
- By CNI
- Category: စီးပွားရေး
- Hits: 550
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
ပြည်တွင်းတွင် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန်အတွက် ပြည်ပသို့ ဆန်တင်ပို့ခွင့် လိုင်စင်အသစ် ထုတ်ပေးခြင်းကို ဩဂုတ်လကုန်ပိုင်းမှ စတင်၍ ၄၅ ရက်ကြာ ယာယီရပ်နားသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
ယခင်ရှိထားသည့် ပြည်ပဆန်တင်ပို့ခွင့်လိုင်စင်အဟောင်းများကိုသာ ဆက်လက် တင်ပို့ခွင့်ပြုသွားမည်ဖြစ်ပြီး လိုင်စင်အသစ်များကို ယာယီ ရပ်နားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့ခွင့်လိုင်စင်အသစ် ထုတ်ပေးခြင်းကို ယာယီရပ်နားခြင်းက ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့လည်း ကြားတာရှိပါတယ်။ လိုင်စင်အသစ် ချမပေးတာ၊ ကန့်သတ်တာတော့ မဟုတ်ဘူး။ နဂိုလိုင်စင် အဟောင်းတွေတော့ ပုံမှန်တင်ပို့ခွင့်ပေးပါတယ်ဗျ။ လိုင်စင်အသစ် ထပ်မချတာ။ ပြည်တွင်းဆန်ဈေးနှုန်းတွေ တက်နေတော့ ပြည်ပကို နည်းနည်းလေး ထိန်းချုပ်တဲ့သဘောပါ။ ပြည်တွင်းဈေး နည်းနည်းတော့ အေးမှာပေါ့ ပြည်ပထွက်ခွင့် မရှိဘူးဆိုရင်လေ။ ပြည်တွင်းမှာပဲ တချို့ဆန်တွေကလည်း တက်တဲ့ဆန်တွေကလည်း အဓိက တက်တာ ပြည်တွင်းစားဆန် အဓိက တက်တာ။ ပြည်ပပို့တဲ့ဆန်တွေမဟုတ်ဘူး ဈေးတက်တာလေ။ ပေါ်ဆန်းမွှေး တို့ဘာတို့ဆိုရင် ပြည်တွင်းမှာပဲ အဓိကစားတာ။ သူတို့က ဒီကြားထဲက လိုင်စင်တွေကို တင်လို့ရပါတယ်။ အဓိက အသစ်ထပ်မရောင်းတော့ဘူးပေါ့။ နဂိုရောင်းပြီးသား၊ ဝယ်ပြီးသားတော့ ဘာမှထိခိုက်မှု မရှိပါဘူး။ ဆန်အသစ် ပေါ်တဲ့အချိန်ကျရင်တော့ ပြန်ပေးမှာပါ” ဟု ပြောသည်။
ဆန်သိုလှောင်ရုံတစ်ခု
ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပြည်ပသို့ ဆန်တင်ပို့မှုများကို ကန့်သတ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို လှုံ့ဆော်မှု ဖြစ်စေသည်ဟု သုံးသပ်နေမှုများလည်း ရှိသည်ကို တွေ့ရသည်။
ပြည်ပဆန်တင်ပို့ခွင့် လိုင်စင်များ ထုတ်ပေးခြင်းကို ကန့်သတ်ခြင်းက ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်း လာနိုင်သော်လည်း တောင်သူလယ်သမားများ စပါးပေါ်ချိန်တွင်တော့ ပြည်ပသို့ ဆန်တင်ပို့မှုများကို ပြန်လည် ခွင့်ပြုပေးရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ပြည်တွင်းဆန်ဈေးက တကယ်လို့ ပြည်ပပို့တဲ့ဥစ္စာ ခဏပိတ်ထားလိုက်မယ်ဆိုရင် ပြည်တွင်းဆန်ဈေးက ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုအထိ ပြန်ကျသွားမှာ။ နည်းနည်းတော့ ထိန်းသွားမှာ။
အလွန်အမင်းတော့ ထိန်းလို့မရဘူး။ ဥပမာဆိုပါတော့ ဆန်က error ဖြစ်သွားတယ်။ အတိုင်းအတာတစ်ခုအထိတော့ ဆန်တစ်အိတ်ကို ၁ သောင်း၊ ၁ သောင်းခွဲတော့ ပြန်ဆင်းသွားမှာပေါ့။ ဒါပေမယ့် အဲဒီပိတ်တာက တောင်သူတွေ စပါးပေါ်တဲ့အချိန် မှာတော့ အဲဒီပြည်ပပို့မှုကို ပြန်ပြီးတော့ ဖွင့်ပေးဖို့ လိုအပ်မယ်။ တကယ်လို့ ဆက်ပိတ်ထားမယ်ဆိုရင် တောင်သူ တွေ ပေါ်တဲ့အချိန်မှာ ဈေးက မတရား အနှိမ်ခံရလိမ့်မယ်။ ဒါကြောင့်မို့လို့ ကုန်ထုတ်လုပ်သူ၊ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရဲ့ဘက်ရော၊ စားသုံးသူတွေဘက်ရော ကြည့်မယ်ဆိုရင် အများဆုံး ၁ လခွဲထက်တော့ ပိုမပိတ်သင့် ဘူး” ဟု ပြောသည်။
နစကမှ နည်းလမ်းမျိုးစုံဖြင့် ဆန်ဈေး ကျဆင်းစေရန် ဆောင်ရွက်နေသော်လည်း ဆန်ဈေးနှုန်းသည် ကျဆင်းလာမှု မရှိဘဲ ဈေးကွက်တွင် ဆန်ကြမ်း တစ်အိတ်လျှင် ၆ သောင်းကျပ်ကျော်နှင့် ဆန်ချောတစ်အိတ်လျှင် ၁ သိန်း မှ ၁ သိန်းခွဲအထိ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

- By cni
- Category: စီးပွားရေး
- Hits: 680
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းအား စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ယာယီရပ်နားထားမည်ဖြစ်ပြီး ပြန်လည်လက်ခံမည့်ရက်အား ထပ်မံ အသိပေး သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အား ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသောကြောင့် ဖြစ်သည်။
ကိုရီးယားနိုင်ငံရှိ လေဆိပ်တစ်ခုသို့ မြန်မာအလုပ်သမားများ ရောက်ရှိလာစဉ်
သို့သော် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီဇာသက်တမ်းတိုး လျှောက်မည် ဆိုပါက တောင်ကိုရီးယားနိုင်ငံရှိ လ.ဝ.က ဝန်ထမ်းများအား ဘာသာစကားကျွမ်းကျင်စွာဖြင့် သေချာစွာ ရှင်းပြ နိုင်ပါက အဆင်ပြေကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီ ထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“ကိုရီးယားအနေအထားမျိုးကတော့ အခက်အခဲမရှိဘူးတော့မဟုတ်ဘူး ရှိမယ်။ ပြောရဆိုရ ရှင်းပြရ တာတွေ အလုပ်ပိုလာတာပေါ့။ ကျနော်တို့ ပတ်စပို့သက်တမ်းက သွားမတိုးတာမဟုတ်ဘူး။ သွားတိုးရဲ့သားနဲ့ သံရုံးဘက်ကနေ ထုတ်မပေးလို့ဖြစ်ပါတယ်ဆိုတဲ့ အထောက်အထားတွေကို သက်ဆိုင်ရာ လ.ဝ.က ရုံးတွေကို သွားပြီး ရှင်းပြရမယ်။ ရှင်းပြပြီးတော့ သူတို့မေးတဲ့ မေးခွန်းတွေကို ဖြေရမယ်။ ဒါတွေ ဟုတ်လား၊ မဟုတ်လား သူတို့ စိစစ်ပြီးတော့မှ ဗီဇာကတော့ တိုးပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်။ အကြောင်းအကျိုးဆီလျော်တယ်ဆိုရင် ချွင်းချက်အနေနဲ့ ဥပဒေကို ပြန်လည်စဉ်းစားသုံးသပ်ပေးတယ်ဆိုတာ ကိုရီးယားမှာ အခြေခံဥပဒေမှာရှိတယ်။ ဒီအပေါ်မှာ ဝန်ထမ်းတွေက လိုက်လုပ်တဲ့သဘောပေါ့။ ဥပဒေကတော့ ပတ်စပို့သက်တမ်းမရှိရင် ဗီဇာသက်တမ်းတိုးလို့မရဘူး။ ဥပမာအနေနဲ့ဆို လူသားချင်းစာနာတဲ့ ဗီဇာကို ပြောင်းလဲ ထားတဲ့လူတွေဆိုရင်လည်း ဒီနည်းနဲ့ပဲ အခုတိုးနေတာပဲ။ ပတ်စပို့သက်တမ်းမရှိပေမယ့် ဗီဇာ သက်တမ်းတော့ တိုးလို့ရနေတယ်။ တစ်ကြိမ်မဟုတ်ဘူး။ နှစ်ကြိမ် သုံးကြိမ်အထိကို တိုးနေတဲ့လူတွေရှိပါတယ်။ တစ်ကြိမ်ကို ၆ လနဲ့ပေါ့” ဟု ပြောသည်။
လေဆိပ်တွင် မြန်မာများထံမှ ရှာဖွေတွေ့ရှိသည့် ကွမ်းရွက်အိတ်များ
သို့သော် သံရုံး၌ နိုင်ငံကူးလက်မှတ် ယခင်က သက်တမ်းတိုးလျှောက်ထားပြီးသူများကိုမူ နိုင်ငံကူးလက်မှတ်အသစ် များအား သတ်မှတ်ပေးထားသည့် နေ့ရက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ချက်အရ သိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံတွင် မြန်မာ၊ ယူကရိန်းအပါအဝင် နိုင်ငံသားအချို့အား လူသားချင်းစာနာ ထောက်ထားမှုအရ ထုတ်ပေးထားသည့် G-1 ဗီဇာရှိသည်။
သို့သော် ၎င်းဗီဇာဖြင့် ခရီးသွားမည်ဆိုပါက နိုင်ငံကူးလက်မှတ်သက်တမ်း ၆ လခန့်ရှိရန် လိုအပ်ကြောင်းနှင့် ထို ဗီဇာရယူထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့်အခါတွင် စာအုပ်များအား သိမ်းထားကြောင်းလည်း သိရသည်။
ဒါ့အပြင် တောင်ကိုရီးယားသို့ ဝင်ရောက်လာသည့် မြန်မာလုပ်သားများထံမှ တားမြစ်ထားသည့် အစားအစာများ သယ်ဆောင်လာခြင်းကို လေဆိပ်တွင် မကြာခဏ တွေ့ရှိမှုများနေကြောင်းနှင့် အခြားနိုင်ငံသားများထက် မြန်မာ နိုင်ငံသားများ၏ အိတ်များကို အချိန်ပိုကြာမြင့်သည်အထိ စစ်ဆေးလေ့ရှိကြောင်း ဆိုးလ်မြို့ရှိ အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆိုးလ်မြို့ရှိ အလုပ်သမား သံအရာရှိရုံးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
လေဆိပ်တွင် မြန်မာများထံမှ ရှာဖွေတွေ့ရှိသည့် အသားခြောက်များ
လက်ရှိတွင် စစ်ဆေးတွေ့ရှိသည့် ပစ္စည်းများအား သိမ်းခြင်း၊ ပတ်စပို့မှတ်တမ်းတင်ခံရခြင်းနှင့် ဒဏ်ငွေဆောင်ကြ ရခြင်းတို့ဖြစ်ကြောင်းနှင့် အပတ်စဉ် တွေ့ရှိမှုများလာနေသည့်အတွက် အဖမ်းခံရသည့်သူများအား နောင်တစ်ကြိမ် ပြည်ဝင်ခွင့်ပိတ်မည်ဟု အကြောင်းကြားလာကြောင်း ဆိုးလ်မြို့ရှိ အလုပ်သမား သံအရာရှိရုံး ထုတ်ပြန်ချက်အရ သိရသည်။
ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က “ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေး၊ သတင်းဖြန့်ချိရေးပေါ့ အဲဒီလိုလုပ်ဖို့တော့ လိုမယ်လို့တော့ ယူဆရ တာပေါ့။ လူများတာလည်း ပါမယ်ထင်ပါတယ် သူများနိုင်ငံ ၁၀ ယောက်ဝင်ပြီး ဒီက အယောက် ၁၀၀ ဝင်တာ လည်း ဖြစ်နိုင်သလို တစ်ယောက်မှာ ဒါ ပါသွားပြီဆိုတဲ့အတွက် အသေးစိတ် နောက်လူတွေကို ထပ်စစ်ရင်းနဲ့ ကြန့်ကြာသွားတာတွေလည်း ဖြစ်နိုင်တယ်။ နောက် မြန်မာအနေနဲ့ကလည်း ရှေ့တစ်လ၊ နှစ်လအတွင်းမှာလည်းပဲ လေဆိပ်အဝင်မှာ မူးယစ်ဆေးဝါးမိထားတယ်ဆိုတဲ့ အဖြစ်အပျက်တွေရှိခဲ့တဲ့အခါကြတော့ နိုင်ငံကိုပဲ အဓိက ပိုပြီး တော့ ထားပြီးတော့ လေဆိပ်ဝန်ထမ်းတွေအနေနဲ့ စစ်ဆေးသလား ဆိုတာကတော့ မသိရဘူး။အစားအသောက် ကတော့ ဖြစ်နိုင်ရင် မသယ်ပါနဲ့။ ဒီမှာဝယ်စားလို့ရပါတယ်။ မယူတာကောင်းပါတယ်။ အာသီသ ဖြစ်လို့ပေါ့ ကိုယ် အိမ်လွမ်းစိတ်ကြောင့် စားချင်တယ်ဆိုလည်း ဒီမှာဆိုင်တွေရှိပါတယ်။ ဝယ်စားလို့ ရပါတယ်။ ဈေးလည်း အဲဒီ လောက် ကွာပြီးတော့မှ ဈေးကြီးတဲ့ အမျိုးအစားမဟုတ်ပါဘူး” ဟု ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ငါးသောင်းနီးပါး ရှိပြီး ကျောင်းသွားတက်ရောက်နေသူနှင့် စီးပွားရေးလုပ်ကိုင်နေသူများလည်းရှိကြောင်း သိရသည်။
ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ အသစ်လျှောက်ထားရာတွင် ယခင် ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာအစား ၁၀၅ ဒေါ်လာအဖြစ် ဇူလိုင်လက ပြောင်းလဲတိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 802
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈
ယခုနှစ် မြန်မာနိုင်ငံ၏ မိုးစပါး အထွက်နှုန်းသည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် လယ်တစ်ဧကလျှင် ပျမ်းမျှ တင်း ၂၀ ခန့် တိုးနိုင်ပြီး စုစုပေါင်း ဧက ၁၀ သန်းတွင် စပါးတန်ချိန် သန်းပေါင်း ဆယ် နှင့်ချီ၍ တိုးလာမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။
သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ ပေါင်းသတ်ဈေး စသည်တို့သည် ပြီးခဲ့သည့်နှစ်ထက် ဈေးနှုန်း သက်သာသည့်အပြင် ရရှိသည့် စပါးဈေးနှုန်းသည်လည်း ၃ ပုံ ၁ ပုံခန့် များပြားနေခြင်းကြောင့် တောင်သူ လယ်သမားအများစုသည် ယခုနှစ် မိုးစပါးစိုက်ပျိုးရာ၌ သွင်းအားစု အမြောက်အမြား သုံးစွဲကြခြင်းကြောင့် စပါး အထွက်နှုန်း တိုးလာခြင်း ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်း ဌာနသို့ ပြောသည်။
“ဒီနှစ်ကတော့ အထွက်နှုန်း မလျော့ဘူး။ မနှစ်ကထက်စာရင် တစ်ဧကကို ပျမ်းမျှ ၂၀/၂၅ လောက် ပြန်တိုးမှာ။ ဘာဖြစ်လို့လဲဆိုတော့လေ ဂရုစိုက်ကြတယ်၊ လယ်ထဲမှာ အခုထက်ထိ မြက်ပေါက်ကြတုန်း။ လယ်ထဲမှာ စပါးဖုံး နေပြီ၊ လုံးနေပြီ လယ်ထဲမှာ လူတွေက ပေါင်းကောက်နေတုန်း၊ အစာပက်နေတုန်း၊ ဆေးဖျန်းနေတုန်း၊ မှိုဆေးတို့ ဘာတို့လေ။ ဒီနှစ်က အစာကလည်း မနှစ်ကထက်စာရင် ဈေးက ၃ ပုံ ၁ ပုံလောက် ကျတယ်။ စပါးဈေးက မနှစ်က ထက်စာရင် ၃ ပုံ ၁ ပုံလောက် ပိုတယ်။ အဲဒီလို ဖြစ်တဲ့အတွက် တောင်သူတွေ ဂရုစိုက်ကြတယ်။ အဲဒီတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်အောက်ပိုင်းမှာရှိတဲ့ စပါးကတော့ အထွက်နှုန်းက မနှစ်ကထက်စာရင် ပျမ်းမျှ တစ် ဧကကို ၂၀ နဲ့ ၂၅ တိုးမယ်။ အဲဒီတော့ အောက်မြန်မာပြည်ဖြစ်တဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဆိုရင် ကျန်တဲ့ မွန်ပြည်နယ်တို့ ဘာတို့တော့ သူတို့လည်း နီးနီးကပ်ကပ် ရှိမှာပါလို့။ သူတို့လည်း ဒီလိုပဲ လုပ်ကြမယ် ထင်ပါတယ်။ အခု ပဲခူးတိုင်းရယ်၊ ဧရာဝတီတိုင်းရယ်၊ ရန်ကုန်တိုင်းရယ်၊ ဒီဘက်က ကရင်ပြည်နယ်၊ မွန်ပြည်နယ် က စိုက်လို့ရတဲ့ မြေပြန့်ဒေသတွေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဧက ၁၀ သန်းလောက်မှာ ဘယ်လိုပဲဖြစ်ဖြစ် အန်ကယ် ထင်ပါတယ် မနှစ်ကထက်စာရင် စပါးတန်ချိန် သန်း ဆယ်နှင့်ချီပြီးတော့ တိုးလာမှာပါ ဒီနှစ်က” ဟု ပြောသည်။
စပါးများကိုတွေ့ရစဉ်
ပြီးခဲ့သည့်နှစ်တွင် စပါးစိုက်ပျိုးရာတွင် အသုံးပြုသည့် သွင်းအားစုများသည် ဈေးနှုန်းမြင့်မားနေခြင်းကြောင့် တောင်သူများအနေဖြင့် အသုံးပြုနိုင်မှု နည်းပါးခြင်းကြောင့် စပါးထွက်ရှိမှုနှုန်း နည်းပါးခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူ အများစုသည်ရှိသမျှ လယ်ဧက အားလုံးတွင် ဧကချန်လှပ်ထားမှု မရှိဘဲ ဧကအပြည့် စိုက်ပျိုးမှု လုပ်ဆောင်ထားခြင်းကြောင့် စပါးထွက်ရှိမှုနှုန်းသည် ပြီးခဲ့သည့် နှစ်ထက် ပို၍ရရှိမည်ဟု မျှော်မှန်းထားကြောင်း ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောမယ်ဆိုရင် ထွန်တာယက်တာ၊ စိုက်တာကအစ ဂရုစိုက်ကြတယ် အရင်နှစ်ကထက်စာရင်။ စပါးဈေး ကောင်းတာကို အားပြုပြီးတော့။ ဥပမာ လယ်လပ်ရင် ဘေးက မျိုးဆွဲပြီး ဆွဲစိုက်။ ကိုယ့်ဆီမှာ မျိုးထောင်တာ မရ တဲ့ အခါကျတော့ သူများဆီက ဆွဲစိုက်တာတို့။ နောက် လယ်ချန်မထားဘူး။ နောက်ပိတ်ဆုံး မရတဲ့အဆုံး သီးထပ် စပါးတွေ၊ ရက် ၉၀ တို့၊ ဘေးကျားတို့ ရတဲ့စပါးကို ကျဲကြတာပေါ့။ အရင်တုန်းက လယ်လပ်ရင် လပ်ပါလေ့ဆိုပြီး တော့ ထားကြတာပေါ့။ အခုတော့ လယ်လပ်မထားကြဘူး။ ခါတိုင်းနှစ်ထက်စာရင် စပါးအထွက်နှုန်း စပါးအရနှုန်း တိုးမယ်ပေါ့။ ဘယ်လောက်မှန်းလဲဆိုတော့ မနှစ်ကတော့ ၁၅ ဧကကို ၇၀၀ ထွက်တယ်။ ဒီနှစ်ကတော့ စပါး ပိုထွက်မယ်လို့ မှန်းထားတာပဲ။ စပါးပေါ်မှပဲ သိမှာပေါ့။ ကောက်ထွက်ကလည်း ကောင်းတယ်၊ သမန်းကလည်း ကောင်းတယ်။ တာတွေကလည်း ကောင်းတယ်ဆိုတော့” ဟု ပြောသည်။
ထို့နောက် ယခုနှစ်တွင် ရေကြီးရေလျှံမှုကြောင့် စပါးများ ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်နယ်တွင်လည်း မိုးစပါး များကို ပြန်လည်စိုက်ပျိုးမှုများ ရှိနေကြောင်း၊ ပြည်နယ်အတွင်း စပါးစိုက်ပျိုးမှု၏ ၇၅ ရာခိုင်နှုန်းသည် ကုန်းမြင့် ပိုင်းဖြစ်သည့်အတွက် ထိုဒေသတွင် စပါးထွက်ရှိမှုနှုန်း ကောင်းမွန်နိုင်သည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူ လယ်သမားအသင်းချုပ် အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
စပါးချွေနေစဉ်
၎င်းက “အထွက်နှုန်းကတော့ အပိုင်း ၂ ပိုင်းနဲ့ ပြောရမယ်။ တစ်ပိုင်းက ဘာလဲဆိုတော့ ကုန်းမြင့်ပိုင်း တောင်သူ တွေ ကျတော့လည်း ဒီနှစ်မှာ မိုးကောင်းနေပြန်ရော။ ကုန်းမြင့်ပိုင်းသမားဆိုရင် ကောင်းတယ်။ ကျန်ခဲ့တဲ့နှစ်က မိုးခေါင်လို့ အဆင်ပြေတဲ့ လယ်သမားတွေ ဒီနှစ်မှာ ရေကြီးလို့ သေနေပြန်ရော။ ကုန်းမြင့်ပိုင်း တောင်သူတွေက တော့ ကောင်းပါတယ်။ ကုန်းမြင့်ပိုင်းက ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု ပြောသည်။
ယခုနှစ်၏ မိုးစပါး ထွက်ရှိမှုနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် တိုးလာနိုင်သည်ဟု တောင်သူများက မျှော်မှန်းထားကြ သော်လည်း မိုးစပါး လှိုင်လှိုင်ပေါ်ချိန်တွင် စပါးဈေးနှုန်းများ ကျဆင်းလေ့ရှိခြင်းကြောင့် တောင်သူများ ရှုံးဆုံးမှု ဖြစ်စေမည့် ဈေးနှုန်း မဖြစ်စေရန် လိုအပ်ကြောင်း တောင်သူများက ပြောသည်။
သို့မှသာ လာမည့် နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးလာစေရန်အတွက် ပြန်လည်စိုက်ပျိုးနိုင်မည် ဖြစ်သည် ဟု တောင်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 656
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈
MOU အလုပ်သမားများ သက်တမ်းတိုးရေးအတွက် ယခင်ကကဲ့သို့ ရန်ကုန်မြို့အထိ ပြန်သွားရန် မလိုအပ်ဘဲ မြဝတီနှင့် ကော့သောင်းမြို့များသို့ ပြန်လည် ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်နှင့်အထက် ကျန်ရှိနေသည့် MOU သမားများသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် အလုပ်သမား အများအပြားသည် နေရပ်ပြန်၍ သက်တမ်းတိုးပါက အချိန်ကြန့်ကြာနိုင်သဖြင့် MOU လုပ်ငန်းစဉ်ကို ဖျက်သိမ်း၍ အမည်စာရင်း(Name List) တင်ထားခြင်း၊ ဘတ်(အလုပ်လုပ်ခွင့်)ကဒ်များ လျှောက် ထားကြခြင်းတို့ ပြုလုပ်ထားကြပြီ ဖြစ်သည့်အတွက် ထုတ်ပြန်ချက်သည် နောက်ကျလွန်းနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က“အဓိကကတော့ လုပ်ငန်းစဉ်အနေနဲ့ ပြော မယ်ဆိုရင် ဒီလိုကူညီပေးတာက ကောင်းတဲ့အရာဖြစ်တယ်။ သူလာတဲ့ အေဂျင်စီနဲ့သူ တိုက်ရိုက် ကိုယ့် အလုပ် သမားတွေကို ကိုယ် စနစ်တကျ ကုန်ကျစရိတ် သက်သာအောင် လုပ်ပေးတာကတော့ သိပ်ပြဿနာ မတွေ့ရဘူး။ သို့သော်လည်း ခုနက ပြောသလိုမျိုး ကိုယ့်အေဂျင်စီနဲ့ ကိုယ်မဟုတ်ဘဲနဲ့ တခြားသောပွဲစားတွေ ဆီကနေတဆင့် သွားလာ လှုပ်ရှားမှုတွေ ရှိလာမယ်ဆိုရင် နောက်ဆုံးတော့ ဘယ် process ပဲလုပ်လုပ်၊ ဘယ်လိုပုံစံမျိုးပဲ လုပ်လုပ် အလုပ်သမားတွေက ပိုပြီးတော့ ကုန်ကျစရိတ်တွေ များပြီးတော့ နစ်နာနေတဲ့ အတွက်ကြောင့် ပြဿနာတွေ ရှိနိုင် တယ်။ ဥပမာ မြဝတီနဲ့ ကော့သောင်းမှာ လာပြီးတော့ MOU သက်တမ်း တိုးမယ့်အုပ်စုတွေအနေနဲ့ နံပါတ်တစ် ဘာလုပ်ရမယ်။ နံပါတ်နှစ် ဘာလုပ်ရမယ်။ နံပါတ်သုံး ဘာလုပ်ရမယ် ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်တယ် ဆိုတာကို စနစ်တကျ ထုတ်ပြန်ထားဖို့လိုတယ်။ ကိုယ့်ဘာသာကိုယ် ကုန်ကျစရိတ်နဲ့ လာမယ်ဆိုရင် ၄၅၀-၅၀၀ ဘတ်ဆိုရင်တော့ သွားလာလို့ရတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် အေဂျင်စီကတဆင့် ခေါ်တဲ့အခါကျမှ တစ်ယောက်ကို ၂၀၀၀-၃၀၀၀ ဘတ်တောင်းနေရင် ဒါကလည်း သိပ်ပြဿနာများလာတဲ့အနေအထားမှာ ရှိတယ်” ဟု ပြောသည်။
ထိုသို့ One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံ လုပ်ငန်းခွင်အသီးသီးသို့ ရက်တိုတိုနှင့် ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဉ်အား မကြာမီကာလ၌ ဆောင်ရွက်ပေးသွားမည် ဖြစ်သောကြောင့် လုပ်ငန်းခွင်၏ HR Manager များ၊ တာဝန်ရှိသူများသို့ အသိပေးထားကြရန်၊ စတင်ဖွင့်လှစ်မည့်ရက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
MOU အလုပ်သမား အများအပြားသည် အခြားသော အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ထားပြီး ဖြစ်၍ ယခုကဲ့သို့ မြန်မာနိုင်ငံပြန်ပြီး သက်တမ်းတိုး လုပ်ငန်းစဉ်များအား ဆောင်ရွက်ကြမည် မဟုတ်တော့ ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ကြသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “MOU မှာမှ ၄ နှစ်အုပ်စုကို ဆိုလိုတာ။ ၆ နှစ်အုပ်စုကတော့ အဲဒီ လိုမျိုး ဒီထဲမှာ မပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နယ်စပ်မှာ ပြန်လုပ်ရမယ်ဆိုရင်လည်း အဲဒီတစ်လအတွင်း ဆိုတဲ့ ဟာက အဲဒီ အတောအတွင်းမှာ အဲဒီကာလမှာ ဘယ်လိုလုပ်ပြီးတော့ နေရေး၊ ထိုင်ရေး၊ စားရေး သောက်ရေး ကိစ္စက ပိုပြီးတော့ ကြီးမားမယ်လေ။ အများစု ကတော့ ဒီလမ်းကြောင်းကို ရွေးပါ့မလားပေါ့။ များသောအားဖြင့် က ဒီစက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ ဆိုလို့ ရှိရင် သူတို့ရဲ့ အလုပ်ရှင်တွေ၊ မန်နေဂျာတွေကကြတော့ ပွဲစားတွေ အေဂျင်စီတွေနဲ့ ချိတ် ထားတာ။ သူတို့က အဲဒီအတိုင်းပဲ သွားကြရမှာ။ အဲဒီကတောင်းတဲ့ အကြမ်းဖျင်း ဈေးအတိုင်း အလုပ်သမားတွေ က ပေးရမယ့် သဘောရှိတယ်။ ဒါပေမယ့် အလုပ်သမားအများစုက လုပ်မလား၊ မလုပ်ဘူးလားပေါ့။ အဲဒီကာလ အတောအတွင်းမှာ ရက်တိုတို အတောအတွင်းမှာ ရဖို့ပေါ့နော်။ အဲဒီ ကုန်ကျ စရိတ်တွေက တော်တော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပဲ။ အလုပ်ရှင်တွေက ဥပမာ စိုက်ပေးပြီးတော့ လုပ်တာ တွေ ဖြစ်မှာပါပဲ။ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ထိုင်းတွင် အလုပ်လုပ်နေသည့် အချို့သော MOU လုပ်သားများသည် ပတ်စ်ပို့သက်တမ်း တစ်နှစ်ကျန်ရှိသေးသော် လည်း မြန်မာနိုင်ငံ မပြန်ဘဲ နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပတ်စ်ပို့သက်တမ်း ကုန်ဆုံး၍ အသစ်ပြန်လျှောက်ကြခြင်းဖြစ်ပြီး ထိုသို့ အသစ်လျှောက်သည့် အခါ တွင် ပျောက်ဆုံး/ပျက်စီးများအတွက် ဒဏ်ကြေး ဘတ် ၃၆၅၀ ပေးဆောင်စေရန် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက် တွင် ဘန်ကောက်ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

- By cni
- Category: စီးပွားရေး
- Hits: 718
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆
အထူးစိးပွားရေးဇုန်များ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူး စီးပွားရေးဇုန်တို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သောကြောင့် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ကျင်းပခဲ့သည့် စီးပွားရေးကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောသွားခြင်း ဖြစ်သည်။
မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ ရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ထိရောက် စွာ ဆောင်ရွက်နိုင်မှုမရှိခဲ့သဖြင့် တိုးတက်မှုများနည်းပါးခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အထူးစီးပွားရေးဇုန်များ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှု အမြန် ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း။ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သောကြောင့် စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုတယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်က စီးပွားရေးကော်မတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက်ကိုသာ ဦးစားပေးသည့် ဝိသမလောဘသမား များရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသည့် စီးပွားရေး လုပ်ငန်းရှင်များလည်းရှိ ကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှုများ လုပ်ဆောင်ပေးရန်လိုကြောင်း ၎င်းက ပြောသည်။
ထို့နောက် ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက် ကိုင်တွယ်မှုကို လျှော့နိုင်သမျှ လျှော့ရမည် ဖြစ်ကြောင်း၊ သို့သော လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေး ပျက် ယွင်းအောင် ဆောင်ရွက်နေမှုများကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရခြင်း ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
လက်ရှိတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် လက်နက်ကိုင် ပဋိပက္ခများဆီသို့ ပြောင်းလဲသွားခြင်းကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေသည်။
အဆိုပါ အထူးစီးပွားရေးဇုန်များ အကောင်အထည်မဖော်နိုင်ခြင်းကြောင့် နိုင်ငံခြားငွေ ဝင်ရောက်မှုများ လျှော့ နည်းလာခြင်းနှင့် စီးပွားရေး ဦးမော့နိုင်ရေး အားနည်းနေသည်။

- By cni
- Category: စီးပွားရေး
- Hits: 651
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၆
ဩဂုတ်လဆန်းပိုင်းတွင် မိုးရွာသွန်းမှုများပြီး မြေပြိုကျမှုကြောင့် လမ်းပိုင်းပျက်စီးသွားခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီ - ကော့ကရိတ် အာရှလမ်းသစ်ကို ပြုပြင်ပြီးပြီဖြစ်၍ ယနေ့ (ဩဂုတ်လ ၂၆ ရက်)မှစတင်ကာ ကုန်တင် ကားများအား ဖြတ်သန်းခွင့်ပြုတော့မည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ပျက်စီးသွားသည့် အာရှလမ်းပိုင်းသစ်ကို ပြန်လည်ပြုပြင်ရာတွင် မြေသားလမ်းနှင့် ဘေလီတံတားတစ်ခု တည်ဆောင်ထားခြင်းဖြစ်ပြီး မြေသားလမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ ကတည်းကပင် ခရီးသည် တင်ကားများနှင့် အိမ်စီးကားများကို စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့နောက် ကုန်တင်ကားများအနေဖြင့် ဘေလီတံတားပေါ်တွင် ဖြတ်သန်းသွားကြရမည်ဟု မြန်မာနိုင်ငံ သယ်ယူ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပစ္စည်း စီမံဆောင်ရွက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မိုးက CNI သတင်းဌာနသို့ ပြော သည်။
မြဝတီ-ကော့ကရိတ် အာရှလမ်း ပြင်ဆင်နေစဉ်
၎င်းက “မြေသားလမ်းက ပွင့်နေပြီလေ။ မြေသားလမ်းက Express တို့၊ ကားလေးတွေတို့ သွားလို့ရနေပြီလေ။ အခု က ဘေလီတံတားပေါ်က ဖြတ်ရမှာမို့လို့ ကားကြီးတွေက စောင့်ခိုင်းထားတာလေ။ ကားအသေးတွေနဲ့ Express တွေကတော့ သွားလို့ရနေပြီ၊ သွားနေကြပြီ။ ဒီနေ့တောင် လွှတ်ပေးမယ်လို့ကြားတယ်၊ ၂၈ ရက်နေ့အထိ မနေ တော့ဘူး ဒီနေ့တောင် လွှတ်ပေးဖို့ စီစဉ်နေပြီပေါ့ ပြောတယ်။ ဒါပေမယ့် တကယ်တော့ မထွက်ရသေးပါဘူး ကား ကြီးတွေပေါ့။ ကားလေးတွေတော့ အကုန်သွားလို့ရနေပြီ။ ကားလေးတွေ၊ Express တွေတော့ သွားနေပြီ။ တံတား မှာတော့ နည်းနည်းကျဉ်းမယ်။ ၂ စီး မရနိုင်ဘူးထင်တယ်။ ၁ စီးလောက်ပဲ ရမယ်ထင်တယ်။ တစ်လှည့် စီတော့ သွားရမယ် ထင်တာပဲ” ဟု ပြောသည်။
လက်ရှိတွင် ပြည်ပသို့ တင်ပို့မည့် ပို့ကုန်ကားများနှင့် သွင်းကုန်ကားများသည် သွားလာရန်အတွက် ပြင်ဆင်နေမှု များနေပြီး မြဝတီဒေသအတွက် စားသောက်ကုန် တင်ပို့နေသည့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ကုန်တင်ကား များသည်လည်း ပြင်ဆင်နေပြီ ဖြစ်သည်ဟု သိရသည်။
ဩဂုတ်လ ၇ ရက်နေ့ ကတည်းကပင် ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားခြင်း ဖြစ်သည့်အတွက် မြဝတီ ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်များ အမြောက်အမြား ဖြစ်နေကြောင်း၊ ထို့နောက် မြဝတီသို့ တင်ပို့ရန်အတွက် လည်း ရန်ကုန်အပြင် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသည့် ကုန်စည်များသည်လည်း စုပြုံနေပြီဖြစ်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်း ပြင်ဆင်ထားသည်ကို တွေ့ရစဉ်
အာရှလမ်းပိုင်းသစ်ကို ပြန်လည်ဖြတ်သန်းခွင့် ပြုတော့မည်ဖြစ်ခြင်းကြောင့် ကုန်စည်ပို့ဆောင်မှု များပြားသွား နိုင်သည့်အတွက် မြဝတီကုန်သွယ်ရေးဇုန် အဝင်အထွက်တွင် ကြန့်ကြာမှုများ ဖြစ်သွားနိုင်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“မပို့ရလို့ အောင်းထားတဲ့ ကုန်တွေကတော့ အတက်ရော၊ အဆင်းရော များမှာပေါ့။ အပေါ်မှာလည်းပဲ ဟိုဘက်က ပို့ထားတဲ့ ကုန်တွေက များနေပြီလေ အောက်ကို မပို့ရတော့။ အောက်ကလည်း အပေါ်ကို ပို့ရမယ့် ကုန်တွေက တချို့ဆိုလည်း ဂိုဒေါင်တွေထဲမှာ၊ တချို့ဆိုလည်း ကားပေါ်တွေမှာ၊ လမ်းမှာ ပိတ်မိနေတဲ့ ကားတွေ၊ တချို့ဆို ရက် ၂၀ လောက် ရှိပြီပေါ့နော်။ အဲဒါမျိုးတွေက လမ်းမှာရှိတဲ့ကားတွေပေါ့။ တချို့ကျတော့လည်း အရေးကြီး ကုန်တွေ ကျတော့ ကဲ့သွားကြတာပေါ့။ ကြက်သွန်တို့ ဘာတို့ကျတော့လည်း တခြားကားနဲ့ ပို့လို့ရတော့ ကဲ့သွားကြတာပေါ့ လမ်းဟောင်းနဲ့ပေါ့။ ပြောင်းတို့ဘာတို့ကျတော့ မကဲ့တော့ဘူးပေါ့နော် ကုန်ကျစရိတ်များတာကိုး။ ကြက်သွန်ကျ တော့ ပုပ်သိုးကုန် ဖြစ်နေတဲ့အတွက် ကားတွေနဲ့ ကဲ့ယူကြတယ်။ ပိတ်ဆို့မှု Jammed တော့ မဖြစ်ပါဘူး။ ကား တန်းတော့ များမှာပါ ကား Traffic Jammed နည်းနည်းတော့ ဇုန်အဝင်တော့ ဖြစ်မှာပေါ့။ ဇုန်အဝင်အထွက်တော့ Traffic Jammed နည်းနည်းတော့ ဖြစ်မှာပေါ့။ ဒါပေမယ့်လို့ နောက်ပိုင်းကျရင် သူ့ဟာသူ ပုံမှန်ဖြစ်သွားမှာပါ” ဟု ပြောသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေး၏ အဓိကကျသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့တွင် လမ်းပိုင်းပျက်စီး သွားခြင်းကြောင့် ကုန်သွယ်စီးဆင်းရေး ပြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 709
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅
ရန်ကုန်မြို့ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်၍ စက်တင်ဘာလအထိ ရောင်းချပေးသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
မြို့နယ် ၁၇ မြို့နယ်တွင်ရှိသည့် ရပ်ကွက်အတွင်းနှင့် ဈေးများရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတဆင့် ရောင်းချပေး သွားမည်ဖြစ်ပြီး ဈေးသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရောင်းချပေးခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အိတ်ရေကတော့ ကျနော်တို့ကတော့ ၉ လပိုင်းလောက်တော့ ရောင်းပေးမယ် မှန်းတယ်။ အဲဒီမှာတွေက ပြည်ချိန် ဝယ်တဲ့သူတွေကို အဓိကထား ရောင်းတာ။ ဘယ်လိုကြောင့် ရောင်းပေးလဲဆိုတော့ ဈေးနည်းနည်း သက်သာ အောင်ဗျာ နည်းနည်းလေး သက်သက်သာသာနဲ့ ဝယ်စားလို့ရအောင် ရောင်းပေးတာပါ။ လောလောဆယ် မရှိသေး ဘူး အချောကို ရောင်းပေးဖို့တော့။ ဆိုင် ၁ ဆိုင်ကို လောလောဆယ် ၂၅ အိတ်တော့ ချပေးထားတယ်။ သူတို့ ကုန်တဲ့အပေါ်မှာ မူတည်ပြီးတော့ ပြန်ရောင်းရမယ်” ဟု ပြောသည်။
ဆန်ကို သက်သာသောနှုန်းထားဖြင့် ရောင်းချရာတွင် ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဧည့်မထဆန် တစ်မျိုး တည်းမဟုတ်ဘဲ တခြားသော ဆန်အချောများကိုလည်း သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရန်အတွက် စားသုံးသူ ပြည်သူများက မျှော်လင့်နေကြသည်။
လက်ရှိတွင် ဧည့်မထဆန်ကို သက်သာသောနှုန်းထားဖြင့် စက်တင်ဘာလအထိသာ ရောင်းချပေးခြင်းသည် စားသုံးသူပြည်သူများနှင့် ဈေးကွက်အတွင်း သက်ရောက်မှု အနည်းငယ်သာရှိနိုင်သည်ဟု စီးပွားရေး လေ့လာ သုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ကိုဗစ်ကာလ ရန်ကုန်မြို့တွင် ဆန်များကို သက်သာနှုန်းထားများဖြင့် ရောင်းချပေးစဉ်(ဓါတ်ပုံ-CNI)
“သူ ဘယ်လောက် supply လုပ်နိုင်တဲ့အပေါ်မှာ မူတည်တာပဲလေ။ စဉ်းစားကြည့်လေ ဘာလို့လဲဆိုတော့ စက်တင်ဘာလကုန်အထိပဲလေ။ စက်တင်ဘာလကုန်ပြီးသွားရင် မရောင်းတော့ဘူးဆိုတော့ အဲဒီပြဿနာတစ်ခု၊ နောက်တစ်ခုက ဧည့်မထတစ်ခုပဲဆိုတော့ ဧည့်မထ မစားတဲ့ နည်းနည်း ဆန်အကောင်း စားချင်တဲ့သူတွေကျတော့ ဈေးကြီးပေးပြီး ထပ်ဝယ်စားနေရမှာလား မေးရမှာလေ။ ဆန်ဆိုတာက တစ်မျိုးတည်း ရောင်းမှာလား၊ ကျန်တဲ့ အမျိုးအစားတွေရော မရောင်းပေးဘူးလားဆိုတာ မေးစရာရှိတာပေါ့နော်” ဟု ပြောသည်။
ထို့နောက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသည့် ဆန်ဆိုင်က အမှန်တကယ် ရောင်းချမှု ရှိမရှိနှင့် သတ်မှတ်ထားသော ပမာဏအတိုင်း မှန်ကန်စွာ ရောင်းချနေမှုများကိုလည်း တာဝန်ရှိသူများက အဂတိလိုက်စားမှု ကင်းစွာဖြင့် ထိရောက်စွာ ကြပ်မတ်သင့်ကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအတွက် အဆင်ပြေနိုင်မည် ဖြစ်သည်ဟု သုံးသပ်ကြသည်။
မြို့နယ်အလိုက် ရောင်းချပေးမည့် ဆန်ဆိုင်များမှာ လှိုင်သာယာတွင် (၇)ဆိုင်၊ ရွှေပြည်သာတွင် (၄) ဆိုင်၊ တောင်ဒဂုံတွင် (၄) ဆိုင်၊ မြောက်ဥက္ကလာပတွင် (၅)ဆိုင်၊ မြောက်ဒဂုံတွင် (၂) ဆိုင်၊ ဒဂုံဆိပ်ကမ်းတွင် (၁)ဆိုင်၊ အရှေ့ဒဂုံတွင် (၂)ဆိုင်၊ သင်္ဃန်းကျွန်းတွင် (၃) ဆိုင်၊ ပုဇွန်တောင်တွင် (၁) ဆိုင်၊ သာကေတတွင် (၁)ဆိုင်၊ ဒေါပုံတွင် (၂) ဆိုင်၊ ဒလတွင် (၃) ဆိုင်၊ ကြည့်မြင်တိုင်တွင် (၁) ဆိုင်၊ အလုံတွင် (၁) ဆိုင်၊ ဆိတ်ကြီးခနောင်တိုတွင် (၁)ဆိုင်၊ မင်္ဂလာဒုံတွင် (၃) ဆိုင်၊ အင်းစိန်တွင် (၁) ဆိုင် စသည်ဖြင့် မြို့နယ် ၁၇ ခုရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ရောင်းချပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ထို့နောက် ဆန်များကို သက်သာသောနှုန်းထားဖြင့် ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ဆန် ကုန်စည်ဒိုင်များတွင်လည်း ဆန်အမျိုးအစားမျိုးစုံကို လူတစ်ဦးလျှင် ၂ အိတ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ရန်ကုန်မြို့တစ်မြို့တည်းသာ ကြုံတွေ့နေရခြင်း မဟုတ် ဘဲ မြန်မာတစ်နိုင်ငံလုံး ကြုံတွေ့နေရခြင်းကြောင့် ကျန်ရှိသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ယခု ကဲ့သို့ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးစေလိုသည်ဟု စားသုံးသူပြည်သူများထံမှ သိရသည်။

- By cni
- Category: စီးပွားရေး
- Hits: 901
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာများအနေဖြင့် မိုဘိုင်းဖုန်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင် ရန် ထိုင်းနိုင်ငံ Kbank နှင့် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်(KBZ)တို့ ပူးပေါင်း၍ ဒီဂျစ်တယ် ငွေလွှဲဝန်ဆောင်မှု စတင် ပြီ ဖြစ်ကြောင်း ဩဂုတ် ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။
KBank ၏ K PLUS Mobile Banking ရှိရုံဖြင့် KBZPay ထဲသို့ မြန်မာကျပ်ငွေ ပြောင်းလဲ၍ ငွေလွှဲပေးပို့နိုင်မှာ ဖြစ် ပြီး တစ်ကြိမ်လျှင် ကျပ်ငွေ ၁ သိန်းမှ သိန်း ၅၀ အထိ လွှဲနိုင်ကြောင်း၊ ဝန်ဆောင်ခအနေဖြင့် ဘတ်ငွေ ၅၀ မှ ၂၅၀ အထိ သတ်မှတ်ထားသည့် ငွေလွှဲပမာဏများအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။
ဟွန်ဒီများ(ငွေလွှဲလုပ်ငန်း)ဖြင့် ငွေလွှဲသည့်အခါတွင် လိမ်လည်ခံရမည်ကို စိုးရိမ်စိတ်များ ရှိတတ်သည့်အတွက် ယခုကဲ့သို့ မိမိကိုယ်တိုင် ဖုန်းတစ်လုံးရှိရုံဖြင့် ငွေလွှဲနိုင်ခြင်းသည် ပို၍ လုံခြုံစိတ်ချရပြီး ကောင်းမွန်ကြောင်း ထိုင်း မှာ အလုပ်လုပ်ကိုင်နေသည့် ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
KBZpay- Kplus လုပ်ဆောင်ပုံများကို ပြသထားစဉ်
၎င်းက “ကျနော်တို့ သာမန်အလုပ်သမား တစ်ယောက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံမှ အခုအချိန် ငွေဈေး နဲ့ဆိုရင် တစ်လကို ဝင်ငွေ အများဆုံးရှိမှ ၁၅ သိန်းလောက် ရှိမယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတာပေါ့။ ကျနော်တို့အတွက်ကတော့ အခက်အခဲ မရှိပါဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ ပိုပြီးတော့ လုံခြုံမှု ဖြစ်သွား တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်း ကျနော်တို့ ထိုင်းမှာဖြစ်တာက ပွဲစားတွေနဲ့ လွှဲတဲ့အချိန်ကြ လိမ်ညာ တာတို့ ဘာတို့ဆို တော်တော်ထိတာများတယ်။ လူလိမ်လူညာတွေကလည်း များတယ်။ တကယ်လို့ လိမ်တာမိ သွားပြီဆိုရင် လိုက်ဖို့ဆိုတာကလည်း မလွယ်ဘူး။ သာမန်အလုပ်သမားတစ်ယောက် အလိမ်ခံထိတယ် ဆို တကယ့် လွှဲနေတဲ့ ပွဲစားကြီးတွေနဲ့ တွေ့တဲ့အခါကြရင် ခြိမ်းခြောက်တာတောင် ခံရတာတွေ ရှိတယ်။ ဒီလိုမျိုးဟာ လေး ပေါ်ပေါက်လာတဲ့အတွက် ကောင်းတယ်လို့ပဲ ကျနော်ကမြင်တာပေါ့။ ပိုပြီးတော့ ထိရောက်မှုနဲ့ လုံခြုံမှုနဲ့ ဖြစ်လာမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်နဲ့ ဘဏ်နဲ့ချိတ်ဆက်တဲ့ အတွက်ကြောင့် လွဲချော်မှုက နည်းမယ်။ လိမ်ညာမှုကတော့ နည်းမယ်။ ပိုပြီးတော့ လုံခြုံသွားတာပေါ့ ဘဏ်နဲ့ ဘဏ်နဲ့ဆိုတော့” ဟု ပြောသည်။
KBank ၌ အကောင့်စာအုပ် ဖွင့်မည်ဆိုပါက နိုင်ငံကူးလက်မှတ်၊ မိမိနေထိုင်သည့် ဒေသမှ ထောက်ခံစာနှင့်အတူ ကျောင်းသား ဖြစ်ပါက ကျောင်းသားကဒ်လိုအပ်ပြီး အလုပ်သမားဖြစ်ပါက အလုပ်သမားကဒ် လိုအပ်ကြောင်း သိရသည်။
ယခင်က မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲသည့်အခါတွင် ဘဏ်သို့ လူကိုယ်တိုင်သွား၍ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဟွန်ဒီ(ငွေလွှဲလုပ်ငန်းများ)ဖြင့် လွှဲသည့်အခါတွင် ဝန်ဆောင်ခအဖြစ် ဘတ်ငွေ ၂၀ မှ ၈၀ ခန့်အထိ ဈေးနှုန်း အမျိုး မျိုးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို ထိုင်းရှိ မြန်မာသံရုံးအရှေ့မှာ တွေ့ရစဉ်
ထို့ကြောင့် K PLUS မှ KBZPay သို့ ငွေလွှဲသည့်အခါ ပေးရမည့် ဝန်ဆောင်ခသည် မပြောပလောက်သည့်အတွက် အဆင်ပြေကြောင်းလည်း သုံးသပ်ကြသည်။
သို့သော် ပြည်တွင်း၌ KBZPay အား နယ်ဒေသများ၌ တွင်တွင်ကျယ်ကျယ် မသုံးကြသည့်အပြင် နည်းပညာပိုင်း သိရှိမှု အားနည်းကြသဖြင့် လူလိမ်များလည်း ပေါလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင် ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီခေတ်ကအရမ်းကို လူလိမ်တွေ ပေါတဲ့ခေတ် ဖြစ်တယ်။ ကျနော်တို့သည် အလွယ်တကူ Kpay နဲ့ လွှဲလို့ ရပါတယ်ဆိုတဲ့ ငွေရဲ့ ဓါတ်ပုံတွေ၊ သူတို့ရဲ့ ကိုယ်ပိုင်အကောင့်တွေကို အွန်လိုင်းကနေ ကြေညာလာ နိုင်တယ်။ တချို့တွေကြတော့လည်း တောသူ တောင်သားတွေမှာ Kpay မရှိဘူးလေ။ အဲဒီလိုတွေ လွှဲလာတဲ့အခါကြရင် အလိမ်ခံရနိုင်စရာ အကြောင်းရှိတယ်။ ဒီ Kpay စနစ်ဟာ ပြည်တွင်းထဲမှာတောင်မှ လူလိမ်တွေ ပေါနေတာလေ။ ဒုတိယတစ်ချက်ကတော့ အစိုးရရဲ့ ပေါ်လစီ တစ်ခုလို့ ကျနော်ပြောလို့ရတယ်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြား သား ရွှေ့ပြောင်း အလုပ်သမားတွေ အထူးသဖြင့် ထိုင်းပေါ့ မိခင်နိုင်ငံကို ငွေပြန်လွှဲတဲ့အချိန်မှာ ဘယ်သူက ငွေ ဘယ်လောက် လွှဲတယ်ဆိုတာကို အလွယ်တကူ သိနိုင်တယ်။ အလွယ်တကူလည်း သိရှိနိုင်အောင်လို့” ဟု ပြော သည်။
K PLUS မှ KBZPay သို့ ငွေလွှဲသည့်အခါ ငွေကျပ် ၁ သိန်းလျှင် ဘတ်ငွေ ၁၂၁၆ ဘတ်ဖြင့် သတ်မှတ်သည့်အတွက် ပြင်ပပေါက်ဈေးနှင့် ယှဉ်ပါက ကွာဟချက်များကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
ထို့ကြောင့် ၎င်းမှ ငွေလွှဲခြင်းအစား ပြင်ပမှ ငွေလွှဲခြင်းများကို ဆက်လက် လုပ်ဆောင်နေကြဦးမည်ဖြစ်သဖြင့် ဈေးနှုန်းထားတစ်ခု ပြောင်းလဲသတ်မှတ်ပေး၍ ဆောင်ရွက်မည်ဆိုပါက ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 697
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄
ပြည်တွင်းတွင် ဆန်ဈေးနှုန်း အဆမတန် မြင့်တက်နေရခြင်းသည် နစက၏ လုပ်ရပ်နှင့် မကင်းကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိတွင် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်ပသို့ တင်ပို့နေသည့် မြန်မာ့ဆန်ဈေးနှုန်းလည်း မြင့်တက်မှုကို ကုန်သည်များက မျှော်လင့်နေကြောင်း၊ ပြည်ပတင်ပို့မှုများနှင့် ပတ်သက်၍ မူဝါဒများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် နစကအနေဖြင့် ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းရေးနှင့် ပတ်သက်၍ ထိရောက်စွာ လုပ်ဆောင်မှု မရှိဘဲ ငြိမ်နေသည့်သဘော ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“စပါးဈေးတက်အောင် လုပ်နေတာက ရှင်းရှင်းပြောရရင် နစကလက်ချက်လည်း မကင်းဘူး။ ဒီနေ့ သူတို့ဆီက ထွက်လာတဲ့စကားအရ။ သူတို့ မူဝါဒတွေ ပြန်လည်သုံးသပ်မယ်။ သူတို့ Export Earning သိပ်ရချင်တဲ့အခါ ကျတော့ Export က ဆန်စပါးက ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးက ဟို market တွေ ပိတ်ပြီ၊ ဒီ market တွေ ပိတ်ပြီဆိုတော့ ဆန်ဈေးက တက်လာဖို့ ရှိတယ်လို့ သူက မျှော်မှန်းပြီးတော့ သူက ဆန်ဈေးကို ဆွဲတင်နေတာ။ ဘာလို့ဆို သူတို့ပြောတဲ့စကားက ပြည်ပပို့ကုန်သမားကို အားပေးအားမြှောက်ပြုမယ်တို့ ဘာတို့ပြောတော့ အဲဒီ စကားတွေရော၊ နောက်ပြီးတော့မှ ကျနော်တို့ မူဝါဒ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ စကားလုံးတွေရော၊ နောက်ပြီး ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးက တက်လာနေပြီဆိုတဲ့ ဟာတွေရောဆိုတော့ ဒီလက်ချက်က နစက လက်ချက် လည်း မကင်းဘူး။ ဆန်ဈေးတက်တာတောင် ငြိမ်နေတယ်ဆိုတော့ သွားပြီပေါ့” ဟု ပြောသည်။
လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းများသည် စံချိန်တင် မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၈,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၂၅,၅၀၀၊ ဆင်းသုခ ဆန်တစ်အိတ်ကို ၉၅,၀၀၀ ကျပ်၊ ဧည့်မထ ၂၅ မှတ် ဆန်ကြမ်းသည် ၇၀,၀၀၀ ကျပ် စသဖြင့် အသီးသီး မြင့်တက်လျက်ရှိနေသည်။
နိုင်ငံတကာ ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်ပတင်ပို့သည့် ဆန်များ ဈေးနှုန်းမြင့်တက်သွားကြောင်း၊ ထို့ အတူ ပြည်တွင်းတွင် စားသုံးနေသည့် ဆန်ဈေးနှုန်းများ လိုက်ပါမြင့်တက်သွားခြင်းကြောင့် စားသုံးသူ ပြည်သူများ အနေဖြင့် ဈေးကြီး ဝယ်စားနေကြရသည်ဟု ဦးသက်ဇော်က ဆက်ပြောသည်။
“ဆန်ဈေးတက်နေတာက ဆန်ကုန်သည်တွေက Export မျှော်လင့်ချက်နဲ့ Export တွေက ဈေးနှုန်းတွေ တက်နေ တော့ ဆန်အဝယ်လိုက်အောင်လို့ ဆွဲတင်တာ။ အမှန်မှာ အဲဒါလုပ်တာက လုပ်နည်းကိုင်နည်း မှားနေတယ်။ အစိုးရကလည်း Export ပရိုမိုးရှင်း လုပ်သော်ငြားလည်းပဲ ပြည်တွင်းဖူလုံမှု ပြီးတော့မှ Export ပရိုမိုးရှင်းကို လုပ်သင့်တယ်လို့ အကြံပြုလိုတယ်။ ဆန်ကုန်သည်ကြီးများအသင်းကလည်း ရသလောက် တင်မယ်။ ရသလောက် တင်ဖို့အတွက် ပြည်တွင်းကို ကိစ္စမရှိဘူး။ ပြည်တွင်းကိစ္စကို သူတို့ဂရုမစိုက်ဘဲနဲ့ ရှိသမျှ ဆန်ကို ဝယ်ပြီးတော့ ဈေးကြီး ပေးဝယ်ပြီးတော့ တင်တယ်။ တင်တော့ ပြည်တွင်းဈေးကွက်မှာ ဈေးတွေက ကြီးသွားတယ်။ ကြီးသွား တော့ Export တော့ သွားပါရဲ့ ပြည်တွင်းဈေးကြီးတဲ့ဒဏ်ကို ပြည်ပပို့တဲ့ နှုန်းအတိုင်း လိုက်တက်တော့ ပြည်သူ ပြည်သားတွေ ဒုက္ခရောက်တာပေါ့။ အဲဒီနှုန်းထားအတိုင်း လိုက်ပေးစားနေသလို ဖြစ်တာပေါ့” ဟု ပြောသည်။
လက်ရှိ ပြည်တွင်းတွင် ဆန်၊ စပါးဈေးနှုန်းများသည် တရှိန်ထိုး မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ဈေးနှုန်းကျရန် လုပ်ဆောင်နေပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ ထိန်းညှိမှုများကို ဆောင်ရွက်သွားမည် ဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လာမည့် ၂ လအတွင်း မိုးစပါးများ လှိုင်လှိုင်ပေါ်လာတော့မည် ဖြစ်သည့်အတွက် အစိုးရအနေဖြင့် လက်ရှိ ဆန်ဈေး နှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန် သိုလှောင်ထားသည့် အရန်ဆန်များကို သက်သာသောနှုန်းထားများဖြင့် ထုတ် ရောင်းပေးမည်ဆိုပါက ပြည်သူများ၏ စိုးရိမ်စိတ်များကို ထိန်းသိမ်းရာ ရောက်နိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“အန်ကယ်ပြောချင်တာတော့ အရန်ဆန်ရှိတာကို အခြေခံဝန်ထမ်းနဲ့ အခြေခံ လူတန်းစားတွေ ရှိရာအရပ်မှာ အခြေခံဝန်ထမ်းတွေလည်း ၁ လကို တစ်အိမ်ကို တစ်အိတ်လောက် လုပ်ပေးလို့ ရပါတယ်။ ဒါမှမဟုတ် ၁ တင်းပဲ ဖြစ်ဖြစ်ပေါ့ ထုတ်ပေးလို့ ရပါတယ် တင့်သင့်မျှတတဲ့ ဈေးနဲ့ပေါ့။ နောက်တစ်ခုက ဆင်းရဲသား ရပ်ကွက်တွေ မှာလည်း ၁ အိတ်ကို ၆ သောင်းနှုန်းနဲ့ တစ်မိသားစုကို ဘယ်လောက်ဆိုတဲ့ နှုန်းထားနဲ့ အမြဲတမ်း ကားကြီးနဲ့ ပတ်ပြီးတော့ ရောင်းမယ် အဲဒီလှည့်ပတ်သွားတဲ့ စရိတ်အပါ ဆန်ဖိုးကို နည်းနည်းတင်လည်း ကိစ္စမရှိပါဘူး။ အရန်ဆန်ရှိနေတဲ့အတွက် ဒီနေရာမှာ အသုံးချလို့ ရပါပြီ။ နောက် ၂ လဆိုရင်လည်းပဲ စပါးအသစ်တွေ ပေါ်တော့မှာဆိုတော့ လက်ရှိအရန်ဆန်ကို လှယ်လိုက်ခြင်းအားဖြင့် ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေကိုလည်း ထိန်းသိမ်းပေးရာရောက်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မိုးစပါး ရောင်းဈေးသည် ကျပ် ၉ သိန်းနှင့် ၁၀ သိန်းကျပ် ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိ ၂၀၂၃ ခုနှစ်တွင် ၁၇ သိန်း၊ ၁၈ သိန်း ဝန်းကျင် ပေါက်ဈေးရှိနေပြီး ယခင်က ၅၃၀၀၀၀(ငါးသိန်းသုံးသောင်း) ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့သည့် ဧည့်မထဆန်သည် လက်ရှိတွင် ၁၈ သိန်းကျပ် ဝန်းကျင် ဖြစ်ပေါ်နေသည်။
လက်ရှိတွင် ပြည်တွင်းရှိ ဆန်၊ စပါးဈေးနှုန်းများ ကောင်းမွန်နေသော်လည်း စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် သွင်းအားစုစရိတ်များ၊ ရိတ်သိမ်းခြွေလှေ့ခနှုန်းထားများ မြင့်တက်နေခြင်း ကြောင့် တောင်သူလယ်သမား အများစုသည် အကျိုးအမြတ် ရရှိမှု အနည်းငယ်သာ ရှိကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အရန်ဆန်များကို ထုတ်ရောင်းရာတွင် လက်ရှိအချိန်တွင် ထုတ်ရောင်းသင့် ကြောင်း၊ တောင်သူများ စပါးလှိုင်လှိုင်ပေါ်ချိန်တွင် အရန်ဆန်များကို ထုတ်ရောင်းမည်ဆိုပါက တောင်သူများ ရရှိသည့် စပါးဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ပြီး အရှုံးနှင့် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း တောင်သူ လယ်သမားများက သုံးသပ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 766
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းနိုင်ငံသား ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ပေးမည့် အချိန်ကာလအတိအကျအား မသိရှိရသေး သော်လည်း လာမည့်ပွင့်လင်းရာသီ ခရီးသွားကာလတွင် စတင်နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “ဒီဟာကတော့ အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်တယ်။ ကမ္ဘာမှာလည်း ပြည်ပကို ခရီးသွားလာမှု အများဆုံး တိုင်းပြည်တွေလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ နောက်ပြီးတော့ ကျနော်တို့နိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေထဲမှာ လည်း အများဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီနိုင်ငံတွေကို ပေးဖို့စီစဉ်တာပါ။ လောလောဆယ် တော့ ကျနော်သိထားတာ အဲဒီနှစ်နိုင်ငံပဲ ကျန်တာတွေလည်း ဆက်လက်ပြီးတော့မှ ပေးမယ်ထင်ပါတယ်။ သူတို့ နည်းနည်းလေး ဒီသတင်းလေး စောစောစီးစီး ခွင့်ပြုမိန့်ရပြီးတော့မှ သူတို့ဆီမှာ marketing လုပ်နိုင်မယ်ဆိုရင် တော့ များလာနိုင်ပါတယ် ဒါပေမယ့် ဒီ visa on arrival က ကျနော်တို့ပေးလို့လည်းမရဘူးလေ။ နိုင်ငံခြားရေးတို့ လ.ဝ.က တို့ရဲ့ အစီအမံနဲ့ပဲ သွားရမှာလေ” ဟု ပြောသည်။
Bagan မှာ တရုတ်ခရီးသွားကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးခဲ့ရာ၌ ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာ အတွင်း ရန်ကုန်လေဆိပ်မှ အိန္ဒိယနိုင်ငံသားခရီးသွားများ ၁၃,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်ခရီးသွား ဝင်ရောက်မှုသည် ၅၂၀,၀၀၀ ကျော် အထိ ရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးရာတွင် ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွား ရလဒ် အပေါ်မူတည်ကာ ဆက်လက် ဆောင်ရွက်ရန် သင့်/မသင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံခြား ခရီးသွားများကို လေဆိပ်မှာတွေ့ရစဉ်
၎င်းက “လောလောဆယ်တော့ အန်ကယ်တို့က လုံးလုံးကို လဲနေတဲ့လူဆိုတော့ ပြန်ထဖို့က အကူအညီလိုတာပေါ့။ အဲဒီ တော့ current situation အရကတော့ ဧည့်သည်ဝင်လာဖို့ကို first variety လုပ်ပြီးတော့ ဒီ plan တွေကို ချနေတာ။ ဒါကြောင့်မို့လို့ Visa on arrival တွေက ဒီအတိုင်းသွားတာ။ အဲဒီမှာမှ impact တွေကြည့်မှာပေါ့။ အဲဒါ တွေ ဖွင့်ပေးလိုက်ပြီးမှ positive, negative impact တွေကို ကြည့်ပြီးခါမှ ဒါတွေကို ဖြေးဖြေးချင်း တိုးချင်လည်း တိုးမယ်၊ လျှော့ချင်လည်း လျှော့မယ်။ အလုပ်ကတော့ စီးပွားရေးကတော့ ဒီအတိုင်းပဲ သွားကြရမှာပဲ။ နိုင်ငံတော် အနေနဲ့လည်း ဒီအတိုင်းပဲ လုပ်ရမယ်။ Visa on arrival ကို ထပ်ပြီးတော့ ဖွင့်ပေးဦးမလား ဒါမှမဟုတ်ရင် အခြေအ နေက negative impact တွေ များလာတယ်ဆိုရင် ဒါတွေကို ဖြေးဖြေးချင်း လျှော့သွားမလား။ ဒီလမ်းကြောင်းနဲ့ပဲ သွားကြမှာပဲ” ဟု ပြောသည်။
ထို့အပြင် ဆိုက်ရောက်ဗီဇာ (Visa on arrival) အား တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအပြင် ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများလည်း ပါမည်ဟု ကြားသိရကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။
ထိုသို့ ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးမည်ဆိုပါက နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခု ထက် ပိုမိုရှိလာနိုင်သဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ နိုင်ငံခြားသား ခရီးသွားများအပေါ် ကန့်သတ်ထားမှုအား ဖြေ လျှော့ ပေးစေချင်ကြောင်းလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်းကိုတော့ သူတို့ လာခွင့်တော့ ပေးလောက်မယ် မထင်ဘူး။ အနေအ ထား ကလည်း ပေးနိုင်တဲ့အနေအထား မရှိသေးဘူးလို့ သူတို့ သုံးသပ်ထားတယ်နဲ့ တူပါတယ်။ တကယ်လို့ Visa on arrival နဲ့ ခွင့်ပြုလို့လာမယ်ဆိုရင် ကျနော်ထင်တယ် ကျနော်တို့ ရှမ်းမြောက်တော့ မပါလောက်သေးဘူးလို့ ထင်ပါ တယ်။ လားရှိုးဆိုရင် နိုင်ငံခြားသား လာခွင့်ရှိတဲ့ မြို့ဖြစ်တယ်။ လေယာဉ်နဲ့လည်း ရောက်တယ်၊ ရထားနဲ့လည်း ရောက်တယ်ပေါ့။ အဓိကကတော့ လေယာဉ်ပေါ့။ လားရှိုးမြို့အထိတော့ ဖွင့်ပေးသင့်တယ်လို့တော့ ထင်မြင်ယူဆမိ တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားခရီးသည် အရေအတွက်သည် ၂၀၁၈ ခုနှစ်တွင် ၃.၅၅ သန်းခန့်၊ ၂၀၁၉ ခုနှစ်က ၄ ဒသမ ၅ သန်းကျော်၊ ၂၀၂၀ ခုနှစ်တွင် ၈၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ကိုဗစ်အလွန် ကာလ ၂၀၂၁ ခုနှစ်တွင် ၁၂၀,၀၀၀ ကျော်နှင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ၃၆၀,၀၀၀ ကျော်အထိ ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1239
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ဒေါ်လာဈေး မြင့်တက်စေရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် လုပ် ဆောင်နေသူများထဲတွင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များလည်း ပါဝင်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ထောက်ပြကြသည်။
ဘဏ်စနစ်ပြိုလဲအောင် တိုက်ခိုက်ခံရချိန်တွင် ယခုရှိနေသည့် ဘဏ်များကို အကူအညီပေးခဲ့သော်လည်း ယခု အချိန်မှာတော့ တချို့ဘဏ်များသည် သစ္စာမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နစက၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ပြောဆိုချက်သည် ဗဟိုဘဏ်က ဒေါ်လာများကို ၂၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချရမည်ဟု သတ်မှတ်ထား သော်လည်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များသည် အပြင်ပေါက်ဈေးနှင့် ချိန်ညှိ၍ သွယ်ဝိုက်သောနည်းဖြင့် ရောင်းချနေခြင်းကို ပြောဆိုခြင်းဟု နားလည်ကြောင်း Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့အထဲမှာ ပါတာတော့ သူဆိုလိုတာက အစိုးရက ၂၉၀၀ နဲ့ ရောင်းပေးတယ် ပေါ့လေ။ ဒါပေမယ့် ဘဏ်တွေကျတော့ အဲဒီဈေးနဲ့ တရားဝင် ရောင်းပေးရမှာပေါ့လေ။ ၂၉၀၀ နဲ့ ရောင်းပေးရင် ၂၉၀၂ ကျပ်နဲ့ ၂ ကျပ်လောက်ပဲ စားပြီး ရောင်းပေးသင့်တာပေါ့။ အခုက မဟုတ်ဘူး အပြင်ပေါက်ဈေးနဲ့ ချိန်ညှိပြီး တော့ လက်သိပ်ထိုး ရောင်းတယ်ဆိုတဲ့ သဘောမျိုး ဆိုလိုတယ်လို့ ကျနော်ကတော့ နားလည်တယ် သူ့ ဗွီဒီယို လည်း ကြည့်တော့လေ။ အဲဒါမျိုးက လက်ရှိအပြင်မှာလည်း ဖြစ်နေတယ်။ တကယ်လည်း သွားဝယ်လို့ မရဘူး။ ဥပမာ ဗဟိုဘဏ် ပေါက်ဈေးက ၂၉၀၀ နဲ့ ရောင်းတယ်ပေါ့လေ။ ကျနော်တို့က ဘဏ်မှာ သွားဝယ်ရင် မရဘူး။ ဘယ်လိုတောင် တွေ့လဲဆိုရင် မြန်မာနိုင်ငံကပိုင်တဲ့ လေကြောင်းလိုင်းလေ MAI တို့တောင်မှ အားလုံးက ဒေါ်လာ ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်ရမယ် ဖြစ်နေတဲ့အခါကျတော့ သူတို့ ဒီရောင်းဝယ်ဈေးနဲ့ပဲ လုပ်တယ် ၂၉၀၀ ပေါ့ ဗဟိုဘဏ်ပေါက်ဈေး။ ဒါပေမယ့် ဘေးနားမှာ Service charge ဆိုပြီးတော့မှ ၇၅၀ တို့ ထပ်ပေါင်းတာမျိုး ရှိတယ်။ ဒါကတော့ လေကြောင်းလိုင်းပေါ့လေ”ဟု ပြောသည်။
ပြည်တွင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းခွင်တစ်ခု
လက်ရှိတွင် ဘဏ်များသည် ကြားခံလူ သုံး၍ အရောင်းအဝယ် လုပ်နေကြောင်း Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က ပြောသည်။
၎င်းက “ ဘဏ်တွေမှာကျတော့ အချင်းချင်း account to account transfer တွေ ရှိတာပေါ့။ ဘဏ်တွေမှာ ကျနော်တို့ သွားဝယ်မယ်ဆိုရင် ၂၉၀၀ နဲ့ မရှိတော့ဘူး ကုန်သွားပြီ။ ဒါပေမယ့် သူတို့အချင်းချင်းမှာ ပြန်ဝယ်ရ တယ်။ အဲဒီတော့ ဘယ်လိုလဲဆိုတော့ ဘဏ်ကနေပြီးတော့ လူတစ်ယောက်ကို ထားလိုက်တာပေါ့။ သူတို့ကနေ ရောင်းပေးလိုက်တာပေါ့ သူ့အကောင့်ကနေ။ အဲဒီလိုမျိုးသဘောနဲ့ ရောင်းပေးတာ ရှိတယ်။ ဘဏ်ကတော့ တိုက် ရိုက် မဟုတ်တော့ဘူးပေါ့။ ကြားခံတစ်ယောက်ခံပြီးတော့ account transfer နဲ့ ရောင်းပေးတဲ့ သဘောမျိုးတွေ လုပ်တော့ ပိုပြီးတော့ ရောင်းတာမျိုး ဖြစ်နေတာပေါ့။ ဘဏ်ကတော့ မရောင်းဘူး ဒါပေမယ့် ဘဏ်နဲ့ ပတ်သက်တဲ့ သူတစ်ယောက်က ကိုင်ထားပေးပြီးတော့ သူကတဆင့် အရောင်းအဝယ် လုပ်တာမျိုး။ ကျမဆီမှာတော့ မရှိဘူး သူ့ဆီမှာတော့ ရှိတယ်။ ဝယ်ချင်ရင် သွားဝယ် အဲဒီဈေးနဲ့ပေါ့ အဲဒီလိုမျိုး” ဟု ပြောသည်။
ထို့နောက် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များက ငွေကြေးဈေးကွက်ကို ကစားနေမှုများ ရှိသကဲ့သို့ ကုန်သည်များ ကလည်း ဒေါ်လာဈေးနှုန်းများကို ကစားနေမှုများ ရှိနေကြောင်း၊ ဘဏ်တစ်ခုတည်း မဟုတ်ဘဲ ကုန်သည်များ ကိုလည်း ထိန်းချုပ်ရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“ပုဂ္ဂလိကဘဏ်တွေလည်း သူတို့လည်း ကစားတာပေါ့နော်။ ကစားတဲ့အထဲမှာ ပါတယ်။ ဒါပေမယ့် သူတို့ဖော် ထုတ်လို့ မကောင်းလို့ မဖော်ထုတ်တာပေါ့နော် ကစားတဲ့အထဲမှာတော့ ပါတယ်။ သူတို့ပြောတဲ့အတိုင်းဆိုရင် ၂၉၀၂ ကျပ်နဲ့ ပြန်ရောင်းပေးတာတောင်မှ ကုန်သည်တွေက အပြင်မှာ ၃၅၀၀ နဲ့ ပြန်ရောင်းပြီးတော့ အလုပ်လုပ်တာ ပေါ့နော်။ အဲဒါတွေကျတော့ ပြည်သူပြည်သား ဒုက္ခရောက်စေတာပေါ့နော်။ မနေ့ကပြောတဲ့ သတင်းစာရှင်းလင်းပွဲ အရ ဆရာတို့ သိရတာပေါ့နော်။ ဘဏ်တစ်ခုတည်းနဲ့တော့ မရဘူး။ အပြင်မှာ ကုန်သည်တွေပါ ထိန်းမှရမှာ။ ကုန်သည်တွေက သွင်းကုန်ထုတ်ကုန်မှာ သူတို့ ၂၉၂၂ ကျပ်နဲ့ လုပ်လို့ရတဲ့ကြားထဲကို ၃၅၀၀ နဲ့ တွက်ပြီး ရောင်းဝယ်နေတာက အဲဒီတစ်ချက်ကို သူတို့ ထိန်းပေးရမှာပေါ့နော်။ အဲဒီဟာကိုတော့ မကိုင်တွယ်နိုင်ရင်တော့ ဒေါ်လာဈေးက ကျမှာ မဟုတ်ဘူးလေ။ အဲဒါကိုတော့ ထိန်းသိမ်းကာကွယ်ရမှာပေါ့။ ရွှေဈေးလည်း တူတူပဲ။ တစ်အောင်စကို ၂၉ သိန်းလောက်ပဲ ဖြစ်သင့်တာပေါ့နော်။ ဒါပေမယ့် အပြင်မှာ ၃၇ သိန်းလောက် ဖြစ်နေတယ် လောလောဆယ်မှာ။ ဒါကြောင့်မို့လို့ ဒီဟာကိုတော့ ကာကွယ်ထိန်းချုပ်သင့်တယ်လို့ ဆရာတို့ မြင်ပါတယ်ဗျ” ဟု ပြောသည်။
ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာဈေးနှုန်းသည် ၂၁၀၀ ကျပ်ဖြစ်နေပေမယ့်လည်း ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၃၈၇၅ ကျပ်အထိ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရှိ ရွှေအပါအဝင် စက်သုံးဆီ၊ စားသုံးဆီ စသည့် ကုန်ဈေးနှုန်းများသည် နေ့စဉ်နှင့်အမျှ မြင့်တက်လျက် ရှိနေသည်။

- By cni
- Category: စီးပွားရေး
- Hits: 713
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃
မြန်မာနိုင်ငံ၏ ခရီးသွားဒေသများ၌ နယ်မြေလုံခြုံမှုရှိပြီး အေးချမ်းမှသာလျှင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများ ဝင်လာနိုင်ဖွယ်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် ဆောင်ရွက် သွားမည့်အကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Holding Group Co.,Ltd Deputy CEO နှင့် Rich Resource International Investment Co.,Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ရာတွင် ၎င်းတို့ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် ဆွဲဆောင် ရမည်ဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ နယ်မြေ မလုံခြုံမှုအပေါ် စိုးရိမ်စိတ် ရှိနေကြခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်သက်သက်ခိုင်နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံစဉ်
“ဘာလို့လဲ ဆိုတော့ အခုသူတို့က ထင်နေတာက ကျနော်လည်း ကူမင်းကုန်စည်ပြပွဲသွားထားတာ ၃ ရက်လောက် ရှိသေးတယ် ပြန်လာတာ။ သူတို့နဲ့ ခရီးသွားလုပ်ငန်းလည်း ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးဖြစ်တဲ့အခါမှာ သူတို့က လည်း အဓိကကတော့ ကျနော်တို့နိုင်ငံက မတည်ငြိမ်ဘူးပေါ့။ အရင်ဆုံးနိုင်ငံတော် ငြိမ်ဝပ် ငြိမ်းချမ်းအောင် တော့ အရင်လုပ်သင့်တယ်ပေါ့၊ သူတို့အဲဒီအချက်တစ်ချက် ဆွေးနွေးလာတာတော့ ရှိတယ်။ သူတို့လာတဲ့ အချိန် မှာ safety ဖြစ်တယ်ဆိုရင်တော့ သူတို့ ကျနော်တို့နိုင်ငံကို လာချင်တဲ့သူ တော်တော်များပါတယ်။ ကျနော်တို့ နိုင်ငံ ကို invest လုပ်ချင်တဲ့လူတွေရော၊ စီးပွားရေးအနေနဲ့ ကမ်းလှမ်းလာတဲ့ အဖွဲ့အစည်းတွေလည်း ကျနော်တို့နဲ့ လာ ဆွေးနွေးဖြစ်တာတွေ များပါတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ကျနော်တို့နိုင်ငံကို သူတို့ တော်တော်များများ စိတ်ဝင်စားတယ်။ ကုန်စည်ကူးသန်းမှု export , import ကိစ္စလည်း သူတို့အများကြီး စိတ်ဝင်စားတယ်။ ခရီးသွား လုပ်ငန်းလည်း သူတို့ ဒီဘက်ကိုလာချင်တယ်။ ကျနော်တို့ဆီက ခရီးသွားဧည့်သည်တွေလည်း သူတို့ဆီကို လာစေ ချင်တယ်ပေါ့။ ပိုဆိုးတာက ကျနော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေကို လာခွင့်မပေးတော့တာ ပေါ့နော်။ လေယာဉ်လက်မှတ် မရောင်းပေးတာပေါ့ အဲဒါတွေ အားလုံးကလည်း ခရီးသွားလုပ်ငန်းကို တော်တော် လေး ထိခိုက်စေတယ်။
ဒါလေးကတော့ တကယ့်ကို ကျနော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပေါ့။ ဒါလေးကို ဖြေလျှော့ပေးဖို့ လိုအပ်တယ်ပေါ့” ဟု ၎င်းက ပြောသည်။
တရုတ် ခရီးသွားများကိုတွေ့ရစဉ်
မကြာသေးခင်က တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ သားများကို ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာမှု ခွင့်ပြုသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်လာသည်ကို တွေ့ရသည်။
ထို့ကြောင့် ဝင်ရောက်လာသည့် တရုတ်ခရီးသွား ဧည့်သည်များ ငွေကြေးသုံးစွဲမှု၊ လွယ်ကူချောမွေ့စွာသွားလာ လည်ပတ်နိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေး အတွက် ဗီဇာ ဖြေလျှော့ပေးရေးလည်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယခင်က တရုတ်နှင့်ပတ်သက်၍ အကောင်းနှင့်အဆိုး ၅၀ ရာခိုင်နှုန်းဖြစ်သော်လည်း တရုတ်ခရီးသွားများသည် ငွေကြေးသုံးစွဲနိုင်ကြသဖြင့် တရုတ်ခရီးသွား အများအပြား ဝင်ရောက်လာစေရေးကို ဦးစွာလုပ်ဆောင်ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဒါပေမယ့် တရုတ်က ဖွံ့ဖြိုးနေတဲ့နိုင်ငံဆိုတော့ more than ၅၀ ရာခိုင်နှုန်းက သူက spending power ကောင်း တယ်လေ။ Europe သွားတော့လည်း Chinese tourist တွေပဲ အများဆုံး တွေ့နေရတာပဲ။
အဲဒါကြောင့် မို့လို့ သူတို့ကို welcome လုပ်တဲ့အနေနဲ့ ဂျာမနီတို့၊ ဆွစ်ဇလန်တို့ souvenir ဆိုင်ကြီးတွေ တကယ့်ဆိုင်ကြီးတွေ European အမျိုးသမီးကြီးတွေက Chinese language ကို သေချာကြီး ကောင်းကောင်း သင်ထားပြီးတော့ ဝန်ထမ်းတွေအဖြစ်နဲ့ ခန့်ထားကြတာ။ သူတို့လည်း welcome လုပ်ကြတာပဲ။ အန်ကယ်တို့ဆီမှာလည်း တကယ် သာ တည်ငြိမ်သွားမယ်၊ တရုတ်ကလည်း ဝင်လာမယ်ဆိုလို့ရှိရင်တော့ ကောင်းတဲ့ဘက်က များပါတယ်။ အဲဒါပြီးခါ မှ နောက်က restaurant တို့၊ souvenir တို့ အဲဒါတွေ ဖြေးဖြေးချင်းဝင်လာမှာ။ သူသွားမယ့် process က ဒီအတိုင်း ပဲ သွားလိမ့်မယ်။ အရင်တုန်းကတော့ အဲဒီလို open to all လုပ်တာမဟုတ်ဘူး။ လာလုပ်တဲ့ investor တွေကို နိုင်ငံတော်ကနေ requite လုပ်နေတာ။ စဉ်းတော့စဉ်းစားကြလိမ့်မယ်ထင်တယ်။ နယ်မြေအခြေအနေက မကောင်း တဲ့ အခါကြတော့။ ဒါကတော့ welcome လုပ်တာကတော့ လုပ်ရမှာပေါ့။ ကိုယ်က invite လုပ်တာပေါ့။ သို့သော် လည်းပဲ ဟိုဘက်က investor တွေကကြတော့ နည်းနည်းစဉ်းစားတော့မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၃၆၇,၃၆၈ ဦး ဝင် ရောက်ခဲ့ပြီး ထိုထဲတွင် တရုတ်ခရီးသွား ဧည့်သည် ၄၈,၃၄၂ ဦး ပါဝင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်း အချက် အလက်များအရ သိရသည်။