
- By CNI
- Category: စီးပွားရေး
- Hits: 606
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
လက်ရှိတွင် စပါးဈေးနှုန်းများ ကောင်းမွန်နေသော်လည်း ဧရာဝတီတိုင်းအတွင်းရှိ စပါးစိုက်တောင်သူများနှင့် တခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တောင်သူများ ရရှိသည့် အကျိုးအမြတ်သည် ကွာခြားမှု ဖြစ်ပေါ် နေသည်ကို တွေ့ရှိရသည်။
ထိုသို့ အကျိုးအမြတ် ကွာခြားရခြင်းသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ဧရာဝတီတိုင်းဒေသကြီး သည် ပြည်ပတင်ပို့မှု ပြုလုပ်နေသည့် ရန်ကုန်ဆိပ်ကမ်းနှင့် နီးကပ်နေခြင်း၊ ပြည်ပတင်ပို့မည့် ကုန်သည်များက လာရောက်မှု များပြားခြင်းကြောင့် တခြားသော တိုင်းဒေသကြီများထက် ဈေးနှုန်းကွာခြားမှု ဖြစ်သွားခြင်းဖြစ် သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မွန်ပြည်နယ်တို့ ဘာတို့က သူ့ပြည်နယ်နဲ့သူ တစ်ခါတရံကျရင်တော့ အခုက နိုင်ငံတကာဈေးကွက်က တအားကောင်းနေတော့ ပြည်တွင်းမှာကျတော့ နိုင်ငံတကာ ဈေးကွက် မရှိရင် စပါးပေါ်ချိန်မှာ ၁၆ သိန်း၊ ၁၇ သိန်း ဆိုတာက ရုတ်တရက် ပြည်တွင်းတစ်ခုတည်းပေါ့လေ ဒေသတစ်ခုတည်းဆိုရင်တော့ ရုတ်တရက် အဲဒီလောက် ဈေး ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ အခုကတော့ ပြည်ပဆန်ဈေးကွက်ကိုက မတရားကောင်းတဲ့အတွက် ဒီဘက်မှာ တော့ ပြည်ပပို့တဲ့ Exporter တွေ၊ ဝယ်လက်တွေနဲ့ ကုန်သည်တွေနဲ့ နီးတဲ့နေရာတွေ ဖြစ်တဲ့အတွက် သူကတော့ မြန်မြန် တက်တာပေါ့။ မွန်ပြည်နယ်က ရန်ကုန်ကို လာပို့ရမယ်ဆိုတော့ ကြိတ်တာ၊ ခွဲတာ၊ သယ်ယူစရိတ် အဆင့် ဆင့် နဲ့ဆိုတော့ ဈေးနှုန်းကလည်း ကွာမှာပဲ။ အထွက်နှုန်းကတော့ လူပေါ်မှာပဲ မူတည်ပါတယ်။ နောက်ပြီးတော့ ဝယ်လက်ရှိတဲ့နေရာနဲ့ တောင်သူနေတဲ့ နေရာနဲ့က လမ်းပန်းဆက်သွယ်ရေး ဝေးလံတဲ့အတွက်၊ နောက်တခါကျ တော့ ကားကြီးတွေ ဝင်လို့မရဘဲနဲ့ ကွန်ဒေါင်းတွေနဲ့ စပါး ၁၀၀ ပါ၊ ၂၀၀ ပါ လောက်နဲ့ပဲ ဆွဲလို့ရတဲ့အတွက် စရိတ် က ပိုပြီးတော့ ဆီစားနှုန်းနဲ့လေ ပိုကြီးတဲ့အတွက်။ အခု အန်ကယ်တို့ဆီမှာတင် ဧရာဝတီမြစ် အရှေ့ဘက်က တောင်သူနဲ့ အနောက်ဘက်ကမ်းက တောင်သူနဲ့ စပါး ၁၀၀ ဥပမာ တစ်ဧကကို စပါး ၅၀ ထွက်တာချင်းအတူတူ၊ ၁၀၀ ထွက်တာချင်း အတူတူ စပါး ၁၀၀ ပေါ်မှာ ရတဲ့အကျိုးအမြတ်က ဘယ်လောက်ကွာသွားလဲဆိုတော့ ငွေ ၂ သိန်းနီးပါးလောက် ကွာသွားတယ်” ဟု ပြောသည်။
ဆန်အိတ်များ သယ်ယူနေစဉ်
လက်ရှိတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ပေးထားသည့် ဧည့်မထစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်း အခြေခံ ရည်ညွှန်းစပါးဈေးနည်းတူ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် စပါးစိုက်ပျိုးသည့် ဒေသများမှ တောင်သူများက ရရှိလျက်ရှိသည်။
သို့သော်လည်း ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် တစ်ဧကလျှင် ငွေကျပ် ၈ သိန်းမှ ၁၀ သိန်းခန့်အထိ ကုန်ကျနေကြောင်း၊ ထို့နောက် စပါးထွက်ရှိမှုသည် တစ်ဧက တွင် တင်း ၆၀ ခန့်သာ ထွက်ရှိနေခြင်းကြောင့် အကျိုးအမြတ် ရရှိမှုသည် အနည်းငယ်သာ ရှိသည်ဟု မွန်ပြည်နယ် မှ မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူများသည် ယခုနှစ်တွင် ရိတ်သိမ်းခြွေလှေ့စက် လိုအပ်ချက်များ ဖြစ်ပေါ်နေပြီး လူအားဖြင့် ရိတ်သိမ်းရမည်ဆိုပါက အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမား အသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စပါးကတော့ အောင်မြင်တယ်။ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်က ဘာလဲဆိုတော့ ရိတ်သိမ်းခြွေလှေ့စက် မရှိဘူး။ လူအင်အား သုံးမယ်ဆိုလို့ရှိရင် စရိတ်စက ကုန်တာတို့၊ လူမရှိတာနဲ့ တော်တော်ကို ဆိုးသွားပြီ အခြေ အနေ။ ဥပမာ စက်နဲ့ ရိတ်မယ်ဆိုလို့ရှိရင် တစ်ဧကကို ၁ သိန်း ထားပါတော့၊ လူနဲ့ရိတ်ရင် ၂ သိန်းနဲ့လည်း မရဘူး။ နောက်တစ်ချက်က အဲဒီကောက်လိုင်းကို ထမ်းဖို့ကိစ္စ၊ နယ်တဲ့ကိစ္စ၊ တော်တော်ကို ပြောင်းလဲသွားပြီ။ စပါးက အထွက်ကောင်းပေမယ့် တစ်ဖက်မှာ တက်တယ်ဆိုပေမယ့် သွင်းအားစုစရိတ် ထောင်းသွားမှာ။ အဲဒါဆိုရင် အမြတ် မရတော့ဘူး ရှုံးပြီပေါ့” ဟု ပြောသည်။
စပါးစိုက်တောင်သူများကိုတွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးတွင် ကန်ထရိုက် လယ်ယာစနစ် ရှိခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ရရှိခြင်းနှင့် အရည် အသွေးမြင့် မျိုးကောင်းမျိုးသန့် စပါးများကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းတို့ကြောင့် အထွက်နှုန်း ကောင်းမွန်လျက် ရှိသည်။
အလားတူ စက်ကိရိယာများဖြင့် စပါးစိုက်ပျိုးမှုများ ပြုလုပ်ကြခြင်းကြောင့်လည်း အထွက်နှုန်းသည် ပို၍ ကောင်းမွန်သည့်အတွက် တခြားသော တိုင်းဒေသကြီးများထက် ပို၍ အကျိုးအမြတ် ရရှိခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စပါးစိုက်တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် စပါးများ ထုတ်လုပ်နိုင်ရန် အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 538
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်မှုများဖြစ်ပေါ်ကာ စက်သုံးဆီနှင့် တခြားသော အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
တရုတ်နိုင်ငံနှင့် နီးစပ်နေသည့် မူဆယ်၊ လောက်ကိုင် စသည့် မြို့များသည် တရုတ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်များကို ဝယ်ယူ၍ရသော်လည်း နယ်စပ်ဒေသနှင့် အလှမ်းဝေးသည့်အပြင် မြန်မာပြည်မမှ ကုန်စည် သယ်ဆောင်ရန် မလွယ်ကူသည့် ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ စသည့် ကြားဒေသများသည် နယ်စပ်ဒေသများထက် ပို၍ အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။
ကွတ်ခိုင်မြို့တွင် လက်ရှိ၌ လျှပ်စစ်မီး ပြတ်တောက်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း၊ ထို့နောက် စက်သုံးဆီနှင့် တခြားသော ကုန်စည်များသည်လည်း ပြတ်တောက်နေသည်ဟု အမည်မဖော်လိုသည့် ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အကုန်အခက်အခဲ ဖြစ်တယ် ဒီမှာတော့လေ။ ဘာလို့ဆို ဘယ်မှ သွားလို့မရတော့ ပိုဆိုးတာပေါ့ ကျနော်တို့က။ မူဆယ်ဆိုရင်တော့ တရုတ်ပြည်ဘက်က ပြန်လုပ်လို့ရတယ်။ ကျနော်တို့က သိန္နီ၊ လားရှိုး ဒေသထွက်ကုန်ကိုပဲ အဓိက မှီထားနေရတော့ ကျနော်တို့ဘက်မှာတော့ အကုန်တက်တယ် ဈေးနှုန်းက။ နောက်ပြီးတော့ မြို့ပေါ်က ပိုပြီးတော့ အခက်အခဲ ဖြစ်တယ်။ အဓိက ကျနော်တို့မှာက သောက်သုံးရေက ပြတ်သလောက်တောင်မှ ဖြစ်သွားပြီ။ ဒီမှာ ကွတ်ခိုင်မှာက ဓာတ်အားပေးရုံကို မိုင်းခွဲလိုက်တဲ့အတွက် ကျနော်တို့ မီးမရဘူးပေါ့။ မီးမရလို့ စက်နှိုးတင်မယ်ဆိုတော့လည်း ဆီမရဘူး။ အဲဒီတော့ ကျနော်တို့ဆီမှာရှိတဲ့ တောင်ကျရေတွေကို ကျိုချက်ပြီး သောက်ရတာပေါ့ အဲဒီလို အနေအထားပေါ့။ ဟိုလို သောက်ရေသန့်တွေကတော့ ပြတ်သလောက်နီးပါး ဖြစ်သွားပြီ။ ကုန်ဈေးနှုန်းတွေကလည်း ဆီလည်း ပြတ်သွားပြီပေါ့နော် လောင်စာဆီလည်း။ လောလောဆယ် ရှေ့ဆက်သွားရင်လည်း အကုန်လုံး အခက်အခဲ ဖြစ်ကုန်မယ်၊ ဆန်ဆီ စားဝတ်နေရေးက တော်တော့်ကို ခက်သွား မယ့် အနေအထားဖြစ်နေတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ သားငါးဈေးတစ်နေရာ
ထို့ပြင် သိန္နီမြို့နှင့်ကွက်ခိုင်ကြားသည် ၁၆ မိုင်သာဝေးသော်လည်း လက်ရှိတွင် တိုက်ပွဲများနှင့် တံတားကျိုး၍ လမ်းပိတ်နေသဖြင့် လားရှိုးနှင့် သိန္နီမှထွက်ရှိသည့် ဆန်ကိုရရှိရန် မလွယ်ကူကြောင်း ကွက်ခိုင်ဒေသခံများက ပြောသည်။
စစ်ရေးပဋိပက္ခ ဖြစ်ပွားနေမှုနှင့် ကုန်စည်စီးဆင်းမှုလမ်းကြောင်း ပိတ်ဆို့နေမှုများကြောင့် ကွတ်ခိုင်၊ မူဆယ်၊ သိန္နီ စသည့် မြို့နယ်များတွင် ယခင်က ကြက်ဥ အလုံး (၃၀) တစ်ကတ်လျှင် ၆၀၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိ တွင် ၁၈၀၀၀ ကျပ် ဖြစ်ပေါ်နေကြောင်း၊ ထို့နောက် ငွေကျပ် ၁ သိန်းကျော်ခန့်သာရှိသည့် ဆန်တစ်အိတ်သည် လည်း ၂ သိန်းကျပ်အထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ပြတ်လပ်ခြင်းနှင့် ကုန်စည်လှောင်ထားသူများမှ ဈေးကစားမှုများ မဖြစ်စေရန်အတွက် တရုတ်ပြည်မှတဆင့် အခြေခံ စားသောက်ကုန်များကို ဝယ်ယူ၍ မူဆယ်မြို့တွင် ပုံမှန်နှုန်းထားဖြင့် ပြန်လည် ရောင်းချရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း “ကမ်းလက်ကူညီ” ပရဟိတအသင်းမှ ကိုပြည့်က CNI သတင်း ဌာနသို့ ပြောသည်။
“ကုန်သွယ်မှုက ပြတ်တောက်သွားတယ်ဆိုတာတော့ ဂုတ်ထိပ်တံတားကို ကျော်လို့ရတယ်။ ရှမ်းတောင်ကနေ ပတ်ပြီးတော့ ကျနော်တို့ဘက်ကို လာလို့ရတယ်။ ဒါပေမယ့် လားရှိုးနဲ့ မူဆယ်ကြားမှာလည်း သိန္နီရေပူဂိတ်တွေက ပေးမဖြတ်သေးဘူးပေါ့နော်။ အဲဒီတော့ လာဖို့က အဆင်မပြေသေးဘူးပေါ့။ ကုန်တွေက အဝင်မရှိဘူး။ အထွက် လည်း မရှိဘူး။ လမ်းခရီးကတော့ လားရှိုးနဲ့ မူဆယ်ကြားမှာတော့ ဘလော့ ဖြစ်နေသေးတယ်ပေါ့။ ကုန်ဈေးနှုန်း ကတော့ မူဆယ်မှ မဟုတ်ဘူးပေါ့နော်။ ရှမ်းမြောက်တစ်ခုလုံးတော့ တက်နေတာပေါ့။ ဒါပေမယ့် မူဆယ်အပိုင်းနဲ့ ပြောမယ်ဆိုရင်တော့ မူဆယ်ကတော့ ကြက်ဥတစ်လုံးကို ၁ ထောင် ဝန်းကျင်အထိ ဖြစ်သွားတယ်။ ဒါကြောင့် ကျနော်တို့ကလည်း ကြက်ဥကို တရုတ်ပြည်ကနေ ယူတယ်၊ ရောင်းတယ်။ မရှိတဲ့သူတွေကို လက်ဆောင် ပေးတယ်၊ အလကားပေးတယ်ပေါ့။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ကောလာဟလကြောင့် ပိုပြီးတော့ ဈေးတက်တယ်လို့ မြင်တာပါပဲ။ မနေ့က ကျနော်တို့ အလုံး ၃၆၀ ပါတဲ့ ကြက်ဥဖာ ၁၅ ဖာ ချရောင်းတယ် မကုန်ပါဘူး။ အခြေခံစားကုန်တွေကို တရုတ်ပြည်ထဲကနေ ယူပြီးတော့ မူဆယ်မှာ ရောင်းဖို့ လုပ်နေတာပေါ့နော်။ အခုတော့ သယ်နေတုန်း ရှိသေးတယ်။ ရောက်လာပြီဆိုရင် မူဆယ် နာရီစင်နားမှာ အများပြည်သူ ပုံမှန်ဈေးနှုန်း နီးပါးပေါ့ တရုတ်ပြည်ကနေ သယ်ရတဲ့အတွက် တချို့ပစ္စည်းတွေတော့ ကျနော်တို့ ပုံမှန်ထက် နည်းနည်းတော့ များရင်များမှာပေါ့နော်။ ကြက်ဥတစ်လုံးကို ကျနော်တို့ ဝယ်ယူဈေးက ၃၅၀ လောက်ပဲ ရှိတယ်။ ဒါမျိုးလေးတွေကို ချရောင်းဖို့ ကျနော်တို့ လုပ်ပေးနေပါတယ်။ မူဆယ်ဘက်ကနေတော့ ကုန်ဈေးနှုန်း ကျဆင်းဖို့ တစ်ထောင့်တနေရာ ကနေ ကြိုးစားပေးနေတာတော့ အောင်မြင်ပါတယ်” ဟု ပြောသည်။
တိုက်ပွဲများကြောင့် လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားကျိုးပြတ်ခြင်းများ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ လက်နက်သံများလည်း ကြားနေရကြောင်း၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများသည်လည်း ပိတ်ထား ရကြောင်း ကွတ်ခိုင်မြို့ဒေသခံများက ပြောသည်။
ဒါ့အပြင် မူဆယ်- လားရှိုး ပြည်ထောင်စုလမ်းနှင့် လောက်ကိုင် - လားရှိုး ပြည်ထောင်စုလမ်းကို ဖြတ်သန်းသွားလာ ခွင့်မပြုရဟုလည်း MNDAA အဖွဲ့က တားမြစ်စာထုတ်ပြန်၍ ပိတ်ပင်ထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 469
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ထိုင်းနိုင်ငံတွင် အမည်စာရင်း (Name List) တင်ထားသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ သားသမီးများ အတွက် စာရွက်စာတမ်း အထောက်အထားများ ရယူရာတွင် အချို့ပြည်နယ်များ၌ အဆင်မပြေပဲ ဖြစ်နေကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအစိုးရမှ အမည်စာရင်း တင်ထားသူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုပေးထားသဖြင့် ၎င်းတို့၏ အသက် ၁၈ နှစ်အောက် သားသမီးများကိုလည်း ထိုသတ်မှတ် ကာလအတိုင်း နေထိုင်ခွင့် ပြုပေးထားခြင်း ဖြစ်သည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒါပေမယ့် အဲဒါက တကယ့်တကယ် သွားပြီးတော့ လုပ်တဲ့အချိန်မှာ အခက်အခဲတွေက ဖြစ်နေတုန်းပဲ။ အဲဒါကလည်း ပြည်နယ်တွေအပေါ်မှာ မူတည်တယ်။ ကျနော်တို့ ဘက်မှာဆိုရင် အဲဒီ မှီခိုကလေးတွေပေါ့လေ။ အဲဒီကလေးတွေကို လက်ခံဖို့ဆိုရင် အလုပ်ရှင်ရဲ့ ထောက်ခံချက်တို့၊ ပြီးတော့ ရွာ သူကြီးပေါ့ အဲဒါတွေရဲ့ ထောက်ခံချက်တို့ တောင်းတာ။ တကယ့် အပေါ်ကနေပြီးတော့ ထုတ်ပြန်တဲ့အထဲမှာတော့ ဟုတ်တယ်။ မှီခိုခွင့် ရတယ်လို့သာပြောတာ တကယ့်တကယ်မှာ အခက်အခဲတွေ အများကြီးပဲ။ ကျနော်တို့ ပြည်နယ်ဘက်ဆို အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆိုးတယ်လို့ ပြောလို့ရတယ်။ သူတို့က ဘန်ကောက် နယ်မြေ ၁၀ နယ်မြေမှာ လုပ်လို့ရတယ်တို့၊ လုပ်လို့တကယ်ရတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာဆိုရင် လုပ်လို့မရဘူး။ ပြည်နယ် တွေအပေါ် မူတည်တာပေါ့” ဟု ပြောသည်။
ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကို တွေ့ရစဉ်
ထိုအထောက်အထားများအား သက်ဆိုင်ရာပြည်နယ်ရှိ ထိုင်းအလုပ်သမားနှင့် အလုပ်အကိုင် ရှာဖွေရေးဌာန အပြင် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ပွဲစားများဖြင့် လုပ်ကိုင်၍ရသော်လည်း အဆင်မပြေမှု များ သဖြင့် အားမပေးကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။
အသက် ၁၈ နှစ်အထက် သားသမီးများဖြစ်ပါက မိဘများ၏ သတ်မှတ်ကာလအတိုင်း နေထိုင်ခွင့်ရရှိပြီး အလုပ် လုပ်ကိုင်လိုပါက အလုပ်လုပ်ကိုင်ခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
ထိုသို့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် တင်ပြလျှောက်ထားရာတွင်လည်း မိဘများ၏ ကုန်ကျစရိတ် အတိုင်းသာ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့အထိ အမည်စာရင်း တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန် ထားသည်။
ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကို တွေ့ရစဉ်
ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက“တစ်ခါတည်း တွဲတင်မှ ရလာတဲ့ သက်သေခံ ကဒ်ပြားပေါ်မှာ ဒါဟာ ဒီမိဘနဲ့ ဒီသားသမီးဆိုတာ မှန်ကန်မှာလေ။ သတင်းအချက်အလက်တွေ အရက မိဘက Name List အထောက်အထားရှိပြီးတော့မှ သားသမီး နေလို့ရတယ် ဒီတိုင်းမဟုတ်ဘူး။ တစ်နေရာ ရာကို သွားလာတဲ့အချိန်မှာ အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ရင် စကားပြောရတာပေါ့။ နောက် မြန်မာ နိုင်ငံက ကလေးတော်တော်များများက မြန်မာနိုင်ငံမှာ မွေးတာ ဖြစ်တဲ့အတွက် မွေးစာရင်းမပြနိုင်ရင် ပိုဆိုးတာ ပေါ့။ ဥပမာ ၈ နှစ်ကနေ ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ဆိုရင် မိဘတွေ ခေါ်သွားတာမှာ တချို့တွေ လူကုန်ကူး တာလား ဘာလား အဲဒီလို စစ်ဆေးတာတွေ ရှိတယ်လေ။ ဒါကြောင့် Name List စလျှောက်တဲ့ အချိန်မှာ မိဘက အထောက် အထားလုပ်ရင် သားသမီးဖြစ်ကြောင်းဆိုတာကို တစ်ခါတည်း တွဲပြီးတော့မှ မှီခိုအဖြစ်နဲ့ လျှောက်မှသာလျှင် အထောက်အထားရတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ အထောက်အထားရှိပါက သား/သမီးများ အနေဖြင့်လည်း ခရီးသွားသည့်အခါ နယ်မြေကန့်သတ်ချက်မရှိ သွားလာနိုင်ပြီး စစ်ဆေးမေးမြန်းခံရမှု မရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ များထံက သိရသည်။
ထိုင်းနိုင်ငံတွင် အမည်စာရင်း (Name List) တင်ထားသည့် ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁ သန်းခန့်ရှိပြီး နေထိုင် အလုပ်လုပ်ခွင့်ကို အချိန်အားဖြင့် တစ်နှစ်ကျော်ခန့်သာ ခွင့်ပြုပေးထားခြင်း ဖြစ်သော်လည်း နောက်ပိုင်း တွင် ထပ်တိုးခွင့်ပြုခြင်းများ ပြုလုပ်လာနိုင်ကြောင်း သုံးသပ်မှုများရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 704
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ သွားလာ ၍မရဘဲ နယ်စပ်ကုန်သွယ်ရေး ရပ်နားထားရကြောင်း ကုန်သည်များထံမှ သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေစခန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးစခန်းများ ရပ်နားထားရကာ လက်ရှိမှာ မူဆယ်မြို့အတွင်း၌ တချို့သော ကုန်စည်များသည် ဈေးနှုန်းမြင့်တက်မှုနှင့်လည်း ကြုံတွေ့နေရသည်ဟု မူဆယ်မှ ကုန်ကားသမားဖြစ်သူ ကိုသန့်ဇင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ကုန်သွယ်ရေးက ပိတ်ထားတယ်။ ကုန်သွယ်ရေးလမ်းကြောင်း မှီခိုပြီး လုပ်ရတော့ ကုန်သွယ်ရေးလမ်း ကြောင်း ပိတ်မှတော့ အကုန် ဆုံးရှုံးတာပေါ့ဗျာ။ ဒီဘက်တွေကတော့ ပိတ်မှာ။ ချင်းရွှေဟော် - လောက်ကိုင် ဘက် လည်း ပိတ်မှာပဲ။ လောလောဆယ် ဒီဘက်ကတော့ ကုန်ဈေးနှုန်းတော့ တက်တယ်။ ဝယ်လို့ရသေးလားဆိုတော့ ကြက်ဥ ၁ လုံး ၆၀၀/၇၀၀ ဖြစ်တယ်ဗျာ။ ဆန် ၁ အိတ်ကို ဝယ်လို့ရတဲ့ အနေအထားတွေတော့ ရှိနေသေးတယ်။ နောက် ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဝယ်လို့ရဖို့ မလွယ်ဘူးဗျ။ တချို့တွေက ဈေးတွေက လျှောက်ပြော နေတာ၊ တချို့ကျတော့လည်း ရောင်းကြတယ်၊ တချို့ကျတော့လည်း မရောင်းဘူးပေါ့” ဟု ပြောသည်။
ချင်းရွှေဟော်မြို့ကို ကိုးကန့်အဖွဲ့က ထိန်းချုပ်ပြီး အလံလွှင့်ထူနေစဉ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုက်ပွဲကြောင့် မြန်မာ - တရုတ် ကုန်သွယ်ရေးတွင် အဓိကကျသည့် မူဆယ် - မန္တလေး လမ်းပိုင်း ပိတ်သွားသည်။
အလားတူ လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမှာ တည်ရှီသော သိန္နီမြို့ရှိ နမ္မတူချောင်းကူးတံတား မိုင်းခွဲခံရပြီး ကျိုးကျသွားခြင်းကြောင့်လည်း ကုန်တင်ယာဉ်များ ဖြတ်သန်း၍မရဘဲ ဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် ကုန်စည်တင်ဆောင်လာသည့် ကုန်တင်ကားများ လမ်းတွင် ပိတ်မိနေခြင်းနှင့် တချို့သော ယာဉ်များ သည် ပြန်လှည့်သွားကြသည်။
လက်ရှိတွင် မူဆယ်သို့ ကုန်တင်ယာဉ်များ သွားလာ၍ မရခြင်းကြောင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုများလည်း ရပ်တန့်နေရကြောင်း၊ ကုန်သွယ်ရေး ရပ်တန့်နေရခြင်းကြောင့် နှစ်နိုင်ငံ ထိခိုက်မှုရှိသော်လည်း မြန်မာနိုင်ငံနေဖြင့် ပို၍ သက်ရောက်မှု ဖြစ်သည်ဟု တရုတ်နိုင်ငံသို့ ဖရဲတင်ပို့နေသည့် ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကားကိုတွေ့ရစဉ်
၎င်းက “စဖြစ်တဲ့ ရက်ကတည်းက ကျနော်တို့ ကားအတင်အပြုတွေက အကုန်ရပ်လိုက်ပြီလေ။ သွားဖို့လည်း လမ်းကြောင်းက လုံခြုံမှု မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ မသွားကြတော့တာလေ။ ဟိုမှာ ရောက်နေတဲ့ ကား တွေကတော့ အရောင်းအဝယ် ဖြစ်တယ်။ သူ့ဈေးနဲ့သူ မဆိုးဘူးပေါ့နော်၊ ဈေးလည်းရတယ်။ ၁ ကီလိုကို ဖရဲကို ၃ ကျပ်ခွဲ၊ ၃ ကျပ် ရတယ် အရည်အသွေး ကောင်းတဲ့ဟာပေါ့နော်။ နောက်ကဟာကတော့ လမ်းပန်းဆက်သွယ်ရေး အနေအထားကြောင့်ရော၊ ဘာရော ကျနော်တို့ မသွားတော့တာလေ။ ကျနော်တို့ ထိခိုက်မှုဆိုတာကတော့ အခု လက်ရှိ ကျနော်တို့နယ်စပ်နဲ့ ထိစပ်နေတာကတော့ ယူနန်ပြည်နယ်ပေါ့နော်။ ထိခိုက်မှုကတော့ နှစ်နိုင်ငံလုံး အတိုင်းအတာမှာ နှစ်ဖက်လုံး အတိုင်းအတာမှာ ရှိတယ်ပေါ့နော်။ နှစ်ဖက်လုံး အတိုင်းအတာ ရှိတဲ့နေရာမှာ တစ်ဖက်မှာတော့ ချမ်းသာတဲ့ တိုင်းပြည်ဆိုတော့ ထိခိုက်ပေမယ့်လို့ သူတို့အနေနဲ့ကျတော့ သိပ်ပြီးတော့ သိသိ သာသာ မဖြစ်ဘူးပေါ့။ ကျနော်တို့ မြန်မာဘက်အခြမ်းမှာတော့ သိသိသာသာ ဖြစ်တယ်ပေါ့နော် ကျနော်တို့ ကုန်သွယ်မှု ရပ်တန့်သွားတဲ့အခါမှာလေ။ အကျိုးဆက်က ချက်ချင်းကြီး ပေါ်မလာဘူး၊ တဖြည်းဖြည်း သက်ရောက် မှု ဖြစ်မယ်” ဟု ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကုန်စည်များ တင်ပို့မှု မရှိသော်လည်း တရုတ်နိုင်ငံမှ ကုန်စည်များသည် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ နယ်စပ်မှတဆင့်သော်လည်းကောင်း၊ ပင်လယ်ရေကြောင်းက သော်လည်းကောင်း နေ့စဉ် ဝင်ရောက်လျက် ရှိနေသည်။
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသည့် အရှေ့မြောက် စီးပွားရေး တံခါးပေါက် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၃ သန်းခန့် နေ့စဉ် ကုန်သွယ်မှု ရှိနေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 594
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက် များပြားလာသော်လည်း တစ်ဖက်နိုင်ငံများမှ လုပ်သားခေါ်ယူမှု နည်းပါးနေသဖြင့် အလုပ်မဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။
လက်ရှိ၌ ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက် ၅၀၀ နီးပါးအထိ ရှိနေပြီဖြစ်သော်လည်း အေဂျင်စီ အရေ အတွက်နှင့် တစ်ဖက်နိုင်ငံမှ လုပ်သားခေါ်ယူမှု နှုန်းထားမှာ မညီမျှသည့် အနေအထားဖြစ်နေသည်ဟု လပ်ကီး ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်အကိုင်တွေ ရှားပါးသွားပြီလေ။ ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ရောင်းလိုအားက များပြီး ဝယ်လို အားက ကျဆင်းနေတယ်။ လောလောဆယ်ကတော့ မလေးရှား Demand က ပိတ်သလောက် ဖြစ်နေတယ်။ ထိုင်း Demand က လျော့ပါးနေတယ်။ ယှဉ်ပြိုင်တာတွေ ဖြစ်တဲ့အတွက် ဈေးကွက်တွေမှာလည်း ပျက်စီးစပြုလာပြီပေ့ါ။ မလေးရှားရော၊ ထိုင်းရော အဓိကက ခေါ်စာတွေ လုံးဝ မရှိသလောက် ရှားပါးလာတယ်။ အဲဒီအတွက်ကြောင့် အေဂျင်စီတွေလည်း လိုင်စင်သာကိုင်ထားပြီး တော်တော်ကြီးကို ရုန်းကန်နေရတဲ့ အခြေအနေ ရောက်သွားပြီ။ ထူးခြားတာ တစ်ခုကတော့ ဂျပန်ကတော့ အခေါ်မရပ်သေးဘူးပေါ့။ ထိုင်းလည်း မရပ်သေးဘူး ဒါပေမယ့် အရမ်း လျော့ပါးသွားပြီ။ အလိမ်အညာတွေက ထပ်ဆင့် ထပ်ဆင့်ပေါ်လာတယ်။ အဲဒါကို ယုံကြည်ပြီး အလိမ်ခံတဲ့သူက လည်းရှိတုန်း။ လိမ်မယ့်သူကလည်း လိမ်ဖို့အတွက် ရတဲ့နည်းနဲ့ ကြိုးစားနေတာရှိတယ်။ အဲဒီတော့ တကယ် အလုပ်လုပ်မယ်ဆိုရင် လိုင်စင်ရ အေဂျင်စီတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံတာ အကောင်းဆုံးပဲလို့ မြင်တယ်” ဟု ပြောသည်။
အလုပ်သမား၀န်ကြီးဌာနရုံးကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလအထိ ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီ ၄၈၄ ခုရှိသည့်အနက် ယာယီပိတ်သိမ်းသည့် အေဂျင်စီကုမ္ပဏီ ၁၀ ခုရှိသဖြင့် အေဂျင်စီ ၄၇၄ ခု လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။
လက်ရှိတွင် ပြည်ပနိုင်ငံသို့ ထွက်ခွာရန် အေဂျင်စီများအား ကုန်ကျစရိတ် ပေးသွင်းထားပြီး ဖြစ်သော်လည်း အချိန်ကာလ ကြာမြင့်သည်အထိ ပြည်ပမထွက်ခွာရသေးသူများလည်း ရှိကြသည်။
MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက “တချို့တွေကြတော့ ထိုင်းဘက်ဖြစ်တာပေါ့။ ထိုင်းဘက် သူဋ္ဌေးတွေကနေ ဖောက်ဖျက်မှုတွေ ဖြစ်တယ်။ နောက် တချို့ ထိုင်းအေဂျင်စီတွေကနေ ဖြစ်တာပေါ့။ ဒီဘက် ကတော့ အဲဒီ Demand တွေ ရတာမှန်တယ်။ ပြီးတော့မှ ထိုင်းက စာချုပ်ချုပ်ပြီးသွားတော့မှ ဟိုဘက်မှာ သူတို့ လုပ်ငန်းလိုအပ်ချက်အရ Production တွေ ကျသွားတဲ့အတွက် မခေါ်နိုင်တော့ဘူးဆိုတဲ့ ပြဿနာ ဖြစ်သွားတာ။ ဖြစ်သွားတဲ့အခါ ဒီဘက်က စာချုပ်ကလည်း ချုပ်ပြီးသွားပြီ။ ဟိုဘက်မှာလည်း Work permit ဘာညာ လုပ်ပြီး သွားပြီ။ ခေါ်ခါနီးကြမှ ကို့ယို့ကားယားတွေ ဖြစ်တော့ တချို့ဆို ခပ်ဆိုးဆိုး အေဂျင်စီတွေရှိတယ်၊ ခပ်ဆိုးဆိုး သူဋ္ဌေးတွေရှိတယ်ဆိုရင်တော့ ဒီဘက်ကနေ blacklist တွေဘာတွေ လုပ်ပစ်လိုက်တာတွေရှိတယ်။ ဒီဘက် ကတော့ ပိုက်ဆံတွေ အများကြီးလျော်ရတာ ပေါ့နော်။ မြန်မာပြည်အေဂျင်စီကတော့ အများကြီးပြန်လျော် ရတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပထွက် အလုပ်လုပ်ချင်တဲ့ မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
ပြည်ပနိုင်ငံများသည်လည်း ကိုဗစ်အလွန်ကာလ၌ စီးပွားရေး ထိခိုက်မှုများရှိသဖြင့် ယခုကဲ့သို့ လုပ်သားခေါ်ယူမှု နည်းပါးသွားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မလေးရှားသို့ Free calling သဘောမျိုးဖြင့် သွားရောက်သူ များပြားပြီး အလုပ်ဟောင်းများဆီသို့ ပြန်သွားကြခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။
သို့သော် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လုပ်သားခေါ်ယူမှုမှာ ပုံမှန်အနေအထားတွင်သာ ရှိနေသေးကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။
“ဒီလိုလျှော့တဲ့ အခြေအနေနဲ့ အေဂျင်စီတွေများလာတဲ့ အခြေအနေက ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဘူး။ နောက် ကလေးတွေက ဒီဘက်က ကြန့်ကြာမှုတွေကြောင့် အောက်လမ်းက ထွက်သွားတာတွေလည်း အများကြီး ဖြစ်သွားတယ်။ ထိုင်းဆို အများကြီး ထွက်သွားကြတာ။ အဲဒီဘက်မှာ အေဂျင်စီတွေ ဖောင်းပွပြီးမှ Demand တွေ က ရှားတဲ့အခါမှာ ဈေးကြီးလာတဲ့ ပြဿနာတွေက ဖြစ်လာတာပေါ့။ အဲဒီတော့ လုနေရတယ်၊ သွားလုနေရတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ကိုယ့်ရဲ့ ကျင့်ဝတ်လေးတွေကို ထိန်းပြီးတော့မှ သွားကြတာတော့ အကောင်းဆုံးပေါ့။ ကျင့်ဝတ်ထိန်းဖို့ပဲ အဓိက မှာချင်တာပေါ့” ဟု ၎င်းက ပြောသည်။
ထို့အပြင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ လိုင်စင်အာမခံကြေးနှင့် ပတ်သက် ၍လည်း ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁,၀၀၀၊ ထိုင်းလိုင်စင်အတွက် ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ ပြောင်းလဲသတ်မှတ်ရန် လျာထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 553
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇
ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်သည့် အနေဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသတွင် ဆောင်းဦးပွဲတော်ကို လာမည့် နိုဝင်ဘာလ အတွင်း ၁၀ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။
ငပလီ ဆောင်းဦးပွဲတော်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် နိုဝင်ဘာလသို့ ပြောင်းလဲကျင်းပခဲ့ဖြစ်ကြောင်း၊ သို့သော် ယခုနှစ်ကဲ့သို့ ၁၀ ရက်တာ ကျင်းပခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ၁၀ ရက်တိုင်တိုင် ကျင်းပရန်အတွက် လျာထားကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ရက်က မရွေးရသေးဘူး။ ခန့်မှန်းခြေတော့ တတိယပတ် သို့မဟုတ် နောက်ဆုံးပတ်တော့ ရွေးထားတယ် မှန်းထား တာပေါ့လေ နိုဝင်ဘာလလေ။ ၁၀ ရက်လည်း အခု လျာထားတာပေါ့။ ၁ ရက်တော့ မဟုတ်တော့ပါဘူး။ ၁ ရက် ဆိုတဲ့သတင်းတော့ မှားတယ်။ အန်ကယ်တို့က လောလောဆယ်တော့ ၁၀ ရက်လို့ လျာထားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စည်ချင်လို့ပေါ့။ ရက်တွေ ရှည်ရှည်လုပ်တော့ လူတွေ များများ ပျော်ရတာပေါ့။ ဧည့်သည်တွေ များများပိုလာတာပေါ့” ဟု ပြောသည်။
ငပလီကမ်းခြေဒေသသို့ ယခု အောက်တိုဘာလမှ စတင်၍ သင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအထိ ခရီးသွားဝင်ရောက်မှု များပြားလျက်ရှိကြောင်း၊ ဆောင်းဦးပွဲတော် ကျင်းပသည့်အချိန်သည် မိုးလေ ကင်းလွတ်ချိန်ဖြစ်သည့်အတွက် ခရီးသွား ဝင်ရောက်မှု ပို၍ များသည့် အနေအထားဖြစ်သည်ဟု သိရသည်။
ယခင်နှစ်များက ငပလီဆောင်းဦးပွဲတော်ကျင်းပခဲ့စဉ်
ယခုအချိန်သည် ခရီးသွား ဝင်ရောက်မှုများ မြင့်မားနေပြီဖြစ်ကြောင်း ငပလီကမ်းခြေဒေသမှ ဟိုတယ် မန်နေဂျာတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဆောင်းဦးပွဲတော်က လုပ်လာတာ ဒီနှစ်နဲ့ဆို ၃ နှစ်လား၊ ၄ နှစ်လား ရှိပြီဗျ။ ခရီးသွားတော့ လာနေတာပဲဗျ။ ၁၀ လပိုင်းဆိုရင်တော့ ခရီးသွားတွေက လာနေတာပဲ၊ သူ့ဟာနဲ့သူဆိုရင်တော့ များတာပဲ။ ကျနော်တို့ရဲ့ ဟိုတယ်အစီအစဉ်ကဗျာ အောက်တိုဘာကနေပြီးတော့ အများအားဖြင့် ၅ လပိုင်းအထိပေါ့နော် အဲဒီအချိန်က ဧည့်သည် အများဆုံး လာတဲ့အချိန်ရာခိုင်နှုန်းအနေနဲ့လည်း အများကြီး မြင့်ပါတယ်။ အများကြီး လာကြတယ်။ အခု ကျနော်လည်း တွေ့တာ သီတင်းကျွတ်ဆိုရင် ဟိုတယ်တွေဆိုရင် ဧည့်သည်အခန်း ပြည့်သလောက်ကို ဖြစ်နေတာ” ဟု ပြောသည်။
ငပလီဆောင်းဦးပွဲတော်တွင် မနက်ပိုင်းတွင် ဖွင့်ပွဲ အခမ်းအနား၊ နေခင်းပိုင်းတွင် သဲသောင်ပြင် အားကစား ပြိုင်ပွဲများ၊ အပြေးပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများ၊ ချောတိုင်တက်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ ခြင်းခတ်ပွဲ စသည့် ပွဲစဉ်များနှင့် သဲပန်းချီပြပွဲများ ပါဝင်ပြီး ညပိုင်းတွင် ညဈေးရောင်းပွဲတော်နှင့် အသေးစားနှင့် အလတ်စား ပြပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေဒေသတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၅ လုံးရှိပြီး အချို့သော ဟိုတယ်များမှာ ပြင်ဆင်မွမ်းမံနေမှုများ ရှိနေခြင်းကြောင့် ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၅၁ လုံး ဖွင့်လှစ်ထားပြီး လာမည့် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွက် ဟိုတယ်အခန်းများအားလုံး ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 696
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားသည့် လောင်စာဆီသုံး မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်နှင့်ပတ်သက်၍ လက်ရှိတွင် ပြန်လည်တင်သွင်းခွင့် ပြုနိုင်ရန် မဖြစ်နိုင်သေးကြောင်း မော်တော်ယာဉ် တင်သွင်းသူများနှင့် ကားမူဝါဒ လေ့လာသူများက ပြောသည်။
မြန်မာနိုင်ငံအတွင်း နှစ် ၂၀ အထက်ရှိ ယာဉ်အိုယာဉ်ဟောင်းများသည် လုံခြုံစွာ အသုံးပြု၍ ရနေခြင်းနှင့် တိုင်းပြည် ၏ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပြည်ပမှ လောင်စာဆီသုံး မော်တော်ယာဉ်များ တင်သွင်းခွင့်သည် ရရှိနိုင်မည် မဟုတ်သေးကြောင်း ကားမူဝါဒ ကျွမ်းကျင်သူများက ပြောသည်။
သို့သော်လည်း ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် မော်တော်ယာဉ်များနှင့် ပတ်သက်၍ ခွင့်ပြု ရန် ပြင်ဆင်နေမှုများ ရှိနေကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၀၀ ခုနှစ်နဲ့အထက် မော်တော်ကားတွေက ပြန်အပ်ဖို့အတွက် သင့်ပြီလား၊ စီးဖို့ လုံးဝ မသင့်တော့ဘူး လားဆိုတဲ့ ဥစ္စာကို ပြန်စဉ်းစားရင် ပထမဆုံး တစ်ချက်ကတော့ ရွှေငါးတို့၊ ဘာတို့၊ 99 တို့ တိုယိုတာက ထုတ်တဲ့ ကားတွေဆိုရင် စီးနေကြသေးတယ်။ လမ်းပေါ်မှာလည်း Safety ဖြစ်ဖြစ်နဲ့ သွားနေကြသေးတယ်လို့ ယူဆတယ်။ ဒီကားတွေက Safety မဖြစ်တော့လို့ လုံးဝ စုတ်ပြတ်ပြီး စီးလို့ မရတော့လို့ အခြေအနေဆိုရင်တော့ ဒီကားတွေ ပြန်အပ်တဲ့နေရာမှာ အစားထိုး မော်တော်ယာဉ် တင်သွင်းဖို့အတွက် သူတို့က မူဝါဒတစ်ခု ထွက်လာနိုင်ပါတယ်။ လက်ရှိမှာတော့ စီးလို့ရနေသေးတဲ့ အခြေအနေမျိုးမှာ စီးနေတာ ဖြစ်တဲ့အတွက်ကြောင့် မော်တော်ယာဉ် တင်သွင်း ဖို့ အတွက်ကတော့ လောင်စာဆီသုံး ကားတွေနဲ့ ပတ်သက်လို့ မူဝါဒ တစ်စုံတရာ ထပ်ထွက်လာအုံးမယ်လို့ မထင် ဘူး။ နောက်တစ်ခုက လောင်စာဆီသုံးကားကို အစ်ကို့သုံးသပ်ချက်အရ ပြောရမယ်ဆိုရင်တော့ ယာယီအားဖြင့် အသစ် ထပ်ပြီးတော့ ပြည်ပကနေ သွင်းဖို့ကို ခွင့်ပြုဖို့ လမ်းမမြင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားငွေ ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တင်သွင်းခွင့် မပြုထားတဲ့အတွက်ကြောင့် လောင်စာဆီကားကိုလည်း လောလောဆယ် တင်သွင်းခွင့်တော့ ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်တွင်းမှာ ထုတ်လုပ်ဖို့အတွက် SKD ကိစ္စ တွေကိုတော့ သူတို့က ပြင်ဆင်နေတာ ဖြစ်တဲ့အတွက် ပြည်တွင်းကားထုတ်လုပ်ခွင့်ကိုတော့ သူတို့က တချိန်ချိန် ကျလို့ရှိရင် ပြန်ပြီး ခွင့်ပြုလာနိုင်ခြေရှိတယ်” ဟု ပြောသည်။
နေပြည်တော်မှာ လျှပ်စစ်ကားများကို တွေ့ရစဉ်
မြန်မာတစ်နိုင်ငံလုံးတွင် လောင်စာဆီသုံး ကားအစီးရေသည် ၁၀ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားအစီးရေ ၅ သိန်းကျော်အထိ ယာဉ်မှတ်ပုံတင်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိ မော်တော်ကား တင်သွင်းခွင့်နှင့် ပတ်သက်၍ လုပ်ငန်းသုံးနှင့် လျှပ်စစ်သုံး EV ကား တင်သွင်းခွင့် ပါမစ်ကို သာ ခွင့်ပြုထားကြောင်း၊ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်၍ အစိုးရ၏ လက်ရှိသွားနေသည့် မူဝါဒ သည် လောင်စာဆီသုံး မော်တော်ယာဉ် အသုံးပြုမှုကို လျှော့ချပြီး လျှပ်စစ်သုံး မော်တော်ယာဉ်များကိုသာ အဓိက ထားနေသည်ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (YRAMDA) ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက သွားမယ့် မူဝါဒ trend က ပြောပြီးသားလေ။ EV ပဲ ခွင့်ပြုမယ်လို့ ပြောပြီးသား။ အဲဒါကို သူက EV ကို ပိတ်မထားဘူးလေ။ ဖွင့်ထားတယ်လေ။ ဆီကားက နောက်ပိုင်း တဖြည်းဖြည်း ပိတ်ကို ပိတ်သွားမှာ။ ရာသက်ပန်ကို သွားမှာ။ သူသွားမယ့်ဟာက မူဝါဒအားဖြင့် သွားမှာက ဆီကားကို လျှော့ချပြီးတော့ EV ပဲ only သွားမှာ။ SKD ကျတော့ အခု လောလောဆယ် ခွင့်ပြုထားတယ်။ နောက်ပိုင်း SKD ဆီကားကို လျှော့ချပြီးတော့ နောက်ပိုင်း EV ပဲ သွားမှာ” ဟု ပြောသည်။
လျှပ်စစ်ကား အားသွင်းသည့် နေရာကို တွေ့ရစဉ်
တိုင်းပြည်၏ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် လောင်စာဆီသုံး မော်တော်ယာဉ်များကို တင်သွင်းခွင့် မပြုသော် လည်း ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ပြန်လည်ခွင့်ပြုစေလို ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဘက်ဘက်က သုံးသပ်ရင်တော့ တိုင်းပြည်မှာ essential နဲ့ non – essential ရှိတာကိုး။ လောလော ဆယ်မှာတော့ တိုင်းပြည်ရဲ့ ကုန်သွယ်မှု အနေအထားနဲ့ ကြည့်ရင်တော့ လောလောဆယ်မှာတော့ essential ပစ္စည်းပဲ ဦးစားပေး သွင်းသင့်တယ်လို့ပဲ အကြံပြုလိုတယ်ပေါ့နော်။ non – essential ကတော့ ဇိမ်ခံပစ္စည်းပေါ့ နော်။ မရှိမဖြစ်ကတော့ ရာခိုင်နှုန်း တစ်ခုပေါ့နော်၊ လုံးဝပိတ်ထားတာထက်စာရင် ရာခိုင်နှုန်းတစ်ခုပေါ့ ဆောင်ရွက် ပေးရင်တော့ ကောင်းမယ်ပေါ့နော်။ ဥပမာအားဖြင့် SKD ကို ပြန်လည် ခွင့်ပြုတာတို့ပေါ့နော်။ ဘာလို့ဆို ဒီအတိုင်း လည်း မတင်သွင်းသင့်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီအတိုင်း တင်သွင်းလည်း ပွဲစားတွေ လက်ထဲမှာပဲ တင်သွင်းခွင့်က ဘယ်သူ့လက်ထဲ ရောက်မလဲ တင်သွင်းခွင့်က ရှင်းရှင်းပြောရရင်တော့ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကပဲ ထွက်ကြမှာပဲလေ။ အခု EV ကိစ္စလိုပဲ ဖြစ်နေမှာပဲ။ တင်သွင်းခွင့်ကို လုပ်စားတဲ့ အဖွဲ့အစည်းက ပေါ်လာအုံးမှာပဲ ပေးရင်လည်း။ အကုန်လုံး opening ဖွင့်ဖို့ကျတော့လည်း မဖြစ်နိုင်ဘူးလေ။ ဆရာတို့ အကြံပြုတာ ကတော့ SKD ကို ပြန်လည် ခွင့်ပြုသင့်တယ်လို့ပဲ ဆရာတို့ အကြံပြုလိုတယ်” ဟု ပြောသည်။
နိုင်ငံတကာနှင့် အိမ်နီးချင်း နိုင်ငံများသည် လောင်စာဆီသုံး မော်တော်ယာဉ်အစား လျှပ်စစ်သုံး မော်တော်ယာဉ် များကိုသာ ပြောင်းလဲ အသုံးပြုလာနေပြီးဖြစ်သော်လည်း မြန်မာနိုင်ငံကတော့ နောက်ကျနေကြောင်း ထောက်ပြ ကြသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လျှပ်စစ်ကား၏ တန်ဖိုးသည် သာမန်လူတန်းစားများ အသုံးပြုနိုင် သည့် ဈေးနှုန်း မဖြစ်နေသည်ကို တွေ့ရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 836
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုသည် ယခု ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း တစ်သန်းနီးပါး ရှိခဲ့သော်လည်း မြန်မာနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုမှာ နှစ်ထောင်နီးပါးခန့်သာ ရှိသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ဝင်ရောက်သည့် ရုရှားခရီးသွားဦးရေမှာ ၁၈၉၆ ဦးရှိပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် ရုရှားခရီးသွား နှုန်းထားနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် သုည ဒဿမ နှစ်ရာခိုင်နှုန်းခန့်သာ ရှိသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ မြန်မာ-ရုရှား ခရီးသွားကဏ္ဍမြှင့်တင်ရေးများ ဆက်တိုက်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လေကြောင်းတိုက်ရိုက်ပြေးဆွဲခြင်းများလည်း စတင်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ ကိန်းကဏန်းအရ နည်းပါးနေရခြင်း၏ အကြောင်းတရားအား သိရှိရန် လိုအပ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“ထိုင်းကကြတော့ ခရီးသွားနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေကို အများကြီး ဖြေလျှော့ထားတာတွေ ရှိတယ်။ ဗီဇာ ဆိုလည်း သူတို့ ရက် ၉၀ လျှော့ပေးတာတွေရှိတယ်။ ထိုင်းနိုင်ငံက သူတို့ လုပ်နေတာသည် ဘယ်ခရီးသွားကို target ပေါ့နော်၊ ဘယ်ခရီးသွားရဲ့ market ကို လိုချင်တာလဲ။ အဲဒီ market က ဘာလိုအပ်သလဲဆိုတာကို သူတို့က သိတယ်။ သိတဲ့အတွက် သူတို့ အဲဒါကို ဖြေလျှော့ပေးတယ်။ နိုင်ငံတော်ကလည်း လုပ်ပိုင်ခွင့် အပြည့်အဝပေး တယ်။ အားသွန်ခွန်စိုက် ပူးပေါင်းပြီး လုပ်ကြတယ်ပေါ့။ အဲဒါကြောင့် ထိုင်းက ကျနော်တို့ထက် အားသာတယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဖော်ဆောင်မှုတွေ၊ သူတို့ရဲ့ facility တွေ၊ ပြီးတော့ ဈေးနှုန်းကွာဟချက်တွေ၊ ရုရှား နိုင်ငံရဲ့ စိတ်ဝင်စားမှုတွေ အများကြီးနဲ့တော့ ဆိုင်တယ်။ ကျနော်တို့နိုင်ငံက အများကြီးလိုအပ်သေးတာကို ခရီးသွား လုပ်ငန်း ထိုင်းကို မီဖို့ဆိုတာလေ။ ကျနော်တို့ စနစ်တွေပြောင်းရမယ်။ ဖွင့်ပေးသင့်တာ ဖွင့်ပေးရမယ်။ သူတို့လုံခြုံအောင် ကျနော်တို့တွေ အများကြီးလုပ်ပေးရမယ်။ လိုအပ်ချက်ကတော့ အများကြီးရှိပါသေးတယ် ကျနော်တို့ဆီမှာ။ ဒါပေမယ့် လာဖို့အတွက်ကြတော့ သူတို့ဘာလိုချင်လဲ။ သူတို့ ကျနော်တို့နိုင်ငံကို ဘာတွေ စိတ်ဝင်စားသလဲဆိုတာ သိဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ၌ ရုရှားခရီးသွားများကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသို့ ရုရှား ခရီးသွားဝင်ရောက်မှုသည် ၇၈၀ ဦး ခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် နှစ်ဆကျော်ခန့် ကိန်းကဏန်းအရ မြင့်တက်သွားသော်လည်း တိုးတက်မှုနှုန်းမှာ နည်းပါးကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ထိုင်းသို့ ယခုနှစ်အတွင်း ရုရှားခရီးသွား တစ်သန်းနီးပါးခန့် ဝင်ရောက်ခြင်းသည် ထိုင်းနိုင်ငံ အနေအထားနှင့် နှိုင်းယှဉ်ပါက နည်းပါးသေးသည့်အရေအတွက်သာဖြစ်ကြောင်းနှင့် စစ်ဖြစ်နေသည့် ရုရှားနိုင်ငံမှ ယခုကဲ့သို့ ဝင်ရောက်လာစေရန် ထိုင်းနိုင်ငံမှ အသုံးပြုသည့် မဟာဗျူဟာများအား လေ့လာသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
“သူတို့သုံးတာတွေကတော့ ထိုင်းမှာ ရုရှားတွေကို return visa ပေးတယ်။ Free တွေ ပေးတယ်။ သုံးလ နေခွင့် ပေးတယ်။ တစ်နှစ်နေခွင့်ပေးတယ်။ နောက်တစ်ခါ ဟိုတယ်တွေမှာတင် မကဘဲနဲ့ beach တွေ ဘာတွေမှာ long stay apartment ကြီးတွေမှာ home stay သဘောမျိုးနဲ့ နေခွင့်ပေးတယ်။ ဟိုတယ်ဆိုတာကတော့ သိတဲ့အတိုင်း ခဏတစ်ဖြုတ်လာတဲ့လူတွေလောက်ပဲ ကောင်းတယ်လေ။ ရေရှည်ကြတော့ ဈေးလည်းကြီးတယ်။ ကိုယ့်အိမ်မှာ နေရသလို အခွင့်အရေးမျိုးတွေလုပ်တယ်ပေါ့ ရုရှားတွေ၊ နောက်လာတဲ့ လူတွေကိုလည်း ပျော်ပါးအောင် Nightlife တွေလုပ်ပေးတယ်။ shopping တွေ အထူးသဖြင့် ရုရှားတွေက ပျော်ပါး သောက်တာစားတာ ဈေးဝယ်တာတွေ ကြမ်းတယ်။ အဲဒီလိုလူတွေအတွက်ကို ဖန်တီးပေးတော့ သူက ပြန်ပွင့်တဲ့အချိန်မှာ သွားကြတာပေါ့။ မြန်မာ ကြတော့ အခုမှ ငပလီမှာလုပ်မလား၊ ဟိုဟာမှာလုပ်မလားဆိုတာပဲ ရှိသေးတာ။ သူတို့မက်လောက်တဲ့ Nightlife မျိုးမရှိသေးဘူးပေါ့။ နောက် ဒီမှာရှိတဲ့ ဟိုတယ်တွေက ဈေးတော့အကြီးကြီးမဟုတ်ပေမယ့် သူတို့အတွက် လုံခြုံမှုပေါ့။ လုံခြုံမှုကြတော့ ထိုင်းမှာကြတော့ ဘာလုပ်လုပ် လုံခြုံမှု ရှိသေးတယ် Tourist Police တွေက။ ဒီမှာကြတော့ လုံခြုံမှုဆိုတာ အာမမခံနိုင်ဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ရုရှားခရီးသွားများမှာ Tourist Visa ဖြင့် လာကြခြင်းဖြစ်သော်လည်း ၎င်းတို့နိုင်ငံ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ကာ အကျိုးစီးပွားအတွက် လာရောက်ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အပန်းဖြေ သုံးဖြုန်းရန် လာခြင်းထက် အသုံးချရန်အတွက် လာကြခြင်းသာဖြစ်ကြောင်း၊ ထိုသို့သော ခရီးသွားများအား မကြိုဆိုကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ၈၀၂၂၁ ဦးရှိကာ ပြီးခဲ့သည့် ကာလတူနှင့်နှိုင်းယှဉ်ပါက ခုနှစ်သောင်းကျော် တိုးလာသည်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။
ထို့အပြင် လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုများ၌ ရုရှား၊ ထိုင်း၊ တရုတ် ခရီးသွားများနည်းတူ အိန္ဒိယခရီးသွားနှုန်းထားမှာ တိုးလာနိုင်ဖွယ်ရှိကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင် များက သုံးသပ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 577
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်း လုပ်ကိုင်ရာ မြို့နယ်အများစုသည် ပြီးခဲ့သည့်နှစ်ထက် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ရော်ဘာခြံအများစုမှာ ရော်ဘာအစေးလှီးလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခက်တွေ့နေကြောင်း ရော်ဘာလုပ်ငန်းရှင်များက ပြောသည်။
မွန်ပြည်နယ်အတွင်း ရော်ဘာအများဆုံး ထွက်ရှိရာ ဒေသများဖြစ်သည့် ကျိုက်ထို၊ ဘီးလင်း၊ ရေး စသည့် မြို့နယ် များတွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရော်ဘာ အစေးလှီး ကျွမ်းကျင်လုပ်သား ခေါ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ထို့အပြင် ညမထွက်ရ အမိန့်နှင့် တချို့သော နေရာဒေသများကို အသွားအလာ ကန့်သတ်ထားမှုများလည်း ရှိနေခြင်းကြောင့် ပိုမို ခက်ခဲလာကြောင်း ရော်ဘာအစေးလှီးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
လက်ရှိအချိန်ထိ မိုးရွာသွန်းမှုများ ရှိနေခြင်းကြောင့် ပုံမှန်ထက် ရော်ဘာရာသီသည် စတင်ရန် နောက်ကျနေ ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ရော်ဘာထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု မွန်ပြည်နယ် ရော်ဘာ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ရော်ဘာအစေးလှီးနေသူကိုတွေ့ရစဉ်
၎င်းက “အခုလောလောဆယ်တော့ တောင်သူတွေ အကုန်လုံးတော့ ပြင်ဆင်နေပြီပေါ့ဗျာ။ အစေးလှီးလုပ်ငန်းကို သူတို့ စလုပ်နေပြီပေါ့ဗျာ။ ဒါပေမယ့် အကုန်လုံးက လုပ်ငန်းစဖို့အတွက်က နည်းနည်းလေး ကျနော်တို့ ရာသီချိန် ၁ လစာပေါ့နော် မိုးကြောင့် ၁ လစာ နောက်ဆုတ်သွားတယ်။ အခုမှပဲ ကျနော်တို့ စလှီးရတယ်။ စလှီးရတဲ့ အနေ အထား ရှိတယ်။ ပြီးတော့ ကျနော်တို့ အစေးလှီး လုပ်သားတွေကလည်း တချို့ခြံတွေဆို အစေးလှီးလုပ်သား မရ သေးဘူးပေါ့နော်၊ မရသေးတဲ့ အနေအထားကို တွေ့ရတယ် အဲဒီလိုတော့ ရှိတယ်။ လုံခြုံရေးတော့ ကျနော်တို့ ကန့်သတ်နေရာတွေ ကျနော်တို့ သွားလို့မရတဲ့ နေရာတွေ ရှိလာပါတယ်ခင်ဗျ၊ ပိုပြီးတော့ များလာတယ် ဒီနှစ် ကတော့။ ထုတ်လုပ်မှုအပိုင်းကိုတော့ နည်းနည်း သက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ပြောသည်။
နယ်မြေ မတည်ငြိမ်မှုကြောင့် ရော်ဘာအစေးလှီးလုပ်သား ငှားရမ်းရာတွင် အဆင်မပြေမှုများလည်း ကြုံတွေ့နေ ကြောင်း၊ ရော်ဘာလုပ်ငန်း လုပ်ကိုင်ရန် အခက်တွေ့နေခြင်းကြောင့် တချို့သော ရော်ဘာခြံ ပိုင်ရှင်များသည် ရော်ဘာခြံများကို ရောင်းချရန် စီစဉ်နေမှုများနှင့် ရော်ဘာလုပ်ငန်းကို ရပ်နားရန်အတွက် ပြင်ဆင်နေမှုများလည်း ရှိသည်။
ကျိုက်ထို၊ ဘီးလင်း၊ ရေး စသည့် မြို့နယ်များတွင် နယ်မြေတည်ငြိမ်မှု များပြားလာနေသော်လည်း ကျိုက်မရော၊ သံဖြူဇရပ်၊ သထုံနှင့် ပေါင်မြို့နယ်ရှိ ရော်ဘာခြံများသည် ပုံမှန်လည်ပတ်လျက်ရှိသည်ဟု သိရသည်။
ရော်ဘာအစေးလှီးနေသူကိုတွေ့ရစဉ်
လက်ရှိတွင် ရာသီဥတု အခြေအနေကြောင့် ရော်ဘာလုပ်ငန်း စတင်ရန် နောက်ကျနေမှုများ ရှိသော်လည်း ရော်ဘာဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ကောင်းမွန်နေခြင်းကြောင့် တောင်သူများအတွက် အကျိုးရှိနိုင်သည်ဟု ကျိုက်မရောမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးမင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခက်အခဲကတော့ ဒီနှစ်ကတော့ အစေးလှီးတဲ့အချိန် နောက်ကျတာပေါ့နော်၊ ရာသီဥတု မိုးက ရွာနေ တော့လေ။ ရာသီဥတုကြောင့် အစေးလှီးတာ နောက်ကျတာကတော့ အခက်အခဲလို့ ပြောလို့မရဘူးပေါ့နော်၊ ဝင်ငွေ နည်းတာပေါ့။ ဘာလို့လဲဆိုတော့ ပုံမှန် ဒီအချိန်ဆို သူတို့ ၁ လလောက် ရနေပြီလေ။ အခုက အခုမှ တချို့က ပြင်ဆင်နေတုန်းဆိုတော့ သူတို့အတွက် အစေးလှီးရက်တော့ နည်းသွားမှာပေါ့။ လတ်တလော အခြေအနေက တော့ မနှစ်ကနဲ့ ယှဉ်လိုက်ရင်တော့ ရော်ဘာဈေးက ကောင်းနေသေးတာပေါ့နော်။ ကောင်းတယ်လို့ ပြောလို့ရတာ ပေါ့နော်။ ဒီလိုမျိုး တစ်နှစ်ပတ်လုံး ဒီလိုမျိုး ဈေးတည်ငြိမ်သွားမယ်ဆိုရင်တော့ တောင်သူတွေအတွက် အကျိုးရှိ တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် မွန်ပြည်နယ်သည် ရော်ဘာအများဆုံး ထွက်ရှိသည့် ဒေသဖြစ်ပြီး ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိကြောင်း၊ နှစ်စဉ် ရော်ဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျက် ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 735
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅
ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် လိုင်စင်အာမခံကြေး တိုးမြှင့်ပေးသွင်းရမည့်အတွက် လုပ်သားတစ်ဦး ချင်းစီ၏ ဝန်ဆောင်ခနှုန်းထားများအပေါ် ယခုထက် ပိုမိုတောင်းခံလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားဝန်ကြီးဌာနမှ အေဂျင်စီများ၏ လိုင်စင်အာမခံကြေးအား ၃ ဆခန့် တိုးမြှင့်ကောက်ယူရန် ညှိနှိုင်း နေခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ပါက လုပ်သားတစ်ဦးချင်းစီအလိုက် ပေးဆောင်ရမည့် ဝန်ဆောင်ခနှုန်းထား များကို အေဂျင်စီဘက်မှ ပိုမိုတောင်းခံလာမှာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူများက ထောက်ပြကြသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဥပဒေအရ ဥပဒေနဲ့မညီလို့ သတ်မှတ်ထားတဲ့ ကျင့်ဝတ်အတိုင်း မလုပ်ဘဲနဲ့ချိုးဖောက်တဲ့ အေဂျင်စီတွေရှိတယ်။ ဝန်ဆောင်မှုတွေ ကတိပေးထားတဲ့အတိုင်းမလုပ်လို့ အလုပ်သမား တွေ ဒုက္ခရောက်တဲ့ဟာတွေဖြစ်တယ်။ ဒါမျိုးတွေကို တိတိကျကျပြေလည်အောင် အရေးယူ ဆောင်ရွက်ဖို့ လိုတယ်။ အဲဒီလို အရေးယူဆောင်ရွက်မှု မရှိဘူးဆိုရင် ဒီမြှင့်တဲ့ဟာကလည်း ဘာမှ သိပ်ပြီးတော့ မထူးဘူးပေါ့။ ပြဋ္ဌာန်းထားတာတော့ ရှိပြီးသား ဘယ်လိုမျိုးဆိုရင် တိုင်ပါလို့၊ ဘယ်ကိုတိုင်ပါလို့ ဆက်သွယ် တိုင်ကြားရမယ့်ဟာ တွေက ရှိတယ်။ ဒါပေမယ့် ဒီယန္တရားကြီးက တကယ်တမ်းအလုပ်ဖြစ်လားဆိုတော့ တကယ်အလုပ်ဖြစ်တဲ့ဟာမျိုး မရှိဘူး။ ထွက်မယ့်အလုပ်သမားများနေတဲ့အခါကြတော့ သတ်မှတ်ထားတာ ၅ သိန်း ကုန်ကျမယ်ဆိုရင် အေဂျင်စီ က ၁၀ သိန်းတောင်းလည်း ပေးမယ့်သူအများကြီး။ ဒါတွေကို ဘာလို့မပြောလဲ မေးကြည့်တော့ သူတို့က မပြောဘူး သူတို့က ထွက်ဖို့ပဲ အရေးကြီးတာလေ။ ဘယ်လို နည်းနဲ့ပဲ ထွက်ရ ထွက်ရ။ အဲဒီအခါကြ အဲဒါတွေကို မကြည့်တော့ ဘဲနဲ့ ပေးပြီးတော့ ထွက်လာ။ တကယ်လို့ ကျနော်က သိန်း ၂၀ မပေးဘူးဆိုရင် ကျနော် အနောက်မှာ ၂၁ သိန်းပေး မယ့်သူက အဆင်သင့်ရှိနေပြီ” ဟု ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ လိုင်စင်အာမခံကြေးကို သိန်း ၂၅၀ အစား သိန်း ၁၀၀၀ နှင့် ပြည်ပ အလုပ် အကိုင်အေဂျင်စီ (ထိုင်း) အတွက် လိုင်စင်အာမခံကြေး သိန်း ၅၀ အစား သိန်း ၂၀၀ သို့ တိုးမြှင့်ကောက်ယူရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
အေဂျင်စီများဖြင့် ပြည်ပထွက်ခွာမည့်သူများ
အေဂျင်စီများမှ အလုပ်သမားတစ်ဦးအတွက် နိုင်ငံအလိုက် အမြင့်ဆုံးကောက်ခံနိုင်သည့် ဝန်ဆောင်ခစရိတ် နှုန်းထားများအား အစိုးရမှ တရားဝင်သတ်မှတ်ထားသည်။
ဂျပန်သို့ နည်းပညာအလုပ်သင် သင်တန်းသားအဖြစ် သွားပါက အမေရိကန်ဒေါ်လာ ၂၈၀၀၊ ကျွမ်းကျင်လုပ်သား အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဂျပန်တွင် ၃ နှစ်လုပ်ကိုင်ခဲ့ပြီး အေဂျင်စီအသစ်ဖြင့် အလုပ်ရှင်အသစ်ထံသို့ ထပ်မံ သွားရောက်မည့် လုပ်သားဆိုလျှင် အမေရိကန်ဒေါ်လာ ၁၆၀၀ နှင့် မူလအေဂျင်စီဖြင့် မူလအလုပ်ရှင်ထံသို့ ထပ်မံ သွားရောက်မည့် လုပ်သားဆိုပါက အမေရိကန်ဒေါ်လာ ၂၀၀ ဖြစ်သည်။
စင်ကာပူသို့ High Levy အတွက် စင်ကာပူဒေါ်လာ ၁၈၀၀၊ Low Levy အတွက် စင်ကာပူဒေါ်လာ ၂၃၀၀၊ S-Pass အတွက် စင်ကာပူဒေါ်လာ ၄၄၀၀ နှင့် မလေးရှားနိုင်ငံသို့ သွားမည်ဆိုပါက အမေရိကန် ဒေါ်လာ ၈၅၀ နှင့် မြန်မာ ငွေ ၂၅၅၀၀ တို့ဖြစ်သည်။
ထို့အပြင် ထိုင်းသို့သွားမည်ဆိုပါက ထိုင်း SSB အကျုံးဝင်လုပ်ငန်းဖြစ်ပါက မြန်မာငွေ ၃ သိန်းနှင့် ဘတ် ၅၃၉၀၊ SSB အကျုံးမဝင် လုပ်ငန်းဖြစ်ပါ က မြန်မာငွေ ၃ သိန်းနှင့် ဘတ် ၇၆၀၀ (မြန်မာငွေ လေးသိန်းကျော်) ဖြစ်သည်။
အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနကိုတွေ့ရစဉ်
ဝန်ဆောင်ခစရိတ် တရားဝင် သတ်မှတ်ထားသည့် နှုန်းထားများရှိသော်လည်း ထိုပမာဏထက် ပို၍ ပေးဆောင် နေရခြင်းဖြစ်ပြီး အစိုးရဌာနဆိုင်ရာပိုင်းဘက်မှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမှု အားနည်းသဖြင့် အေဂျင်စီများ ၏ လိုင်စင်အာမခံကြေးအား နှုန်းထား မပြောင်းလဲဘဲ ယခင်နှုန်းထားအတိုင်းထားမည်ဆိုပါက ပို၍ အဆင်ပြေ မည်ဖြစ်ကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။
“ဖြစ်မယ်ဆိုရင် အရင်အတိုင်းထားတာက ပိုပြီးအဆင်ပြေမယ်လို့ မြင်ပါတယ်။ အေဂျင်စီတွေအနေနဲ့ အစိုးရကို အဆပေါင်းများစွာ တိုးမြှင့်ပြီးပေးရတယ်ဆိုတော့ ပြည်တွင်းက အလုပ်သမားတွေဆီကနေ အေဂျင်စီတွေကတော့ တိုးမြှင့်ပြီး ကောက်ခံဖို့ကတော့ သေချာသွားပြီ။ အရင်ကတောင်မှ အစိုးရက ၃ သိန်းထက် မကျော်စေရဆိုပြီး သတ်မှတ်ထားတယ်။ အဲဒီလို ၃ သိန်းအထက် မကျော်စေရ ဆိုတဲ့ အထဲမှာ အေဂျင်စီကနေ ၂၅ သိန်း၊ သိန်း ၃၀ ၊ ၄၅ သိန်းအထိရှိတာပေါ့ တချို့တွေဆိုရင်။ zero coast နဲ့ လာတဲ့ အလုပ်သမားတွေဆိုရင်တော့ အဆင်ပြေ ပါတယ်။ zero coast စနစ်နဲ့ဆိုရင်တော့ အစိုးရကပဲ တိုးမြှင့်ကောက်ကောက် အေဂျင်စီကပဲ တိုးမြှင့် ကောက် ကောက်ပေါ့နော်။ အဓိက ကုန်ကျစရိတ်ကတော့ အလုပ်ရှင်ဘက်က ပေးရတယ်။ စက်ရုံ ကုမ္ပဏီကနေ ခံပေးမယ် ဆိုရင်တော့ ကိစ္စမရှိဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ နဂို အတိုင်းထားတာက အေဂျင်စီအတွက်ရော ပြည်ပကို ထွက်လာမယ့် MOU လုပ်သားတွေအတွက်ရော အဆင်ပြေမယ်လို့ မြင်ပါတယ်။ အစိုးရကိုယ်တိုင်က ထိန်းချုပ်မှ ဖြစ်မယ့် အနေအထားမျိုးပါ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် လိုင်စင်အာမခံကြေး တိုးမြှင့်ပေးသွင်းရမည့်နှုန်းထား နှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) နှင့် အလုပ်သမား ဝန်ကြီးဌာနတို့ ညှိနှိုင်းလျက်ရှိကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 534
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြှုပ်မှုကြောင့် ပဲခူးတိုင်း အရှေ့ပိုင်းရှိ လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကာ ထိုပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရသည့် တောင်သူများကို နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ပေးသင့်ကြောင်း တောင်သူများနှင့် တောင်သူအရေး ဆောင်ရွက်နေသူများက ပြောသည်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေတွင် တောင်သူများအတွက် နှစ်ရှည်ချေးငွေများ ဆောင် ရွက်ပေးခြင်း၊ တောင်သူများထုတ်လုပ်သည့် သီးနှံများကို သင့်တင့်မျှတသည့် အမြတ်အစွန်းရရှိအောင် ဆောင်ရွက် ပေးခြင်း၊ လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်သည့် စက်ကိရိယာများကို အချိန်မီရရှိအောင် ဆောင်ရွက်ပေးခြင်း၊ တောင်သူများ လုပ်ငန်းခွင်ဝင်နိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် သဘာဝပေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့်အခါ နိုင်ငံတော်မှ ထောက်ပံ့ပေးရမည် စသည့်အချက် ၅ ချက် ပါရှိကြောင်း သိရသည်။
ထို့ကြောင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေတွင် ပါဝင်သည့် အချက်များအရ လက်ရှိတွင် ပဲခူးတိုင်း အရှေ့ပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် စပါးများ ရေကြီးနစ်မြှုပ် သွားခြင်းသည် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်သည့်အတွက် ပျက်စီးသွားသည့် တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ပေးသင့်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်း ဌာနသို့ ပြောသည်။
ပဲခူးရေကြီးမှုကို တွေ့ရစဉ်
၎င်းက “တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမှာ အချက် ၅ ချက်ရှိတယ်။ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်တဲ့ပစ္စည်း သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွားလို့ရှိရင် နိုင်ငံတော်က ထောက်ပံ့ပေးရမယ်ဆိုတဲ့ အချက်ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခု နိုင်ငံတော်ကနေပြီးတော့ အဲဒီနစ်မြှုပ်သွားတဲ့ တောင်သူတွေအတွက် အနည်းဆုံးတော့ ကုန်ကျစရိတ် အကုန်မဟုတ်တောင်မှ စိုက်စရိတ် ချေးငွေအတွက်လောက်ကို တကယ်ကို သဘာဝဘေးအန္တရာယ် ဖြစ်တာဖြစ်တဲ့အတွက် အဲဒါကို အဲဒီချေးငွေကို တကယ်နစ်မြှုပ်သွားတဲ့ လုံးဝပျက်စီးသွားတဲ့ တောင်သူတွေကို တောင်သူက ရှင်းရှင်းပြောရင် တစ်ဧကအတွက် ကုန်ကျစရိတ်က မရိတ်ရသေးရင် မရိတ်ရတဲ့အတွက် ရိတ်ခမပါ တော့ အနည်းဆုံး ၄ သိန်းခွဲ ဝန်းကျင်လောက် ကုန်မှာပဲ။ ကျန်တဲ့ဥစ္စာ အသာထားအုံး လက်ရှိအရ အစိုးရချေးငွေနဲ့ ပတ်သက်လို့ ဒါဟာ ဒီလို သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားတဲ့ ဥစ္စာကို အကြွေးကို ပလှပ် (မယူတော့ဘူး) လိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်းပဲ အဲဒီအကြွေးဆပ်ဖို့ကို ငွေကြေးလောက်တော့ အစိုးရ အနေနဲ့ ထောက်ပံ့ပေးသင့်တာပေါ့” ဟု ပြောသည်။
ရေကြီးနစ်မြှုပ်မှုဒဏ်ကြောင့် စပါးပင်များ အညှောင့်ထွက်ခြင်းနှင့် ပုပ်သိုးပျက်စီးမှုများ ဖြစ်သွားခြင်းကြောင့် ရိတ်သိမ်း၍ မရတော့ကြောင်း သိရသည်။
ထို့နောက် ရင့်မှည့်နေသည့် စပါးခင်းများလည်း ပျက်စီးသွားပြီး အထွက်နှုန်းကျဆင်း၍ အရှုံးပေါ်နိုင်သည့်အတွက် တောင်သူများသည် ယခုနှစ်တွင် ချေးယူထားသော စိုက်ပျိုးစရိတ် ချေးငွေများအား ပြန်ဆပ်နိုင်မည် မဟုတ် ကြောင်း တောင်သူများက ပြောသည်။
ပဲခူးရေကြီးမှုကို တွေ့ရစဉ်
ထို့အပြင် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်နိုင်ရန်နှင့် ထပ်မံ၍ သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး အစိုးရမှ ဆောင်းသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်ထားသည့် အချိန်ထက်စော၍ ထုတ်ချေးပေးစေလို ကြောင်း ပဲခူးတိုင်း အရှေ့ပိုင်းရှိ သနပ်ပင်မြို့နယ်မှ တောင်သူ ဦးညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆောင်းသီးနှံအတွက် ချေးငွေ စောစော ထုတ်ပေးသင့်တာပေါ့။ အရင်တုန်းက ဆောင်းသီးနှံအတွက် တစ် ဧက ၁ သိန်း ထုတ်ချေးပေးတာ ရှိတယ်။ ဒါပေမယ့် ဒီတောင်သူတွေ အတွက်ကျတော့ ဆောင်းသီးနှံအတွက် မျိုးဖိုး၊ ထွန်ယက်ခ ဘာညာ ကုန်ကျစရိတ်က မျိုးဖိုးနဲ့ ထွန်ယက်ခနဲ့တင် ၂ သိန်းလောက် ကုန်တာပါ။ အဲဒါကို ထုတ်ချေး ပေးပြီးတော့ ပထမ မိုးစပါးအတွက် စိုက်ထားတဲ့ အနည်းဆုံး ပျက်စီးသွားတဲ့ လယ်တွေအတွက် အနည်းဆုံး နိုင်ငံတော်အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဧကကို ၂ သိန်း ဝန်းကျင်လောက် ထောက်ပံ့သင့်တယ်။ သီးသန့်လေ၊ ချေးငွေအနေနဲ့ ပေးတာမဟုတ်ဘူး ထောက်ပံ့တဲ့အနေနဲ့ ပေးသင့်တယ်။ နောက်ပြီးတော့ ပဲစိုက်ဖို့အတွက် ချေးငွေ အနေနဲ့ ဦးစားပေးပြီးတော့ ပေးသင့်တယ်” ဟု ပြောသည်။
ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ဧက စာရင်းများကိုသာ စာရင်းကောက်ယူနေမှုများ ရှိသော်လည်း လက်ရှိအချိန်ထိ ကူညီဆောင်ရွက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမျိုး မရှိသေးကြောင်း သိရ သည်။
ရေကြီးမှုကြောင့် ပဲခူးတိုင်း အရှေ့ပိုင်းရှိ မြို့နယ် ၄ ခုတွင် လယ်ဧက စုစုပေါင်း ၇၇၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့ပြီး လယ်ဧက စုစုပေါင်း ၆၈၀၀ ကျော်ဧက ပျက်စီးဆုံးရှုံးသွားကြောင်း ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1120
CNI News
မြန်မာနိုင်ငံတွင် PJ(Passport for Job)၊ PS(Passport for Seamen) နိုင်ငံကူးလက်မှတ် စာအုပ်များအား သက်တမ်းတိုးလိုသူများ အခွန်ကင်းရှင်းကြောင်း လျှောက်ထားရာတွင် ကြိုတင်ဝင်ငွေခွန်အား ၆ လစာ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။
PJ၊ PS နိုင်ငံကူးလက်မှတ် စာအုပ်များအား သက်တမ်းတိုးမည့် သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုး လုပ်ငန်းစဉ်အား ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထိုသို့ အခွန်ကင်းရှင်းကြောင်း လျှောက်ထားရာတွင် သွားရောက်မည့် နိုင်ငံမှရရှိမည့် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၆ လစာကို ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး ကြိုတင်ဝင်ငွေခွန် ပေးဆောင်သွားရမှာဖြစ်ကြောင်း အခွန်ဆိုင်ရာဝန်ဆောင်မှု ဗဟို အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “အခုရက်ပိုင်းအတွင်းမှာ ပတ်စပို့ သက်တမ်းတိုးရုံးက သက်တမ်းလာတိုးတဲ့သူတွေကို PJ၊ PS ပေါ့နော် အဓိက ကတော့။ အဲဒီကောင်တွေကို ကင်းရှင်းကြောင်း ထောက်ခံချက် လိုတယ်ဆိုပြီးတော့ တောင်းတာလေ။ လောလောဆယ်တော့ သက်တမ်းတိုးတယ်ဆိုရင် ပတ်စပို့ရုံးက ကင်းရှင်းကြောင်း ထောက်ခံချက်လိုတယ်လေ။ အဲဒါကို တောင်းတယ်။ အဲဒါတွေရမှဆိုတော့ အဲဒါတွေလျှောက်ပြီး ယူမှ တိုးပေးမှာကို။ အသေးစိတ်ကတော့ အခုဟာက ဝန်ကြီးဌာန ၃၊ ၄ ခုလောက် ညှိရတာကို။ ညှိရတာဆိုတော့ အဲဒါမပြတ်သေးဘူး။ အကုန်လုံးတော့ ဆက်တော့လုပ်နေတယ် ညှိနေတယ်။ တချို့ဆိုရင် PJ ကနေ PV ပြောင်းတာတွေဘာတွေ မျိုးစုံရှိတာကို။ တချို့ ဆိုရင်လည်း အခြေခံလစာ သတ်မှတ်လို့ မရသေးတဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲဒါဆိုရင် ဘယ်လိုယူရမှာလဲ မျိုးစုံပေါ့။ ဝန်ကြီးဌာနတွေ ညှိတုန်း။ ညှိပြီးတော့ အသေးစိတ်တော့ ထွက်လာမှာပါ”ဟု ပြောသည်။
အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ယူရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ပြည်ပအလုပ်ခေါ်စာ၊ သင်္ဘော သားဖြစ်ပါက အလုပ်အတွက် ချုပ်ဆိုထားသည့် စာချုပ်၊ လစာအတွက် သဘောတူထားသည့် အထောက်အထား စသည်တို့ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး အခွန်ရုံးမှ ထုတ်ပေးသည့် လျှောက်လွှာပုံစံကို ဖြည့်စွက် တင်ပြပေးရမှာ ဖြစ်သည်။
ထိုသို့ ထောက်ခံချက်ယူရာတွင် လိုအပ်သည့် အချက်အလက် စာရွက်စာတမ်းများ အားလုံးပြည့်စုံပါက အချိန် ကာလအားဖြင့် ၂ ရက်ခန့်သာ ကြာမြင့်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ လစာ မရသေး သူအား အခွန်ကောက်ခံခြင်းသည် လက်တွေ့မဆန်ကြောင်း၊ သင်္ဘောသားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းရှိမှသာ အလုပ်လျှောက်ထားမှုကို အလုပ်ရှင်နှင့် SRPS(Seafarer Recruitment and Placement Service) မှ လက်ခံသောကြောင့် လစာနှုန်းထား မည်ကဲ့သို့ ရရှိမည်ကို ကြိုတင်ခန့်မှန်းမရကြောင်း ထုတ်ပြန်ထား သည်။
ထို့အပြင် နိုင်ငံအလိုက် လစာပေးသည့် ပုံစံချင်း မတူညီသောကြောင့် ၎င်းအချက်များကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
နိုင်ငံကူး လက်မှတ်လုပ်ရန် စောင့်နေကြသူများကို တွေ့ရစဉ်
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ယူခိုင်းရာတွင် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပို၍ပါဝင်ပတ်သက် လာဦးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ စိုးရိမ်တာကတော့ ပွဲစားတွေ အများကြီးပေါ်လာမှာကို စိုးရိမ်တယ်။ ဥပမာ ကိုရီးယားကို သွားချင်တယ်။ ဂျပန်ကိုသွားချင်တယ်။ ထိုင်းကို သွားချင်တယ်ဆိုတော့ ပတ်စပို့စာအုပ် အသစ်လုပ်ချင်တယ်။ ဒါပေမယ့် အစိုးရကတော့ ဒီစာရွက် ဒီစာရွက်တွေပါလာမှ မင်းကိုသက်တမ်းတိုးပေးမယ်။ သက်တမ်းတိုးပေးမယ် ဆိုတော့ စာရွက်စာတမ်းတွေက တကယ်ရော အစစ်ဟုတ်လို့လား။ အဲဒီဟာကို အကြောင်းပြပြီးမှ အေဂျင်စီတွေက ပိုပြီးတော့ ပိုက်ဆံတောင်းလာမှုလည်း များလာနိုင်တယ်။ အေဂျင်စီတွေက အိုခေ မင်းမှာ ဒီစာရွက်စာတမ်းတွေ မပါလည်း ပြဿနာမရှိဘူး ဒီလိုဆိုရင် ငါ့ကို ပိုက်ဆံဘယ်လောက် ပေးရမယ်။ ပွဲစားတွေကလည်း ဒီအတိုင်း ပေါ်လာမှာပဲ။ ဆိုလိုတာက ပွဲစားလမ်းကြောင်း၊ အေဂျင်စီလမ်းကြောင်းတွေကို ပိုပြီး ပိုက်ဆံတောင်းလို့ရတဲ့ နည်းလမ်းကို လုပ်လိုက်တဲ့ပုံစံမျိုးပဲလို့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။
PJ၊ PS နိုင်ငံကူးလက်မှတ် စာအုပ်များအား သက်တမ်းတိုးမည့် သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တောင်းခိုင်းခြင်း၊ ကြိုတင်ဝင်ငွေခွန်အဖြစ် ၆ လစာ ဆောင်ရမည့် ကိစ္စများ ကြောင့် အိမ်နီးချင်းနိုင်ငံနှင့် အခြားဝင်ရောက်ရ လွယ်ကူသည့် နိုင်ငံများသို့ တရားမဝင် ခိုးဝင်မှု ပို၍ များပြားလာ နိုင်ကြောင်းလည်း သုံးသပ်ကြသည်။