
- By CNI
- Category: စီးပွားရေး
- Hits: 960
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃
အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ၏ လိုင်စင်အာမခံကြေး အား ယခင်နှုန်းထားထက် ၃ ဆခန့် တိုးမြှင့်ကောက်ယူရန် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) သို့ သဘောထားတောင်းခံထားကြောင်း အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
ကောက်ခံမည့်နှုန်းထားများမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်များအနေဖြင့် အာမခံကြေး ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁၀၀၀ ဖြစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ ဖြစ်ကြောင်း သိရသည်။
ထိုပမာဏသည် များပြားလွန်းသည့်အတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ညှိနှိုင်းသွားရန်ရှိကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
“လိုင်စင်ရ အေဂျင်စီအားလုံးရော အသစ်ရော အဟောင်းရော အကုန်သွင်းရမှာ။ အဟောင်း၊ အသစ် မခွဲထားဘူး။ သူတို့က အကြမ်းဖျင်း ဒီဘက်ကို စာပို့ထားတာပေါ့။ အဲဒီအပေါ်မှာ MOEAF ကနေ အစည်းအဝေးခေါ်ပြီး ညှိနှိုင်းလို့ ရသလောက် ညှိနှိုင်းပေးပါလိမ့်မယ် သူ့အသင်းသားတွေအတွက်ကို။ ဘယ်လောက်ပေးမယ်ဆိုပြီး သတ်မှတ်တာ ကတော့ ဒါကတော့ ဝန်ကြီးဌာန အဆုံးအဖြတ်နဲ့ အဖွဲ့အဝင်တွေရဲ့ အဆုံးအဖြတ်ပဲပေါ့ နှစ်ဖက်ညှိနှိုင်းပြီးတော့။ မပေးဘူးဆိုတာတော့ မဟုတ်ပါဘူး။ တတ်နိုင်သလောက်လေးပေးမယ်၊ အချိန်ဘယ်လောက်အတွင်းမှာ ပေးသွင်းဖို့ မေတ္တာရပ်ခံတဲ့ဟာမျိုး ဖြစ်လာလိမ့်မယ်။ နှစ်ဖက်လုံးအတွက် အဆင်ပြေနိုင်လောက်တဲ့ နှုန်းထားတစ်ခု ဖြစ်လာ မှာပါ။ အားလုံးက စီးပွားရေးက သိပ်အဆင်မပြေကြဘူးလေ အခုအချိန်မှာ Demand တွေက မရှိသလောက် ရှားပါးသွားပြီ။ လိုင်စင်တွေကလည်း အများကြီးချပေးထားတာ ဖြစ်တဲ့အတွက် စင်ပြိုင်တွေဖြစ်လာပြီ” ဟု ၎င်းက ပြောသည်။
MOEAF မှ ပြန်လည်တင်ပြထားသည့်နှုန်းထားများမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်အာမခံကြေး အား ကျပ်သိန်း ၄၀၀ နှင့် ထိုင်းလိုင်စင်အတွက် ကျပ်သိန်း ၁၀၀ နှုန်းထား ပြောင်းလဲသတ်မှတ်ပေးရန် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုထံက သိရသည်။
ထိုသို့ အာမခံကြေးတိုးမြှင့်ရန်အတွက် ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီအစည်းအဝေးနှင့် စက်တင်ဘာလကပြုလုပ်သည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) အစည်းအဝေးတို့၌ ဆွေးနွေးဆုံးဖြတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရှေ့တွင်တန်းစီစောင့်ဆိုင်းနေကြသူများ
အလုပ်သမားဝန်ကြီးဌာန၏ ယခုကဲ့သို့ နှုန်းထားတိုးမြှင့်ရန် စီစဉ်ခြင်းသည် အေဂျင်စီအားလုံးပေးသွင်းရမည် ဖြစ်သော်လည်း လက်ရှိတွင် အေဂျင်စီအကုန်လုံးနီးပါး Demand ရရှိပြီး အလုပ်ဖြစ်ထွန်းနေကြခြင်း မဟုတ်သည့် အတွက် အဆင်ပြေမည်မဟုတ်ကြောင်း ထောက်ပြကြသည်။
ထို့အပြင် မသမာသည့် အေဂျင်စီများလည်းရှိသောကြာင့် ယခုကဲ့သို့ လိုင်စင်အာမခံကြေး တိုးမြှင့်ပေးသွင်းရခြင်း ကို အကြောင်းပြပြီး ဝန်ဆောင်ခများ ပိုမိုကောက်ခံလာနိုင်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အာမခံကြေး သိန်း ၂၅၀ ကနေ သိန်းတစ်ထောင် တိုးကောက်တယ်ဆိုတာနဲ့ မသမာတဲ့အေဂျင်စီတွေရှိတယ်။ တချို့က လိုင်စင်ကိုပဲ အကြောင်းပြပြီးတော့ ပြည်ပထွက်ခွာမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ ဂုတ်သွေးစုပ်တာပေါ့။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများကြီးရှိတယ်။ အများကြီး ကလည်း သူတို့သတ်မှတ်ထားတဲ့နှုန်းထားပေါ်မှာပဲ ကောက်သွားမှာလား၊ တိုးကောက်မှာလား ဆိုတာကို လာမယ့် အနာဂတ်ကို စောင့်ကြည့်ဖို့ လိုအပ်တယ်ပေါ့။ အဲဒီတော့ မသမာတဲ့ အေဂျင်စီတော်တော်များများက ဒီ သတ်မှတ် ထားတဲ့ ၃ သိန်းထက်ကိုတောင်မှ ၁၄၊ ၁၅ သိန်း၊ သိန်း ၂၀ ကောက်နေတာဖြစ်တဲ့အတွက် အခု အာမခံကြေး သိန်း ၁၀၀၀ သွင်းရပြီဆိုရင် အဲဒီအကြောင်းပြချက်နဲ့ မသိနားမလည်တဲ့ တောသူတောင်သားတွေအပေါ်မှာ ပြည် ပထွက်ခွာမယ့် ကုန်ကျစရိတ်တွေကို ပိုမိုတိုးကောက်လာနိုင်စရာ အကြောင်းရှိတယ်လို့ ပြောချင်တယ်။ အလုပ်ကို လည်လည်ပတ်ပတ် မလုပ်နိုင်တဲ့အချိန်မှာ အမြဲတမ်းအလုပ်မရနိုင်တဲ့အချိန်မှာ ငွေတိုးကောက်တာကြီးကတော့ လုံးဝကို မဖြစ်သင့်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင်အကျိုးတော်ဆောင် လိုင်စင်ရအေဂျင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အထိ ၃၀၀ ကျော်သာရှိခဲ့ပြီး လက်ရှိတွင် အေဂျင်စီအရေအတွက် စုစုပေါင်းမှာ ၄၇၀ နီးပါးခန့်အထိ ရှိနေပြီဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 678
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်း အဆမတန် မြင့်မားနေခြင်းနှင့် ဝယ်ယူ၍ မရခြင်းများကြောင့် လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးမြောက်ချိန် ကြန့်ကြာနေပြီး တချို့သော လုပ်ငန်းများသည် ရပ်နား ထားရသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့် သံချောင်း၊ ဘိလပ်မြေ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအပြင် ပြည်တွင်းတွင် ထုတ်လုပ်နေသည့် အုတ်၊ သဲ၊ ကျောက် စသည်တို့သည်လည်း ဈေးနှုန်း ၂ ဆခန့် မြင့်တက်နေ ကြောင်း၊ ဒါ့အပြင် ပြည်ပမှ တင်သွင်းသည့် ဆောက်လုပ်ရေးပစ္စည်းများသည် လက်ရှိတွင် ဝယ်မရသည့် အခြေ အနေ ဖြစ်ပေါ်နေသည်ဟု သိရသည်။
လက်ရှိတွင် လုပ်ငန်းလည်ပတ်မှုသည် ယခင်ကထက် လျော့ကျနေပြီး ၁၀ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆောက်လုပ် ရေး လုပ်ငန်းရှင် ဦးစိုးမောင်က CNI သတင်းဌာနသို့ ပြောသည်။
“အလုပ် ဖြစ်ပါတယ်။ အထပ်မြင့်လည်း ဖြစ်တယ်၊ သူ့နေရာနဲ့ သူတော့ ဖြစ်တယ်။ ဒါပေမယ့် ဈေးတွေက မဟား တရား ပြောင်းလဲကုန်တာပေါ့နော်။ ကုန်ဈေးနှုန်းတွေရယ်၊ နောက်တစ်ခါ ဆောက်လို့မပြီးနိုင်ဘူးဆိုတာတော့ ပစ္စည်းပစ္စယလည်း မရှိတော့ဘူး၊ ဟိုဆိုင်သွားလည်း မရှိ၊ ဒီဆိုင်သွားလည်း မရှိ၊ ဘယ်မှ မရှိတော့ဘူး။ မရှိတဲ့ အခါကျတော့ ဘာပြဿနာတက်လဲဆိုတော့ လုပ်ငန်းမပြီးဘူးပေါ့နော်။ ထိုင်စောင့်နေရတယ်။ အဆောက်အအုံ တစ်လုံးဆောက်ဖို့ ၂ နှစ်လောက်နဲ့ ပြီးချင်မှ ပြီးတယ် အဲဒီလို ဖြစ်နေတယ်။ ကိုက်သလားဆိုတော့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်နေရာလေးတွေ၊ ကိုယ့်လုပ်သားလေးတွေ မပျက်အောင်တော့ ထိန်းရတဲ့သဘောပဲ။ ကိုက်သလားဆိုတော့ အရင်တုန်းက ၁၀၀၀ ရောင်းတဲ့ပစ္စည်းက အခုက ၂၀၀၀ လောက်က အရင်းဖြစ်နေပြီ။ အခုတောင် ၁၀ ရာခိုင်နှုန်း လောက်ပဲ လုပ်နိုင်တယ်။ ၉၀ ရာခိုင်နှုန်းလောက်က လုပ်ငန်းက မရှိတော့ဘူး။ လက်ရှိအစိုးရအပေါ်မှာပဲ မူတည် တယ်။ လက်ရှိအစိုးရက လုပ်ငန်းရှင်တွေကို အားပေးရင်တော့ အားလုံးအဆင်ပြေသွားမှာပါ” ဟု ပြောသည်။
ပြည်ပမှ တင်သွင်းနေရသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများသည် လက်ရှိတွင် အစိုးရက နိုင်ငံခြား ငွေကြေး ထိန်းချုပ်သည့်အနေဖြင့် တင်သွင်းခွင့် ပါမစ်များကို ခွင့်ပြုပေးမှုသည် အနည်ငယ်သာရှိကာ အဆိုပါ ခွင့်ပြုထားသည့် ပမာဏသည်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ၃၊ ၄ ဦးအတွက်မျှသာ ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများသည် လက်ရှိတွင် ဝယ်မရသည့် အခြေအနေဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ထို့နောက် အစိုးရနှင့် စာချုပ်ချုပ်ဆို၍ လုပ်ကိုင်နေကြသည့် ဆောက်လုပ်ရေးလုပ်ငန်းများသည်လည်း ပစ္စည်း ပြတ်လပ်မှု၊ စာချုပ်ချုပ်ဆိုချိန်တွင် သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် လက်ရှိဈေးနှုန်း ကွာခြားနေမှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။
အမည်မဖော်လိုသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက “သူများအလုပ်ကို လက်မခံရဲတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ ဘာဖြစ်မလဲ၊ မနက်ဖြန် ဘာဖြစ်မလဲဆိုတဲ့ ရောဂါက ရှိနေတော့ ကိုယ့်အလုပ်ပဲ နိုင်သလောက် လုပ်တော့တယ်။ အရင်လို ချဲ့ပြီး မလုပ်နိုင်တော့ဘူး။ အစိုးရအလုပ် သွားလုပ်တော့လည်း အခက်အခဲ အများကြီးပဲ ငွေရေးကြေးရေး ရရှိဖို့က။ စစ်ဆေးရေးက ၄ ဆင့်လောက် ဖြတ်ထားရတယ်။ ၄ ဆင့်လောက် ဖြတ်ထားရတော့ ကိုယ့်အကျိုးအမြတ် မပြောနဲ့ အိတ်ထဲကတောင် ပြန်ပါသွားသေးတယ်။ ဘာမှ လုပ်လို့မရဘူး။ အစိုးရအလုပ်လည်း မလုပ်ရဲတော့ဘူး။ သူတို့က တန်ဖိုးနည်းကို ဆောက်ပြီးတော့ ပြီးတော့ ကွန်ဒိုပစ္စည်းကို အကုန်လုံး ထည့်ခိုင်းတာ။ ကျနော်တို့ အဲဒီအလုပ်တွေကိုလည်း စွန့်လွှတ်လိုက်ပြီ။ ဘာမှ လုပ်လို့မရဘူး။ ဟိုတလောကဆို ကျနော်တို့ ပိုးဆိုးပက်စက် ရှုံးတယ်။ တန်ဖိုးရှိတာမှ ၆၀၀၀ ကျော်။ ကျနော်တို့ ၁၂၀၀၀ နီးပါးလောက် ကုန်သွားတယ်။ ၂ ဆကျော် ရှုံးတာပေါ့” ဟု ပြောသည်။
ပြည်တွင်းတွင် ထုတ်လုပ်သည့် အုတ်၊ သဲ၊ ကျောက် ဈေးနှုန်းများသည် နေ့စဉ်နှင့်အမျှ ဈေးနှုန်း မြင့်တက်မှု ဖြစ်ပေါ်နေပြီး သဲ တစ်ကျင်းလျှင် ၄၀၀၀၀(လေးသောင်း)ကျပ်ဝန်းကျင်၊ ကျောက်တစ်ကျင်းလျှင် ၁၃၀၀၀၀(တစ်သိန်းသုံးသောင်း)ကျပ်ခန့်နှင့် အုတ်တစ်လုံးလျှင် ၁၉၀ ကျပ်ခန့် ဖြစ်ပေါ်နေသည်ဟု သိရသည်။
လက်ရှိတွင် ပွင့်လင်းရာသီ ရောက်တော့မည် ဖြစ်သည့်အတွက် ရန်ကုန်မြို့အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်း များသည် ပြန်လည်လည်ပတ်နေပြီဖြစ်သော်လည်း ဆောက်လုပ်နိုင်သည့် ပမာဏသည် ယခင်ကထက် လျော့နည်း နေကြောင်း၊ ထို့နောက် ပြီးစီးမည့်အချိန်သည်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အခက်အခဲကြောင့် သတ်မှတ်ထားသည့်အချိန်ထက် ကြာမြင့်မှု ဖြစ်ပေါ်နိုင်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 977
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် လျှပ်စစ်ကားများကို ပြည်တွင်းဈေးကွက်တွင် တင်သွင်းရောင်းချသူများက သတ်မှတ်ထားသော ဈေးနှုန်းထက် ၂ ဆ၊ ၃ ဆခန့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချနေမှုများ ရှိနေသည်ဟု ကားဈေး ကွက်အတွင်းမှ သိရသည်။
ပြည်ပမှ တင်သွင်းရာတွင် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်ရှိ လျှပ်စစ်ကားတစ်စီးသည် ပြည်တွင်းကားဈေးကွက်၌ ထိုဈေးနှုန်းထက် အဆမတန် မြှင့်တင်၍ ရောင်းချနေမှုများ ရှိနေသည်။
ထို့ကြောင့် လျှပ်စစ်ကားများကို ဈေးနှုန်းမြှင့်တင် ရောင်းချနေသူများအား ရွှေနှင့် ဒေါ်လာဈေးနှုန်း မြင့်တက်လာ စေရန် လုပ်ဆောင်သူများကို အရေးယူသလို သက်ဆိုင်ရာမှ စုံစမ်းဖော်ထုတ် အရေးယူမှုများ လုပ်သင့်သည်ဟု ကားမူဝါဒအရေး လေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစ်ကိုတို့ နိုင်ငံမှာ EV ကား တင်သွင်းလာတဲ့အခါမှာ သတ်မှတ်ထားတဲ့ CIS တန်ဖိုးရဲ့ ဘယ်လောက် ရာခိုင်နှုန်းပဲ ပိုမိုပြီးတော့ ရောင်းချခွင့် ရှိတယ်ဆိုပြီးတော့ သတ်မှတ်ချက်က ရှိပြီးသား။ ဘယ်နှယ့် နိုင်ငံခြားမှာ ဒေါ်လာ ၄၀၀၀ လောက် ဒေါ်လာ ၅၀၀၀ လောက် အဲဒီ EV ကားက အခု ပြည်တွင်းကို ရောက်လာတဲ့အခါမှာ ၂ ဆ၊ ၃ ဆလောက် ဈေးတွေ မတရားကို တက်ပြီးတော့ ရောင်းချနေတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတော့ ဒါကရော ဘယ်သူက တာဝန်ယူပြီးတော့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမှာလဲဆိုတဲ့ မေးခွန်း စဉ်းစားစရာရှိတယ် လျှပ်စစ်ကား တင်သွင်းတာတွေနဲ့ ပတ်သက်ပြီးတော့။ အကျိုးအမြတ်အတွက် ဂုတ်သွေးစုပ်တာမျိုးကိုတော့ မဖြစ်စေချင်ဘူး။ အခုဆိုရင် show room တွေ ကြည့်လိုက်ရင် EV ကား တစ်စီး တစ်စီး ရောင်းတဲ့အခါ ကြည့်လိုက်ရင် လူတွေက တော့ အလုအယက် ဝယ်ကြတယ်ပေါ့လေ။ ဓာတ်ဆီကားထက်စာရင် ဆီစားနှုန်း သက်သာတယ်။ ဆီဖိုး မကုန် တော့ဘူး။ ပြင်ဆင်စရိတ်တွေ သက်သာတယ်ဆိုတဲ့ အချက်တွေနဲ့ ဒါပေမယ့် တစ်ဖက်မှာကျတော့လည်း အကျိုး အမြတ်တွေ အင်မတန်ကို တင်ရောင်းနေတဲ့ အခြေအနေမျိုးတွေကတော့ ကောင်းတဲ့ အခြေအနေတော့ မဟုတ် ဘူး။ ဒီကိစ္စကိုလည်း အစိုးရအနေနဲ့ မူဝါဒ တစ်ခု ထုတ်ပြီးတော့ ကိုင်တွယ်ရမယ့် ကိစ္စမျိုးပေါ့နော်။ ရွှေဈေးကစား တယ်၊ ဒေါ်လာ ဈေးကစားသလိုမျိုး ကားဈေးကွက် ကစားနေတဲ့ သူတွေက ဘယ်သူလဲဆိုတာ ရှာဖွေဖော်ထုတ် ပြီးတော့ ကိုယ်တွယ်ဖို့ လိုတယ်” ဟု ပြောသည်။
EV လျှပ်စစ်ကား အားသွင်းတဲ့နေရာကိုတွေ့ရစဉ်
လျှပ်စစ်ကားများနှင့် ပတ်သက်၍ နိုင်ငံတော်မှ အမြတ်ကို ၂၀ ရာခိုင်နှုန်းထက် မပိုရဟု သတ်မှတ်ထားသော်လည်း သတ်မှတ် နှုန်းထားထက် ၃ ဆနီးပါး ဈေးတင်ရောင်းချလျက်ရှိသည်။
လက်ရှိ ကားတင်သွင်းခွင့် ပြုထားသည့် မူဝါဒသည် လူတိုင်း ကားတင်သွင်းခွင့်ပါမစ် မရရှိဘဲ လူတစ်စုကသာ EV ကားတင်သွင်းခွင့် ပါမစ်ကို ရရှိနေခြင်းကြောင့် ဖြစ်သည်။
ထို့နောက် လျှပ်စစ်ကား တင်သွင်းရာတွင်လည်း လျှပ်စစ်ကားအပြင် သက်ဆိုင်ရာ လိုအပ်သည့် စပ်ဆက်ပစ္စည်း များကိုပါ ကားတင်သွင်းမည့် သူများက တင်သွင်းရမည်ဖြစ်ခြင်းကြောင့် ဈေးနှုန်းမြှင့်တင်မှုများ ရှိနေခြင်းဖြစ်သည် ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ကားဈေးကွက် လေ့လာသူများက ပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြပ်မတ်မှုနှင့် အရေးယူ ဆောင်ရွက်မှုအပိုင်းတွင် လိုအပ်ချက်များ ရှိနေခြင်း ကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တင်ခြင်းများ ရှိနေခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။
EV လျှပ်စစ်ကား အားသွင်းတဲ့နေရာကိုတွေ့ရစဉ်
စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က “အမြတ် တင်တာပေါ့နော်၊ အဲဒါတော့ ကားပါမစ်တစ်ခုတည်း လုပ်ပြီးတော့ တစ်စီးကို သိန်း ၂၀၀ သိန်း ၃၀၀ ထားပြီးတော့ ရောင်းနေတာ။ အမြင့်ကားဆို ပိုတောင် ကွာခြားသေး တယ်။ BYD လိုဟာမျိုးဆို သိန်း ၁၂၀၀၊ ၁၄၀၀၊ ၁၆၀၀ တွေ ရောင်းနေတာလေ။ တကယ်တန်ဖိုးရှိတာ ၆၀၀ ကျော် ပဲ ရှိတာ။ အဲဒီကားတွေကျတော့ ဘယ်လိုလုပ်မလဲ။ အမြတ်ကြီးစားတာတော့ များတယ်။ ဒါပေမယ့် တိုက်ရိုက် တင်သွင်းပြီး တိုက်ရိုက်ရောင်း၊ အဲဒါကျတော့လည်း ခက်တယ်၊ နိုင်ငံခြားက တစ်စီးချင်း ဝယ်ဖို့ကျတော့လည်း တစ်စီးချင်း သွားဝယ်ဖို့ အဆင်မပြေဘူး။ စီးပွားကူးသန်းကို သူတို့ ဝယ်ယူတင်သွင်းတဲ့ ပမာဏကို ပြောပြီးတော့မှ ဈေးနှုန်း သတ်မှတ်လိုက်ရင် ရတာပဲ။ ပြင်ပပေါက်ဈေး ဒီဈေးထက် ကျော်လွန်ပြီး မရောင်းရဘူးဆိုတဲ့ဟာတော့ လုပ်လို့ရတာပေါ့နော်။ ဒါပေမယ့် ဈေးကွက်ထဲမှာ out of stock ဖြစ်အောင် လုပ်ထားတယ်။ ပြီးတော့မှ pre order ကောက်တယ်။ pre order မကောက်ရ ဆိုသော်ငြားလည်းပဲ စရံမပေးရင် မရဘူးဆိုတဲ့ ပုံစံနဲ့ ပိုက်ဆံကောက် တယ်။ လူတွေကလည်း crazy ဖြစ်နေတော့ EV မစီးရရင် ခေတ်မမှီတဲ့ လူတွေက ရှိနေတယ်။ အဲဒီအခါကျတော့ လုပ်စားလို့ ကောင်းတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်တွင်းသို့ EV ကားအစီးရေ ၁၂၀၀ ခန့် ရောက်ရှိနေပြီ ဈေးကွက်အတွင်း ရောင်းချနေသည့် EV ကားများ၏ ဈေးနှုန်းများသည် ကားအမျိုးအစားပေါ် မူတည်၍ တစ်စီးလျှင် ငွေကျပ် သိန်း ၄၀၀ မှ သိန်း ၂၀၀၀ အထိရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 624
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈
ပြည်ပတွင် အလုပ်လုပ်ကိုင်ပြီး ပြည်တွင်းသို့ ဘဏ်လမ်းကြောင်းမှတဆင့် လစာငွေ ပြန်လွှဲပို့သူများကို လွှဲပို့သည့် နှုန်းထားပေါ် မူတည်၍ လျှပ်စစ်သုံး မော်တော်ယာဉ် EV ကား တင်သွင်းခွင့် ပါမစ်ပေးခြင်းက ထိရောက်မှု မရှိ ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။
ပြည်ပထွက်ခွာပြီး တစ်နှစ်အတွင်း ဒေါ်လာ ၂ သိန်းကို မြန်မာနိုင်ငံသို့ ပြန်လွှဲနိုင်သည့် နိုင်ငံသားသည် အနည်းငယ် သာ ရှိကြောင်း၊ ထို့နောက် ရွှေ့ပြောင်း အလုပ်သမားများသည် ဒေါ်လာ ၅ သောင်းကို တစ်နှစ်အတွင်း လွှဲနိုင်မည် မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
လျှပ်စစ်ကား တင်သွင်းရာတွင် တစ်စီးနှုန်းဖြင့် တင်သွင်း၍ မရခြင်းကြောင့် လျှပ်စစ်ကားပါမစ် ရသည့်တိုင် လျှပ်စစ်ကား သွင်းရန်အတွက် မလွယ်ကူနိုင်ကြောင်း၊ လျှပ်စစ်ကားဖြင့် မဟုတ်ဘဲ အခွန်လျှော့ပေါ့သည့်ပုံစံဖြင့် ပြည်ပမှ လစာများကို ပြည်တွင်းသို့ လွှဲလာစေသည့်နည်းဖြင့် လုပ်ဆောင်ပါက ထိရောက်မှုရှိနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာကိုတွေ့ရစဉ်
၎င်းက “တရားမဝင် ငွေလွှဲတာကို ပပျောက်အောင်လို့တော့ လုပ်ဖို့တော့ ခြေလှမ်းစတယ်လို့ပဲ မြင်တာပေါ့နော်။ ၁ နှစ်အတွင်း ဒေါ်လာ ၂ သိန်းကတော့ လခ ကြီးကြီးမားမား ရတဲ့သူပဲ လွှဲနိုင်မှာလေ။ ထိုင်းက လူကတော့ လွှဲနိုင်မယ် မထင်ဘူးလေ။ ထိုင်းကလူက ဒေါ်လာ ၅ သောင်းတောင် လွှဲနိုင်ပါ့မလားဆိုတာ ပြန်သုံးသပ်တယ်လေ။ ဘာဖြစ်လို့ လဲဆိုတော့ ထိုင်းမှာရှိတဲ့ အလုပ်သမားက သူ့စားသောက်မှု စရိတ်နဲ့၊ သူ့နေထိုင်မှု စရိတ်နဲ့ဆိုရင် ၁ လကို ၄/၅ သိန်း ကျန်အောင် မနည်းရှာရတာ။ လုပ်တတ်ကိုင်တတ်တဲ့ သူဆိုရင်တော့ ၇ သိန်းလောက် ရမှာပေါ့နော်။ ၇ သိန်း ဆိုရင် ၁ နှစ်ကို ၈၄ သိန်း ရမှာလေ။ ၈၄ သိန်းက အခု ဒေါ်လာ ၅ သောင်းကိုပဲ တွက်ကြည့်လိုက်လေ သိန်း ၁၅၀ ရှိ နေပြီလေ။ သိန်း ၁၅၀ ကို သူဘယ်လို လွှဲမလဲ။ ဒါဆိုရင်တော့ အများကြီးတော့ ကားက ဖောင်းပွလာမှာ မဟုတ် ဘူး။ သူကတော့ ရေးထားပါတယ် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်တော့။ မော်တော်ဆိုင်ကယ်လောက်ပဲပေါ့။ ကောင်းတာတော့ ကောင်းပါတယ်၊ ဒါပေမယ့် ဘယ်လောက်ထိ လုပ်ပေးနိုင်တဲ့အပေါ်မှာ မူတည်တာ။ တင်သွင်းခွင့် တော့ ရပါရဲ့၊ ဘယ်ကနေ တင်သွင်းမလဲ၊ ဘယ်လိုပုံစံနဲ့ သွင်းလို့ ရမလဲဆိုတာ နည်းနည်းလေး စဉ်းစားစရာ အချက် တစ်ချက်လည်း ဖြစ်တယ်ပေါ့နော်။ အေးဂျင့်ဆီကနေပဲ ဝယ်ပြီး သွင်းနေရမယ်ဆိုရင် အေးဂျင့်ရဲ့ တင်တဲ့ အမြတ် ကိုလည်း ကိုယ်က ခံစားနေရမယ့် ဟာတော့ ရှိတာပေါ့နော်။ အခွန်နဲ့တော့ ဆွဲဆောင်လို့ ရပါတယ်။ အခွန်ဆောင် ထားတဲ့ အချိန်နဲ့ အခွန်ပေါ်မှာ မူတည်ပြီးတော့ လွှဲတဲ့သူက အခွန်သက်သာခွင့် ဘယ်လောက်ရမလဲတို့ ဘာတို့ဆို တာတော့ သွားလို့ရတဲ့ နည်းတွေတော့ ရှိပါတယ်” ဟု ပြောသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်ပြီး ပြည်တွင်းသို့ ဘဏ်လမ်းကြောင်းမှတဆင့် လစာငွေ ပြန်လည်လွှဲပို့ခြင်းအပေါ် အထူး အစီအစဉ်တစ်ရပ် အနေဖြင့် ပုံမှန်လစာရှိသူများသည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သိန်းနှင့် အထက်ကိုလည်းကောင်း၊ အခြားဝင်ငွေ ရရှိသူများအနေဖြင့် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်းနှင့် အထက်လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့် ညီမျှသည့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံး မော် တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်းဖြင့် တင်သွင်းခွင့် ပါမစ်များကို ခွင့်ပြုဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်ရှိ EV လျှပ်စစ်ကား အားသွင်းနေရာကို တွေ့ရစဉ်
လျှပ်စစ်ကား တင်သွင်းခွင့် ပါမစ်နှင့်ပတ်သက်၍ ယခုကဲ့သို့ လုပ်ဆောင်သော်လည်း သတ်မှတ်ထားသည့် လစာ ပမာဏအတိုင်း လွှဲပေးနိုင်သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ အနည်းငယ်သာ ရှိခြင်းကြောင့် ပြည်တွင်း ကားဈေးကွက်အပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ပြည်တွင်းဈေးကွက်ကို ကြီးကြီးမားမား သက်ရောက်စရာတော့ မရှိဘူးလို့ သုံးသပ်လို့ရတယ်။ ဘာကြောင့် လဲဆိုတော့ ပြည်ပကနေ ဒေါ်လာ ၂ သိန်း ပြည်တွင်းကို ပြန်လွှဲနိုင်တဲ့ ၁ နှစ်ကိုဆိုတဲ့ သူက တော်တော်လေး ရှား တယ်။ ဒေါ်လာ ၂ သိန်းဆိုတာက ၁ လကို အနည်းဆုံး ပြောမယ်ဆိုလို့ရှိရင် ၁ လကို ဒေါ်လာ ၁၈၀၀၀ လောက် ဝင် ငွေရတဲ့ သူကသာ အသားတင်ပိုတဲ့သူကပဲ ဒေါ်လာ ၂ သိန်းဆိုတာ ပြည်တွင်းကို လွှဲနိုင်မှာ။ နိုင်ငံခြားမှာ ဒေါ်လာ ၁၆၀၀၀/၁၇၀၀၀ လောက် ရတဲ့သူက အများကြီး မြန်မာပြည်ဖွားထဲမှာ မရှိဘူးလို့ ထင်တယ်ပေါ့နော်။ ရှိတော့ လည်း ရှိမယ်၊ ဒါပေမယ့် ကားဈေးကွက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားအောင် လုပ်နိုင်တဲ့သူတော့ မဟုတ်ဘူး။ နောက်တစ်ခုက ဒီလူတွေက ဒေါ်လာ ၂ သိန်း လွှဲမယ်ဆိုရင် သေချာပေါက် သူ့ရဲ့ဝင်ငွေက ဟိုမှာ စားစရိတ်၊ နေ စရိတ် ဖယ်ရင် သူ့ရဲ့ ဝင်ငွေက ၃ သိန်းလောက် ဝင်မှရမှာ။ ဒါမှသာ ပြည်တွင်းကို ၂ သိန်းလောက် လွှဲနိုင်မှာပေါ့။ ဆိုတော့ အဲဒီလို လူမျိုးတွေကရော ပြည်တွင်းမှာ EV ကား အစ်ကိုတို့နိုင်ငံမှာ ဒီလောက်ဈေးကြီးနေတဲ့ EV ကားကို ဝယ်စီးမှာလားဆိုတဲ့ မေးခွန်းပေါ့။ ဒေါ်လာ ၂ သိန်းနဲ့ ၂ သိန်းရဲ့အထက် ပိုပြီးတော့ ပိုက်ဆံဝင်နေတဲ့ သူတွေက EV ကားကို ဝယ်စီးမလား၊ ဒီထက် ကောင်းတဲ့ကားတွေ ဝယ်စီးရင် စီးနေမှာပေါ့။ ဒီလိုအချက်တွေကို ပြန်တွေးခြင်းအား ဖြင့် ပြည်တွင်းမှာရှိတဲ့ လျှပ်စစ်မော်တော်ယာဉ်တွေ တင်သွင်းခွင့် တစ်စီးစီ ပေးမယ်ဆိုတဲ့ဟာက သိပ်တော့ ထိ ရောက်မယ့်ကိစ္စတော့ ဖြစ်မယ်မထင်ဘူး။ ဘာကြောင့် လွှဲပြီးတော့ ဘယ်လိုလူတွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်တဲ့ မူဝါဒလည်း မသိပေးမယ့် အစ်ကို့အနေနဲ့တော့ ဒီဟာက ကားဈေးကွက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်လာ လောက်တဲ့အထိ အခြေအနေမျိုးတော့ မဟုတ်ဘူးလို့ အစ်ကိုထင်တယ်” ဟု ပြောသည်။
လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များကို တင်သွင်းခွင့် ပြုရာတွင် တစ်ဦးချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦး တစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 700
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈
ထိုင်းသို့ အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးမည်ဟုဆိုကာ ပွဲစားများ၏ လိမ်လည် ခေါ်ဆောင် ခြင်းကို ခံခဲ့ရသဖြင့် မြန်မာနိုင်ငံသားအချို့ ဒုက္ခရောက်နေကြပြီး ၎င်းတို့ထဲတွင် ပဲခူးတိုင်းမှ အများဆုံးဖြစ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းပွဲစားနှင့် မြန်မာပွဲစားတို့ပေါင်း၍ အမည်စာရင်း (Name List) သွင်းပေးပြီး work permit နှင့် နိုင်ငံကူး လက်မှတ်များ ပြုလုပ်ပေးမည်၊ အလုပ်ပါ ရှာပေးမည်ဟုဆိုကာ အာမခံသည့်အတွက် တစ်ဦးလျှင် မြန်မာငွေ ၁၃ သိန်း၊ ၁၇ သိန်းခန့် ပေးခဲ့ကြရပြီး ထိုင်းသို့ ရောက်ရှိနေသည်မှာ လပိုင်းခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အထောက်အထားများ မရရှိသေးသည့်အပြင် အလုပ်အကိုင်လည်း မရရှိသေးသောကြောင့် ၎င်းတို့မှာ ဒုက္ခရောက်နေကြရခြင်းဖြစ်ကြောင်း အလိမ်ခံရသူတစ်ဦးဖြစ်သည့် ကိုဝေလင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်ပေးထားတာ ၁၇ သိန်း။ ကျနော်ကို ၃၂ သိန်း ပေးရမယ်လို့ ပြောပါတယ်။ ဒီကြားထဲမှာ အလုပ်တွေ ဘာတွေ သွားမယ်ဆိုရင်တောင် ငါးထောင်ဆီ ထပ်တောင်းပါတယ်။ ဒီ ၇ လပိုင်းကုန်တာနဲ့ ပို့မယ်။ တိုက်ရိုက် ဘန်ကောက်ကို ပို့မယ်ပေါ့လေ။ မင်းတက်လာခဲ့ ပိုက်ဆံ အဆင်ပြေသလိုသာ ဘေးကနေ အတိုးနဲ့ချေးပြီး လာခဲ့ ပေါ့နော်။ ၇ လပိုင်းကုန်တာနဲ့ မင်းတို့ကို ပို့မှာ။ ၇ လပိုင်း မရောက်လို့ ရှိရင် မမီတော့ဘူးဆိုလို့ ကျနော်လည်း မိသားစုအခက်အခဲဖြစ်နေတာနဲ့ ဘေးက အတိုးနဲ့ဆွဲပြီး ရောက်လာတယ်။ ဒီရောက်တော့ ၇ လပိုင်းကုန်၊ နောက် လ ၈ လပိုင်းရမယ်။ ၈ လပိုင်ကုန်သွားပြန်တော့လည်း ၉ လပိုင်းရမယ်၊ ၉ လပိုင်းကနေ အခု ၁၀ လပိုင်း ဖြစ်လာပြီ ကျနော်တို့က နားမလည်ဘူး။ အကုန်လုံးက အခက်အခဲဖြစ်နေတော့ ဒီစာရွက်စာတမ်းတွေ ဘယ်လို လုပ်ပေး မှာလဲဆိုတော့ ဒီ Name List က အကျုံးဝင်တယ်တဲ့ ကျနော်တို့ကို ပြောတယ်။ စားစရာဆိုလည်း အခု ငါးပိရည် တောင် အနိုင်နိုင်ဖြစ်နေတယ်။ ဆန်ဆိုလည်း ကျွေးတစ်ရက် မကျွေးတစ်ရက်၊ ကျနော်တို့မှာ မီးလည်းမရ၊ ဘာမရနဲ့ အခက်အခဲတွေ ဖြစ်နေတယ်။ မီးဖြတ်ထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့မှာ မိသားစုနဲ့ ဆက်သွယ်ဖို့ ဖုန်းအားသွင်းဖို့တောင်မှ လုပ်ပေးတဲ့ အေဂျင်စီအိမ်ပေါ့နော် အဲဒီမှာ သွားသွင်းတော့လည်း မောင်းထုတ်ခံရတယ်” ဟု ပြောသည်။
အလိမ်ခံထားရသည့် ကိုနိုင်မင်းထက်အား ပွဲစားများမှ ထုတ်ပေးထားသည့်ကတ်ကို တွေ့ရစဉ်
ထို့အပြင် ၎င်းတို့အား လူစုခွဲပြီး တရားမဝင်လမ်းကြောင်းများဖြင့် ဘန်ကောက်၊ မဟာချိုင် စသည်တို့သို့ အသီးသီး ပို့ဆောင်ထားကြောင်းနှင့် လက်ရှိတွင် ၎င်းတို့အား Name List စာရွက်တစ်ရွက်သာ ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာရွက်သည် အခြားနယ်ကျော် သွားလာခြင်းမျိုး မရရှိကြောင်းကိုလည်း ၎င်းတို့အနေဖြင့် မကြာသေးခင် ကမှ သိရှိခဲ့ကြခြင်းဖြစ်ကြောင်း အလိမ်ခံရသူတစ်ဦးဖြစ်သည့် ကိုနိုင်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ပထမ မသိပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရပြီးမှ အလုပ်အကြောင်းတွေ အဆင်ပြေလားမေးတယ်။ အဆင်မပြေဘူးပြောကြတယ်။ စာရွက်စာတမ်းကိစ္စတွေလည်း တာဝန်မယူဘူးလို့ ပြောတယ်။ ကျနော်သူငယ်ချင်းတွေထဲက တချို့ဆိုရင် အထောက်အထားမရှိတဲ့အတွက် သွားရေးလာရေး အခက်အခဲ၊ ဒီကိုပြန်လာဖို့တောင် တော်တော်အခက်အခဲဖြစ်နေတဲ့သူတွေရှိပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေ က စာရွက်စာတမ်းလုပ်ပေးဖို့ကိစ္စ ဆက်သွယ်တော့ အလေးမထားဘူးပေါ့။ သူ့ကို ဆက်သွယ်တဲ့အချိန်မှာ ဖုန်းမကိုင်တာမျိုးတို့၊ စာရွက်စာတမ်းပြောတဲ့အချိန်မှာ နားမထောင်ပေးတာမျိုးတို့ အဲဒီလို လုပ်ပါတယ်” ဟု ပြောသည်။
ထိုင်းပွဲစားအနေဖြင့် ၎င်းတို့အား အမည်စာရင်း (Name List) အား အမှန်တကယ် တင်ပေးထားခြင်း ဖြစ်သော် လည်း Work Permit ကြေး မရှင်းထားသည့်အတွက် ၎င်းသည် အကျုံးမဝင်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ပွဲစားများမှ ထုတ်ပေးထားသည့် name list စာရွက်
“အဓိကကတော့ သူတို့ပိုက်ဆံပြန်လိုချင်တယ်ပြောတယ်ပေါ့။ ပိုက်ဆံပြန် ရ၊ မရ ဟိုဘက်က ထိုင်းက ပိုက်ဆံ ပြန်ပေး၊ မပေးတော့ မသိသေးဘူး။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရတော့ ဒီသက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေ အရကို ကြည့်တဲ့အချိန်မှာ Name List စာရွက်က အစိုးရဆီမှာ ပိုက်ဆံမကုန်သေးဘူး။ မကုန်သေးတာ ဖြစ်တဲ့ အတွက် သူတို့ ဘာအကြောင်းပြချက်နဲ့ ပိုက်ဆံတွေ ပြန်မပေးတာ လုပ်မလဲ မသိဘူး။ ထိုင်းပွဲစားအမျိုးသမီးက ထိုင်းအစိုးရမှာ သူတို့ work permit ဖိုး မရှင်းရသေးဘူး။ မရှင်းရသေးတော့ ပြေစာ စလစ်မထွက်သေးဘူးပေါ့။ Work Permit လုပ်ပေးမယ်ဆိုရင်တောင်မှ သူလုပ်ပေးချင်တိုင်းလုပ်ပေးလို့ မရဘူး။ အစိုးရက ခွင့်ပြုမှရမှာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများအား အမည်စာရင်းတင်သွင်းခိုင်းသည့် (Name List) ကာလမှာ ပြီးစီးသွားပြီဖြစ်ပြီး ၎င်းအမည်စာရင်းတင်သွင်းထားသူများကိုလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 685
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်တွင် ယခုနှစ် သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများမှာ ပုံမှန်အနေအထား သာရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သီတင်းကျွတ်ပိတ်ရက်နှင့်နှိုင်းယှဉ်ပါက နည်းပါးလှကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၂ ခုနှစ်တွင် သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများမှာ အပြည့်ဖြစ်ခဲ့ပြီး လက်ရှိတွင် ဟိုတယ်အခန်း ကျန်ရှိမှုများမှာ အများအပြားရှိနေသေးကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။
“ဘိုကင်ကတော့ သိပ်မရှိပါဘူး။ ပုံမှန်အနေအထားပါပဲ။ အခုကတော့ work in guest ပဲ နည်းနည်းများတဲ့ ပုံစံမျိုးပေါ့။ ဒီလို သတ်သတ်မတ်မတ်ကြီး ဘိုကင်ယူဆိုလို့ ဟိုတယ်ကြီးတွေကလွဲလို့ ဟိုတယ်အငယ်လေးတွေက ဘိုကင်တွေဘာတွေနဲ့ သွားတဲ့ပုံစံမျိုးတွေ သိပ်မရှိဘူး။ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်ကတော့ အခြေအနေ ကောင်းတယ်။ ဟိုတယ်တွေအကုန်လုံး တောင်ကြီးမှာဆိုလည်း ပြည့်တယ်။ ညောင်ရွှေဘက်ဆိုလည်း တော်တော်လေး ဧည့်သည်ဝင်သွားတဲ့အနေအထား တွေ့ရတာပေါ့။ ကလောကတော့ ပြောစရာမလိုပါဘူး အခန်းအပြည့်အနေအထား သွားတာတွေ့တယ်။ အခုကတော့ မိုးမပြတ်သေးလို့လား ဘယ်လိုမျိုးလဲပေါ့နော်။ အဲဒါလေးလည်း တစ်ချက်တော့ ကျနော်တို့ ကြည့်နေရတာပေါ့။ အခုသီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲရှိတယ်။ ပြီးရင် တောင်ကြီးတန်ဆောင်တိုင်လာမယ်။ ပြီးရင် မီးရှော်တိုင်ပွဲလာမယ်။ ပြီးရင် ဒီဇင်ဘာဆက်သွားမှာပေါ့လေ။ အဲဒီလိုမျိုး။ နောက် ဇန်နဝါရီလဆန်းပိုင်းလောက်ဆိုရင်တော့ ပွဲက ရှမ်းအရှေ့ဘက်ကို ရောက်သွားမှာပေါ့ ချယ်ရီ ပန်းပွဲတော်တို့၊ တိုင်းရင်းသားအစားအစာပွဲလည်း ကျိုင်းတုံဘက်မှာလုပ်ဖို့ အစီအစဉ်ရှိတာပေါ့။ ဧည့်သည်တွေက လာတာတော့ ရှိတော့ရှိနေတာပဲ။ ဟိုလို ဘိုကင်တွေ ပြည့်လျှံနေတယ် အဲဒီလိုပုံစံမျိုးတော့ မသွားသေးဘူး ကျနော် တို့ စောင့်တော့ကြည့်ရမှာပေါ့ အနေအထားလေးကို” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ်၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အောက်တိုဘာလကတည်းက တန်ဆောင်တိုင် ပိတ်ရက် အတွက် ဟိုတယ်ဘိုကင်ယူထားမှု အများအပြားရှိနေခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် အင်းလေးဒေသရှိ ရှေးဟောင်းဘုရားစေတီတော်များကို နိုင်ငံခြားသားများ လာရောက်လည်ပတ်စဉ်
သို့သော် လက်ရှိတွင် သီတင်းကျွတ်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများ နည်းပါးသည့်အပြင် တန်ဆောင်တိုင် အတွက် ကြိုတင်ဘိုကင်ယူထားမှုများမှာလည်း မရှိသေးပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ယခုနှစ်သီတင်းကျွတ်ကာလသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွား ဝင်ရောက်မှု ၂၀ ရာခိုင်နှုန်းခန့် ပျမ်းမျှ လျော့ကျသွားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“မနှစ်ကထက်စာရင်တော့ အခုအချိန် ဒီနှစ်တော့ တော်တော်ကျသွားတယ်။ မနှစ်ကဆိုရင် ကျနော်တို့ အခန်း တောင်မှ မလောက်ဘူးပေါ့။ demand နဲ့ supply မမျှဘူးပေါ့။ အခုတော့ အခန်းလိုအပ်ချက် သိပ်မရှိတော့ဘူးပေါ့။ ဟိုတယ်တိုင်းလိုလို အခန်းပိုတာတွေ ဧည့်သည် နည်းနည်း လျော့သွားတာပေါ့။ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် ဧည့်သည်အများကြီးလျော့သွားတယ်။ ပျမ်းမျှအားဖြင့်တော့ ၂၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ အဓိက ကတော့ ခရီးသွားတွေပဲ။ ကျနော်တို့ဘက်မှာ လောလောဆယ် နိုင်ငံခြားသားတွေ လုံးဝလာခွင့်မရှိတာလေ။ NGO INGO နဲ့ သူတို့ဆီကနေ ခွင့်ပြုချက်တောင်းပြီး လာရတဲ့ ဧည့်သည် တစ်ယောက်စ နှစ်ယောက်စပဲရှိတယ်။ နိုင်ငံခြားသားက လုံးဝ ဇီးရိုးဖြစ်သွားတာ။ အဲဒီ နိုင်ငံခြားသားရဲ့ percentage ကလည်း 10 percent လောက် ရှိတယ်။ မနှစ်ကဆိုရင်။ အခုတော့ ဇီးရိုးဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနသာမက ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း ယခုနှစ် ပွင့်လင်း ခရီးသွား ရာသီတွင် ခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ထက် ပို၍ များပြားလာနိုင်ကြောင်း ခန့်မှန်းထားကြခြင်း ဖြစ်သည်။
ကိုဗစ်မဖြစ်ခင်ကာလ၌ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပိတ်ရက်များတွင် ခရီးသွားများသည် တောင်ကြီး၊ ပြင်ဦးလွင်၊ ကလောတို့တွင် ပွဲတော်များပြုလုပ်သဖြင့် နှစ်စဉ် ခရီးသွား အများဆုံးသွားရောက်ကြလေ့ ရှိတတ်ခြင်းဖြစ်သည်။
ကိုဗစ်အလွန်ကာလတွင်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ ပြည်တွင်းခရီးသွားလာမှုများ ပြန်လည် လှုပ်ခတ်လာသော်လည်း ယခုကဲ့သို့ ဟိုတယ်ဘိုကင်ယူထားမှု နည်းပါးသွားရခြင်းသည် လုံခြုံရေးစိုးရိမ်မှုများ၊ ဟိုတယ်နှုန်းထားများ ကြီးမြင့်မှု၊ မိုးမကုန်သေးသဖြင့် လမ်းခရီးပိုင်းစိုးရိမ်မှုများကြောင့် ဖြစ်နိုင်ကြောင်းလည်း ဟိုတယ် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 726
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဖရဲသီးများသည် လက်ရှိတွင် ဈေးနှုန်းကောင်းမွန်နေသော်လည်း ကုန်တင်ကားခစရိတ်၊ ကွင်းကြေး၊ အခွန်နှုန်းထားများ ကြီးမြင့်နေမှုကြောင့် ဖရဲစိုက်တောင်သူများနှင့် ကုန်သည် များမှာ အကျိုးအမြတ် ရရှိမှုမရှိဘဲ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ဖရဲကုန်သည်များထံမှ သိရသည်။
တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် ၁၆ တန်ဆံ့ ကုန်တင်တွဲကား တစ်စီးလျှင် ကုန်ကျငွေသည် သိန်း ၉၀ ခန့် ရှိနေ ပြီး ပြန်လည်ရရှိသည့် ရောင်းရငွေသည် သိန်း ၈၀ ခန့်သာ ရှိခြင်းကြောင့် ၁၀ သိန်းခန့် ပြန်လည်စိုက်ထုတ်နေရ သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်တင်ပို့မည့် ဖရဲကားများကို တွေ့ရစဉ်
၎င်းက “တရုတ်ပြည်ကို လက်ရှိ စပို့တဲ့အချိန်မှာ လက်ရှိပေါက်ဈေးက 855 တစ်တန်ကို တရုတ်ငွေ ၁၅၀၀ လောက် ပဲ ရှိတယ်။ ၁ တန် ၁၅၀၀ ဆိုတော့ သူ့ဈေးနဲ့သူတော့ မဆိုးဘူး။ ဒါပေမယ့် ကုန်ကျစရိတ်တွေ၊ ဂျူတီတွေနဲကျတော့ မကိုက်ဘူးပေါ့။ ၁၆ တန် တင်လိုက်တဲ့ကားကို အပယ်တန် ၃ တန်ပဲ ကျတယ်ထား၊ အပယ်တန် ၃ တန်ပဲ ကျတယ် ဆိုရင် ၁ တန်ကို ၁၅၀၀ ဆိုရင် တရုတ်ငွေပေါ့နော်။ ၁၅၀၀ အမြှောက် ၁၃ ဆိုတော့ တရုတ်ငွေ ၁၉၅၀၀ ရတယ်။ ၁၉၅၀၀ ကို တရုတ်ငွေ ၄၄၀၅ ကျပ် မြန်မာငွေ ပေါက်ဈေးနဲ့ဆိုရင် အဲဒီကောင် ဘယ်လောက်ရလဲဆိုရင် မြန်မာငွေ ၈၆၇၇၅၀၀ ပဲ ရတယ်။ ကားခရယ်၊ ဂျူတီရယ်၊ ဂျူတီက ၂ နိုင်ငံ ဂျူတီ။ မြန်မာဘက်က အထွက်ကိုလည်း ကုန် သည်တွေကပဲ ဆောင်ရတယ်။ တရုတ်ဘက်က အဝင်ကိုလည်း ကုန်သည်တွေကပဲ ဆောင်ရတယ်။ နောက်တစ်ခါ ကွင်းကြေးပေါ့နော် မြန်မာကွင်းကြေး၊ တရုတ်ကွင်းကြေးကိုလည်း ကုန်သည်တွေ၊ တောင်သူတွေကပဲ ဆောင်ရ တယ်၊ ပွဲရုံက ဆောင်မပေးဘူး။ အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် သိန်း ၉၀ ဝန်းကျင်လောက် ရှိတယ် ကုန်ကျ စရိတ်က။ အိမ်က ၁၀ သိန်းလောက် စိုက်နေရတယ်” ဟု ပြေသည်။
ထိုသို့ ဆုံးရှုံးမှု ဖြစ်ပေါ်နေခြင်းကြောင့် ဖရဲကုန်သည်တချို့သည် တရုတ်နိုင်ငံသို့ တင်ပို့မှုကို ရပ်နားလာကြသလို ရန်ကုန်ဈေးကွက်သို့ ပြောင်းလဲတင်ပို့ ရောင်းချလာကြသည်။
ထို့ကြောင့် ရန်ကုန်ဈေးကွက်တွင် ဖရဲကား ဝင်ရောက်မှုသည် စံချိန်တင် မြင့်တက်ခဲ့သည်။
တရုတ်တင်ပို့မည့် ဖရဲကားများကို တွေ့ရစဉ်
လက်ရှိတွင် တရုတ်နိုင်ငံမှ ဖရဲသီး ဝယ်ယူမှုများသည် နည်းပါးနေသေးကြောင်း၊ တရုတ်နိုင်ငံ အနှံ့အပြားမှ ဖရဲကုန် သည်များ လာရောက်ဝယ်ယူမည်ဆိုပါက ဈေးနှုန်း ကောင်းမွန်လာမည် ဖြစ်ကြောင်း ရန်ကုန်မှ ဖရဲကုန်သည် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရန်ကုန်ပွဲစားလောကမှာ ဒီလောက်များပြားတဲ့ ကားအစီရေ မဝင်ခဲ့ဖူးဘူး။ စံချိန်တင်အောင် ဝင်သွားတာ လေ။ စံချိန်တင်အောင် ဝင်တဲ့အတွက် ဘာဖြစ်သွားလဲဆိုတော့ ကုန်စိမ်းတွေရဲ့ သဘောတရားကိုက ရှားရင် ရွှေ၊ ပေါရင် အမှိုက်ပဲလေ။ ပြောချင်တာက demand, Supply မမျှတဲ့အတွက် ရန်ကုန်မှာလည်း တိုင်တွေပတ်နေ တယ်။ အဓိကကတော့ တရုတ်က အခုဟာက အဝေးသမားတွေ မလာသေးဘူး။ အနီးသမားတွေပဲ လာကြတာ။ ယူနန်ပြည်နယ်ထဲကတောင်မှ သိပ်မဆင်းသေးဘူး၊ မဝယ်သေးဘူး။ အဝေးသမားလာရင် ဈေးကွက်ပွင့်မှာ။ ပြီးရင် နောက်ပိုင်းကျရင် ဆောင်းစိုက်ကျရင် ဖရဲ၊ သခွားနဲ့ ပတ်သက်လာရင် အရည်အသွေး ကောင်းလာပြီဆိုတော့ ဈေးက တက်လာဖို့ အလားအလာတော့ ရှိတာပေါ့နော်” ဟု ပြောသည်။
မြန်မာ - တရုတ် ဖရဲတင်ပို့မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ သဘောတူစာချုပ်ဖြင့် ဝယ်ယူမည်ဆိုပါက တောင်သူများ အတွက် ပို၍ အဆင်ပြေနိုင်ကြောင်း သိရသည်။
ထို့နောက် ယခင်က မူဆယ် ၁၀၅ မိုင်တွင် တရုတ်ကုန်သည်များက ဖရဲများကို လာရောက်ဝယ်ယူသည့် ပုံစံဖြင့် ကျင့်သုံးမည်ဆိုပါက ကုန်သည်များနှင့် တောင်သူများအတွက် ကားခနှင့် တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် ကုန်ကျစရိတ်များ သက်သာလာမည်ဟု ဖရဲတင်ပို့သည့် ကုန်သည်များက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 971
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အချိန်ပိုကြေးမပေးနိုင်သည့်အနေအထားများကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ယခင်ကထက် ဝင်ငွေကျဆင်းနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက CNI သတင်း ဌာနသို့ ပြောသည်။
ပြည်ပနိုင်ငံအချို့၌ ဖြစ်ပွားနေသည့် စစ်ပွဲများ၏ ရိုက်ခတ်မှုကြောင့် ထိုင်းတွင်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းလာနေကာ အချို့ စက်ရုံ၊ အလုပ်ရုံများတွင် အော်ဒါမရရှိမှုများဖြင့် ရင်ဆိုင်နေရကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ထို့ကြောင့် လက်ရှိကာလတွင် မြန်မာလုပ်သားများအနေဖြင့် လုပ်ငန်းခွင်ပြောင်းရွှေ့ခြင်းများ မပြုလုပ်ကြရန် Labour Rights Foundation မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“စက်ရုံ၊ အလုပ်ရုံတွေမှာလည်း အရင်တုန်းကဆိုရင် overtime တွေ ဘာတွေနဲ့ အလုပ်သမားတွေက အဆင်ပြေ နေတဲ့ အနေအထားကနေ လက်ရှိ အခြေအနေမှာကတော့ လုပ်သားတွေအနေနဲ့ ဝင်ငွေတွေ တော်တော် ကျဆင်း လာတာကို တွေ့ရပါတယ်။ တချို့စက်ရုံတွေမှာဆိုရင် ထိုင်းဥပဒေမှာ တစ်ပတ်မှာ ၆ ရက် အလုပ်လုပ်ရမယ် ပြောတဲ့ဟာကို ဥပဒေမှာ ရေးထားပေမယ့် လုပ်ငန်းခွင်မှာ ကုန်ပစ္စည်းအော်ဒါမရှိတာတွေကြောင့်မို့လို့ လောလောဆယ် သူတို့ OT တွေ မပေးနိုင်တာလို့၊ တစ်ပတ်မှာ ၆ ရက် အလုပ်မပေးနိုင်လို့ ၃ ရက်နားပါဦးတို့ ဆိုတာမျိုးတွေလည်း ကျနော်တို့ ကြားသိနေရတယ်။ တချို့မြန်မာလုပ်သားတွေက အနာဂတ်ကို စနစ်တကျ မတွေးဘဲနဲ့ ဒီမှာ OT မကောင်းတော့ဘူး နောက်တစ်ရုံပြောင်းလိုက်တော့မယ်ဆိုပြီး ရုတ်တရက် အလုပ်ထွက်သွား ပြီးမှ နောက်တစ်ရုံကို သွားပြီး အလုပ်လျှောက်တဲ့အခါမှာလည်း သူတို့မှာလည်း လူက မလိုတော့ဘဲနဲ့ လောလော ဆယ်က အော်ဒါတွေမလာသေးလို့ စောင့်ဆိုင်းနေတဲ့ ကာလဖြစ်တဲ့အခါမှာ အလုပ်လက်မခံဘူး။ အဲဒီတော့ လက်ရှိ ကနေ လက်မဲ့တွေဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
ရေလုပ်ငန်းတွင် လုပ်ကိုင်နေကြသူများ
လုပ်ငန်းခွင်ပြောင်းရွှေ့မည်ဆိုပါက လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းပြည်ပ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ များ လေ့လာပြီးမှ ဆုံးဖြတ်စေချင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
ထို့အပြင် မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို ပြီးခဲ့သည့် ဇူလိုင်လကုန်အထိသာ တင်ခွင့် ပေးထားသည့် အမည်စာရင်းတင်သွင်းခြင်း (Name List) နှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံသားများအား သိန်း ၃၀ ခန့်အထိ ဈေးနှုန်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ ပြုလုပ်နေကာ ယင်းကို လိမ်လည်ခံရသူများလည်းရှိကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “အမှတ် ၁ ချစ်ကြည်ရေးတံတား အနားမှာဆိုရင် ထိုင်းနိုင်ငံသားတွေဖွင့်ထားတဲ့ ရုံးခန်းတွေပေါ့။ သူတို့ဆီကနေ တဆင့် မြန်မာပွဲစားတွေကို ချိတ်ပြီးတော့မှ လူတစ်ယောက်ကို သိန်း ၂၀၊ ၂၅ သိန်း၊ ၂၈ သိန်း၊ ၃၂ သိန်း အစားစား ရှိတယ်ပေါ့နော်။ အဲဒီလိုတွေ ယူပြီးတော့ သူတို့ ဘန်ကောက်ပို့ပေးမယ်၊ စက်ရုံထဲအရောက် အလုပ်ရှာပေးမယ်။ ပတ်စပို့လုပ်ပေးမယ် ဒီလိုမြူဆွယ်ပြီး ခေါ်လာကြတာတွေရှိတယ်။ ဒီအပေါ်မှာ MOU စနစ်နဲ့လုပ်ရင် ၃ လ၊ ၆ လ ဒီလိုကြန့်ကြာတာ တွေရှိတယ်။ လူပွဲစားတွေကနေတဆင့် ထိုင်းနိုင်ငံသားတွေ ဖွင့်ထားတဲ့ ရုံးခန်းထဲမှာ သူတို့တွေ ဘတ် လာလုပ် ကြတာပေါ့။ တံတားကူးလက်မှတ်တွေနဲ့ လာကြတယ် ဒီဘက်ခြမ်းကို။ အခု ကျနော်တို့အဖွဲ့အစည်းကို လာ တိုင်တာဆိုရင် ၄ ဖွဲ့ လောက်ရှိတယ်။ လူ ၂၀၀ လောက် လာတိုင်တယ်။ ရုံးတစ်ရုံးတည်းမှာ တင် လူ ၃၀၀ ကျော် သူတို့ လက်မှတ်လုပ်ထားတယ်လို့ ပြောတယ်” ဟု ပြောသည်။
လက်ရှိတွင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများအား အမည်စာရင်းတင်သွင်းခိုင်းသည့် (Name List) ကာလမှာ ပြီးစီးသွားပြီဖြစ်ပြီး ၎င်းအမည်စာရင်းတင်သွင်းထားသူများကိုလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်သည်။
ထို့ကြောင့် ပွဲစားများ၏ စကားများအား နားမယောင်ကြရန်နှင့် မှန်ကန်မှု ရှိ၊ မရှိအား မိမိကိုယ်တိုင် လေ့လာသင့် ကြောင်း၊ ထိုသို့ လေ့လာမှုများမရှိသဖြင့် ယခုကဲ့သို့ လိမ်လည်ခံရခြင်းများ ရှိနေဦးမည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
ထို့အပြင် လက်ရှိ ထိုင်းနိုင်ငံတွင် ဖမ်းဆီးစစ်ဆေးမှုများမှာလည်း နေ့စဉ်ရှိနေသောကြောင့် အထောက်အထားမဲ့ များအနေဖြင့် အသွား၊ အလာ ဂရုပြုကြရန်လည်း ၎င်းတို့က အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 651
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
လက်ရှိ ကော်ဖီတင်ပို့မှုတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့မှုများကို ကန့်သတ် ထားလိုက်ပြီဖြစ်သည့်အတွက် လာမည့် ကော်ဖီရာသီတွင် ပင်လယ်ရေကြောင်းဖြင့်သာ တင်ပို့ရမည်ဖြစ်သည်ဟု ကော်ဖီတင်ပို့သူများနှင့် ကော်ဖီစိုက်တောင်သူများထံမှ သိရသည်။
နယ်စပ်မှတဆင့် ကော်ဖီတင်သည့် ကုန်သည်များသည် ပင်လယ်ရေးကြောင်းမှတဆင့် တင်ပို့သည့် ကုန်သည် များထက် အကျိုးအမြတ် ပိုမိုရရှိနေပြီး ပင်လယ်ရေကြောင်းမှ တင်ပို့သည့် ကုန်သည်များက အကျိုးအမြတ် နည်းပါးနေခြင်းကြောင့် သက်ဆိုင်ရာဌာနသို့ တိုင်တန်းမှုများ ရှိခဲ့သည့်အတွက် နယ်စပ်မှ ကော်ဖီတင်ပို့မှုများမှာ ရပ်နားသွားရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့် ကော်ဖီရာသီတွင် ပင်လယ်ရေကြောင်းဖြင့်သာ တင်ပို့ကြရမည်ဖြစ်သည်ဟု မန္တလေးမှ စီတာကော်ဖီတည်ထောင်သူ ဦးမင်းလှိုင်က CNI သတင်းဌာနသို့ ပြောသည်။
“နယ်စပ်က ကုန်သည်တွေကတော့ တရားဝင်ရေကြောင်းနဲ့ပဲ သွားရမှာပေါ့။ နယ်စပ်ကနေ သွားလို့ မရတော့ဘူး ပေါ့။ သင်္ဘောနဲ့ပဲ သွားရမှာပေါ့။ ၂ ချက်ပေါ့၊ နံပါတ် ၁ ကတော့ ဝယ်တဲ့သူတွေကလည်း ကုန်ကျစရိတ်များတယ် ဆိုရင် ဝယ်မှာမဟုတ်ဘူးပေါ့နော်။ ကိုယ့်တစ်နိုင်ငံတည်း ကော်ဖီထွက်တာမှ မဟုတ်တာ။ နံပါတ် ၂ ကတော့ တောင်သူတွေကတော့ ဈေးက အရင်တုန်းကတော့ နယ်စပ်ကုန်သွယ်ရေးဆိုတော့ ပိုပြီးတော့ အလုပ်ဖြစ်တာ ပေါ့နော်။ ပိုပြီးလွယ်တယ်။ ပိုပြီးတော့ အလုပ်ဖြစ်တော့ ဈေးပိုကောင်းတာပေါ့နော်။ အဲဒါကို တရားဝင် တင်သွင်း တဲ့သူတွေက နယ်စပ်သမားကို မယှဉ်နိုင်ဘူး။ ဆိုတော့ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ နယ်စပ်သမားတွေက ပိုပြီး တော့ အလုပ်ဖြစ်တယ်။ ပင်လယ်ရေကြောင်းက အဓိက ပေါ်လစီပေါ့နော် ၅၀ - ၅၀ ပေါ့၊ အခုမှ ၅၀ - ၅၀ အရင် တုန်းကဆို ၆၅ - ၃၅ ဆိုတော့ ပေါက်ဈေးနဲ့ ပြန်လဲတဲ့အချိန်မှာ နယ်စပ်သမားကို မယှဉ်နိုင်ဘူးပေါ့နော်၊ ရှုံးတာပေါ့။ oversea က ပိုကောင်းပြီးတော့ ပိုအလုပ်ရှုပ်ပြီးတော့ ပိုကြာပြီးတော့ နယ်စပ်သမားကို မယှဉ်နိုင် ဖြစ်တာပေါ့နော်။ အဲဒီတော့ အဲဒါကြောင့်မို့လို့ ဖြစ်တာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် အဓိကတင်ပို့လျက်ရှိနေပြီး ပင်လယ်ရေကြောင်းဖြင့် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများကို တင်ပို့ လျက်ရှိကာ၊ နယ်စပ်ကုန်သွယ်ရေးတွင် ကော်ဖီကို ၇၅ ရာခိုင်နှုန်းအထိ နှစ်စဉ်တင်ပို့နေခြင်း ဖြစ်သည်။
ကော်ဖီပင်ပေါ်ရှိ ကော်ဖီသီးများကို တွေ့ရစဉ်
လက်ရှိတွင် ကော်ဖီကို ပြည်ပသို့ တင်ပို့ရာ၌ ပင်လယ်ရေကြောင်းဖြင့်သာ တင်ပို့ရမည် ဖြစ်သည့်အတွက် ကော်ဖီစိုက်တောင်သူများအနေဖြင့် နယ်စပ်မှတဆင့် တင်ပို့သည့်နှုန်းထားအတိုင်း ရရှိမည်မဟုတ်ကြောင်း၊ ဒါ့အပြင် ပို့ကုန်ရငွေ မူဝါဒကြောင့် ကော်ဖီတင်ပို့မှုများသည်လည်း လျော့ကျသွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် တောင်ပိုင်းမှ ကော်ဖီစိုက်တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကော်ဖီတင်ပို့မှုကတော့ အဓိကတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် ဥရောပတို့၊ အမေရိကားတို့က ဒီက ထွက်တာ အကုန်ဝယ်နိုင်တာ မဟုတ်ဘူးပေါ့နော်။ တကယ်တမ်းဆို နယ်စပ်ကနေပြီးတော့ ရောင်းနေလို့ ကော်ဖီက ကုန်နေတာပေါ့။ တောင်သူတွေအတွက်တော့ ဈေးမကောင်းဘူးပေါ့။ Export သမားတွေအတွက်ပဲ ကောင်းတာပေါ့။ အမှန်က အဲဒီလို မဖြစ်သင့်ဘူးပေါ့။ အမှန်ကတော့ ဈေးကောင်းရရင်တော့ ကောင်းတာပေါ့။ ဈေးကောင်းရတော့ ပိုစိုက်တယ်၊ သူ့ဟာသူ Supply ကို demand က ကျော်လာရင် သူ့ဟာသူ ကျသွားလိမ့်မယ်။ အခုဟာက demand ကို Supply က မလိုက်နိုင်တာလေ။ ဒီလိုလုပ်တဲ့ဟာက အမှန်တော့ မဟုတ်ဘူး။ နယ်စပ် ပိတ်သွားတာဆိုတော့ နည်းသွားတာပေါ့ တင်ပို့မှုက” ဟု ပြောသည်။
နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကော်ဖီတင်ပို့မှုကို အကန့်အသတ်ဖြင့် ခွင့်ပြုစေလိုကြောင်း၊ သို့မှသာ ကော်ဖီ သီးနှံစိုက်တောင်သူများအတွက် အဆင်ပြေနိုင်မည် ဖြစ်သည်ဟု တောင်သူများက ပြောသည်။
မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးလျက်ရှိပြီး ကော်ဖီစိုက်ဧက ၅ သောင်းခန့်ရှိကာ ကော်ဖီကို ဒီဇင်ဘာလမှ မတ်လအတွင်း ခူးဆွတ်ပြီး ဧပြီလမှ မေလအထိ ပြည်ပသို့တင်ပို့လေ့ရှိကြောင်း သိရသည်။
နှစ်စဉ်ကော်ဖီတန်ချိန် ၉ ထောင်ကျော်ထွက်ရှိပြီး Arabica ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 629
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
အလုပ်သမားများအတွက် တစ်ရက်လျှင် လုပ်ခ ၄၈၀၀ ကျပ်ကို ပြောင်းလဲခြင်း မရှိဘဲ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကိုပါ ခံစားခွင့် ပြုခြင်းသာဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားများအတွက် တစ်ရက်လျှင် ၄၈၀၀ ကျပ် သတ်မှတ်ထားရာမှ ၅၈၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနက “အလုပ်သမားများ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်မှာ ပြောင်းလဲခြင်းမရှိပါ။ သို့ရာတွင် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကိုပါ ခံစားခွင့်ပြုရန်ဖြစ်၍ တစ် ရက်အတွက် ၅၈၀၀ ကျပ်ရမှာ ဖြစ်ပါတယ်။ အချိန်ပိုကြေးကို ၄၈၀၀ ကျပ် အပေါ်မှာ အခြေခံတွက်ရမှာဖြစ်ပါ တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အခြေခံ စားသောက်ကုန်များနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနေခြင်းကြောင့် စက်ရုံ အလုပ်သမားများက တစ်နေ့လုပ်အားခ ၄၈၀၀ ကျပ်မှ ၅၈၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုလျက်ရှိသည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာနက တစ်နေ့လုပ်အားခ ၄၈၀၀ ကျပ် သတ်မှတ်ထားမှုကို ပြင်ဆင် သတ်မှတ် ခြင်း မပြုလုပ်ဘဲ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်ပေးကာ တစ်နေ့လုပ်အားခ ၅၈၀၀ ကျပ် ရအောင် ကြိုးပမ်းပေးခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 727
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
ယခုနှစ် ပြည်တွင်းထောပတ်သီးရာသီအစသည် ပြီးခဲ့သည့်နှစ်ထက် ဈေးကွက်ကောင်းနိုင်ပြီး လက်ရှိတွင် ဈေးနှုန်း မြင့်တက်နေသည်ဟု ထောပတ်သီးစိုက် တောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ထောပတ်သီးရာသီတွင် ထောပတ်သီး တစ်ကီလိုလျှင် ၂၅၀၀ မှ ၄၀၀၀ အထိသာ ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် ကြမ်းခင်းဈေးသည် ၅၀၀၀ အထိ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
ဒါ့အပြင် ပြည်ပသို့ တင်ပို့သည့် Hass အမျိုးအစား ထောပတ်သီးကိုလည်း တစ်ကီလိုလျှင် ကြမ်းခင်းဈေး ၆၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ မှန်းထားကြောင်း၊ ယခုနှစ်တွင် ထောပတ်သီးဈေးနှုန်းကောင်းမွန်နေခြင်းသည် ပြည်ပဝယ်လို အားနှင့် နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက် နေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ကိုကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ Hass အမျိုးအစား ထောပတ်သီးကိုတွေ့ရစဉ်
၎င်းက “ရာသီက တကယ်တမ်းက Hass ဆိုတာ မစသေးဘူးပေါ့။ တခြားအမျိုးတွေက စပြီ။ ဥပမာ အမရာဆိုရင် တစ်ကီလို ၅၀၀၀ က အများဈေးပေါ့။ စားတဲ့သူဆို ၈၀၀၀ လောက် ရောင်းတယ်ပေါ့ တစ်ကီလိုပေါ့နော်။ ဘာကေး နီးယားဆိုရင် တစ်ကီလို ၄၀၀၀ ပေါ့။ အခုလက်ရှိကတော့ ကောင်းတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ Export လုပ် တဲ့ Hass ကတော့ မစသေးဘူး။ ကြမ်းခင်းဈေးကတော့ တစ်ကီလို ၄၀၀၀ ဖွင့်ထားပေးတယ်ပေါ့။ တစ်ကီလို ၄၀၀၀ က ကျုံးယူတဲ့ဈေးပေါ့၊ အကုန်လုံးကို ယူတဲ့ဈေးပေါ့။ ဒါပေမယ့် မဝယ်သေးဘူး ဈေးက ဖွင့်ထားတာ။ ဘယ်တော့ စမလဲဆို ၁၁ လပိုင်းမှာ စမှာလေ သူကကျတော့။ ကျနော်တို့ မှန်းတာတော့ ကြမ်းခင်းဈေး ၆၀၀၀ ကနေ ၁၀၀၀၀ ကြားကို မှန်းထားတယ်။ ဈေးမြင့်တယ်ပေါ့ မနှစ်ကဆို ၂၅၀၀ ပဲ စဖွင့်တာလေ။ ၄၀၀၀ လောက်နဲ့ အကြာကြီးလေ။ နောက်ဆုံးကျမှ ၆၀၀၀ ရောက်သွားတာကိုး။ ကျနော်တို့က အခု ရာသီအစမှာကို ၆၀၀၀ လောက် မှန်းထားတာ။ ပထမတစ်ချက်က ငွေလဲနှုန်းပေါ့။ ကျနော်တို့ ထိုင်းကို ရောင်းတာကြောင့် ငွေလဲနှုန်းတွေ တက်တဲ့အတွက် ပိုရတာ ပေါ့။ ဒုတိယတစ်ချက်က ဝယ်လိုအားပေါ့ အဲဒီ ၂ ချက်ပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်တာ။ တောင်သူ က စိတ်မရှည်ဘူး ရောင်းမယ်ဆိုရင်တော့ ဈေးဆင်းလာမယ်။ မနှစ်ကဆိုရင် ဒီအချိန်ဆို ထုတ်ရောင်းကုန်ပြီလေ။ ကျနော်တို့ ပညာပေးလည်း မရဘူး။ ဒီနှစ်တော့ ထုတ်ရောင်းတယ် ဒါပေမယ့် ခြံပြတ်တွေက ဈေးကောင်းရတော့ သိပ်ပြီးတော့ မထောင်းသာဘူးလို့ ကျနော်တို့ ယူဆတယ်။ အဲဒါကြောင့်မို့လို့ ဈေးကောင်းမယ်လို့ ကျနော်တို့ သတ်မှတ်တယ်” ဟု ပြောသည်။
ယခုနှစ်တွင် ထောပတ်သီး ဈေးနှုန်း ကောင်းမွန်နေသော်လည်း တောင်သူများအနေဖြင့် အရည်အသွေးကို ထိန်း ထားရန် လိုအပ်ကြောင်း၊ ထို့နောက် အလောတကြီး မရောင်းချရန်နှင့် ထိန်း၍ ရောင်းချကြရန် ထိုသို့ မဟုတ်ပါက ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိသွားနိုင်သည်ဟု ထောပတ်သီးအသင်း တင်ပို့ရောင်းချနေသူများက ထောက်ပြ ကြသည်။
သို့သော်လည်း ယခုနှစ်တွင် ထောပတ်သီး ဈေးနှုန်း ကောင်းမွန်နေသော်လည်း ပြည်ပသို့ တင်ပို့ရာတွင် ပို့ကုန်ရငွေ မူဝါဒကြောင့် ကုန်သည်များ တင်ပို့ရန် အဆင်မပြေ ဖြစ်နေကြောင်း၊ ထောပတ်သီး အမှာစာများ ရှိနေသော်လည်း တချို့သော နိုင်ငံများကိုသာ တင်ပို့နိုင်မည် ဖြစ်သည်ဟု ရှမ်းပြည်နယ်မှ ထောပတ်သီး တင်ပို့သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ထောပတ်သီးကို တွေ့ရစဉ်
၎င်းက “အခက်အခဲကတော့ မရှိပါဘူး။ အဓိက ကျနော်တို့က စည်းမျဉ်းစည်းကမ်းတွေကို မကျော်နိုင်တာလေ။ ၅၀ - ၅၀ တို့ ဘာတို့ အဲဒါတွေကြောင့် ကျနော်တို့က အဆင်မပြေတာလေ။ အခက်အခဲက မရှိဘူး ပို့လို့ရတယ်။ အမှာ စာတွေကတော့ တောက်လျောက် ရှိနေတာပဲ။ ကျနော်တို့အပိုင်းက ပို့လို့ မရတော့လေ ကျနော်တို့က သိပ်လက် မခံတာပေါ့။ အိန္ဒိယရှိတယ်၊ ထိုင်းရှိတယ်။ တရုတ်ကလည်း စိတ်ဝင်စားတယ်ပေါ့နော်။ ချက်ချင်းလာပြီး ကြည့်မယ် တောင်မှ ဒါပေမယ့် ကျနော်တို့ သွားလို့မရဘူးလေ တချို့ဟာတွေက အဲဒါကြောင့်ပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ရငွေ မူဝါဒတွင် ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း အမေရိကန် ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကျန်ရှိသည့် ၅၀ ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်ဖြင့်လည်းကောင်း လဲလှယ် ရမည်ဆိုသည့် သတ်မှတ်ချက်ကြောင့် ပြည်ပတင်ပို့မည့် ကုန်သည်များအတွက် အကျိုးအမြတ်ရရှိမှု နည်းပါးနေ သည်ဟု ကုန်သည်များက ပြောသည်။
ယခုနှစ် ထောပတ်သီး ရာသီတွင် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့သွားမည်ဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့သည့် Hass အမျိုးအစား ထောပတ်သီး ရင့်မှည့်ချိန်သည် နိုဝင်ဘာလဖြစ်သည့်အတွက် လာမည့် နိုဝင်ဘာလတွင်သာ ပြည်ပသို့ စတင်၍ တင်ပို့နိုင်မည်ဖြစ်သည်ဟု သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 590
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
ပြည်ပနိုင်ငံများသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ လစာဝင်ငွေခွန်အား နည်းလမ်း ၂ မျိုး ဖြင့် တွက်ချက် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
အဆိုပါ နည်းလမ်း ၂ မျိုးမှာ (၁) နိုင်ငံခြားငွေဖြင့် ရရှိသည့် တစ်လစာ ဝင်ငွေအပေါ်တွင် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြု ထားသည့် သက်သာခွင့်များကို နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်းဖြင့် ပေးဆောင် နိုင်သည်။
နံပါတ်(၂)အနေဖြင့် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့် သက်သာခွင့်များ နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်းထားဖြင့် တွက်ချက်ခြင်းဖြင့်လည်း ပေးဆောင်နိုင်သည်။
ထိုဝင်ငွေခွန်နှင့်ပတ်သက်၍ ပြည်ပရောက် မြန်မာနိုင်ငံသားများအကြားတွင် သဘောထား မတူညီမှုများရှိကြပြီး ဟွန်ဒီငွေလွှဲ ဝန်ဆောင်မှုများဖြင့် ငွေလွှဲကြခြင်းများရှိသဖြင့် ယခုကောက်ခံမည့် ဝင်ငွေခွန်သည် မည်သည့်ပုံစံဖြင့် ကောက်ခံမည်အား မသိရှိရသေးကြောင်း မလေးရှားတွင်နေထိုင်သူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “မဆောင်ဘူး၊ ဆောင်တယ်ဆိုတာက ဒီမှာ ငွေလွှဲတွေက အများကြီးရှိတယ်။ တရားဝင် bank in bank လွှဲရင်တော့ အခွန်ကောက်ပိုင်ခွင့်ရှိတယ်။ အခုလိုမျိုး black money တွေ၊ မြန်မာဆိုင်တွေ၊ change money တွေကနေ လွှဲရင်တော့ အခွန်က ကောက်လို့မရဘူးလေ။ အဲဒီလိုမျိုးတွေရှိတဲ့အတွက် သူတို့ ဘယ်လိုစီစဉ်တယ်၊ ငွေသွား ငွေလာ သူတို့အခွန်ကောက် မလဲဆိုတာကို မသိရသေးတဲ့အတွက် ကျနော်တို့လည်း ပြောလို့မရဘူး။ အများစုကတော့ bank in bank လွှဲတာ ရှားတယ်။ change money တွေကနေ လွှဲတာများတဲ့အတွက် အခွန် စလစ်တွေ ဆိုတာကတော့ ကျနော်တို့ဆီမှာ ရှိမှာမဟုတ်ဘူးလေ။ အဲဒီအတွက် သက်တမ်းတိုးတဲ့ အခါကြရင် လူ တစ်ယောက်ကို ဘယ်လောက်ဆိုပြီးတော့ ပတ်စပို့ စာအုပ်အပေါ်မှာပဲ ကောက်ခံလို့ရမယ်။ လက်ရှိ အနေအထား ငွေလွှဲနေတာက မြန်မာဆိုင်တွေမှာ လွှဲနေတာဆိုတော့ အခွန်ကောက် ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ပြောရ မယ်ဆိုရင်တော့ သက်တမ်းတိုးတဲ့အခါမှာပဲ စကားပြောရမှာပေါ့” ဟု ပြောသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမိုးလေးက မြန်မာလုပ်သားများသည် နှစ်နိုင်ငံစလုံးမှ လုပ်ဆောင်ခိုင်းသည့် အထောက်အထားများကို ပြုလုပ်နေရခြင်း ဖြစ်သော်လည်း လုပ်သားများနှင့်ပတ်သက်၍ အစိုးရဘက်မှ ပြန်လည် ဆောင်ရွက်ပေးခြင်းမျိုး မရှိသောကြောင့် ဝင်ငွေခွန် ပေးဆောင်မည် မဟုတ်ကြောင်း CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ပြည်ပမှာလည်း ကျနော်တို့နေရာ ဒီအစိုးရအနေနဲ့ ဘာတစ်ခုမှ မကူညီပေးပါဘူး။ အခုလက်ရှိ ပြည်ပမှာ စာအုပ်ချိန်းတယ်။ CI စာအုပ်တစ်အုပ် ဥပမာပေါ့နော် အစိုးရက သတ်မှတ်ထားတယ် ၃၊ ၄၊ ၅ ရာပဲ ဒါပေမယ့် ပြည်သူတွေ ကုန်နေတာ ၄၊ ၅၊ ၆ ထောင် ၇ ထောင်၊ သံရုံးမှာလည်း ဒီလိုပဲ။ စာအုပ်တစ်အုပ်ကို သတ်မှတ်ထားတာ သံရုံးက ပြောတာက အစိုးရအခွန် ၁၂၀၀၊ ၁၃၀၀ ပဲ ဒါပေမယ့် မြန်မာသံရုံးက ပွဲစားတွေပေါ့နော် လွှတ်ထားတာနဲ့ သံအရာရှိတွေယူတာက စာအုပ်လဲတာတောင် ၂ ထောင်၊ ၃ ထောင် ကုန်နေပြီ။ ဒါတွေကို ပြည်သူတွေကို ထိထိ ရောက်ရောက် ကူညီပေးမယ်ဆိုရင်တော့ ပြည်သူအနေနဲ့လည်း အခွန်ဆောင်ဖို့ဆိုတာ ဝန်မလေးဘူးပေါ့ ပြည်သူ အပေါ်မှာ ကောင်းတယ်ဆိုရင်” ဟု ပြောသည်။
ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခြားနိုင်ငံများ၏ သံရုံးများနှင့် ယှဉ်ပါက ခေတ်အဆက် ဆက်၌ မြန်မာသံရုံးထံမှ ကူညီဆောင်ရွက်ပေးမှု အနည်းငယ်သာ ရရှိခဲ့ကြခြင်းဖြစ်သည့်အတွက် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း လွှဲခိုင်းခြင်းအပြင် အခွန်ဆောင်ခိုင်းခြင်းများအား မပေးဆောင်လိုကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “ထိုင်းနိုင်ငံမှာလည်း နေရာဒေသ အသီး သီးမှာ မတူတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက နေရာတိုင်းမှာ ရှိတဲ့အခါကြတော့ မြန်မာနိုင်ငံ သံရုံးအနေနဲ့လည်း ဒီနေရာမှာရှိတဲ့ အလုပ်သမားတွေကို လက်လှမ်းမီဖို့ ခက်ခဲတာ လက်ခံတယ်။ သို့သော်လည်း ပြဿနာတွေက ကြည့်မယ်ဆိုရင် သံရုံးအနေနဲ့ လုပ်တဲ့ပုံစံက အဲဒီလိုနိုင်ငံမှာ ကြိုဆိုတဲ့ သတင်းလောက်ပဲ နောက်ကလိုက်လုပ် ဆောင်ရွက်ပေးတာ ရှိတယ်။ ဆိုလိုတာက ဘန်ကောက်စင်တာ တစ်ခုမှာ သေနတ်ပစ်ခဲ့တဲ့ အမှုပုံစံမျိုးတွေ၊ ဘန်ကောက်မှာ MOU နဲ့ သွားရင်နဲ့ ကားတိုက်မှုဖြစ်တဲ့ ပြဿနာမျိုးတွေ ဒီလိုနည်းနည်းပါးပါး အထင်ကရ ဖြစ်ပေါ် လာတဲ့ အကြောင်းတရားအပေါ်မှာ အခြေခံပြီးမှ ဖြစ်ပေါ်လာတဲ့ အမှုတွေလောက်ပဲ နောက်က ဝင်လုပ်တဲ့ ပုံစံမျိုး လိုရှိတယ်။ နေ့တဓူဝ အလုပ်ပြုတ်ခံရတဲ့သူတွေ၊ MOU နဲ့ လာပြီး လုပ်ခလစာ အပြည့်အဝ မရတဲ့ သူတွေ၊ သူဋ္ဌေး တွေ စာရွက်စာတမ်း သိမ်းထားတဲ့ ပုံစံမျိုးတွေ တခြားသော ပြဿနာတွေကြတော့ သံရုံးအနေနဲ့ တအားကြီး အလှမ်းဝေးကြတယ်။ သံရုံးကိုသွားပြီးမှ တိုင်မယ့်ပုံစံတွေကလည်း နည်းပါးတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။
ပေးဆောင်ရမည့် လစာဝင်ငွေခွန်နှင့် ပတ်သက်၍ ပြည်တွင်း အခွန်များဦးစီးဌာန website တွင် ဝင်ရောက် တွက်ချက်နိုင်ပြီး မိမိသည် ထိုင်းနိုင်ငံမှာ လုပ်ကိုင်သူဖြစ်ပါက တစ်လလျှင် လစာ ဘတ်ငွေ ၁၀,၀၀၀ ရသည် ရှိသော် အခွန် ၂ ရာခိုင်နှုန်းဖြင့် ပေးဆောင်မည်ဆိုပါက တစ်လလျှင် ဘတ်ငွေ ၄၀၀ ခန့် ပေးဆောင်ရမည် ဖြစ် သည်။
သက်သာခွင့်များ နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်းထားဖြင့် ပေးဆောင်မည်ဆိုပါက အတူနေ မိဘ အတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်း၊ အိမ်ထောင်ဘက် တစ်ဦးလျှင် ကျပ် ၁၀ သိန်း၊ သားသမီးရှိပါက တစ်ဦးလျှင် ကျပ် ငါးသိန်း၊ လူမှုဖူလုံရေးရန်ပုံငွေသို့ ထည့်သည့် ဝင်ငွေ စသဖြင့် သတ်မှတ်ထားသောကြောင့် လုပ်သား တစ်ဦး ချင်း၏ ဆောင်ရမည့် အခွန်နှုန်းထား ကွာခြားကြမည် ဖြစ်သည်။