
- By CNI
- Category: စီးပွားရေး
- Hits: 734
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉
အော်ပရာစီ အဖမ်းအဆီးများပြားနေသည့် မလေးရှားတွင် နေစရာအခက်အခဲဖြစ်နေကြသော မြန်မာနိုင်ငံသား များအပေါ် ပရဟိတအသင်းအချို့ အကူအညီပေးမှုကို ခေတ္တရပ်နားလာကြကြောင်း သိရသည်။
မလေးရှားရှိ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့တွင် နေစရာအခက်အခဲ ဖြစ်နေသဖြင့် ရုံး၌ ကူညီပေးထားသော မြန်မာ ၁၁ ဦးအား အော်ပရာစီအဖမ်းခံရပြီးနောက် ယခုကဲ့သို့ ကူညီမှုကို ခေတ္တရပ်နားလိုက်ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
“ကွာလာလမ်ပူမြို့နယ်မှာ ဝင်သွားတဲ့ အော်ပရာစီက နေစရာမရှိ၊ အဆင်မပြေတဲ့လူတွေ၊ အလုပ်လည်းမရှိတဲ့ လူတွေကို ၁၁ ယောက် ကယ်ထားတယ်ပေါ့။ အဲဒီအော်ပရာစီဝင်တဲ့အခါမှာ ရုံးခန်းကိုပါ ဝင်သွားတာ။ အဲဒီ ၁၁ ယောက်ပါသွားတယ်။ ညပိုင်းမှာ အော်ပရာစီအဖွဲ့ပေါင်းစုံ ဝင်လိုက်တဲ့အခါမှာ ညပိုင်း ကြတော့ ရောပြီး ရွေးလို့ ရတယ်။ နောက်နေ့ကြတော့ လ.ဝ.က မှတ်ပုံတင်ဌာနကို အားလုံးရောက်သွားတဲ့ အခါမှာ ရွေးလို့မရတော့ဘူး။ ရွေးခွင့်လည်းမပေးတော့ဘူး။ ၆ ယောက်က ပြန်ထုတ်နိုင်တယ်၊ ၅ ယောက်က ထုတ်လို့မရတော့ဘူး။ အဲဒီ အတွက်နဲ့ နောက်ပိုင်းမှာ မြို့ထဲတွေက မြန်မာဆိုင်တွေ၊ ရုံးခန်းတွေကအစ စည်ပင် သာယာတွေ၊ ရဲတွေ တစ်ပတ် တစ်ခါ၊ သုံးရက်တစ်ခါ စစ်ဆေးမှုတွေ ဝင်တဲ့အခါမှာ လောလောဆယ် ကျနော် တို့က အခုလိုကူညီခဲ့ရင် တကယ်လို့ စစ်ဆေးမှုနဲ့ ထပ်ပြီးကြုံခဲ့ရင် ကိုယ့်လူတွေ ပိုပြီး ထပ်ပြီးဒုက္ခရောက်မှာစိုးလို့ လောလောဆယ်တော့ ခဏ ရပ်ထားဦးမယ်။ အလုပ်ရှိရင် ရှာပေးနေပါတယ်။ ရုံးမှာသာ လောလောဆယ် ကယ်လို့မရတာ” ဟု ၎င်းက ပြောသည်။
မလေးရှားတွင် မြန်မာအပါနိုင်ငံခြားသားများ ဖမ်းဆီးခံရစဉ်
နေစရာအခက်အခဲဖြစ်နေသူများအား မကူညီပေးနိုင်သော်လည်း နေစရာရှိ၍ စားစရာအခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများအား အနေဖြင့် အကူအညီတောင်းခံနိုင်ကြောင်းနှင့် အော်ပရာစီအဖမ်းအဆီးများ အနည်းငယ်ငြိမ်သွားပါက နေစရာအခက်အခဲဖြစ်နေကြသော မြန်မာနိုင်ငံသားများကို ပြန်လည်ကူညီ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းအော်ပရာစီအတွင်း ဖမ်းဆီးခံရသူများထဲမှ အထောက်အထားမရှိသူများအား တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးရမိသည့် ရက်မှစတင်ကာ ထောင်ဒဏ် ၃ လ ချမှတ်ကြောင်း မလေးရှားသတင်းဌာနများမှ ဖော်ပြထားကြသည်။
ထို့အပြင် လက်ရှိအဖမ်းအဆီးများနေသည့် ကာလတွင် ဆေးရုံ၊ ဆေးခန်းပြသရန်လိုအပ်ပြီး အခက်အခဲ ဖြစ်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား NGO အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးနေကြောင်း ပီနန်းမြို့ရှိ ဒါနကုသလနာရေးကူညီမှုအသင်းမှ အထွေထွေ အကြံပေး ကိုနိုင်လင်းက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် မြန်မာအပါနိုင်ငံခြားသားများ ဖမ်းဆီးခံရစဉ်
“ကျနော်တို့အသင်းကို အကူအညီတောင်းတာတော့ ရှိတယ်။ တစ်ခါတစ်လေပေါ့။ သူတို့မှာ စာအုပ်မရှိတဲ့ အတွက်ကြောင့် သူဌေးမယူတော့ဘူးပေါ့။ အလုပ်တွေဘာတွေ ရှာပေးလို့ရမလား၊ နေစရာတွေ ရှာပေးလို့ ရမလား အဲဒီလောက်တော့ အကူအညီတောင်းတာရှိတယ်။ ကျနော်တို့လည်း နိုင်တဲ့ဘက်က ရှိတဲ့ သူငယ်ချင်းတွေဆီက မေးတယ်။ ဘယ်နေရာမှာ လူလိုလဲ၊ ဘယ်နေရာမှာ အလုပ်ရှိလဲ။ ထိုက်တန်သလောက် တော့ ဖြည့်ပေးထားတယ်။ ရာခိုင်နှုန်းအပြည့်တော့ မရနိုင်ဘူး။ တချို့ ဘာမှလုပ်လို့မတတ်ဘူးဆိုရင် ဆောက်လုပ်ရေးမှာ သွင်းပေးအလုပ်ပေးထားတာရှိတာပေါ့။ ၁၀ ယောက်အကူအညီတောင်းလာရင် ၁၀ ယောက်လုံးတော့ အဆင်မပြေဘူး။ စားဖို့သောက်ဖို့ အခက်အခဲဖြစ်တယ်ဆိုရင် ကျနော်တို့အနေနဲ့ နိုင်သလောက်ပေါ့” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား များအား မတ်လဝန်းကျင်အထိ အဖမ်းအဆီးများ ကြမ်းနိုင်ဖွယ်ရှိကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတ အဖွဲ့ အစည်းများက သုံးသပ်သည်။
လက်ရှိအဖမ်းအဆီးများနေသည့်အချိန်တွင် အသွားအလာနှင့် နယ်မြေအနေထားများအား အထူးဂရုပြုကြရန် လည်း မလေးရှားနိုင်ငံရှိ ပရဟိတ အဖွဲ့ အစည်းများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 770
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆
ပြည်တွင်းရွှေဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်၌ ၃၇ သိန်းအထက်တွင် ရှိနေခဲ့သော်လည်း ယခုရက်ပိုင်း ၃၈ သိန်းအထက်သို့ ရောက်ရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှာ သိရသည်။
ပုံမှန်အားဖြင့် ရွှေဈေးနှုန်းသည် ယခုကာလတွင် မြင့်တက်လေ့ မရှိကြောင်း၊ လက်ရှိ ရွှေဈေးနှုန်း မြင့်တက်သွားခြင်းသည် ပြည်တွင်းဒေါ်လာဈေးနှုန်း မြင့်တက်သွားခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးအုန်းမြိုင်က CNI သတင်းဌာနသို့ ပြောသည်။
“အခုကတော့ ငွေလဲနှုန်း ပြောင်းလို့ပဲ ပြောရမယ်။ အရင်တုန်းကတော့ ၃၄၀၀ အပေါ်နားမှာရှိတာ၊ အခုက ၃၅၀၀ အပေါ် ရောက်သွားတယ်လို့ ကြားတာပဲ။ အခုက ခေတ်ကာလ အခြေအနေကလည်း ပြောင်းလဲတာမျိုးတွေ ရှိတာပေါ့နော်။ အဲဒါမျိုးလေးတွေကြောင့်ပဲ ငွေဈေးပြောင်းလဲတယ်။ ငွေဈေးပြောင်းလဲတဲ့အပေါ်မှာ လိုက်ပြီး ရွှေဈေးပြောင်းလဲတယ် အဲဒီလိုပဲ မြင်ရတာပေါ့နော်။ ပုံမှန်အရဆို ဒီအချိန်မှာ တက်လေ့တက်ထ အင်မတန် နည်းတယ်လေ။ တရုတ်နှစ်သစ်ကူး တစ်ပတ်လည်မှာဆိုရင် ခဏတဖြုတ် ပြန်တက်တာမျိုးတွေ ရှိတယ်။ အလားအလာကတော့ အရမ်းကြီး အတက်ကိုတော့ မမှန်းပါဘူး။ ဘာလို့လဲဆိုတော့ အခု တရုတ်နှစ်သစ်ကူး တဝိုက်လောက် ငြိမ်တယ်။ ဒါပေမယ့် အခုက ကြိုတက်နေတော့လည်း စဉ်းစားရတာတော့ ခပ်ကြပ်ကြပ် ဖြစ်နေတယ်” ဟု ပြောသည်။
ရွှေအရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်
ရွှေဈေးနှုန်းသည် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ၃၇ သိန်းကျော် ရှိရာမှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ၃၈ သိန်းသို့ ရောက်ရှိလာပြီး တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ဇန်နဝါရီ ၂၆ ရက်နေ့အထိ ၃၈၄၅၀၀၀ ကျပ် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သည့်နှစ်တွင် ရွှေဈေးနှုန်းသည် ၃၉ သိန်းအထက်ဖြင့် စံချိန်တင် မြင့်တက်ခဲ့သည့်အတွက် ယခုနှစ်တွင်လည်း ယင်းဈေးနှုန်းသို့ ရောက်ရှိလာနိုင်ပြီး တစ်ကျပ်သားလျှင် သိန်း ၄၀ အထိ ရောက်ရှိနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသူများက သုံးသပ်နေကြသည်။
လက်ရှိ ရွှေဈေးနှုန်း မြင့်တက်လာမှုသည် တရုတ်နှစ်သစ်ကူး နီးလာချိန် ဖြစ်သည့်အတွက် ပုံမှန်မြင့်တက်နေကျအတိုင်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေအရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်
“ဒီနှစ်ကူးပိုင်းလည်းပါတယ်။ တရုတ်နှစ်သစ်ကူး နီးလာတာလည်း ပါတယ်။ တရုတ်နှစ်ကူးနီးလာရင် ပုံမှန်ဝယ်လိုအား တက်နေကျပဲ။ မနှစ်က တကယ်ဈေးအပြောင်းအလဲ များတာလည်း ဒီလိုအချိန်ပဲပေါ့။ တရုတ်နှစ်ကူးအပြီး ၄၀ ကျော်ပြီးရင်တော့ ပြန်ကျလာမယ်။ ထုံးစံက ရှိပြီးသားလေ။ အမြင့်ဆုံးဈေးကို နောက်တစ်ခေါက် ပြန်လာတာ။ ၃၉ က အမြင့်ဆုံး၊ ၃၉ သိန်း ၅ သောင်းနဲ့ အမြင့်ဆုံးပေါ့။ အဲဒီအမြင့်ဆုံးရောက်ပြီးတော့ ပြန်ကျတာပဲ။ အခုလည်း အဲဒီဟာကို ပြန်ကျော်မှာ။ ကျော်မှာဆိုတော့ သေချာပေါက် ၄၀ ကျော်မှာ။ ကျနော်မှန်းတာတော့ ၄၁ ကျော်ပြီးရင်တော့ အဲဒီအခါကျရင် ရောင်းလိုအား ပြန်ဝင်လာမှာပဲ။ ဆိုင်တွေက ပြန်ကောက်တော့မှာ” ဟု ပြောသည်။
လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်းတွင် ရွှေဈေးနှုန်း ထပ်မံမြင့်တက်မည်ကို မျှော်မှန်းနေကြခြင်းကြောင့် ဝယ်လိုအား အနည်းငယ် ပြန်လည် မြင့်တက်လာနေကြောင်း၊ နောက်ပိုင်း၌ ရွှေဈေးနှုန်း အမြင့်ပိုင်းသို့ ရောက်ရှိချိန်တွင် ရွှေလာရောက် ရောင်းချမှုများကို ရွှေဆိုင်များက အဝယ်လက်မခံသည့် ပုံစံဖြင့် ရွှေဈေးနှုန်းကို ပြန်လည်ဆွဲချကြမည် ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 806
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်အများစုသည် လက်ရှိတွင် လျှပ်စစ်မီး ပုံမှန်မရရှိသည့်အတွက် ကုန်ကျစရိတ် များပြားကာ တွက်ခြေမကိုက် ဖြစ်နေသည်ဟု ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
အချို့သော ဧည့်သည်လာရောက် တည်းခိုမှုနည်းသည့် ဟိုတယ်များတွင် လျှပ်စစ်မီးကြောင့် ဧည့်သည် လက်မခံနိုင်သည့် အခြေအနေပင် ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် ဟိုတယ်များတွင် ကြုံတွေ့နေရသည့် ဖွဲ့စည်းမှု မပြည့်စုံခြင်းကို နည်းလမ်းရှာရန် လိုအပ်သည်ဟု Myanmar Voyages International Tourism ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
“infrastructure ကလည်း အခုလို မီးပျက်နေပုံနဲ့ cost တွေတက်တဲ့အတွက်ကြောင့် တချို့ဟိုတယ်တွေဆိုရင် ဧည့်သည်မလာလေ ပိုကောင်းလေ။ ဧည့်သည်လာရင် မီးစက်မောင်းရတာနဲ့ မကိုက်လို့ သူက ဧည့်သည် လက်မခံတဲ့ ဟိုတယ်တချို့တောင် ရှိတယ်ပေါ့နော်။ ဒါလက်ရှိ ဖြစ်နေတဲ့ အခြေအနေပေါ့။ ဒီမီးပြဿနာကလည်း အရေးကြီးတာတစ်ခုပါ။ မြန်မာပြည်ကို ဈေးကလည်း ကြီးသေးတယ်။ လာပြန်တော့လည်း မပြည့်မစုံကြားထဲက လူတွေကပါ ဂဂျိုးဂဂျောင်တွေ service ပေးတယ်ဆိုရင် အစဉ်အလာကြီးတဲ့ တိုင်းပြည်က အလကားဖြစ်သွားမှာ။ အဲဒီလိုမဖြစ်အောင် ဝန်ကြီးဌာနတွေရော၊ သက်ဆိုင်ရာ tourism တွေမှာ ပါဝင်တဲ့သူတွေရော ဒီဟာကို နည်းလမ်းရှာရမယ်၊ ပူးပေါင်းရမယ်၊ အခုလောက်ကတည်းက ပြင်ဆင်ထားဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
ဟိုတယ်များအားတွေ့ရစဉ်
ထို့နောက် ပွဲတော်ရက်မဟုတ်သည့် လက်ရှိကာလတွင် ခရီးသွားဝင်ရောက်မှုအနေဖြင့် အနည်းငယ်သာ ရှိနေကြောင်း၊ လျှပ်စစ်မီးသည်လည်း အချိန်ပြည့် ရရှိခြင်း မရှိသေးကြောင်း သိရသည်။
ပုဂံရှိ ဟိုတယ်များအနေဖြင့် လျှပ်စစ်မီး ပုံမှန် မရရှိသည့်အတွက် မီးစက်ဖြင့် လျှပ်စစ်မီး ပေးနေရကြောင်း၊ ထိုသို့ ပေးနေရခြင်းကြောင့် ကုန်ကျစရိတ် မြင့်တက်လာကြောင်း၊ ၎င်းမြင့်တက်လာသည့် ကုန်ကျစရိတ်ကြောင့် ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဧည့်သည်ရရှိမှုအပေါ် မူတည်ပြီး အချိန်ပိုင်းဖြင့်သာ မီးစက်ဖြင့် မီးပေးသော ပုံစံ လုပ်ဆောင် နေရသည်ဟု ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
“မပြေသေးဘူး။ အဲဒီလိုပဲ လာလိုက်၊ မလာလိုက်ပဲ။ မရှုံးအောင်တော့ ကြံဖန်လုပ်ကြရတာပေါ့။ ၂၄ နာရီမပေးဘဲနဲ့ တစ်စိတ်တပိုင်းပဲပေးတာတို့၊ နောက် ညဆိုရင် တစ်ညလုံး မပေးဘဲနဲ့ ဘယ်နှနာရီကနေ ဘယ်နှနာရီပေါ့ ဥပမာအားဖြင့်။ အဲဒီလိုလေးတွေတော့ ပိုင်းပေးတာပေါ့။ တစ်နေ့လုံးတော့ ဘယ်ရက်မှ မလာပါဘူး” ဟု ပြောသည်။
ဟိုတယ်များအားတွေ့ရစဉ်
လက်ရှိတွင် ဧည့်သည် ဝင်ရောက်မှု များပြားနေသည့် ကမ်းခြေဒေသများ၊ တောင်ပေါ်ဒေသများသည် လျှပ်စစ်မီး ပုံမှန်မရရှိသော်လည်း ဧည့်သည်ဝင်ရောက်မှု များပြားနေခြင်းကြောင့် အဆင်ပြေနေသေးကြောင်း သိရသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးတွင် ဧည့်သည်ဝင်ရောက်မှု များပြားသော်လည်း တည်းခိုးမည့် ဧည့်သည် မရှိခြင်းကြောင့် မီးစက်အသုံးပြုရမှုသည် အနည်းငယ်သာ ရှိသည်ဟု ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 578
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလုပ်သမားဝန်ကြီးဌာနသည် တစ်စုံတစ်ရာ ကူညီဆောင်ရွက် မပေးနိုင်ဘဲ အမည်ခံသာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများသည် နစကအား မကြိုက်နှစ်သက်သော်လည်း အထောက်အထားများရှိမှသာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိသဖြင့် မဖြစ်မနေပြုလုပ်ကြရကြောင်း၊ NUG အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားအရေးနှင့်ပတ်သက်၍ သေချာမသိရှိသဖြင့် အလုပ်မလုပ်တတ်ကြောင်း ၎င်းက ပြောသည်။
“ဗမာစစ်တပ်ကို မကြိုက်ရင်လည်း ကျနော်တို့သည် CI စာအုပ်ကို မဖြစ်မနေ လုပ်ကိုလုပ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့နိုင်ငံသားတွေသည် အထောက်အထားမရှိရင် ဒီဘက်မှာ အဖမ်းခံရမယ်။ မိသားစုရဲ့ စားဝတ် နေရေးတွေ အခက်အခဲတွေရှိတဲ့အတွက် CI ကို မဖြစ်မနေ လုပ်ရတယ်။ မြန်မာပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ NUG အစိုးရလက်အောက်ခံ ဝန်ကြီးဌာနဟာလည်း အလုပ်မလုပ်တတ်ဘူး၊ အလုပ်သမား အရေးကလာတဲ့လူမဟုတ်တဲ့အတွက် အလုပ်သမားအရေး ဘာမှမသိဘူး၊ အမည်ခံပဲဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ ၅ သန်းကျော်ရဲ့ အရေးကိစ္စကို NUG အစိုးရလည်း ဘာတစ်ခုမှ ကောင်းကျိုးမပြုနိုင်သလို မကူညီဆောင်ရွက်မပေးနိုင်သလိုမျိုး စစ်တပ်က ဝန်ကြီးဌာနတွေကလည်း ရတဲ့ နည်းလမ်းနဲ့ ပိုက်ဆံယူမယ်၊ ဂုတ်သွေးစုပ်မယ်ပေါ့” ဟု ၎င်းက ပြောသည်။
ထို့အပြင် လက်ရှိတွင် ထိုင်း-မြန်မာ နှစ်ဖက်အစိုးရ အစီအစဉ်ဖြင့် ထိုင်းအလုပ်ရှင်များမှ အမည်စာရင်း တင်သွင်းထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ကိုးသိန်းနီးပါးခန့်အား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်များထုတ်ပေးမည်ဖြစ်သည်။
ထိုသို့ ထုတ်ပေးရာတွင် တရားဝင်သတ်မှတ်နှုန်းထားသည် ထိုင်းဘတ်ငွေ ၃၀၀ ကျော်သာ ရှိသော်လည်း အခြား အမည်မဖော်နိုင်သည့် ကုန်ကျစရိတ်များကြောင့် သတ်မှတ်နှုန်းထားထက် ပိုမိုဈေးတက်သွားခြင်းဖြစ်ကြောင်း၊ ၎င်းဈေးနှုန်းများအပေါ်မူတည်ကာ ပွဲစားအေဂျင်စီများမှလည်း ဝန်ဆောင်ခများကို တောင်းဆိုကြခြင်း ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“၂၀၂၃ နှစ်ကုန်ပိုင်းအထိမှာတော့ ဒီဇင်ဘာလအတောအတွင်းမှာတော့ အေဂျင်စီတွေနဲ့ one stop service center နဲ့က အထောက်အထားနဲ့ ပတ်သက်ပြီးညှိနှိုင်းတဲ့ဟာ သိပ်ပြီးတော့ မရသေးဘူးပြောတယ်။ ဗမာဘက်အခြမ်း ကနေ ကုန်ကျစရိတ်ကို တောင်းတဲ့ဟာမှာ ဥပမာ CI အထောက်အထားက တကယ့်တကယ်ဆိုရင် ၃၁၀ ပေါ့။ အဲဒါက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ၇၀၀ ကျော်ဖြစ်သွားပြီ။ ကျန်တဲ့ဟာက ဘောက်ချာမပါတဲ့ဟာပေါ့။ နောက်တစ်ခုက ၂၀၂၃ ထဲမှာပဲ ၁၀၀၀ ဝန်းကျင်ဖြစ်သွားပြီ။ အခု လုပ်မယ့်ဟာတွေကြတော့ အဲဒီလောက်ထက် ပိုမလား ဘာလားကတော့ ဟိုဘက်ကနေ one stop service center မှာရှိတဲ့ ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာနဲ့ ဌာနဆိုင်ရာကနေ တဆင့်ခံလုပ်ထားတဲ့ အကျိုးတော်ဆောင်တွေရှိတယ်။ သူတို့အပေါ်မူတည်ပြီးတော့ ကုန်ကျစရိတ်တွေက အနည်း၊ အများဖြစ်နိုင်တယ်။ အကြမ်းဖျင်း ဒီမှာကုန်တဲ့ဟာက ၁ သောင်းခွဲဝန်းကျင်လို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ထိုင်းတွင် ဖေဖော်ဝါရီ လလယ်နောက်ပိုင်း၌ အထောက်အထားများ ပြုလုပ်ပေးသည့် သတ်မှတ်ကာလ ပြီးစီးပြီ ဖြစ်၍ တရားမဝင် အထောက်အထားမဲ့များအပေါ် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုများပြားလာနိုင်ကြောင်း လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။
ထိုထဲတွင် အမည်စာရင်း (Name list) ကျထားပြီးသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အခြား ဆက်လက်ဆောင်ရွက်ရမည့် ပါမစ်လုပ်ငန်းစဉ်များအား မဆောင်ရွက်ဘဲ သတ်မှတ်ကာလ ကျော်လွန်သွားပါက အဖမ်းအဆီးခံရနိုင်ကြောင်းလည်း ၎င်းတို့က ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 631
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄
ထိုင်းတွင် ဖေဖော်ဝါရီ လလယ်နောက်ပိုင်း၌ အထောက်အထားများ ပြုလုပ်ပေးသည့် သတ်မှတ်ကာလ ပြီးစီးပြီ ဖြစ်၍ တရားမဝင် အထောက်အထားမဲ့များအပေါ် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုများပြားလာနိုင်သည်ဟု ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်းမှစတင်ကာ ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြန်လည် စတင် နေခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ အလွှာပေါင်းစုံမှ ခိုးဝင်ကာ ခိုလှုံမှုများ စိပ်လာသည့်အတွက် တာ့ခ်ခရိုင်တစ်ခု တည်းတွင် နေ့စဉ် အဖမ်းအဆီးများ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယာယီအလုပ်သမား လက်မှတ်ရဲ့ တည်ဆဲဥပဒေအရက တစ်ပိုင်းသွားပေမယ့် ယာယီအလုပ်သမား လက်မှတ် အဟောင်းပဲရှိတယ် သက်တမ်းမတိုးဘူးဆိုရင်တော့ အဖမ်းခံရတဲ့အခါ ဒဏ်ငွေဆောင်ရုံနဲ့ ပြည်တော် ပြန်ကို ပြန်ပို့ခံရတယ်။
တကယ်လို့ ဗီဇာကိုင်ထားပြီး CI စာအုပ်ထဲမှာ ဗီဇာသက်တမ်းရှိတယ်။ လာမယ့် ၁၃ ရက် ဖေဖော်ဝါရီမှာ ဗီဇာသက်တမ်းကုန်တယ်၊ ဗီဇာသက်တမ်းတိုးရမယ့်လူတွေ ဗီဇာတိုး၊ မတိုးကို သတ်မှတ်တဲ့ အချိန် ရောက်ရင် ကွန်ပျူတာထဲကနေ သူတို့စစ်ဆေးမယ်၊ လူဘယ်နှစ်ထောင်ကျန်ခဲ့လဲ၊ လူဘယ်နှစ်သောင်း ကျန်ခဲ့လဲ။ အဲဒီတော့ ဗီဇာမတိုးဘဲ ကျန်ခဲ့တယ်ဆိုရင် Work Permit ရဲ့ လိပ်စာအရ သွားရောက် စုံစမ်းစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်လာမယ်။ visa section ရဲ့ ဥပဒေအရဆိုရင် သူက ၁ နှစ်ကနေ ၅ နှစ်အထိ blacklist လုပ်ခွင့် ရှိတာ ဖြစ်တဲ့အတွက် ဗီဇာသက်တမ်းမတိုးဘဲ ကျန်ခဲ့တဲ့ မြန်မာပြည်သားတွေဆိုရင်လည်း အဖမ်းခံရစရာ အကြောင်းရှိတယ်။ ဒဏ်ငွေ များများစားစား ဆောင်ရမယ်။ ပြီးရင် ပြည်တော်ပြန် ပို့ခြင်းခံရမယ်” ဟု ပြောသည်။
ထိုင်းရှိ အလုပ်ရုံတစ်ခုကို တွေ့ရစဉ်
ထိုင်းအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးမှု များပြားလာခြင်းသည် ပိတ်သိမ်း သွားပြီဖြစ်သည့် ယာယီအလုပ်သမားလက်မှတ် လျှောက်ထားမှုအား VIP လမ်းကြောင်းဖြင့် လျှောက်၍ရသေး ကြောင်း ပွဲစားများ၏ စည်းရုံးမှုကြောင့် တရားမဝင် တက်လာကြသူ များပြားလာသည့်အတွက်ဖြစ်သည်ဟုထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ထို့အပြင် အခြားသူများအား လာရောက်စစ်ဆေးသည့် အခါမျိုးတွင် အထောက်အထားမဲ့များအား တွေ့ရှိ သဖြင့် အဖမ်းခံလိုက်ရကြောင်း၊ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်တွင် ရာဇဝတ်မှုနှင့်ပတ်သက်၍ အစစ်အဆေး ပိုမို များလာသဖြင့် ၎င်းဘက်အခြမ်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း လည်း ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။
ထို့အပြင် ထိုင်းအာဏာပိုင်များသည် မဲဆောက်မြို့၌ ငွေကြေးတောင်းခံမှုများ ပြန်လည်စတင်နေသည်ဟု ကြားသိရကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအာဏာပိုင်တချို့ အလုပ်ရုံတစ်ခုမှာ လိုက်စစ်ဆေးနေစဉ်
၎င်းက “ထိုင်း-မြန်မာနယ်စပ်မှာတော့ အထူးသဖြင့်တော့ သေချာမသိသေးဘူး။ မနေ့ကတော့ ၁၀ နှစ်ကဒ်လို ကိုင် ထားတဲ့ လူတွေဆိုရင် ပိုက်ဆံတောင်းတဲ့ဟာတွေ စလာတယ်။ အဲဒီအထဲမှာ ပန်းရောင်ကဒ်တွေလည်း ပါတယ်လို့ ကြားတယ်။ မဲဆောက်ဘက် အခြမ်းမှာပေါ့။ ရနောင်းဘက်မှာတော့ အဲဒါမျိုး မကြားရသေးဘူး။ ဒါပေမယ့် ပုံစံချင်း က မတူဘူး။ ရနောင်းမှာကြတော့ အဲဒီလို ၁၀ နှစ်ကဒ်နဲ့ နေတဲ့သူက မရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် သူတို့ က အဲဒီလောက် ပြဿနာမများဘူး။ မရှုပ်ဘူးပေါ့။ မဲဆောက်ဘက်မှာတော့ လူက အရမ်းများတာကို။ အဲဒီအခါ ကြတော့ ပြဿနာတွေဘာတွေ ကြားရတယ်။ ထိုင်းဘက်က တောင်းတာလို့ ပြောတယ်။ ဟိုဟာက တရားမဝင် လား၊ တရားဝင် တောင်းတာလား မသိရသေးဘူး” ဟု ပြောသည်။
အမည်စာရင်း (Name list) ကျထားပြီးသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ဖမ်းဆီးခြင်း မခံရသော် လည်း အခြားဆက်လက် ဆောင်ရွက်ရမည့် ပါမစ်လုပ်ငန်းစဉ်များအား မဆောင်ရွက်ဘဲ သတ်မှတ်ကာလ ကျော် လွန် သွားမည်ဆိုပါက အဖမ်းအဆီးခံရနိုင်ကြောင်း ထိုင်းရှိ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 654
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄
မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံများမှ ပြီးခဲ့သည့်နှစ်နည်းတူ မှာယူမှုများ ရှိနေသော်လည်း လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် တင်ပို့ရန် မလွယ်ကူကြောင်း ကော်ဖီလုပ်ငန်းရှင်များထံမှ သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ကော်ဖီခြံတချို့တွင် ကော်ဖီခူးဆွတ်ရန် အခက်အခဲများ ရှိနေခြင်းနှင့် တင်ပို့မှု လမ်းကြောင်းတွင် အခက်အခဲ ရှိနေခြင်းကြောင့် ပြည်ပအမှာစာ ရရှိသလောက် တင်ပို့ရန် မလွယ်သည့် အခြေ အနေ ဖြစ်နေသည်ဟု မန္တလေးမှ စီတာကော်ဖီ တည်ထောင်သူ ဦးမင်းလှိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုဖြစ်နေလဲဆိုတော့ အခြေအနေက အော်ဒါရရင်တောင် အခုက ကော်ဖီခြံတချို့ဆိုရင် ကော်ဖီခူးလို့ မရဘူးပေါ့နော်။ အခုဆိုလည်း အခြေအနေက ဘာမှမသိတော့ ကော်ဖီတွေလည်း လိုသလောက် မထုတ်နိုင်ဘူး ဖြစ်နေတာပေါ့။ အဲဒါကြောင့် အခုအချိန်က ဘာမှ ခန့်မှန်းလို့ မရဘူး ဖြစ်နေတာပေါ့။ အော်ဒါတွေကတော့ ပုံမှန်ပါ ပဲ။ ဒါပေမယ့် အော်ဒါရတာတောင် လုပ်ဖို့ အခက်အခဲတွေ ဖြစ်နေတာပေါ့။ အခုထိ ခန့်မှန်းလို့ မရဘူးပေါ့နော်။ ကော်ဖီခြံတွေတောင် တချို့ခြံတွေ ခူးမရဘူးလေ။ နောင်ချိုထဲက ကော်ဖီခြံတွေပေါ့။ ရွာငံမှာလည်း အခု ဝယ်တဲ့ သူတွေလည်း တအားကြီး မဝယ်ရဲကြဘူး အဲဒီလို ဖြစ်နေတာပေါ့။ အော်ဒါရသလောက်တောင် မလုပ်ရဲဘူး ဖြစ်နေ တာပေါ့နော်။ တချို့တွေကလည်း ရပ်ကို ရပ်ထားကြတာပေါ့နော်” ဟု ပြောသည်။
ကော်ဖီသီးကို ရွေးနေကြစဉ်
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မြန်မာ့ကော်ဖီကို ပြည်ပတင်ပို့ရာ၌ နယ်စပ်မှ တင်ပို့သည့်စနစ်ကို တားမြစ်ပြီး ပင်လယ်ရေကြောင်းဖြင့်သာ တင်ပို့ရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် မည်သည့် လမ်းကြောင်းတွင်မဆို တင်ပို့၍ရကြောင်း ကော်ဖီလုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိအချိန်သည် ကော်ဖီသီးများ ရင့်မှည့်ချိန်ဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ ခူးဆွတ်ထုတ်လုပ်ပြီး ဧပြီလနှောင်းပိုင်းမှစတင်ကာ တစ်နှစ်ပတ်လုံး ရောင်းချကြခြင်း ဖြစ်သည်။
ပြည်ပမှ အမှာစာရရှိသလောက် တင်ပို့နိုင်ရန်အတွက် ပြည်တွင်းကော်ဖီ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တိုးချဲ့ ထုတ်လုပ်နိုင်ရန် မြေယာချပေးမှုအပိုင်းတွင် ကန့်သတ်မှုများ ရှိနေကြောင်း သိရသည်။
ထို့နောက် ပို့ကုန်တင်ပို့မှုနှင့် ပတ်သက်၍ မူဝါဒပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ ရှိနေခြင်းကြောင့် တိုးတက်ချင် သလောက် မတိုးတက်သည့် အခြေအနေ ဖြစ်နေသည်ဟု မြန်မာနိုင်ငံကော်ဖီအသင်း နာယက ဦးရဲမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ကော်ဖီသီးကို တွေ့ရစဉ်
၎င်းက “ပင်လယ်ရေကြောင်းကပို့ပို့ ဘယ်ကပို့ပို့ အဓိကကတော့ ကိုယ့်ပစ္စည်း ရောင်းလို့ရဖို့ပဲ။ အဓိကကတော့ market ပဲ higher market ကို သွားမယ်ဆိုရင် higher market က ရေကြောင်းနဲ့ပဲ သွားလို့ရတာ။ ဂျပန်တို့၊ ဥရောပတို့၊ အီးယူတို့၊ အင်္ဂလန်တို့၊ အမေရိကားတို့ ဒါတွေက ရေကြောင်းနဲ့ သွားရတာ အဆင်ပြေတာကိုး။ အမှာ စာတွေက ဒီထက်ကို ပိုသေးတယ်။ ဒီထက်ကို တိုးထုတ်နိုင်ရင် ကျနော်တို့က ပို့လို့ရတယ်။ အဓိက ကျနော်တို့မှာ စည်းမျဉ်းစည်းကမ်းတွေက အများကြီးပဲ။ တိုးတက်ချင်သလောက် တက်လို့မရအောင် အခြေအနေတွေက ဖြစ်နေ တယ်။ ဈေးကွက်ကတော့ ရှာနေတာပဲ။ Demand တွေ တက်တယ်၊ ရှိတယ်။ ပို့ချင်တယ်။ တချို့ကိစ္စတွေကျတော့ ပို့ရင်တောင် ကိုယ့်မှာ ဘာဖြစ်မှာလဲဆိုတဲ့ ပုံစံမျိုးတွေ တခါတလေလည်း ရှိတာပေါ့နော်။ အခု ၆၅ /၃၅ ကနေပြီး တော့ ၆၅ /၃၅ ကို ပြောင်းပြန်လှန်ပြီး ပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော် ဟိုဘက်ဒီဘက်ကို” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့ကော်ဖီသည် ဈေးကောင်းရနေသော်လည်း နယ်စပ်မှ အဓိကတင်ပို့ရာ လမ်းကြောင်းဖြစ်သည့် တရုတ်နှင့် ထိုင်းလမ်းကြောင်းများသည် တိုက်ပွဲများကြောင့် တခြားသောလမ်းကြောင်းများဖြင့် တင်ပို့နိုင်ရန် လုပ်ဆောင်နေရကြောင်း၊ သို့သော်လည်း ကော်ဖီထုတ်လုပ်နိုင်မှုသည် လျော့ကျနေခြင်းကြောင့် ကော်ဖီအမှာစာ ရရှိသလောက် တင်ပို့နိုင်မည် မဟုတ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ကော်ဖီကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသတွင် အများဆုံး စိုက်ပျိုကြပြီး ချင်းပြည်နယ်တွင်လည်း စိုက်ပျိုးကြသည်။
ထို့နောက် ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE နိုင်ငံများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 662
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံသားများ ပြည်ပသို့ အလည်အပတ် ခရီးသွားလာမှုသည် ယခုနှစ်တွင် ပိုမိုသွားလာနိုင်ပြီး လာမည့် သင်္ကြန် ရုံးပိတ်ရက်ကာလ၌ သွားရောက်သူ များလာနိုင်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။
လက်ရှိတွင် ပြည်ပခရီးစဉ်များနှင့် ပတ်သက်၍ ခရီးသွားကုမ္ပဏီများက ကြော်ငြာနေမှုများရှိနေပြီး လာမည့် သင်္ကြန်ရုံးပိတ်ရက်ကာလတွင် အိမ်နီးချင်းနိုင်ငံ၊ ဥရောပနှင့် အရှေ့အာရှနိုင်ငံများဖြစ်သည့် ဂျပန်နှင့် ကိုရီးယား နိုင်ငံများသို့ ပို၍ သွားလာနိုင်သည်ဟု Myanmar Voyages International Tourism ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Outbound tourism မှာ leisure အနေနဲ့ သွားတဲ့သူတွေကတော့ အခု သင်္ကြန်ကာလ ဒီနှစ်ကတော့ ပိတ်ရက် ၁၀ ရက်လောက်ရှိတော့ Euro Tour တွေရော၊ အိမ်နီးချင်းနိုင်ငံ Tour တွေရော၊ အရှေ့အာရှပေါ့နော် ဂျပန်တို့၊ ကိုရီးယားတို့တွေပါ ကြော်ငြာနေတာတော့ တွေ့ရတာပေါ့။ Outbound လုပ်တဲ့ ကုမ္ပဏီတချို့တော့ ကြော်ငြာနေတာ တွေ့ရပြီပေါ့နော်။ အဲဒီတော့ မနှစ်ကထက်စာရင်တော့ ဒီနှစ်တော့ ပိုများမယ်လို့တော့ ထင်ရပါ တယ်။ leisure ကတော့ ရာသီချိန်မှာ သွားကြတယ်။ အပျော်စီးသင်္ဘောတွေ စီးကြတယ်။ တချို့က အလည်အပတ် ခရီးတွေ သွားကြတယ်။ အဲဒါတွေက အခု ကြော်ငြာနေတာတွေ တွေ့တယ်ဆိုတော့လည်း ဒါက ဈေးကွက် အနေ အထားအရ ပြန်လည်ဦးမော့ လာမယ်လို့တော့ မျှော်လင့်ရပါတယ်။ ဘုရားဖူးသွားတာတွေကတော့ မနှစ်ကတည်း က စပြီပေါ့နော်။ အဲဒါကတော့ အိမ်နီးချင်း အိန္ဒိယကို သွားကြတယ်။ ဗုဒ္ဓဂါယာပေါ့၊ နီပေါပေါ့ အဲဒါတွေက ဗုဒ္ဓဂါယာ အဖွဲ့တွေက သီးခြားလုပ်တာပေါ့နော်” ဟု ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကြောင့် ပြည်ပသို့ အလည်အပတ် ခရီးသွားသည့် စရိတ်သည် ပြီးခဲ့သည့် ၂၀၂၀ မတိုင်ခင်ကထက် မြင့်တက်လျက်ရှိနေပြီး ဥရောပခရီးစဉ်အနေဖြင့် ယခင်က ဒေါ်လာ ၂၀၀၀ ကျော်ဖြင့် သွားလာ၍ ရသော်လည်း လက်ရှိမှာတော့ ဒေါ်လာ ၆၀၀၀ နီးပါးရှိနေကြောင်း သိရသည်။
အလားတူ ဗုဒ္ဓဂါယာ ခရီးစဉ်သည်လည်း ယခင်က ငွေကျပ် ၁၀ သိန်းဖြင့် သွားနိုင်သည့်တိုင် လက်ရှိတွင် ငွေကျပ် သိန်း ၃၀ ခန့်ကုန်ကျနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားလာသူ များပြားခဲ့သည့်အတွက် ပြည်ပသို့ မြန်မာခရီးသွား သည် တစ်လလျှင် လူဦးရေ ၃ သောင်းခန့် အလည်အပတ် သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဥရောပခရီးစဉ်များတွင် ဗီဇာကျရန်အတွက် အချိန်ကြာမြင့်သလို ကန့်သတ်ချက်များ ရှိနေခြင်းကြောင့် သွားရောက်မည့် သူများအနေဖြင့် ၁ လမှ ၂ လခန့် ပြင်ဆင်မှုများ လုပ်ဆောင်ကြရကြောင်း ခရီးသွားလုပ်ငန်းရှင် များက ပြောသည်။\
Bagan ခရီးသွားများကိုတွေ့ရစဉ်
သို့သော် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ကိုတော့ ဗီဇာမလိုသည့်အတွက် အလွယ် တကူ သွားလာ၍ရနေသည့်အတွက် အများအပြား သွားကြကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
Kadoe Travel & Tours မှ ကိုရန်နိုင်လင်းက “ကျနော်တို့မှာ လေယာဉ်လက်မှတ် ဝယ်တဲ့နှုန်းအရတော့ ရှေ့နှစ်နဲ့ စာရင်တော့ နည်းနည်းတော့ များတာပေါ့။ ဒါပေမယ့် အေးဂျင့်တွေတော့ အများကြီးရှိတဲ့အပေါ်မှာ ကျနော်တို့ တစ်ခုပဲ အနေနဲ့တော့ ရှေ့နှစ်ထက်စာရင်တော့ များတယ်။ အေးဂျင့် တော်တော်များများတော့ အသွားအများဆုံး ကျနော်တို့ဆီမှာ အသွားများတာတော့ ဒီဇင်ဘာကနေစပြီးတော့ နှစ်ကုန်ပိုင်းလောက်ဆိုရင်တော့ အသွားများကြ တယ်။ အလည်ထွက်ကြတယ်၊ ဘန်ကောက်ဘက် သွားကြတာတွေ၊ စင်္ကာပူဘက် သွားကြတာတွေ၊ တချို့ကြ တော့ အဝေးကြီးတွေပေါ့ အမေရိကားအထိ သွားတာတွေလည်း ရှိတယ်။ နောက် ဂျပန်သွားတာတွေလည်း ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်ပသို့ ခရီးသွားလာမှုများအနေဖြင့် ခရီးသွားဝန်ဆောင်မှု တစ်ခုလျှင် လစဉ် လူဦးရေ ၂၀ ခန့်ကို ပို့ဆောင်ပေးနေရသည့် အနေအထား၌ ရှိနေပြီး နှစ်သစ်ကူး ရုံးပိတ်ရက်၊ နွေရာသီ ကျောင်းပိတ်ရက်နှင့် သင်္ကြန် ရုံးပိတ်ရက် ကာလများတွင် ပို၍ သွားလာမှု များပြားသည်ဟု သိရသည်။
ပြည်တွင်းရှိ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ပြည်တွင်းမှ ပြည်ပသို့ ခရီးသွားကြသည်ထက် ပြည်တွင်း သို့ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာစေရန်အတွက် မျှော်လင့်နေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 660
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃
မလေးရှားတွင် မြန်မာ အပါအဝင် ထောင်နှင့်ချီသော ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့ဘဝဖြင့် သောင်တင် နေကြသည့်အတွက် အာဏာပိုင်များက ၎င်းတို့အား အလုပ်အကိုင်များ ဖန်တီးပေးခြင်းအစား ဖမ်းဆီးခြင်းဖြင့် လျှော့ချနေကြကြောင်း မလေးရှားရှိ မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံသည် လက်ရှိတွင် စီးပွားရေး အင်မတန် ကျဆင်းနေသည့်အတွက် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအား အလုပ်အကိုင် ဖန်တီးပေးခြင်း သို့မဟုတ် အထောက်အထားများ ထပ်မံထုတ်ပေးခြင်းမျိုး လုပ်လာနိုင်မှာမဟုတ်ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိ သည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ လုံးဝ surprise check အော်ပရာစီအကြီးစားတွေ ဝင်ပြီးတော့ပဲ ပြန်ပို့ ဖို့ပဲရှိတာပါ။ ဘာဖြစ်လို့ဆို လက်ရှိ တရားဝင် လုပ်ကိုင်နေတဲ့ လူတွေတောင် ဒီမှာ OT မရှိဘူး။ Basic ကြေးနဲ့ပဲ Run နေရတဲ့ ကာလကြီးမှာ မလေးရှားနိုင်ငံ အစိုးရကလည်း ဒီအချိန်မှာ မလေးရှားတစ်နိုင်ငံလုံးက စီးပွားရေး ကျဆင်းနေတဲ့ အခြေအနေကို ရောက်နေတဲ့အတွက် အိုသမားတွေကို အလုပ်အကိုင် စီစဉ်ပေးဖို့ဆိုတာ လုံးဝ မဖြစ် နိုင်ပါဘူး။ အဲဒီအတွက် အိုသမားတွေအတွက်က မျှော်လင့်ချက်က မရှိသေးဘူးပေါ့ လောလောဆယ်” ဟု ပြော သည်။
မလေးရှားအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးနေစဉ်
မလေးရှားနိုင်ငံသည် လုပ်သားခေါ်ယူရာတွင် မြန်မာနိုင်ငံသားများအား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ အလုပ် ခေါ်စာ အသစ်ချပေးခြင်းများ မရှိခဲ့ဘဲ ကိုဗစ်မတိုင်ခင်က ကျထားပြီးသော အလုပ်ခေါ်စာများဖြင့်သာ လုပ်သားများ ကို စေလွှတ်နေခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် တရားမဝင်များအား လျှော့ချနေသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် လုပ်သားအသစ်များ အား ထပ်မံခေါ်ယူလာနိုင်ဖွယ်ရှိကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အချင်းချင်း ပြောသလောက်ကတော့ ဧပြီလလောက်မှ သူတို့ဘက်က ဒီကိစ္စကို ဆောင်ရွက်မယ်ထင် တယ်။ ဘာလို့ဆို အရင်ဝန်ကြီးချုပ် လက်ထက်မှာ ကြားတာပေါ့နော်၊ တော်တော်များများ KDN တွေ ချပေးလိုက် တဲ့အတွက် အခုအဲဒီ KDN တွေကို သူတို့ သက်တမ်းမတိုးပေးဘူး။ အပြီးအပြတ်လုပ်ဖို့ သူတို့လုပ်နေကြတယ်။ အခုလို တရားမဝင်တဲ့ လုပ်သားတွေ ဖမ်းဆီးမှုကိုလည်း သူတို့ အရှိန်အဟုန်နဲ့ကိုချတာ။ ချတဲ့အခါကြတော့ ဒီကိစ္စ တွေ ပြီးပြတ်တဲ့အခါကြမှပဲ အလုပ်သားတွေကို ခေါ်တာတွေကိုတော့ ခွင့်ပြုပေးမယ်လို့ထင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူ ထောင်နှင့်ချီ မလေးရှားသို့ ရောက်လာကြသော်လည်း ၎င်းတို့အပေါ် ကတိပေးထားသည့် အလုပ်အကိုင်များ မရနိုင်တော့ကြောင်း မလေးရှား အာဏာပိုင်များက ပြီးခဲ့သည့်ရက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
စီးပွားရေး မတည်မငြိမ် ဖြစ်နေသည့်အတွက် အလုပ်သမား ခွဲတမ်းချပေးခြင်းအား သဘောတူညီမှု ယူထားသည့် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ပြန်လည်သုံးသပ်ရန်နှင့် ကဏ္ဍအသီးသီးအတွက် အလုပ်သမားခွဲတမ်းများအား လွှဲပြောင်းခွင့်ပြုမည်ဟု မလေးရှားအာဏာပိုင်များက ပြောထားသည်။
မလေးရှားအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးနေစဉ်
ထိုသို့ ပြောကြားထားခြင်းသည် ၎င်းတို့နှင့် သဘောတူညီမှု ရယူထားသည့် နိုင်ငံ ၁၅ နိုင်ငံမှ လုပ်သားအသစ်များ အား ခေါ်ယူမည့် အဓိပ္ပါယ်မဟုတ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ သူတို့အဓိက ၄ နေရာပေါ့။ စက်ရုံ ပြီးတော့ service ပြီးတော့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး အဲဒီ စက်ရုံနဲ့ service မှာတော့ လူပြည့်သွားပြီပေါ့နော်။ လက်ရှိအနေအထားမျိုးမှာ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးမှာ လူအင်အားတွေက အလုပ်သမားအင်အားတွေက လိုနေသေးတယ်။ သို့ပေမယ့်လည်း သူတို့ပြောတဲ့ပုံစံကတော့ လက်ရှိ မလေးရှားနိုင်ငံအတွင်းမှာ RTK 2.0 စနစ်နဲ့ ပါမစ်လျှောက်ထားတာကို အဲဒီမှာ စက်ရုံတို့၊ service ပါမစ်တို့ အဲဒီကနေပိုလာတဲ့ လူတွေကို စိုက်ပျိုးရေးတို့ ဆောက်လုပ်ရေးတို့ကို ပြောင်းပြီးတော့ လျှောက်ခိုင်းဖို့ကို သူတို့ ပြောလိုက်တဲ့ ပုံစံပါနော်။ ၁၅ နိုင်ငံကနေ လူအသစ်ခေါ်ဖို့အတွက် မဟုတ်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အဖမ်းအဆီးများမှာ နေ့စဉ် ဆက်တိုက် ရှိနေပြီး အဖမ်းခံရသည့် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားဦးရေမှာ ထောင်နှင့်ချီရှိနေပြီဖြစ်သည်။
ထို့အပြင် မလေးရှားအစိုးရမှ လျှောက်ထားခွင့်ပြုသည့် ရီကာလီဘရာစီပါမစ်အား မမီလိုက်သည့် မြန်မာနိုင်ငံသား များအနေဖြင့် ယခုကာလတွင် ပါမစ်အတွက် မှတ်ပုံတင်စာရင်း ပေးသွင်းမည်ဆိုပါက မလွယ်ကူကြောင်းနှင့် အစိုးရမှလည်း တရားဝင် ပြန်လည်မဖွင့်ပေးသေးကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 610
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
ထိုင်းသို့ မြန်မာ MOU လုပ်သားများစေလွှတ်ရာတွင် ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် စေလွှတ်ရန် အလုပ်သမားဝန်ကြီးဌာနမှ သဘောတူညီခဲ့ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များအဖွဲ့ချုပ် MOEAF မှ CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်-မြဝတီ-မဲဆောက်လမ်းကြောင်းသည် လမ်းခရီးအခြေအနေရ အဆင်မပြေသေးသဖြင့် ကော့သောင်း-ရနောင်းလမ်းကြောင်းမှ အဓိက စေလွှတ်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် လေယာဉ်ခနှုန်းထားမှာ အဆမတန် မြင့်တက်နေသည့်အတွက် ယခုလမ်းကြောင်းသည် ကုန်ကျစရိတ် ပို၍သက်သာကြောင်း MOEAF မှ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။
“ကွာခြားချက်အရမ်းကွာသွားတယ်ပေါ့။ ရန်ကုန်-ကော့သောင်းရဲ့ လက်မှတ်က အရင်က ၁ သိန်းခွဲလောက်ပဲ ရှိရာကနေ အခုက ၄ သိန်းခွဲလောက်ရှိနေတာပေါ့ မြေပြင်ပေါက်ဈေးက အရမ်းဈေးကြီးတယ်။ ကော့သောင်း-ရနောင်းကနေ ဘန်ကောက်ကို လာဖို့ဆိုရင် တစ်ပတ်ကြီး ပြန်သွားရတယ်။ ကော့သောင်း-ရနောင်းကို များသော အားဖြင့် သုံးတာက ထိုင်းနိုင်ငံတောင်ပိုင်းဆို ကော့သောင်း-ရနောင်းက နီးတယ်။ အဲဒီဘက်စက်ရုံတွေ၊ လုပ်ငန်း တွေနဲ့ကြ နီးတယ်ပေါ့။ ဘန်ကောက်ဘက်ကိုဆိုရင်တော့ နည်းနည်း ပြန်ဝေးသွား ပြန်တယ်ပေါ့။ အဲဒါနဲ့စာရင် အခု ရန်ကုန်-ဘန်ကောက်ဆိုရင် ဘန်ကောက်သွားမယ့် ကလေးတွေအတွက် ပိုမြန်တာပေါ့။ တန်းပြီးတော့ ရောက်သွား မယ်၊ တစ်ရက်တည်းနဲ့ တစ်နာရီအတွင်း ရောက်သွားမယ်ပေါ့။ နောက် လေယာဉ်ဈေးကလည်း သူ့ထက် နည်းနည်း လျော့တောင် လျော့သွားတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် MOU လုပ်သားများ စေလွှတ်လိုပါက ယခုကတည်းက တင်ပြထားနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော်လက်ရှိအချိန်အထိ တင်ပြလာသည့် အေဂျင်စီများ မရှိသေးကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။
MOU ဖြင်သွားရောက်မည့် လုပ်သားများ
MOU လုပ်သားများအား ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် စေလွှတ်ခွင့်ပြုရန် အေဂျင်စီများဘက်မှ တောင်းဆိုခဲ့ကြသည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်း၌ ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ ညွှန်ကြားရေးမှူးအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ တာဝန်ရှိသူများက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးအား ပြေးဆွဲသည့် လေကြောင်းလိုင်း အများအပြားရှိသည့်အတွက် လေယာဉ် ခနှုန်းထားများ အဆမတန် ဈေးတက်သွားနိုင်ခြေမရှိကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
“ဘာလို့ဆို Airline က ၃၊ ၄ ခုလောက် ရှိတယ်လေ။ ရှိတော့ ဈေးတော့ အဲဒီလောက်အထိ တက်မှာမဟုတ်ဘူး။ လူများရင်သာ အချိန်ခွဲလွှတ်ဖို့ ဖြစ်လာမှာပေါ့။ ကိုယ့်ဘာသာကိုယ်ငှားတဲ့ sector flight ဆိုရင် လေကြောင်းလိုင်း တွေဘာတွေ အလုပ်သမားဝန်ကြီးဌာနကနေ တဆင့်တင်ပေးမယ်လို့ ပြောသွားတယ်။ ရိုးရိုးလိုင်းမှာဆိုလည်း ကိုယ်က လေယာဉ်ပျံလက်မှတ်ဖိုးအစောကြီး ဘိုကင်လုပ်ပြီး အဲဒီနေ့အတွက် သူ့လူ ၅၀ ဆို ၅၀ စာ ယူလည်း ရတာပဲ။ ၁၀၀ စာ ယူမယ်ဆိုလည်း ၁၀၀ စာ ဖြတ်ယူလို့ရတာပဲ ဆန့်သလောက်ပေါ့။ မဆန့်လည်း ၂ ကြိမ်ခွဲပို့ပေါ့” ဟု ၎င်းကပြောသည်။
မြဝတီ-မဲဆောက် လမ်းကြောင်းဖြင့် MOU လုပ်သားများ စေလွှတ်ရန် တင်ပြခြင်းများအား ဒီဇင်ဘာ ၁၉ ရက်နေ့ မှ စတင်ကာ ယာယီရပ်ဆိုင်းထားခြင်းဖြစ်ပြီး လက်ရှိတွင် အာရှလမ်းသစ် အသုံးပြု၍ မရသေးသဖြင့် ထို့ကော်ကိုး - ကျော်ခို့လမ်းမှ ကားလမ်းကြောင်း၊ ကော့သောင်း-ရနောင်းလမ်းမှ လေကြောင်းဖြင့် MOU လုပ်သားများကို စေလွှတ်နေကြခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 716
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
နစကသည် လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်း ၆ လတိုးထားသည်မှာ ပြည့်ပြီးဖြစ် ၍ အခင်းအကျင်းအသစ်ကို မဖန်တီးနိုင်ပါက မြန်မာ့စီးပွားရေး ပိုမိုထိခိုက်လာနိုင်သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
နစကအနေဖြင့် အရေးပေါ်ကာလ သက်တမ်းကို ၆ လထပ်မံ၍ တိုးမည်ဆိုပါက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မငြိမ်သက်မှုသည် ပို၍ ဆိုးရွားနိုင်သလို စီးပွားရေးလည်း ပိုကျဆင်းလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
သို့သော်လည်း နောက်ထပ် ၆ လအတွင်း ကြားဖြတ်အစိုးရတစ်ရပ်ကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါက စီးပွားရေးသည် အပြည့်အဝ ပြန်မကောင်းနိုင်သော်လည်း အနည်းငယ် ပြန်လည်ကောင်းလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်ထုတ်လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “ကာ/လုံကို ဘယ်လိုပြန်ခေါ်နိုင်မလဲပေါ့နော်၊ ကြားထဲမှာလည်း အပြောင်းအလဲ တစ်ခုတစ်ရပ်ကတော့ ဆရာတို့လည်း မြင်ချင်တာပေါ့နော်။ ဒီအတိုင်း သက်တမ်းတိုးတာတော့ မငြိမ်မသက်နဲ့ သက်တမ်းတိုးရင်တော့ ဒီလိုပဲ ဆက်ပြီး မငြိမ်မသက်က ဒီထက် ပိုပြီး ဆိုးရွားတဲ့ အခြေအနေတွေပဲ လာမယ်လို့ပဲ ခန့်မှန်းရတယ်ပေါ့နော်။ ကြားထဲမှာ အပြောင်းအလဲဖြစ်နိုင်တဲ့ အစိုးရတစ်ရပ်ကိုတော့ ပြောင်းလဲစေချင်တာတော့ ဆရာတို့ရဲ့ စေတနာ အမှန်ပါပေါ့နော်။ ကြားဖြတ်အစိုးရတစ်ခု အနေနဲ့တော့ စီးပွားရေး ကောင်းအောင်လို့တော့ မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေ အောင်အောင်မြင်မြင် ဖြစ်လာမယ်ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ပွင့် လာနိုင်ရင်တော့ စီးပွားရေး နည်းနည်းတော့ ပြန်ကောင်းလာနိုင်တဲ့ အနေအထားတော့ ရှိတာတော့ ဆရာတို့ သုံးသပ်တယ်ပေါ့နော်။ အနည်းဆုံးတော့ စီးပွားရေးကို ပြန်ပြီး rebuild လုပ်ဖို့က အနည်းဆုံး ၂ နှစ်လောက် ကြာ တယ်။ ကမ်းလှမ်းဖိတ်ခေါ်ဖို့၊ ဒါကြောင့်မို့ ရွေးကောက်ခံ အစိုးရတက်လာပြီးကာမှ ၂ နှစ်ကျော်လောက်မှပဲ ဒီ concept ကို လုပ်လို့ရမယ့်သဘောလို့ ဆရာတို့မြင်တယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးပြဿနာကြောင့် စီးပွားရေးအပေါ် သက်ရောက်မှု ဖြစ်နေ၍ နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှသာ အဆင်ပြေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြ သည်။
နိုင်ငံရေးပြဿနာ ပြေလည်ပါက နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမည့် သူများအနေဖြင့် ယုံကြည်မှုများ ရှိလာပြီး စီပွားရေး ပတ်ဝန်းကျင်များ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။
ထို့အပြင် စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့သည့် ကဏ္ဍတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သော နည်းလမ်းအစား စီးပွားရေးစနစ်ကြီးတစ်ခုလုံး ကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ် လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သေချာပေါက် ပြောလို့ရတဲ့ကိစ္စ တစ်ခုမှမရှိဘူး။ လောလော ဆယ် ရှိတဲ့အနေအထားက ဒီပြဿနာ ပြေလည်မှ ရမှာပေါ့။ နိုင်ငံရေးပြဿနာ ပြေလည်ရင် IR (International Relations) ပြေလည်မယ်။ စီးပွားရေး ပတ်ဝန်းကျင် ပြန်ကောင်းလာမယ်။ စီးပွားရေး ပတ်ဝန်းကျင် ကောင်းလို့ ရှိရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေရမယ်၊ လူတွေ အလုပ်ပြန်လုပ်လို့ရမယ်။ အဓိက ဘာလဲဆိုတော့ SME ဆို SME တစ်ကွက်၊ ဟိုတယ်ခရီးဆို ဟိုတယ်ခရီးတစ်ကွက် အဲဒီလို ကွက်ကွက်လေး စဉ်းစားပြီးတော့ အဲဒီလို လုပ်ခဲ့တာလည်း အန်ကယ်တို့ ငယ်ငယ်ကတည်းက ခေတ်ကနေ ပြီးခဲ့တဲ့ခေတ်၊ အခုအထိပေါ့၊ အဲဒီလို စဉ်းစားနေ လို့ ပြဿနာသည် ပြဿာနာရဲ့ အခြေခံအကြောင်းတရားကို မရောက်ဘူး။ အခြေခံ အကြောင်းတရားဆိုတာ စီးပွားရေးစနစ်ကြီး ကောင်းအောင်လုပ်ရမယ်။ စီးပွားရေးစနစ်ကောင်းဖို့ နံပါတ် ၁ တစ်ချက်က နိုင်ငံရေးစနစ် ကောင်းတာမကောင်းတာ ခဏထား၊ နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရမယ်၊ ဒါပါပဲ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များသည် တက္ကသိုလ်များနှင့် တခြားသော နေရာများတွင် စာသင်ကြားနေရသော နေရာတွင်သာရှိနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လုပ်ဆောင်ပေးနိုင်သည့် အနေအထားမှာ နည်းပါးလျက်ရှိနေသည်ဟု ထောက်ပြကြသည်။
ထို့ကြောင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို တက္ကသိုလ်များတွင်သာမက ဌာနဆိုင်ရာများနှင့် တခြား သော နေရာများတွင် တာဝန်များ ပေးအပ်ပြီး အမှန်တကယ် တတ်သိနားလည်သည့် စီးပွားရေသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ ပညာရှင်များ ခေတ်ရေစီးကြောင်းများ၌ ပါဝင်လာရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 701
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးသို့ ကုန်စည်များ ပို့ဆောင်နိုင်မှု မရှိသော်လည်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်မှုနှုန်းထားသည် ထိခိုက်မှု မရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဖြစ်သည့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် သွားလာ၍ မရသော်လည်း တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံသို့ ရှမ်းတောင်နှင့် ရှမ်းအရှေ့ လမ်းကြောင်းများမှတဆင့် ကုန်စည်များပို့ဆောင်မှု ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှုသည် ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရာသီက ပွင့်လင်းရာသီဖြစ်တယ်၊ ကုန်စည်စီးဆင်းမှုက အားကောင်းတယ်။ အခုက နယ်စပ်ကုန်သွယ် ရေးပေါ့၊ ရန်ကုန် - ရှမ်းအရှေ့ကနေပြီးတော့ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကို သွားကြတယ်ပေါ့နော်။ နောက်ပြီးတော့ ဟိုဘက်က နယ်စပ်ကုန်သွယ်ရေး import တွေက ယိုးဒယားဘက်က နည်းနည်းခက်တော့ ရှမ်းအရှေ့ တာချီလိတ် ကနေပြီးတော့ နောက်ပြီးတော့ မိုင်းလာဘက်ကနေ ဒီဘက်ကို လာတာရှိတယ်။ နယ်စပ်ကုန်သွယ်ရေးက သူ့ဟာ သူတော့ သွားနေတာပဲ။ ရှမ်းမြောက်ကို သွားလို့မရတော့ ရှမ်းမြောက်ကို သွားလို့ရအောင် ကျနော်တို့က ရှမ်းအရှေ့ တရုတ်ပြည်ပေါက်ဖြစ်တဲ့ မိုင်းလားကနေပြီးတော့ သွားကြတာ။ နယ်စပ်ကုန်သွယ်ရေးက ယိုးဒယားကို ရောင်း တယ်၊ ယိုးဒယားကနေ လာတယ်ပေါ့။ အဲဒါကတော့ ကျိုင်းတုံကနေ လာတာပေါ့။ တာချီလိတ်ကနေ ရှမ်းအရှေ့ကို လာတာပေါ့။ အဲဒီလို သွားနေကြတယ်။ နောက်ပြီးတော့ ဒီအချိန်က ဖရဲသီးပေါ်ချိန်လည်း ဖြစ်တယ်။
ကုန်ကားများကို တွေ့ရစဉ်
နောက် ရာသီ ပေါ် ကြက်သွန်တွေလည်း ပေါ်ပြီဆိုတော့ ခါတိုင်းနှစ်လိုပါပဲ။ ခါတိုင်းနှစ်က ပုံမှန် ရှမ်းမြောက်ကို သွားမယ်ဆိုတဲ့ ကုန်တွေအားလုံးက ရှမ်းအရှေ့ကနေပြီးတော့ မိုင်းလားဘက်ကို သွားကြတာပေါ့။ မြဝတီကလည်း ဒီလိုပဲ။ ကား ကြီးနဲ့ သွားလို့မရတဲ့ လမ်းတွေကို ကားသေးနဲ့ ကဲ့ယူရတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးအနေဖြင့် ရှမ်းမြောက်၊ ရခိုင်နှင့် မြဝတီ နယ်စပ်ကုန် သွယ်ရေးတစ်ခုသာ ကုန်စည်စီးဆင်းမှု မရှိဘဲ ဖြစ်နေကြောင်း၊ သို့သော်လည်း တခြား တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ကုန်စည်ပို့ဆောင်မှုသည် ပုံမှန်အတိုင်း ရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအနေဖြင့် လက်ရှိသည် ပွင့်လင်းရာသီ ဖြစ်သည့်အတွက် ကုန်စည် ပို့ဆောင်နေရမှုသည် ကောင်းမွန်နေပြီး မိုးတွင်းကာလ မရောက်ခင်အထိ ယခုအတိုင်း ဆက်လက် ကောင်းနေမည် ဖြစ်သည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ကုန်ကားများကို တွေ့ရစဉ်
၎င်းက “အခုချိန်ကတော့ တခြားဘက်တော့ သွားနေပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ နောက်တော့ ရန်ကုန်၊ မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ်ပေါ့။ ဖားအံပေါ့၊ မြဝတီတော့ သွားမရဘူးလေ။ မြစ်ကြီးနားဘက်လည်း သွားရပါတယ်။ သွားနေကြတာပဲ။ မုံရွာဘက်လည်း သွားနေကြတယ်၊ မုံရွာ၊ ရွှေဘိုဘက်လည်း သွားနေကြတာပဲ။ ပခုက္ကူ၊ မကွေးဘက်လည်း သွားနေကြတာပဲ။ ရန်ကုန် - ပုသိမ်ဘက်လည်း သွားနေကြတာပဲ။ အဲဒါတော့ သူ့ ရာခိုင်နှုန်းအတိုင်း သွားနေကြတာပေါ့။ အခုက ပွင့်လင်းရာသီဆိုတော့ ပုံမှန်အတိုင်း သွားမှာပဲ။ ၅ လပိုင်းအထိ ဒီပုံစံအတိုင်းပဲ သွားမှာပဲ။ ၅ လပိုင်းကျော်၊ ၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်း မိုးတွင်းကာလ ရောက်ရင်တော့ နည်း နည်းပါးပြီး ရှားပြီး အဲဒီမှ ရပ်သွားရော၊ ရပ်တော့ မသွားပါဘူး။ ကုန်ရှားတဲ့အချိန် သူ့ဟာသူ ကားအစီး ၁၀၀ သွား တယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ၅၀ ပဲ သွားတော့မှာ အဲဒီလို ဖြစ်သွားမှာပေါ့” ဟု ပြောသည်။
အဝေးပြေးကုန်စည်ပို့ဆောင်မှုသည် ရပ်တန့်၍ရသည့် လုပ်ငန်းတစ်ခု မဟုတ်သည့်အတွက် လမ်းကြောင်းတစ်ခု ပိတ်ထားပါက တခြား သွား၍ရသော လမ်းကြောင်းကနေ ကုန်သွယ်နေရမည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ထို့သို့ သွားနေရခြင်းကြောင့် ပုံမှန်လမ်းကြောင်းထက် အချိန်ကြန့်ကြာခြင်းနှင့် လမ်းခရီး အခက်အခဲများကြောင့် ကုန်စည်ပို့ဆောင်ခသည့် အဆမတန် မြင့်တက်သွားရသည်။
သို့သော်လည်း ကုန်စည်ပို့ဆောင်မှုများ ရပ်တန့်သွားပါက ပြည်တွင်း၌ ကုန်စည်ပေါသည့် ဒေသတွင်ပေါပြီး ကုန်စည်ရှားပြီး ဈေးကြီးသည့်ဒေသများလည်း ရှိလာမည် ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 713
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား တရားမဝင် ဟွန်ဒီလုပ်ငန်းများ ထက် တရားဝင် ငွေလွှဲလုပ်ငန်းများကို ပိုမိုအသုံးပြုလာစေလိုပါက ၎င်းတို့၏ လွှဲပို့ငွေများကို လွတ်လပ်စွာ စီမံခန့်ခွဲ ခွင့် ပေးသင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်ပရောက် မြန်မာများမှ တရားမဝင် ဟွန်ဒီလုပ်ငန်းဖြင့် ငွေလွှဲကြမှု များပြားလာခြင်းသည် ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမြဲမြင့်တက်နေသည့်အတွက် ၎င်းတို့လွှဲပို့လာသည့် နိုင်ငံခြားငွေများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးသင့်ခြင်းဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Transition လုပ်တဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့ easy going ဖြစ်ဖို့လိုတာပေါ့။ လူဆိုတာက စီးပွားရေး ပညာမှာ အခြေခံအားဖြင့်ရှိတယ်။ လူဆိုတာ မက်လုံးရှိမှ အလုပ်လုပ်တာပေါ့။ အဓိကက ဘာလဲဆိုတော့ ကိုယ့်ငွေ ပေါ့။ သူတို့လည်း ဘာပဲပြောပြော သူတို့လည်း နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းနဲ့ ရှာကြရတာ။ ပညာနဲ့ပဲ ရှာရှာ၊ labour အနေနဲ့ပဲရှာတာ။ ဒီငွေပေါ်မှာ ဘဏ်တွေကနေ လွှဲလာဖို့အတွက် မက်လုံးရှိမှရမှာ။ မက်လုံးဆိုတဲ့ အထဲမှာ ဒီငွေ ကြေးရဲ့ လွတ်လပ်မှုလည်းပါတာပေါ့ သဘောကလေ။ အဓိကက ဘာလဲဆိုတော့ ကိုယ့်နိုင်ငံကို သွင်းလာတဲ့ ငွေကို လွတ်လွတ်လပ်လပ် သူတို့ဘာသာ သူတို့ Privately စီမံခန့်ခွဲနိုင်ဖို့ လိုတာပေါ့။ အဲဒါရှိရင်တော့ ဒါပြဿနာမရှိဘူး။ အဲဒါမရှိရင်တော့ သူတို့ဘက်က စဉ်းစားသွားတာပေါ့။” ဟု ပြောသည်။
ယခင်က သင်္ဘောသားများ၏ နိုင်ငံခြားငွေကို ပြည်တွင်းသို့ တရားဝင် ငွေလွှဲလုပ်ငန်းများဖြင့် လွှဲပို့ရာတွင် ကား ပါမစ်များ ချပေးခြင်းဖြင့် အကျိုးခံစားခွင့်များပေးခဲ့သည်။
မြန်မာငွေနဲ့ ဒေါ်လာ လဲလှယ်နေစဉ်
ထို့ကြောင့် လက်ရှိတွင် ထိုသို့ တရားဝင်ငွေလွှဲပို့လာသူများအား ကားပါမစ် ထုတ်မပေးနိုင်သော်လည်း ၎င်းတို့၏ လွှဲပို့ငွေအား လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ပေးလိုက်မည်ဆိုလျှင် တရားမဝင်ဟွန်ဒီ လုပ်ငန်းများထက် တရားဝင် ငွေလွှဲလုပ်ငန်းများကို ပြောင်းလဲအသုံးပြု လာကြမည်ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “လုပ်တာက ဘာမှ စည်းစနစ်လည်း မကျဘူး။ ဒီဟာတစ်ခု လုပ်မယ်ဆို ရင် ဘာကြောင့်ဖြစ်တယ်။ သူ့ရဲ့ အရင်းအမြစ်ကိုမှ မလိုက်တာကြီးကို။ အဲဒီတော့ ဒီလိုမျိုး အခွန်တွေဘာတွေနဲ့ စည်းကြပ်ပြီးတော့ တရားဝင် ငွေလွှဲ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာအဖြစ်ရအောင်လို့ ပြည်ပရောက်နေတဲ့ မြန်မာတွေဆီ ကနေ ငွေတွေကို နိုင်ငံအတွက် အကျိုးရှိစွာနဲ့ နိုင်ငံတော်ဝင်ငွေဖြစ်အောင် လုပ်ဖို့ဆိုတာ စနစ်တကျ လုပ်သင့်တာ လေ။ ဥပမာ ကိုယ့်ဘက်ကရော ဝန်ဆောင်မှုတွေ ဘယ်လိုပေးလဲ၊ ဘယ်လိုစနစ်ကျတဲ့ အစီအစဉ်တွေ လုပ်ပေးနေ လဲ။ ငွေလွှဲတဲ့နှုန်းက ဒီကလွှဲလိုက်တဲ့ နှုန်းနဲ့ ပမာဏ အနည်းအများပေါ် မူတည်ပြီးတော့ ဗမာပြည်ထဲမှာ ကျန်ခဲ့တဲ့ မိသားစုက ပြန်ရမယ့် ပမာဏက ညီမျှမှု ရှိပါ့မလားပေါ့။ ဒီအပေါ်တွေပေါ် မူတည်တာပေါ့။ အဲဒီဟာတွေမှ မလုပ် နိုင်တာ ကျန်တဲ့ဟာတွေက ပြောဖို့ခက်သွားပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများ လျော့နည်း ပပျောက်ရေးကို ရည်ရွယ်ကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။
ဗဟိုဘဏ်ကို တွေ့ရစဉ်
ကိစ္စရပ်တိုင်းတွင် တရားမဝင်လုပ်ငန်းများ ပုံမှန်ရှိနေကျဖြစ်သည့်အပြင် ၎င်းတို့သည်လည်း စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သောကြောင့် တရားမဝင် လုပ်ငန်းများအား ချဉ်းကပ်သည့်အခါတွင် စီးပွားရေးသဘောတရားဖြင့်ပါ စဉ်းစားသင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “informal sector ကို တဖြေးဖြေးချင်း ကန့်သတ်တာ၊ ချုပ်ချယ်တာ လုပ်မယ့်အစား ဘယ်လိုစနစ်တကျနဲ့ သူတို့လည်း အကျိုးရှိ၊ နိုင်ငံလည်းအကျိုးရှိအောင် စဉ်းစားတဲ့၊ ချဉ်းကပ်တဲ့ပုံစံက လိုတာပေါ့။ အဲဒီတော့ ဒါကို ချဉ်းကပ်တဲ့အခါမှာ Public administration အိုင်ဒီယာ သက်သက်နဲ့တော့ ချဉ်းကပ်လို့မရဘူး။ စီးပွားရေး သဘော တရားပါ သူက စဉ်းစားမှရမှာ။ အဲဒီတော့ informal sector ပေါ့ ပုံမှန်မဟုတ်တဲ့ စီးပွားရေးကဏ္ဍ ဒါလည်း စီးပွားရေးပဲလေ။ ဒီဟာကိုကန့်သတ်၊ တားမြစ်တာ၊ ချုပ်ခြယ်တာထက်စာရင် ဘယ်လိုစည်းကမ်းစနစ် ပိုကျလာ မလဲ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိ ဒီ informal sector ထဲမှာပါဝင်တဲ့ သူတွေလည်း အကျိုးရှိအောင် လုပ်မယ်ဆိုတဲ့ စီးပွားရေး အတွေးအခေါ်လိုတာပေါ့။ အုပ်ချုပ်ရေး Point တစ်ခုတည်းက သွားကြည့်လို့မရဘူးပေါ့” ဟု ပြောသည်။
တရားမဝင် ဟွန်ဒီလုပ်ငန်းများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အများအပြား ပေါ်ပေါက်နေခြင်း ဖြစ်ပြီး ဈေးကွက် အခိုင်အမာရှိနေသည့် လုပ်ငန်းတစ်ခုဟု သတ်မှတ်၍ရသောကြောင့် ဖမ်းဆီးအရေးယူခြင်းဖြင့် ထိရောက်မှု ရှိနိုင်မည်မထင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။