေါ်လမ်းဟောင်းမှ သွားလာခွင့်ပြုထားသည့်တိုင် ကုန်တင်ကားများ သွားရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
တောင်ပေါ်လမ်းဟောင်းကို အတက်/အဆင်း တစ်ရက်စီ သတ်မှတ်ပေးထားကြောင်း၊ သို့သော်လည်း ထိုလမ်း ဟောင်းသည် ကုန်တင်ကားများ သွားလာရန် အဆင်မပြေကြောင်း၊ အိမ်စီးကားနှင့် ခရီးသည်တင်ကား အသေးများ သာ သွားလာ၍ရကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ပျက်စီးသွားခြင်းကြောင့် မြဝတီသို့ ကုန်စည်ပို့ဆောင်နေ သည့် ကုန်ကားတချို့သည် လမ်းပိုင်း၌ ပိတ်မိနေကြောင်း၊ ထို့နောက် ကုန်ကားပေါ်တွင် ပါလာသည့် အာလူးနှင့် ကြက်သွန်ကဲ့သို့ ပုပ်သိုးလွယ်သည့် ကုန်များကို ရောက်ရှိနေသည့် နေရာတွင်ပင် ရောင်းချလိုက်ရကြောင်း မြန်မာ နိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြော သည်။
မြဝတီကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်
၎င်းက “လမ်းဟောင်းကတော့ အန္တရာယ် အရမ်းများတယ်။ လမ်းက တော်တော်လေးလည်း ပြန်ပြီးတော့ သစ်ပင် တွေနဲ့ လမ်းကမကောင်းဘူး။ တချို့နေရာတွေဆိုရင် ကားဘီးနဲ့ ကွက်တိပဲ ချောက်ကမ်းပါးတွေက။ တော်ရုံတန်ရုံ မသွားလောက်တော့ဘူး။ နောက် မိုးတွင်းကြီးလည်း ဖြစ်နေတယ်။ အခု သူတို့တွေ ၁၀ ရက်နေ့လောက်မှာ သူတို့ လမ်းလွှဲ လုပ်နေတာတွေ့တယ်။ လမ်းလွှဲလုပ်တော့ မိုးလေဝသကောင်းမယ်ဆိုရင် ၁ လလောက် ပြီးမယ်ဆိုပြီး တော့ မှန်းတာပေါ့နော်။ ဒါပေမယ့် ရာသီဥတု အခြေအနေနဲ့ မိုးများမယ်။ အောက်ရေတိုးရင်တော့ အဆင်မပြေဘူး။ အခုလမ်းမှာ ပိတ်မိနေတဲ့ ကားပေါ်က အာလူးတို့၊ ကြက်သွန်တို့၊ ပြောင်းတို့တောင်မှ အဆင်ပြေသလို ချပြီးတော့ အာလူးတို့၊ ကြက်သွန်တို့ ပုပ်ကုန်ဆိုရင် ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေဆိုရင် ချပြီးတော့ ရောင်းရတဲ့ အဆင့်တွေ တောင် လုပ်နေရတယ်။ စားသောက်ကုန်ကတော့ ကြည့်ကြပ် လုပ်ရတာပေါ့။ ကားလေးတွေတော့ သွားလို့ရတာ ပေါ့။ ကားကြီးတွေကျတော့ သွားရတာ နည်းနည်းခက်တယ်” ဟု ပြောသည်။
လက်ရှိတွင် ပျက်စီးသွားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ယာယီတံတား တည်ဆောက်မှု စတင်နေ ပြီးဖြစ်သော်လည်း အချိန်အားဖြင့် ၁ လခန့် ကြာမြင့်နိုင်သည်ဟု ခန့်မှန်းနေကြသည်။
ထို့နောက် မြဝတီသို့ သွားရန် မလွယ်ကူသည့်အတွက် ပြည်ပပို့ကုန်များကို တနင်္သာရီတိုင်းဒေသကြီးရှိ မောတောင် နယ်စပ် ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်နိုင်ရန် ကုန်သည်များက စဉ်းစားနေကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ်သွား လမ်းကိုတွေ့ရစဉ်
မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ကုန်စည်များ ပို့ဆောင်မည်ဆိုပါက ကုန်ကျစရိတ်များ မြင့်တက် လာမည် ဖြစ်သည့်အတွက် ကုန်သည်များအနေဖြင့် အခက်တွေ့နေကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသို့ တင်ပို့နေ သည့် ပြောင်းဆံများသည် ဈေးနှုန်းများ ကျဆင်းလာနေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ် ဘယ်ကသွားနေလဲဆိုတော့ လောလောဆယ် ဘယ်ကသွားနေမှန်းတောင် မသိတော့ ဘူး။ ထားဝယ်ဘက်ကနေ မောတောင်ဘက်နေ သွားဖို့တို့ ဘာတို့တော့ ဒါတွေက ကြိုးစားဆဲပဲ ရှိပါသေးတယ်။ တော်တော်များများကျတော့ ဘယ်ကနေမှ မသွားကြသေးတာလည်း ရှိပါတယ်။ လမ်းကြောင်းလေးတွေ စဉ်းစား ကြတုန်းပဲ ရှိပါသေးတယ်။ အခုက လမ်းကလည်း နောက်ထပ် ၃၊ ၄၊ ၅ ရက်လောက်ဆို ပြီးကောင်းပြီးနိုင်တယ် ဆိုပြီး ယူဆရတယ်လေ။ ဘေလီတံတား ထိုးတာလည်း ပါတယ်။ ဘေးက ပြိုကျထားတဲ့ တောင်ရဲ့ တောင်ကို ဖဲ့ လိုက်တာပေါ့နော်။ ဖဲ့ပြီးတော့ ပြိုကျထားတဲ့ နေရာကို ကွေးပြီးတော့ အသစ်ပြန်ဖောက်တာတို့လည်း ရှိတယ်။ မြဝတီတောင်တက်လမ်းဆိုတာ လမ်းက ၃ လမ်းရှိတယ်။ အရင်တုန်းကသွားတဲ့ လမ်းဟောင်းပေါ့နော် ကော့ကရိတ်ကနေ သွားတဲ့လမ်းဟောင်း ရှိတယ်။ သပ်သပ်ကို ဟိုဘက်ကနေ သွားတဲ့ တောလမ်းရှိတယ်။ အဲဒီလို လမ်းတွေ သွားကြတာပေါ့။ ဒါပေမယ့် များသောအားဖြင့်တော့ ကော့ကရိတ်ကနေ လမ်းဟောင်းကို သွားကြတာ များပါတယ်။ မြဝတီကို ရည်ရွယ်ပြီးတော့ ဝယ်ဖို့ဆိုတာက ကုန်ကျစရိတ်တွေက အများကြီးဖြစ်သွားတော့ စဉ်းစား ပြီး ဝယ်ရတာပေါ့လေ။ ဘယ်လိုပြောမလဲ ဈေးတွေက ကျတာပေါ့” ဟု ပြောသည်။
မြဝတီသို့ ကုန်စည်များ ပို့ဆောင်ရန် လတ်တလောတွင် အဆင်မပြေသည့်အပြင် လမ်းပိုင်းပျက်စီးနေခြင်းကြောင့် မြဝတီသို့ ရောက်ရှိနေသည့် ကုန်တင်ကားများလည်း ရန်ကုန်နှင့် တခြားသော မြို့နယ်များသို့ ပြန်လာရန်အတွက် အဆင်မပြေမှုများ ရှိနေသည်ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် မြဝတီသို့ ကုန်စည်ပို့ဆောင်မှုများ ရပ်နားနေရပြီး လမ်းပိုင်းပြုပြင်ပြီးချိန်ထိ စောင့်ဆိုင်နေကြသည်ဟု သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 712
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅
မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုများကို ဝယ်ယူမှုနှင့် ငှားရမ်းမှုများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် ပိုမိုများပြားလာကြောင်း ဘန်ကောက်ကွန်ဒိုလုပ်ငန်း လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ဒါ့အပြင် ကွန်ဒိုအရောင်းပြပွဲများ ရှိပါက ပိုမိုရောင်းချရပြီး အရောင်းပြပွဲမရှိပါကလည်း ပုံမှန် ဝယ်ယူမှုများ ရှိနေကြာင်း ဘန်ကောက်ကွန်ဒို ရောင်းချသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“မနှစ်ကထက်စာရင်တော့ တက်တယ်ပေါ့နော်။ ပုံမှန်ဆိုရင် အရင်နှစ်ကတော့ အဲဒီလောက် တစ်လကို သိပ် မရောင်းရဘူးပေါ့။ ဒီနှစ်ပိုင်းမှာဆိုရင် ပုံမှန် ပွဲမရှိတဲ့အခါဆိုရင် တစ်လကို ၅ ခန်းလောက်ရောင်းရတယ်။ ပုံမှန် ပွဲရှိတဲ့အခါဆိုရင်လည်း တစ်လကို ၁၅ ခန်းလောက် ရောင်းရတယ်။ ခန့်မှန်းဈေးနှုန်းအနေနဲ့ဆိုရင်တော့ သိန်း ၂၅၀၀ ဝန်းကျင်လောက်ကနေပြီးတော့မှ သိန်း ၈၀၀၀ ဝန်းကျင်လောက်အထိ ဝယ်ပါတယ်။ ဒီနှစ်ထဲမှာမှ နောက် လပိုင်းလေးပဲပေါ့နော်။ ၅ လပိုင်းအကျော် လောက်ကစတာပေါ့ ဒီနှစ်ထဲမှာဆိုရင်။ အဝယ် အရမ်းတက်တယ် ၇ လပိုင်း ကျော်ကနေ စပြီးတော့လေ။ ပုံမှန်ပဲ ပရိုမိုးရှင်းကိုလည်း သီးသန့်ကြီးပေးထားတာ မရှိဘူး။ ပုံမှန်အတိုင်းပဲ ရောင်းတာ။ အဲဒါကိုမှ ကျပ်ငွေတန်ဖိုး ကျသွားတာနဲ့ပတ်သက်ပြီးတော့မှ ဘန်ကောက်က ကွန်ဒိုတွေကတော့ အဝယ်လိုက်တဲ့အထဲမှာ ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသားများသည် ကျပ်ငွေတန်ဖိုး ကျဆင်းမှုများကြောင့် ငွေသားကို လက်ဝယ်မထားရှိချင်ကြသဖြင့် ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ကွန်ဒိုများအား အဝယ်လိုက်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ကွန်ဒိုအရောင်းပြခန်းများသို့ လာရောက်လေ့လာသူများ
ကျပ်ငွေတန်ဖိုး ယခုထက်ပိုမိုပြီး ဆက်လက်ကျဆင်းနေဦးမည်ဆိုပါက ထိုင်းနိုင်ငံ၌ ကွန်ဒိုဝယ်ယူကာ ရင်းနှီး မြှုပ်နှံခြင်းများ ပိုမိုရှိလာဦးမည်ဖြစ်ကြောင်းလည်း ဘန်ကောက်ကွန်ဒိုရောင်းချသူများက သုံးသပ်ကြသည်။
လက်ရှိတွင် ဘန်ကောက်၌ ကွန်ဒိုများအား ရောင်းချရာတွင် ဝယ်ယူမှုများပြားသည့် ကုမ္ပဏီရှိသကဲ့သို့ ဝယ်ယူမှု နည်းပါးသည့် ကုမ္ပဏီများလည်းရှိပြီး ၎င်းကုမ္ပဏီများသည် ကွန်ဒိုငှားရမ်းခြင်းဘက်သို့ ပြောင်းရွှေ့ လုပ်ကိုင်နေ ကြကြောင်းလည်း သိရသည်။
ထိုသို့ ဘန်ကောက်ရှိ ကွန်ဒိုများအား ငှားရမ်းခြင်း ပြောင်းလဲလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံသားများနှင့် တရုတ် နိုင်ငံသားများ၏ ငှားရမ်းမှုမှာ များပြားကြောင်း Bangkok-Myanmar Property and Life Style မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“နောက်ပိုင်း အမတို့ကလည်း အငှားဘက်ကိုသွားနေတော့ အရောင်းကို သိပ်မလုပ်ဖြစ်ဘူး။ ငွေလွှဲတဲ့ Percentage တွေလည်း များနေတော့လေ အဲဒီလိုဖြစ်နေတယ်။ ဘန်ကောက်မှာ အခု ကွန်ဒိုငှားပေးနေတာပေါ့နော်။ monthly တော့ သိပ်မရဘူး။ ခြောက်လ တစ်နှစ်ပေါ့ အဲဒီလိုမျိုးတွေက ပိုပြီးတော့ အခု အငှားလိုက်တယ်။ အရောင်းတွေ လည်း ရှိတော့ရှိတယ်။ မြန်မာနိုင်ငံသားတွေက တချို့တွေကြတော့လည်း ကလေးတွေ ကျောင်းလာတော့ အစောပိုင်းတွေကတော့ အရမ်းဝယ်ကြတယ်လေ။ နောက်ပိုင်းကြတော့ သူတို့ ငှားလာကြပြန်ပြီ။ အငှားတွေ ကတော့ ငှားနေရတာပဲ။ ဘတ် ၈၀၀၀ လောက်ကနေစပြီးတော့ ဘတ် သုံးသောင်းခွဲ၊ လေးသောင်း၊ ခြောက် သောင်း၊ တစ်သိန်းပေါ့နော်။ အိမ်တွေအထိလည်း ရှိတယ်။ ငှားရမ်းမှုကတော့ တစ်လကို နှစ်ယောက်၊ သုံးယောက် လောက်တော့ ပုံမှန်လေး ငှားနေတယ်။ ကွန်ဒိုပဲ အိမ်တွေ ဘာတွေ ငှားတဲ့သူတော့ မရှိသေးဘူးပေါ့” ဟု ၎င်းက ပြောသည်။
ဘတ်ငွေ ရှစ်ထောင်တန် ကွန်ဒိုမှာ အခန်းတစ်ခန်းစာသာရှိသဖြင့် မြန်မာနိုင်ငံသား အများစုသည် မိသားစုလိုက် လာနေသည့်အတွက် ဘန်ကောက်ရှိ ကွန်ဒိုများငှားရမ်းရာတွင် ဘတ်ငွေ တစ်သောင်းခွဲ ဝန်းကျင်ခန့်မှ စတင်ကာ အများဆုံး ငှားရမ်းကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသားများသည် ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထိုင်းနိုင်ငံ၊ ချင်းမိုင် တစ်မြို့တည်းမှာတင် တိုက်ခန်းပေါင်း ၁၈၈ ခန်း ဝယ်ယူထားကြောင်း၊ တန်ဖိုးအားဖြင့်ဆိုပါက ဘတ်ငွေတန်ဖိုး ၁ ဒသမ ၃၄ ဘီလီယံ ရှိကြောင်း စီးပွားရေးနှင့် ဈေးကွက်စောင့်ကြည့်ရေးစာစောင် Thai Enquirer က ရေးသားဖော်ပြထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 608
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၂
နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသား၊ သတင်းစာ စသည့်စက္ကူလိုအပ်ချက်များစွာကို နှစ်စဉ် ပြည်ပမှ တင်သွင်းအသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျမှုရှိနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးရှိ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ဖွင့်လှစ် လည်ပတ်ခြင်း အခမ်းအနား ကျင်းပရာမှာ တက်ရောက်ခဲ့စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့် စက္ကူလို အပ်ချက်များစွာကို နှစ်စဉ် ပြည်ပမှတင်သွင်း အသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျရ လျက်ရှိကြောင်း၊ ယခင်က စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်းစက္ကူစက်ရုံတို့ကို ဆောင်ရွက် ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ ယခုစက်ရုံစုသည် စွမ်း အားပြည့် လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်သည်” ဟု ပြောသည်။
နစကသည် နိုင်ငံခြားငွေ လိုအပ်ချက်များနေခြင်းကြောင့် အတတ်နိုင်ဆုံး ပြည်ပသွင်းကုန်များကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန်ကို ဦးစားပေး ဆောင်ရွက်လျက်ရှိနေသည်။
ထို့နောက် ခေတ်ကာလ၏ အခြေအနေအရ Online မီဒီယာအသုံးပြုမှု ပိုမိုများပြားလာပြီး Printed မီဒီယာပိုင်း အားနည်းချက် ရှိလာသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်း လာသည်ကို တွေ့ရှိရသော်လည်း နေ့စဉ်ထုတ် သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံ တိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပြီး သတင်းစာ စက္ကူလိုအပ်ချက်သည်လည်း အမြဲမပြတ် ရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
သတင်းစာစက္ကူစက်ရုံ(သာပေါင်း)အနေဖြင့် သစ်၊ ဝါး ကုန်ကြမ်းများစွာ လိုအပ်မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ်ရ ရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းများ ရယူရာတွင် စက်ရုံအနီးဝန်းကျင်မှ ရရှိရန်လိုပြီး အဝေးမှ သယ် ယူရမည်ဆိုပါက သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များ များပြားမည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ တွက်ချေကိုက်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများ ရရှိ ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
သွင်းအားစုများအနက် အဓိကလိုအပ်ချက်ဖြစ်သည့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ် ရရှိရေးအတွက် လည်း စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။

- By CNI
- Category: စီးပွားရေး
- Hits: 597
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ဆန်နှင့်ဆီကို ရောင်းချပေးခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။
ပြည်သူ့ရင်ပြင်တွင် လူတစ်ဦးလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာနှုန်းဖြင့် တစ်ရက်လျှင် ဆန်ပမာဏ အကန့်အသတ် မရှိနှင့် ဆီပိဿာချိန် တစ်ထောင် ရောင်းပေးနေကြောင်း သိရသည်။
ဧည့်မထ တစ်ပြည်ကို (၂၅၀၀) ကျပ်နှုန်း၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်ကို (၄၀၀၀) ကျပ်နှုန်း၊ စားအုန်းဆီ တစ် ပိဿာကို ထည့်စရာဘူးပါလျှင် (၄၄၀၀) ကျပ်နှုန်း၊ ထည့်စရာဘူးမပါလျှင် (၅၄၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာနှုန်းဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။
ပြည်သူ့ရင်ပြင်တွင် ရောင်းချပေးနေသည့် ဆန်နှင့်ဆီကို ရန်ကုန်မြို့ရှိ တခြားသော မြို့နယ်တွင် နေထိုင်သည့် သူများအနေဖြင့် လာရောက်ဝယ်ယူရန် အဆင်ပြေမည် မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော် က CNI သတင်းဌာနသို့ ပြောသည်။
ဈေးသက်သာစွာဖြင့် ဆီများ ရောင်းချပေးနေစဉ်
၎င်းက “ဆန် ၅ ပြည်နဲ့ ဆီ ၁ ပိဿာ ရောင်းပေးတယ်ဆိုတာ ဖော်ရှိုးလုပ်တာ။ စဉ်းစားကြည့် တစ်သက်လုံး ကုန် ဈေးနှုန်း တည်ငြိမ်မှု၊ ကျဆင်းမှုကို အထောက်အကူ မပြုဘူးဆိုတာ ပြောချင်တာ။ ဥပမာ လှိုင်သာယာမှာရှိတဲ့ လူ တစ်ယောက်က အဲဒီကို ဘယ်လိုလာဝယ်မလဲ။ ရပ်ကွက်ထဲက ဈေးဆိုင်တွေ ဘာလို့ ဈေးကြီးနေတာလဲ။ ဈေးကြီး တာကို လိုက်ပြီးတော့မှ သက်ရောက်မှုကို လိုက်ရမှာ။ အဲဒါ ဘာလို့ ဈေးကြီးရတာလဲဆိုတာ လုပ်ရမှာ၊ စစ်ရမှာ။ အဲအခါကျမှ ဈေးနှုန်းကျမှာလေ။ တောင်ဒဂုံက၊ မြောက်ဒဂုံက ဘယ်လိုလာမလဲ ဆန် ၄/၅ ပြည်အတွက်ကို” ဟု ပြောသည်။
လက်ရှိတွင် ဆန်နှင့် ဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုများသည် ရန်ကုန်မြို့အတွင်းသာ ရှိပြီး တခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း ထိုကဲ့သို့ ရောင်းချပေးစေလိုကြောင်း၊ အခြေခံလူတန်းစားများ ရှိသည့် နေရာများကို ဦးစားပေး၍ ရောင်းချပေးရန် လိုကြောင်း ထောက်ပြကြသည်။
ဆန်များကို သက်သာသောနှုန်းထားဖြင့် အခြေခံလူတန်းစားများနှင့် စက်ရုံအလုပ်သမားများ အများဆုံးရှိသည့် မြို့နယ်များသို့ တစ်မြို့နယ်လျှင် နေရာ ၃ နေရာခန့် သွားရောက် ရောင်းချပေးခြင်းများ ပြုလုပ်ပေးမည်ဆိုပါက ကုန်ဈေးနှုန်းများ ကျဆင်းလာမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်သူ့ရင်ပြင်မှာကျတော့ လာဝယ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ အဲဒီတော့က သွားတဲ့ ပြန်တဲ့ စရိတ်နဲ့ဆိုရင် ဘာမှမထူးဘူး ဖြစ်မှာပေါ့။ အဲဒီတော့ တကယ်လို့ ကားနဲ့လိုက်ရောင်းပေးမယ်ဆိုလည်း ပိုပြီးတော့ အဆင်ပြေပါတယ်။ သူတို့လည်း အဲဒီနေရာတွေကို ကားနဲ့ပဲ သွားပို့ရတာပဲလေ။ ဈေးတစ်ခုခုမှာ ဥပမာဆိုပါတော့ တစ်မြို့နယ်မှာ လှိုင်သာယာဆိုလည်း ကားနဲ့လွယ်တဲ့ နေရာ ၃ နေရာလောက်မှာ ဘယ်နေရာမှာ ဘယ်အချိန် ကနေ ဘယ်အချိန် ကား ၃ စီးလောက် လွှတ်ပြီးတော့ အဲဒီလို ရောင်းပေးမယ်ဆိုရင်တော့ ရန်ကုန်က ကုန်ဈေးနှုန်း ကို ကျစေမှာပေါ့။ ကားတွေနဲ့ လှည့်ပြီးတော့ ရောင်းပေးလိုက်ရင် အလိုအလျောက် ကျသွားမှာပဲလေ။ စားသုံးသူ တွေနား ကားအရောက်ပေါ့ သွားရောက်ပြီးတော့ လှည့်လည်ရောင်းချပေးခြင်းက ပိုပြီးတော့ သဘာဝကျပါတယ် လို့” ဟု ပြောသည်။
ဆီများ ရောင်းချပေးနေစဉ်
ပြီးခဲ့သည့် ဇူလိုင်လတွင် ကုန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဝယ်ယူထား သည့် အရန်ဆန် အိတ်ရေ ၅ သောင်းကို ရောင်းချပေးခဲ့သော်လည်း ဆန်ဈေးနှုန်းများသည် ကျဆင်းလာခြင်း မရှိသည့်အပြင် ထပ်မံမြင့်တက်လာသည်ကို တွေ့ရှိရသည်။
လာမည့် ၂ လတွင် မိုးစပါးအသစ်များ လှိုင်လှိုင်ပေါ်မည့် အချိန်ဖြစ်၍ လက်ရှိ နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး အဖွဲ့မှ ဝယ်ယူထားသည့် အရန်ဆန်များကို လုံလုံလောက်လောက် ထုတ်ရောင်းပေးခြင်းဖြင့် ဆန်ဈေးနှုန်း မြင့် တက်မှုကို ထိန်းနိုင်သွားမည်ကြောင်း၊ အလားတူ ဈေးနှုန်းများလည်း ကျဆင်းလာမည် ဖြစ်သည်ကြောင်း ကုန်သည်များနှင့် တောင်သူများက ပြောသည်။