
- By CNI
- Category: စီးပွားရေး
- Hits: 1357
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မလေးရှားနိုင်ငံရှိ မြန်မာအပါအဝင် နိုင်ငံခြားသား အထောက်အထားမဲ့များ၊ Overstay သမားများ မည်သူမဆို အရေးယူခြင်းမခံရဘဲ နေရပ်ပြန်ခွင့်ပေးမည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ဇန်နဝါရီ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
ယခုအစီအစဉ်သည် နေရပ်ပြန်ပို့ရေး လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုဖြစ်ပြီး ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် မတ်လ ၁ ရက်နေ့တွင် စတင်သွားမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာနေရပ်နိုင်ငံသို့ ပြန်လိုသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် တရားစွဲဆိုမှု လုပ်ငန်းစဉ်မှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သော်လည်း ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသား များအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အခုလိုမျိုး မည်သူမဆို ပြန်လို့ရတာမျိုးကတော့ ရပ်နားထားတာကြာပြီ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ရှိပြီ။ အခုက သူတို့လုပ်ထားတာက မြန်မာသံရုံးကနေ CI မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာယူပြီးတော့ လ.ဝ.က ရုံးကို သွားရောက်၊ လ.ဝ.က ရုံးမှာ ဒဏ်ကြေးဆောင်ပြီးတော့ မြန်မာပြည်ပြန်ဖို့အတွက် သူတို့ဖွင့် ထားပေးတာ၊ ဒီမှာနေထိုင်ဖို့နဲ့ ဘာမှမဆိုင်ပါဘူး။ မည်သူမဆို ပြန်လို့ရပါတယ်။ ဒီမှာ တရားမဝင်နေထိုင်နေတဲ့ ဘယ်သူမဆို ပြန်လို့ရပါတယ်။ ပြန်ခွင့်ပေးတဲ့အနေအထားမျိုးမှာ မည်သူမဆို ဒဏ်ကြေးဆောင်ပြီး ပြန်လို့ ရပါတယ်။ ဒါမည်သူမဆို ပြန်လို့ရတယ်ဆိုတော့ အဲဒီလောက်ကြီး အစစ်အဆေး အမေးအမြန်းမလိုတော့ဘူး။ ဒါပေမယ့် ဘယ်လိုနည်း ဘယ်လိုပုံလဲဆိုတာကတော့ သူတို့အတိအကျပြောထားတာမရှိသေးဘူး။ ရက်ချိန်း ယူရမှာလား ဘယ်လိုဘာညာဆိုပြီးတော့ အတိအကျတော့ ကြေညာထားတာမရှိဘူး ပြန်ဖွင့်မယ်လို့ပဲ သူတို့ ပြောထားတာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ကြေးငွေပေးဆောင်ရာတွင် မလေးရှားနိုင်ငံထဲသို့ နိုင်ငံကူးလက်မှတ်မရှိဘဲ တရားမဝင်ခိုးဝင်မှုအတွက် ရင်းဂစ်ငွေ ၅၀၀၊ နိုင်ငံကူးလက်မှတ်သက်တမ်း ကျော်လွန်ကာ Overstay ဖြင့် နေထိုင်ခြင်းအတွက် ရင်းဂစ်ငွေ ၅၀၀ နှင့် စည်းကမ်းများအား ဖောက်ဖျက်သည့်အတွက် ရင်းဂစ်ငွေ ၃၀၀ သတ်မှတ်ထားကြောင်း သိရသည်။
မလေးရှား ပြည်ထဲရေးဝန်ကြီး မီဒီယာများကို ဖြေကြားနေစဉ်
မလေးရှားအစိုးရအဖွဲ့များအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းသည် ၎င်းတို့နိုင်ငံသို့ ရောက်ရှိနေသည့် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြား သောင်တင်နေမှုအား လျှော့ချရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း မလေးရှားနိုင်ငံရှိ မြန်မာများက သုံးသပ်ကြသည်။
သို့သော် လက်ရှိမလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာနိုင်ငံသားများထဲတွင် CI ဖြင့် နေရပ်ပြန် ရရေးကို စောင့်မျှော်နေကြသူအများအပြားရှိသကဲ့သို့ မလေးရှားတွင် ပါမစ်များ ထပ်မံထုတ်ပေးမည်ကို စောင့်ဆိုင်း နေချင်သူများလည်း ရှိကြောင်း ရခိုင်ဒုက္ခသည်များဗဟို(Center for Arakan Refugees) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
“သူကနှစ်မျိုး ရှိတယ်။ အဖမ်းအဆီးအရမ်းများတယ်။ ဘယ်လိုမှ မနေနိုင်တော့တဲ့ အနေအထားမျိုးမှာ CI နဲ့ ပြန်ချင်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ပါမစ်တွေလျှောက်လို့ရလို့ နေလို့ရမယ်ဆိုရင် နေချင်တယ်။ ပြဿနာက ဘာလဲဆိုရင် သံရုံးကနေ ပတ်စပို့ထုတ်ပေးတာ အရမ်းကြာတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးကုန်သွားတယ်။ မြန်မာအနည်းဆုံးပဲ ပါမစ်လျှောက်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပတ်စပို့လျှောက်တာ ၆လ၊ တစ်နှစ်ကြာ တယ်။ သူများသံရုံးတွေမှာ ၂၄ နာရီ၊ ၃၆ နာရီ၊ ၄၈ နာရီ ကြာရုံနဲ့ ပတ်စပို့အသစ်လျှောက်လို့ရတဲ့ အချိန်မှာ မြန်မာ သံရုံးက ၆လ၊ တစ်နှစ်ကြာမှ ပတ်စပို့ရတော့ ဒီအခွင့်အရေးကို လက်လွတ်ကြတာပေါ့” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် အထောက်အထားမဲ့များ
လက်ရှိ မြန်မာနိုင်ငံ၌ မတည်ငြိမ်သည့်အပြင် ကျပ်ငွေတန်ဖိုးကျဆင်းမှုများကြောင့် မလေးရှားတွင် ကြုံရာကျပန်း ရရှိသည့် အလုပ်များအား လုပ်ကိုင်ကာ ဝင်ငွေရှာခြင်းမှာ ပို၍ အဆင်ပြေသည့်အတွက် နေရပ် မပြန်ချင်ကြသူများ လည်း ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ပုံမှန်လုပ်ထုံးလုပ်နည်းအရ အထောက်အထားမဲ့များ၊ Overstay သမားများသည် ပြစ်ဒဏ်ကျခံပြီးမှသာ နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်သော်လည်း ယခု အစီအစဉ်တွင် အရေးယူခြင်းမခံရဘဲ နေရပ်ပြန်ခွင့်ရမည်မှာ ပို၍ကောင်းမွန်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာများက သုံးသပ်သည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် လက်ရှိအဖမ်းအဆီးများမှာ နေ့စဉ်ရက်ဆက် အင်အားအလုံးအရင်းဖြင့် ဖမ်းဆီး စစ်ဆေးနေမှုများလည်းရှိသဖြင့် ဆက်လက်နေထိုင်ရန် အဆင်မပြေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက မတ်လ ၁ရက်နေ့တွင် စတင်မည့် CI အစီအစဉ်ဖြင့် နေရပ်ပြန်သင့်ကြောင်းလည်း အကြံပြုကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 758
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ရွှေသန့်စင်ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် နိုက်ထရစ်အက်ဆစ်သည် လက်ရှိမှာ ဈေးကွက်အတွင်း ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာနေသည်ဟု ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ရွှေဈေးကွက်အတွင်း ရွှေသန့်စင်သည့်အက်ဆစ် ဝယ်ယူရာတွင် ရှားပါးမှု ဖြစ်ပေါ်နေခြင်းကြောင့် ယခင်က ၅ ဂါလံလျှင် ၂ သိန်းခန့်သာ ရှိသော်လည်း လက်ရှိမှာတော့ ၁၀ သိန်းဝန်းကျင် ဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုသို့ ဈေးနှုန်းမြင့်တက် သွားခြင်းကြောင့် ရွှေသန့်စင်ရာတွင် ပေးဆောင်ရသည့် နှုန်းထားများလည်း မြင့်တက် သွားသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးအုန်းမြိုင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ရှားပါးဆိုတာတော့ ကြားတယ်။ ၁၀ သိန်းဝန်းကျင်လောက် ဖြစ်နေတယ်လို့ ကြားတယ်။ ၅ ဂါလံပုံးတွေ လေ၊ ၅ ဂါလံပုံး တစ်ပုံးကိုပေါ့။ အရင်တုန်းက ၁ သိန်းခွဲ ၂ သိန်းဝန်းကျင်က စတက်လာတာလေ။ အဲဒီအတွက် ကြောင့် ရွှေသန့်စင်တဲ့ နှုန်းထားတွေလည်း တအားမြင့်တက်သွားတာပေါ့။ ရွှေထုတ်လုပ်မှုပေါ်မှာတော့ သက်ရောက်မှုတော့ ရှိနိုင်တာပေါ့။ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ပိုပြီး တက်သွားတာပေါ့။ ရွှေသန့်စင်ခတွေက အခုဆိုရင် တစ်ကျပ်သားဆိုရင် ၆၅၀၀ တို့ ဖြစ်သွားပြီလေ အရင်က ၃၅၀၀၊ ၄၀၀၀ ဖြစ်နေတဲ့ဟာက။ အဲဒီအတွက် ကြောင့်ပေါ့နော် သန့်စင်တဲ့နှုန်းထား တက်သလို ရွှေဈေးမှာလည်း ဘယ်လောက်တက်သလဲဆိုရင် ၃၀၀၀ တက် တယ်ဆို ၃၀၀၀ ပေါ့၊ ၅၀၀၀ တက်တယ်ဆို ၅၀၀၀ ထပ်ပြီးတော့ ပိုပြီးတော့ တက်သွားတာပေါ့။ တက်သွားတဲ့ အလျောက်ကိုလည်း လက်ဝတ်လက်စားမှာလည်း ၃/၄/၅၀၀၀ လောက် တက်သွားတာပေါ့ တစ်ကျပ်သားအပေါ် မှာပေါ့။ အရမ်းကြီး ပြောင်းလဲမှုတော့ မရှိဘူးပေါ့။ သို့သော်လည်းပဲ အနည်းနဲ့အများတော့ ဖြစ်သွားတာပေါ့” ဟု ပြောသည်။
ရွှေထည်များကို တွေ့ရစဉ်
ထို့နောက် နိုက်ထရစ်အက်ဆစ် ပြတ်လပ်မှုကြောင့် ရွှေကုန်ကြမ်း ကြိုနိုင်သည့် ပမာဏလည်း လျော့နည်းသွားပြီး ရွှေကုန်ချော ထုတ်လုပ်နိုင်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
နိုက်ထရစ်အက်ဆစ်ကို နိုင်ငံတော်မှ တင်သွင်းပြီး သက်ဆိုင်ရာ ကုမ္ပဏီများမှတဆင့် ရွှေလုပ်ငန်းရှင်များက ပြန်လည်ဝယ်ယူကြရကြောင်း၊ လက်ရှိတွင် နယ်စပ်လမ်းကြောင်း အခက်အခဲကြောင့် တင်သွင်းရန် ကြန့်ကြာမှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု သိရသည်။
နိုက်ထရစ်အက်ဆစ်ကို တရုတ်နိုင်ငံမှ အဓိက တင်သွင်းသည်ဟု သိရသည်။
အက်ဆစ် လိုအပ်ချက်ကြောင့် ရွှေကုန်ချော ထုတ်လုပ်နိုင်မှု နှေးသွားနိုင်သည့်အတွက် နောက်ပိုင်းတွင် ဆိုင်များက ရွှေကို လိုသလောက် မရောင်းချပေးနိုင်သည့် အနေအထား ရောက်သွားနိုင်ကြောင်း ရွှေဈေးကွက် လေ့လာသူများ က ပြောသည်။
သို့သော်လည်း ထိုအချက်ကြောင့် ရွှေဈေးကစားသူများက ဈေးကစားရန်အတွက် နည်းလမ်းတစ်ခု ရသွားသည့် သဘောလည်း သက်ရောက်သွားသည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေရည်ကျိုနေသည်ကို တွေ့ရစဉ်
၎င်းက “အက်ဆစ်ကတော့ ရှားနေတာတော့ အမှန်ပဲ။ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ error ရှိတာကိုး။ ပေး မသွင်းတာထက် လမ်းကြောင်းတွေ ပြတ်နေတာ။ အက်ဆစ်ကကျတော့ တခြားနိုင်ငံတွေလို မဟုတ်ဘူး။ မြန်မာ ပြည်မှာက ကိုယ့်သဘောနဲ့ကိုယ် သွင်းလို့မရဘူး။ အစိုးရကနေတဆင့်မှ လုပ်ရတာ။ အစိုးရ ခွင့်ပြုချက်နဲ့မှ လုပ်ရ တာ။ အစိုးရဆီကနေ ပြန်ဝယ်ရတဲ့ပုံစံမျိုး။ ကိုယ့်သဘောနဲ့ကိုယ် အက်ဆစ်က သွင်းခွင့်မရှိဘူး။ ဥပမာ မလေးရှား တို့ ဘာတို့ဆို ဘာသွင်းချင်လဲ အကုန်ရတယ် အစိုးရက အက်ဆစ်သွင်းချင်လည်းရတယ်၊ သံဖြူသွင်းချင်လည်းရ တယ်။ အကုန်လုံး ကြိုက်တာလုပ်လို့ ရတယ်။ မြန်မာပြည်မှာတော့ မရဘူး။ အက်ဆစ်က အလွယ်တကူ မရဘူး။ နှေးသွားရင်တော့ ဆိုင်တွေက လိုသလောက် မရောင်းပေးနိုင်ဘူး။ မရောင်းပေးနိုင်ရင် ဘာလုပ်မလဲဆို ပြန်ကောက်မှာပဲ။ ပြန်ကောက်ရင် ဈေးကျသွားမယ့်သဘောပေါ့၊ ခဏပေါ့။ ပြီးကျရင်တော့ သူတို့ ပြန်ထုတ်ရောင်း မယ်ပေါ့ ဒီသဘောပါပဲ။ ဈေးကစားဖို့ ဂွင်တစ်ဂွင် ရသွားတဲ့သဘောပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပွင့်လင်းရာသီ ဖြစ်သည့်အတွက် ရွှေတွင်းများမှ ရွှေကုန်ကြမ်း ဝင်ရောက်မှုသည် များပြားပြီး ရွှေကုန် ချော ထုတ်လုပ်သည့် ရာသီဖြစ်ခြင်းကြောင့် အက်ဆစ် လိုအပ်ချက်သည် များနေမည် ဖြစ်သည်။
သို့သော်လည်း ရွှေကိုပြန်လည် သန့်စင်သည့် နိုက်ထရစ်အက်ဆစ် ဈေးကွက်အတွင်း ပြတ်လပ်နေခြင်းကြောင့် ရွှေ ကုန်ချော အထွက်နည်းလာကာ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်လာမည်ကို ရွှေကုန်သည်များနှင့် ရွှေဈေးကွက် လေ့လာသူများက စိုးရိမ်နေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 651
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် ဆောင်းစပါး စိုက်ပျိုးမှုမှာ ဧက ၅ သောင်းမှ ၁ သိန်းဝန်းကျင်ကြား ရှိနေပြီး အထွက်နှုန်းသည်လည်း တိုးလာနေကြောင်း တောင်သူများထံမှ သိရသည်။
မိုးစပါးဈေးနှုန်း ကောင်းမွန်ခဲ့ခြင်းကြောင့် တောင်သူများသည် ဆောင်းစပါး စိုက်ပျိုးရာ၌ သွင်းအားစု ပိုမိုထည့်သွင်း ခဲ့ခြင်းကြောင့် ယခင်က တစ်ဧကလျှင် တင်း ၇၀ ခန့်သာ ထွက်ရှိရာမှ လက်ရှိတွင် တင်း ၁၀၀ ကျော် ထွက်ရှိနေပြီ ဖြစ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စက်တင်ဘာ၊ အောက်တိုဘာပေါ့ အဲဒီ အောက်တိုဘာလအထိ ကြဲတဲ့ကောင်တွေကိုတော့၊ စိုက်တဲ့ကောင် တွေကိုတော့ သူ့ကို ဆောင်းစပါးလို့ ခေါ်တာပေါ့။ ဆောင်းစပါးက ကျောင်းကုန်းရယ်၊ ရေကြည်ရယ်၊ သာပေါင်း ရယ်၊ အဲဒီ ၃ မြို့နယ်ပေါင်းဆို မနည်းလောက်ဘူး။ ဧက ၅ သောင်း၊ ၁ သိန်းလောက် ရှိမလားလို့။ အထွက်နှုန်းတွေ တော့ သာလာတယ်။ အရင်က အဲဒီက လယ်တွေဆို ၄၀ နှုန်း၊ ၅၀ နှုန်း စသည်ဖြင့် ၆၀ နှုန်း၊ ၇၀ နှုန်း။ ဒါပေမယ့် အခုကတော့ ၁၀၀ ကျော် ထွက်တဲ့ဟာတွေ များလာပြီလေ သူတို့ပိုစိုက်လာကြပြီ” ဟု ပြောသည်။
ဆောင်းစပါးကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်၊ ကျောင်းကုန်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် အများ ဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
စပါးခင်းများကို တွေ့ရစဉ်
သို့သော်လည်း ထိုဒေသရှိ ဆည်မြောင်းများမှာ တိမ်ကောနေခြင်းကြောင့် ဒီရေတက်ချိန်တွင် ဆည်မြောင်းအတွင်း ရေရရှိမှုသည် နည်းပါးသည့်အတွက် တချို့သော လယ်များမှာ ရေအခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်ဟု တောင်သူ များက ပြောသည်။
ထို့နောက် ယခုနှစ်တွင် စပါးဈေးနှုန်း ကောင်းမွန်ခြင်းကြောင့် တချို့သော မြို့နယ်များတွင် ဆောင်းစပါး ရိတ်သိမ်း ပြီးချိန်တွင် တခြားသီးနှံ စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ရက် ၉၀ ဖြင့် ရိတ်သိမ်း၍ရသည့် စပါးများကို ထပ်မံစိုက်ပျိုးလာ ကြကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူ ဦးကျော်အေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခါတိုင်းဆိုရင် ဒီအချိန် ဆောင်းစပါး ရိတ်ပြီးသွားရင် နောက်စပါး ပြန်မစိုက်ကြတော့ဘူးလေ။ အခုတော့ မဟုတ်ဘူး။ ဆောင်းစပါး ရိတ်ပြီးတာနဲ့ နောက်ထပ် ထပ်ထွန်ပြီးတော့ သူတို့ ဧပြီလ၊ မေလဆန်းမှာ ရိတ်လို့ရမယ် ပေါ့ အခုနေစိုက်တဲ့ စပါးတွေကလေ။ အဲဒါကို အားခြင်းပဲ အဲဒီရေနက်ကွင်းမှာ ပြန်ပြီးတော့ လုပ်နေကြတယ်။ အားတက်သရော လုပ်နေကြတယ်။ လယ်သမားတွေလည်း ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိစပါးဈေးအရ အားနဲ့အင်နဲ့ လုပ်နေကြတာ တွေ့တဲ့အတွက် ခါတိုင်းနှစ်ဆိုရင် အဲဒီလယ်တွေက ရိတ်ပြီးရင် မစိုက်ကြဘူးလေ။ ဒီနှစ် အဲဒီ ဆောင်းစပါးမှာ စိုက်ကြတာ မနည်းပါးဘူး။ အဲဒီလို စိုက်တဲ့တောင်သူတွေအတွက်လည်း စာရင်းကောက်ပြီးတော့ အစိုးရက လိုအပ်တဲ့ အထောက်အပံ့တွေ ပေးဖို့ လိုအပ်မယ်လို့။ အဲဒီလို ပေးမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကုန်ထုတ်စွမ်းအား၊ လယ်ယာထုတ်ကုန်က တိုးတက်သွားမှာပါ။ အခုလည်း ပြန်လုပ်လို့ရတဲ့ လယ်ယာတွေ ရှိတယ် လေ။ ရေရမယ့် နေရာတွေဆိုရင် ပြန်လုပ်မယ့်သူတွေအတွက် အစိုးရက အထူးဦးစားပေး အနေနဲ့ပေါ့လေ အထောက်အပံ့တွေ လုပ်ပေးမယ်ဆိုရင် အခု ဆောင်းစပါး ဧရိယာနေရာမှာ ဧက ၁ သောင်းပဲ စိုက်နိုင်စိုက်နိုင် ပြန်စိုက်လည်း မနည်းပါဘူးလို့” ဟု ပြောသည်။
တောင်သူများ စပါးစိုက်ပျိုးနေကြစဉ်
ဧရာဝတီတိုင်းဒေသကြီးတွင် စပါးစိုက်ပျိုးမှုအနေဖြင့် မိုးစပါးစိုက်ဧက ၃၇ သိန်း၊ ဆောင်းစပါးစိုက်ဧက ၁ သိန်းနှင့် နွေစပါးစိုက်ဧက ၁၅ သိန်း စုစုပေါင်း ၅၃ ဧက စိုက်ပျိုးမှုရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရ သည်။
လက်ရှိတွင် ပြည်တွင်း စပါးဈေးကွက် အနေဖြင့် ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၆ သိန်း၊ ဧရာဝတီ ပေါ်ဆန်းစပါးက ၂၄ သိန်းနှင့် မနောသုခ၊ ဆင်းသွင်း၊ ဧရာမင်း၊ ပခမ်း၊ ဇီယာ၊ ဘေးကြား စသည့် စပါးအကြမ်းသည် တင်း ၁၀၀ လျှင် ငွေကျပ် ၁၈ သိန်းမှ ၁၉ သိန်းကြား ဖြစ်ပေါ်လျက် ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1245
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် ဆောင်းစပါး စိုက်ပျိုးမှုမှာ ဧက ၅ သောင်းမှ ၁ သိန်းဝန်းကျင်ကြား ရှိနေပြီး အထွက်နှုန်းသည်လည်း တိုးလာနေကြောင်း တောင်သူများထံမှ သိရသည်။
မိုးစပါးဈေးနှုန်း ကောင်းမွန်ခဲ့ခြင်းကြောင့် တောင်သူများသည် ဆောင်းစပါး စိုက်ပျိုးရာ၌ သွင်းအားစု ပိုမိုထည့်သွင်း ခဲ့ခြင်းကြောင့် ယခင်က တစ်ဧကလျှင် တင်း ၇၀ ခန့်သာ ထွက်ရှိရာမှ လက်ရှိတွင် တင်း ၁၀၀ ကျော် ထွက်ရှိနေပြီ ဖြစ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စက်တင်ဘာ၊ အောက်တိုဘာပေါ့ အဲဒီ အောက်တိုဘာလအထိ ကြဲတဲ့ကောင်တွေကိုတော့၊ စိုက်တဲ့ကောင် တွေကိုတော့ သူ့ကို ဆောင်းစပါးလို့ ခေါ်တာပေါ့။ ဆောင်းစပါးက ကျောင်းကုန်းရယ်၊ ရေကြည်ရယ်၊ သာပေါင်း ရယ်၊ အဲဒီ ၃ မြို့နယ်ပေါင်းဆို မနည်းလောက်ဘူး။ ဧက ၅ သောင်း၊ ၁ သိန်းလောက် ရှိမလားလို့။ အထွက်နှုန်းတွေ တော့ သာလာတယ်။ အရင်က အဲဒီက လယ်တွေဆို ၄၀ နှုန်း၊ ၅၀ နှုန်း စသည်ဖြင့် ၆၀ နှုန်း၊ ၇၀ နှုန်း။ ဒါပေမယ့် အခုကတော့ ၁၀၀ ကျော် ထွက်တဲ့ဟာတွေ များလာပြီလေ သူတို့ပိုစိုက်လာကြပြီ” ဟု ပြောသည်။
ဆောင်းစပါးကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်၊ ကျောင်းကုန်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် အများ ဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
စပါးခင်းများကို တွေ့ရစဉ်
သို့သော်လည်း ထိုဒေသရှိ ဆည်မြောင်းများမှာ တိမ်ကောနေခြင်းကြောင့် ဒီရေတက်ချိန်တွင် ဆည်မြောင်းအတွင်း ရေရရှိမှုသည် နည်းပါးသည့်အတွက် တချို့သော လယ်များမှာ ရေအခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်ဟု တောင်သူ များက ပြောသည်။
ထို့နောက် ယခုနှစ်တွင် စပါးဈေးနှုန်း ကောင်းမွန်ခြင်းကြောင့် တချို့သော မြို့နယ်များတွင် ဆောင်းစပါး ရိတ်သိမ်း ပြီးချိန်တွင် တခြားသီးနှံ စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ရက် ၉၀ ဖြင့် ရိတ်သိမ်း၍ရသည့် စပါးများကို ထပ်မံစိုက်ပျိုးလာ ကြကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူ ဦးကျော်အေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခါတိုင်းဆိုရင် ဒီအချိန် ဆောင်းစပါး ရိတ်ပြီးသွားရင် နောက်စပါး ပြန်မစိုက်ကြတော့ဘူးလေ။ အခုတော့ မဟုတ်ဘူး။ ဆောင်းစပါး ရိတ်ပြီးတာနဲ့ နောက်ထပ် ထပ်ထွန်ပြီးတော့ သူတို့ ဧပြီလ၊ မေလဆန်းမှာ ရိတ်လို့ရမယ် ပေါ့ အခုနေစိုက်တဲ့ စပါးတွေကလေ။ အဲဒါကို အားခြင်းပဲ အဲဒီရေနက်ကွင်းမှာ ပြန်ပြီးတော့ လုပ်နေကြတယ်။ အားတက်သရော လုပ်နေကြတယ်။ လယ်သမားတွေလည်း ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိစပါးဈေးအရ အားနဲ့အင်နဲ့ လုပ်နေကြတာ တွေ့တဲ့အတွက် ခါတိုင်းနှစ်ဆိုရင် အဲဒီလယ်တွေက ရိတ်ပြီးရင် မစိုက်ကြဘူးလေ။ ဒီနှစ် အဲဒီ ဆောင်းစပါးမှာ စိုက်ကြတာ မနည်းပါးဘူး။ အဲဒီလို စိုက်တဲ့တောင်သူတွေအတွက်လည်း စာရင်းကောက်ပြီးတော့ အစိုးရက လိုအပ်တဲ့ အထောက်အပံ့တွေ ပေးဖို့ လိုအပ်မယ်လို့။ အဲဒီလို ပေးမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကုန်ထုတ်စွမ်းအား၊ လယ်ယာထုတ်ကုန်က တိုးတက်သွားမှာပါ။ အခုလည်း ပြန်လုပ်လို့ရတဲ့ လယ်ယာတွေ ရှိတယ် လေ။ ရေရမယ့် နေရာတွေဆိုရင် ပြန်လုပ်မယ့်သူတွေအတွက် အစိုးရက အထူးဦးစားပေး အနေနဲ့ပေါ့လေ အထောက်အပံ့တွေ လုပ်ပေးမယ်ဆိုရင် အခု ဆောင်းစပါး ဧရိယာနေရာမှာ ဧက ၁ သောင်းပဲ စိုက်နိုင်စိုက်နိုင် ပြန်စိုက်လည်း မနည်းပါဘူးလို့” ဟု ပြောသည်။
တောင်သူများ စပါးစိုက်ပျိုးနေကြစဉ်
ဧရာဝတီတိုင်းဒေသကြီးတွင် စပါးစိုက်ပျိုးမှုအနေဖြင့် မိုးစပါးစိုက်ဧက ၃၇ သိန်း၊ ဆောင်းစပါးစိုက်ဧက ၁ သိန်းနှင့် နွေစပါးစိုက်ဧက ၁၅ သိန်း စုစုပေါင်း ၅၃ ဧက စိုက်ပျိုးမှုရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရ သည်။
လက်ရှိတွင် ပြည်တွင်း စပါးဈေးကွက် အနေဖြင့် ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၆ သိန်း၊ ဧရာဝတီ ပေါ်ဆန်းစပါးက ၂၄ သိန်းနှင့် မနောသုခ၊ ဆင်းသွင်း၊ ဧရာမင်း၊ ပခမ်း၊ ဇီယာ၊ ဘေးကြား စသည့် စပါးအကြမ်းသည် တင်း ၁၀၀ လျှင် ငွေကျပ် ၁၈ သိန်းမှ ၁၉ သိန်းကြား ဖြစ်ပေါ်လျက် ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 702
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ရန်ကုန်မှ ရခိုင်သို့သွားမည့် လေယာဉ်လက်မှတ်ခ နှုန်းထားများမှာ ဈေးနှုန်းမကြီးမြင့်သော်လည်း ရခိုင်မှ ရန်ကုန် သို့ လာမည့် လေယာဉ်လက်မှတ်ခ နှုန်းထားများမှာ ဈေး ၃ ဆခန့်အထိ မြင့်တက်နေကြောင်း လေယာဉ်လက်မှတ် ဝယ်ယူသည့်ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က ရခိုင်မှ ရန်ကုန်သို့ ပုံမှန်ဈေးနှုန်းသည် ၂ သိန်း ဝန်းကျင်သာရှိခဲ့သော်လည်း ယခုအခါတွင် ၃ သိန်းကျော် အထိ ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်။
ထိုသို့ ဈေးမြင့်တက်သွားသည့် အနေအထားမျိုးတွင် အမြန်သွားချင်သူများအပေါ် မူတည်ကာ ပွဲစားများမှ ၅ သိန်း မှ ၈ သိန်းခန့်အထိ ဈေးကစားနေခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ် ဝယ်ယူသော ကိုစိုးခိုင်က CNI သတင်း ဌာနသို့ ပြောသည်။
ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ဈေးနှုန်းနဲ့ထွက်ခွာမည့် ဇယားကိုတွေ့ရစဉ်
၎င်းက “၇ သိန်း၊ ၈ သိန်းတွေ တောင်းနေကြတယ်။ လက်မှတ်တွေဝယ်ပြီး နာမည်ပြောင်း ရောင်းစားနေကြတာ။ ဒီဘက် မှာ အခြေအနေတွေက စိုးရိမ်ရလောက်တဲ့ အခြေအနေတွေ ဖြစ်တဲ့အခါကြတော့ ရန်ကုန်ဘက်ကို သွားတဲ့ သဘောရှိတာပေါ့။ အဲဒီတော့ ကျောင်းတွေ ကလေးတွေ စာမေးပွဲပြီးတဲ့အချိန် လက်မှတ်တွေက မရှိဘူး။ အခု ရက်ပိုင်းအတွင်း သွားမယ်ဆိုရင် cargo ရုံးဆိုတာရှိတယ်။ သူတို့လေယာဉ် shutter ဆွဲတာပေါ့နော်။ အဲဒီမှာ သွားဝယ်ရင်တော့ လက်မှတ်ရရင် အဲဒီလောက်ဈေးမရှိဘူး။ ဒါပေမယ့် အဲဒီမှာ တချို့က ပွဲစားတွေက ခုံနေရာတွေ ဦး၊ နှစ်ယောက်စာရမယ်၊ သုံးယောက်စာရမယ်။ အဲဒီလိုရပြီဆိုရင် လိုက်မယ်ပြောထားတဲ့ လူတွေကို ဟိုကနေ ၃ သိန်းခွဲလောက် ကျတာကို ၅ သိန်းခွဲ၊ ၆ သိန်းခွဲ အဲဒီလိုမျိုးတွေ တောင်းတယ်။ လိုက်တဲ့လူတွေကလည်း သွားရရင် ပြီးပြီဆိုပြီး ပေးပြီးတော့ စီးနေကြတာ။ ပုံမှန်လက်မှတ်တွေဆိုရင် ၃ လပိုင်း ၂၀၊ ၂၁ လောက်မှ ရမယ်ဆိုတော့ အခု ရရင် အခုသွားမယ် ဘယ်ဈေးပေးရ၊ ပေးရ အဲဒီလိုမျိုးလေ” ဟု ပြောသည်။
ပုံမှန်အတိုင်း သွားလာချင်သူများအတွက် ဧပြီလမှ စတင်ကာ လေယာဉ်လက်မှတ်များအား ဝယ်ယူနိုင်ကြောင်း လေယာဉ်လက်မှတ် ဝယ်ယူရန် သွားရောက်စုံစမ်းသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဧပြီလအတွက် ဝယ်ယူရာတွင် ရန်ကုန်မှ စစ်တွေသို့လာမည့် လေယာဉ်လက်မှတ်ခမှာ ၁ သိန်း ၉ သောင်း သာရှိပြီး စစ်တွေမှ ရန်ကုန်သို့ပြန်မည့် လေယာဉ်လက်မှတ်ခမှာ ၂ သိန်းကျော်အထိ ရှိသည်။
လက်ရှိ လေယာဉ် လက်မှတ်နှင့်ပတ်သက်၍ ဈေးကစားနေမှုများအား သက်ဆိုင်ရာ ပြည်နယ်ကောင်စီအနေဖြင့် ကြပ်မတ်ကိုင်တွယ်သင့်ကြောင်း၊ ပုံမှန် လေယာဉ်လက်မှတ်နှုန်းထားအား ဈေးနှုန်းတစ်ခု သတ်မှတ်သင့်ကြောင်း စစ်တွေဒေသခံ မမီမီက CNI သတင်းဌာနသို့ ပြောသည်။
လေယာဉ်နှင့် ခရီးသွားမည့် ခရီးသွားများကိုတွေ့ရစဉ်
၎င်းက “လေယာဉ်ကွင်းမှာ အဲဒီရောင်းတဲ့ ဘယ်လိုပြောရမလဲ တာဝန်ရှိတဲ့သူ ရောင်းတာလား၊ တာဝန်မရှိဘဲနဲ့ ပွဲစား ရောင်းတာလားဆိုတာကို စုံစမ်းသင့်တယ်လို့ထင်တယ် လက်ရှိအစိုးရအနေနဲ့။ နောက်တစ်ခုက အဲဒီ လက်မှတ်ရောင်းတဲ့ အေးဂျင့်တွေကို အကုန်လုံးခေါ်ပြီးတော့ ဒါက ဒီလိုလုပ်သင့်တယ်၊ မလုပ်သင့်ဘူး။တစ်နေ့ကို လေယာဉ် နှစ်စီး သွားတဲ့အချိန်မှာ လက်ရှိအခြေအနေနဲ့ပဲ ရောင်းသင့်တယ်ပေါ့။ ဘာလို့ဆို ကျမတို့ လေးလပိုင်း ဘိုကင်လုပ်တာမှာ ၁ သိန်း ၉ သောင်းနဲ့ ရတယ်ဆိုရင် အခုလည်း ၁ သိန်း ၉ သောင်းလောက်နဲ့ ရသင့်တယ်လို့ ထင်ပါတယ်။ ရန်ကုန်-စစ်တွေ ပေါ့နော်။ စစ်တွေ-ရန်ကုန်ကတော့ ၂ သိန်း ၂ သောင်းဆိုတော့ အဲဒီနှုန်းလေးပေါ့ နော်။ ပြောချင်တာက ဒီလိုမျိုး သတ်မှတ်ထားသလားဆိုတာကို အစိုးရအနေနဲ့ စိစစ်စေချင်တယ်ပေါ့။ ပုံမှန် လေယာဉ်ပြေးဆွဲနှုန်းသည် ၃ သိန်းလား၊ ၁ သိန်း ၉သောင်းလား၊ ၂ သိန်းလား ဆိုတာမျိုးလေးပေါ့။ အဲဒီလို သတ်မှတ်ချက်ကလေး ဘယ်လို လုပ်ထားသလဲဆိုတာကို အစိုးရက ထိန်းချုပ်ပြီးတော့ ဒါကို အေးဂျင့်တွေကို ခေါ်ပြီး ဆွေးနွေးစေချင်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ရခိုင်ပြည်နယ်၌ လေယာဉ် လက်မှတ်များအား ကြိုတင်ဝယ်ယူနေကြခြင်း ဖြစ်ပြီး ထိုအခြေအနေမျိုးတွင် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချသူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။
ရန်ကုန်မှ စစ်တွေသို့ သွားရာတွင် လေယာဉ်၌ ခရီးသည် အပြည့်နီးပါး မပါသော်လည်း စစ်တွေမှ ရန်ကုန်သို့ လာသည့်အခါတွင် လေယာဉ်၌ လူအပြည့်ရှိကြောင်းလည်း လေဆိပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 576
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းများ တင်ပို့၍ရပြီဖြစ်သော်လည်း တင်ပို့ရန် အခက်အခဲများ ရှိနေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။
ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သည့် ကာလ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြောင်းစိုက်ပျိုးရာ ဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် နယ်မြေတည်ငြိမ်မှု မရှိသည့် အတွက် ထိုဒေသမှ ထွက်ရှိသော ပြောင်းများသည် ထိုင်းနိုင်ငံသို့ တင်ပို့ရန် အခက်အခဲရှိနေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တင်ပို့မှု ပမာဏနဲ့စာရင် လောလောဆယ် ဘယ်လောက်တင်ပို့နိုင်တယ်ဆိုတဲ့ ပမာဏတောင် အကြမ်းဖျင်းလေးတောင် ပြောလို့မရဘူးလေ။ ပြောင်းထွက်တဲ့ နေရာတွေရဲ့ ပြောင်းသယ်ယူနိုင်မှုက အခု လောလောဆယ်တောင် ဘလော့ဖြစ်နေတယ်။ ဘလော့ ဖြစ်နေတယ်ဆိုတော့ ဘယ်လိုသယ်ထုတ်ပြီး ဘယ်လို သွားရောင်းကြမယ်ဆိုတာတောင်မှ ဘယ်လောက်ရောင်းမလဲဆိုတာ ဒုတိယပိုင်းမှာပဲ ရှိသေးတယ်။ လောလော ဆယ် ရောင်းလို့ရတဲ့နေရာတွေ သယ်ဖို့ဆိုတာ ပထမပိုင်းပေါ့နော်။ အဲဒါတွေ ရှေ့ကအဖြေရမှ နောက်ကအဖြေတွေ ပြောလို့ရတော့မှာ။ အခုလောလောဆယ်တော့ ထိုင်းရော၊ နိုင်ငံတကာပေါက်ဈေးရော ပြောင်းဈေးက တော်တော် လေး နိမ့်တယ်ပေါ့နော်။ တော်တော်လေး နိမ့်တဲ့ အနေအထား ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဈေးဆိုတာကလည်း အမြဲတမ်း အပြောင်းအလဲ ရှိတယ်လေ။ ဒီဈေးတွေကတော့ ကြမ်းခင်းဈေးလောက်တောင် ပြောလို့ရတဲ့ အနေ အထားပေါ့။ နိုင်ငံတော်ရဲ့ မူဝါဒကလည်း ထိုက်သင့်သလောက်တော့ ဖြေလျှော့မှုတော့ ပေးထားတယ်။ အဲဒီဈေး ဒီအတိုင်းပဲ ဆက်သွားမယ်၊ နိုင်ငံတကာပေါက်ဈေးက မြင့်တက်လာရင် ထိုင်းကလည်း ဈေးမြှင့်ပြီး ဝယ်ရတော့မှာ ပဲလေ။ ဈေးမြှင့်ဝယ်လာတယ်ဆိုရင်တော့ ပြောင်းဈေးကတော့ ပြန်ပြီး ကောင်းလာမယ့် အလားအလာ ရှိပါတယ်” ဟု ပြောသည်။
ပြောင်းများကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းကို ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်ကုန်သွယ်ရေးမှတဆင့် အများဆုံး တင်ပို့ရောင်း ချနေခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် တိုက်ပွဲ အခြေအနေများကြောင့် မြဝတီမှတဆင့် တင်ပို့၍မရဘဲ ပင်လယ်ရေကြောင်းကိုသာ ဦးစားပေး လုပ်ကိုင်နေရကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိတွင် တင်ပို့ရန် ရန်ကုန်သို့ ရောက်ရှိနေသည့် ပြောင်းများမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကချင်ပြည်နယ်မှ ပြောင်းများသာ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြောင်းများသည် လမ်းကြောင်း အခက်အခဲကြောင့် သယ်ယူရန် မလွယ်သေးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းများသည်လည်း လာမည့်လများတွင်သာ စတင်ထွက်ပေါ်မည် ဖြစ်သည်။
ပြောင်းများကို တွေ့ရစဉ်
ထို့ပြင် ဈေးကွက်အတွင်း ကမ္ဘာ့ပြောင်းဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ထိုင်းနိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်းသည် လည်း ကျဆင်းနေကြောင်း၊ ထို့နောက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နယ်စပ်မှတဆင့် တင်ပို့ရန် ပြောင်း များ ရောက်ရှိနေပြီဖြစ်သော်လည်း ထိုင်းနိုင်ငံက ဈေးနှုန်းလျှော့ချ ဝယ်ယူနေကြောင်း တာချီလိတ်မှ ပြောင်းကုန် သည် ကိုစိုင်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဈေးကွက် အခြေအနေ မကောင်းဘူး၊ ယိုးဒယားက တအားစိုက်တာ ပြီးခဲ့တဲ့နှစ်က။ ယိုးဒယားက ဈေးကွက်ထဲမှာ သူက ပိုလျှံနေတာလေ။ ကျနော်တို့ပြောင်း သွားတော့မယ်ဆိုရင် သူက ဈေးထပ်ချဖို့ ကြိုဆိုနေ တာလေ ကျနော်တို့ဆီက ပြောင်းကို။ ဈေးချပြီးတော့ ဝယ်နေပြီလေ။ ယိုးဒယားကို ကျနော်တို့ ပြောင်းတွေက သွားလမ်းမှ မရှိတာလေ။ သူကလည်း မြင်နေတယ်။ ထိုင်ပြီးတော့ ဈေးချပြီးတော့ ထိုင်စောင့်မယ်ပေါ့လေ။ အရောင်းအဝယ်တော့၊ ကုန်ပစ္စည်းတော့ တာချီလိတ်ဘက်ကို အများကြီးလာမယ်။ ဒါပေမယ့် ဈေးနှုန်းတော့ ကောင်းမယ်မထင်ဘူး လောလောဆယ်တော့” ဟု ပြောသည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်ရှ်နှင့် အာဖရိကတိုက်ရှိ နိုင်ငံအချို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 441
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ်ပေးမည်ဟု နစက-က ပြောလာခြင်းကြောင့် ရုရှား တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးကို အကာအကွယ်ပေးသင့်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်စွာ အကာအကွယ်ပေးနိုင်မှာ သေချာ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မော်စကိုမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။
ထိုသို့ ပြောဆိုမှုသည် စီးပွားရေးအရ လာရောက်ရင်းနှီးမြှုပ်နှံရန် အပြုသဘောဆောင် ပြောဆိုမှုဖြစ်သော်လည်း ရုရှားရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးကို နိုင်ငံတော်အနေဖြင့် အကာအကွယ် ပေးသင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ကတော့ ဒါကတော့ ရုရှားကို Investor အနေနဲ့ သူတို့က အများကြီး မျှော်လင့်ပြီးခေါ်တာပေါ့။ ရုရှား တင် မဟုတ်ပါဘူး အားလုံး နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးသင့်တာပေါ့။ ရုရှားတစ်ခုတည်း အဲဒီလိုကြီးလုပ်လို့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး။ အားလုံးလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ကာကွယ် ပေးရမှာ တိုင်းပြည်ရဲ့ တာဝန်ပဲလေ။ သူကတော့ စွမ်းအင်ကဏ္ဍလောက်မှာပဲ ရင်းနှီးမြှုပ်နှံနိုင်မှာပါ။ ကျန်တဲ့ကဏ္ဍ တွေအတွက် ဒီလောက်ကြီး ရင်းနှီးမြှုပ်နှံမယ်လို့ သိပ်မမျှော်လင့်ပါဘူး။ အရမ်းလည်း မမျှော်ပါဘူး။ တကယ် မျှော်လင့်တာကတော့ တရုတ်နဲ့စာချုပ်ချုပ်ထားတဲ့(၂၀၂၀ ခုနှစ်က) ၃၃ ခုနဲ့ချုပ်ထားတဲ့ စာချုပ်တွေရဲ့ တန်ဖိုးကို တော့ ပိုမျှော်လင့်တယ် ရုရှားထက်စာရင်။ ဥပဒေအရ အကာအကွယ်ပေးနိုင်တာနဲ့ လုပ်ပိုင်ခွင့်နဲ့ အကာအကွယ် ပေးတာ ၂ ခုတော့ ကွဲတာပေါ့။ အခုချိန်ကတော့ ရင်းနှီးမြှုပ်နှံမှုကတော့ ရှင်းရှင်းပြောရရင် ဗဟိုဘဏ်ရဲ့ regulation တွေ၊ သူ့ရဲ့ ROI နဲ့ တွက်ရမယ့်ဟာတွေအတွက် ကိုယ်ပြန်ပို့နိုင်တဲ့ ကိစ္စတွေကအစပေါ့ တိတိကျကျ အာမခံချက်ရှိရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက် တည်မြဲမယ်လို့ပဲ ခန့်မှန်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတကာဈေးကွက်ရှိသော လုပ်ငန်းများ၊ ထုတ်ကုန် များဖြစ်ကြပြီး မြန်မာတွင်ထုတ်လုပ်ကာ နိုင်ငံတကာသို့ ပြန်တင်ပို့ကြခြင်း ဖြစ်သည်။
အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
ထိုထဲကမှ မြန်မာသို့ အဓိက လာရောက်ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများမှာ နိုင်ငံတကာအဝတ်အထည် အမှတ် တံဆိပ်များဖြစ်ကြပြီး ၈၀ ခုထက်မနည်း ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိအထိ အမှတ်တံဆိပ် ၁၂ ခုမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါ လုပ်ငန်း ၁၂ ခုသည် ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ အိုင်ယာလန်၊ ဆွီဒင်၊ စပိန်၊ ဂျပန်နှင့် ဩစတြီးယားနိုင်ငံတို့မှ ဖြစ်ကြသည်။
ထို့ကြောင့် အသစ်ဝင်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်သကဲ့သို့ ပြည်တွင်း၌ရှိနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထွက်မသွားရန်၊ ပြည်တွင်းလုပ်ငန်းများလည်း ရပ်တန့်မသွားစေရန် လုပ်ဆောင်ရမည်ဟု စီးပွား ရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပကိုတောင် အကာအကွယ်ပေးနေတယ်။ ပြည်တွင်းကိုလည်း ပိုပြီးလုပ်သာကိုင်သာအောင် လုပ်ပေး ရမယ်ဆိုတဲ့ ပရိုဂရမ်မျိုးကလည်း ရှိကိုရှိရတော့မှာပေါ့လေ။ ရုရှားက International Economic Environment ဘယ်အဆင့်ရှိလဲ ကြည့်ရမှာပေါ့။ နံပါတ်တစ်အချက်က တကယ်လို့လာမယ်လုပ်ရင် အရင်ဆုံး ရုရှား brand ပေါ့ အဝတ်အထည်ပေါ့။ TV၊ Radio၊ အီလက်ထရောနစ်၊ ဒီကိုလာတာက World Level ပေါ့၊ များသောအားဖြင့် ဒီမှာ ထုတ်မယ်၊ ပြန်ပို့မယ်၊ နိုင်ငံခြားဈေးကွက်မှာ ရောင်းမယ်။ ဒီလိုမှပဲ အကျိုးအမြတ်က ဖြစ်နိုင်တာကို။ ပြည်တွင်း ဈေးကွက် ရောင်းမယ်ဆို ပြည်တွင်း Demand ကလည်း စဉ်းစားကြည့်ရင်တောင် သိပါတယ်။ World မှာ market ရှိပြီးသားကုမ္ပဏီတွေမှပဲ လုပ်နိုင်တာလေ။ အဲဒီတော့ ရုရှားပစ္စည်းက ကမ္ဘာ့ Level မှာ သေသေချာချာ ထိုးဖောက် ထားတဲ့ဟာက အမှန်အတိုင်းပြောရရင် ဘာမှမရှိဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကို တွေ့ရစဉ်
အစိုးရအနေဖြင့် ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ခြင်းသည် စီးပွားရေး လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် စီးပွားရေး အတွေးအခေါ်ဖြင့်သာ စဉ်းစားသင့်ကြောင်း၊ စီးပွားရေး လုပ်ငန်းအား နိုင်ငံရေးနည်းလမ်းဖြင့် စဉ်းစားသည့်အခါတွင် လုပ်ကိုင်ရသည့် လုပ်ငန်းရှင်များအတွက် အဆင်မပြေ ကြောင်းလည်း ထောက်ပြကြသည်။
သို့သော် လက်တွေ့ကျသည့် နည်းလမ်းဖြင့် စဉ်းစားသုံးသပ်မည်ဆိုပါက ဝင်ရောက်လာသည့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများအား အစိုးရတစ်ခုတည်းဖြင့် ကာကွယ်ပေး၍ မရနိုင်ကြောင်း၊ အကာအကွယ်ပေးမည်ဟု ပြောဆိုခဲ့ခြင်း သည် လုပ်ငန်းသဘောသဘာဝအရ ပြောသင့်သည့် စကားတစ်ခုဟု မြင်မိကြောင်းလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များနှင့် ထိတွေ့ဆက်ဆက်ခဲ့ဖူးသူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၈ ခုရှိသည့်အနက် တရုတ်နိုင်ငံက ၂၆ ခု ဝင်ရောက်၍ အများဆုံး ရင်းနှီးမြှုပ်နှံထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 638
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယသုံးငွေ ရူပီးနှင့် မြန်မာကျပ်ငွေတို့ တိုက်ရိုက်ငွေပေးချေသည့် စနစ်ကို ဖေဖော်ဝါရီလတွင် စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောသည်။
ရူပီး - ကျပ် တိုက်ရိုက် ငွေပေးချေသည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အဓိက တင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည်များအတွက် ပေးချေရသည့် အမေရိကန်ဒေါ်လာ လိုအပ်ချက် လျော့နည်းသွားမည် ဖြစ်သည်။
အလားတူ ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိမည် ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် လက်ရှိအချိန်ထိ ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် လတ်တလောတွင် ထိုစနစ်သည် အရာထင်မည် မဟုတ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းတာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာကျပ်ငွေ
၎င်းက “လုပ်တော့ လုပ်ချင်နေတယ်၊ ဒါပေမယ့် တစ်ဝက်၊ တစ်ဝက်ပဲ။ တချို့ကလည်း အခုအတိုင်း အဆင်ပြေ တယ်လို့ ပြောတယ်။ တချို့ကလည်း ရူပီးနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ်ရင် ပိုကောင်းမယ်လို့ ပြောတယ်။ ဒါတော့ တစ်ဝက် တစ်ဝက် ဖြစ်နေတာကိစ္စက။ သဘောကျတဲ့သူရှိတယ်၊ သဘောမကျတဲ့ သူရှိတယ်။ ဒီအတိုင်းပဲ ကောင်းပါတယ်ဆိုတဲ့သူလည်း ရှိတယ်။ ဒီလိုဖြစ်သွားရင် ကောင်းတာပေါ့ဆိုတဲ့သူလည်း ရှိတယ်။ တချို့ကလည်း ဒါက ကုန်သွယ်မှု အခြေအနေအရ ပိုကောင်းသွားတယ်။ ကြားကနေ ဒေါ်လာခံနေစရာ မလိုတော့ဘူးဆိုတော့ ကောင်းသွားတယ်။ တကယ်လည်း ကောင်းသွားပါတယ်။ တကယ်လုပ်နိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တချို့ကျတော့လည်း လုံခြုံရေးအခြေအနေအရ၊ နယ်မြေအခြေအနေအရ ဘယ်လိုလုပ်ကြမလဲ။ နယ်စပ် တစ်ခု ပြောစရာရှိတာက ဒါကတော့ အခုလက်ရှိ နိုင်ငံရေး အခြေအနေအရ၊ အဲဒီဘက်ခြမ်းတွေက ငြိမ်သက်နေတဲ့ နေရာ မဟုတ်တဲ့အခါကျတော့ ဒီကိစ္စကြီးက ကျနော်တော့ သိပ်မထင်ဘူး” ဟု ပြောသည်။
အိန္ဒိယ ရူပီးနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ငွေပေးချေသည့်စနစ်ကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် အသုံးပြု၍ မရကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင်သာ အသုံးပြု၍ ရသည်ဟု ကုန်သည်များထံမှ သိရသည်။
ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယ ကုန်သည်များ အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်ပေါက်ဈေးနှုန်း ပြင်ပပေါက်ဈေး ငွေလဲလှယ်နှုန်းသည် ကွာခြားမှု ရှိနေခြင်းကြောင့် မြန်မာငွေဈေး တည်ငြိမ်ရန် လိုအပ်ကြောင်း၊ မြန်မာငွေဈေး တည်ငြိမ်မှု မရှိပါက ကုန်သည်များ ဆုံးရှုံးမှု ရှိနိုင်သည်ဟု နယ်စပ်ကုန်သည် ဦးခင်မောင်က CNI သတင်းဌာနသို့ ပြောသည်။
“အဓိကကတော့ နယ်မြေငြိမ်သက်မှု ရှိဖို့ရယ်၊ မြန်မာငွေဈေး ငြိမ်သက်မှုရှိဖို့လည်း လိုသေးတယ်။ အရမ်းကြီး မကွာဖို့ပေါ့နော်၊ မြန်မာငွေဈေး အရမ်းကျနေတယ်၊ ဒါမှမဟုတ်လို့ရှိရင်လည်း နယ်စပ်ငွေကြေး လဲလှယ်မှုနှုန်းထား ကျတော့ ဘဏ်မှာ နှုန်းထားတစ်မျိုး၊ အပြင်မှာ အပြင်ပေါက်ဈေးက တစ်မျိုး၊ အဲဒီအခါကျတော့ သူတို့မှာ ဆုံးရှုံးမှု တွေ ရှိတယ်။ ဒါမျိုးတွေ ဖြစ်လာမှာကို သူတို့က စိုးရိမ်တယ်ပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယသုံးငွေ ရူပီးနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားသည့် ဘဏ်များမှာ မြန်မာဘက်ခြမ်းအနေဖြင့် UAB ဘဏ်နှင့် CB ဘဏ်ဖြစ်ပြီး အိန္ဒိယဘက်ခြမ်းတွင် Punjab National Bank တို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 687
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပရဟိတအသင်းအဖွဲ့များထံ အကူအညီ တောင်းခံမှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် ပိုမိုများပြားလာကြောင်း မလေးရှားအခြေစိုက် ပရဟိတအသင်း အဖွဲ့များမှ CNI သတင်းဌာနသို့ ပြောသည်။
အကူအညီတောင်းခံကြရာတွင် နေစရာမရှိသဖြင့် အကူအညီပေးရန်၊ အလုပ်အကိုင်မရှိသဖြင့် အလုပ်အကိုင် ရှာပေးရန်၊ စားသောက်ရေးအဆင်မပြေသဖြင့် အကူအညီပေးရန်၊ ဆေးရုံ၊ ဆေးခန်းပြပေးရန်တို့ အဓိက အများဆုံး ဆက်သွယ် အကူအညီ တောင်းခံလာခြင်းဖြစ်ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
“များတာပေါ့။ အော်ပရာစီတွေ စတဲ့ကာလ၊ အခုကာလတွေနဲ့ အကူအညီတောင်းမှုတွေက နေ့စဉ်ရက်ဆက်ပဲ။ နေစရာမရှိတာကအစ တချို့ဆိုရင်လည်း ကျန်းမာရေးပေါ့နော်၊ ကျန်းမာရေးမကောင်းတာတွေက တော်တော် များတယ်။ ဆေးရုံ၊ ဆေးခန်းသွားချင်တာတွေကအစ အထောက်အထားမရှိဘူးပေါ့။ အထောက်အထားမရှိတော့ ဆေးရုံ၊ဆေးခန်း အရမ်းခက်တယ်။ ကျနော်တို့ နေ့စဉ်ရက်ဆက်တော့ ဆေးရုံဆင်းနေရတာပဲ။ ဆေးရုံပြပေး ရတယ်။ လက်ရှိကတော့ အလုပ်မရှိဘူး။ တချို့ကြတော့လည်း ပွဲစားတွေက အလုပ်ရမယ်ဆိုပြီး လိမ်ခေါ် သွားတယ်၊ ဆီအုန်းတောထဲတွေမှာ ချခဲ့တယ်၊ လမ်းဘေးတွေ ချခဲ့တယ်၊ အချို့ဆို နေစရာထိုင်စရာ မရှိလို့ တံတားအောက်တွေမှာ နေနေရတယ်။ အဲဒီလိုအတိုင်းအတာတွေတော့ နေ့စဉ် အကူအညီတောင်းနေတာ။ ပီနန်းတို့၊ ဂျိုဟိုးလ်တို့ မာလကာတို့ အဝေးကြီးတွေမှာ ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်။ အဲဒီအဝေးကြီး တွေကြတော့ ကိုယ်တွေက မသွားနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
ဆေးရုံ၊ ဆေးခန်းပြချင်သူများဖြစ်ပါက ပရဟိတအသင်းအဖွဲ့များမှ အာမခံပေး၍ လိုက်လံပြပေးခြင်း၊ အလုပ် အကိုင် လိုချင်သူများဖြစ်ပါက နီးစပ်ရာ အသိများထံ၌ ကူညီရှာပေးခြင်း၊ နေစရာမရှိပါက ပရဟိတအသင်းအဖွဲ့ များ၏ ရုံးများ၊ အသိမိတ်ဆွေများ၏နေအိမ်၊ ဆိုင်ခန်းများတွင် ရှာပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးနေရကြောင်း သိရသည်။
မလေးရှားတွင် သက်ဆိုင်ရာမှ ဖမ်းဆီခေါ်ဆောင်သွားခံရသူများကို တွေ့ရစဉ်
ထိုသို့ ဖမ်းဆီးရာတွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးမှတ်ပုံတင်ဌာနသို့ ရောက်ရှိသွားပါက ထုတ်ယူ၍ မရတော့ဘဲ ဖမ်းဆီးရမိသည့်ရက်မှစ၍ ၃ လတိတိ ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများမှ ပရဟိတအသင်းအဖွဲ့များထံ ကူညီတောင်းခံမှု ပိုမို များပြားလာခြင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် လူဦးရေ ပိုမိုထူထပ်များပြားလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပီနန်းမြို့ရှိ ဒါနကုသလနာရေးကူညီမှုအသင်းမှ အထွေထွေ အကြံပေး ကိုနိုင်လင်းက CNI သတင်းဌာန သို့ ပြောသည်။
“ဟိုးအရင်နှစ်ကနဲ့ ဒီနှစ်ဆိုရင် ဒီနှစ်က နည်းနည်းလေးကြပ်တည်းလာတာကို မြင်ရတယ်။ လူဦးရေက များလာ ပြီးတော့ အဖမ်းအဆီးကလည်း ဆက်များတယ်။ လူဦးရေများလာပြီးကတည်းက အလုပ်ရှာရတာ နည်းနည်းခက် လာတယ်။
အကူအညီတောင်းမယ့်သူတွေ များလာတယ်။ အရင်တုန်းကဆိုရင် ဒီလောက်အထိ အကူအညီ မတောင်းကြဘူး။ အစ်ကိုရေ အလုပ်ရှာပေးပါဦး၊ ကျနော်တို့မှာ ပါမစ်မရှိလို့၊ စာအုပ်မရှိလို့ သူဌေးက လက်မခံတော့ ဘူး အဲဒီအပိုင်းတွေ ပိုဝင်လာတယ်။ အဖမ်းအဆီးကိစ္စမှာ ကူညီတာတော့မရှိဘူး။ လမ်းကြောမှာ တစ်ခါတစ်လေ ရဲတွေနဲ့ ဆုံတဲ့လူတွေကြတော့ သူတို့စကားမတတ်တဲ့အပိုင်းမှာ ဝင်ဖြေရှင်းပေးတာရှိတယ်” ဟု ၎င်းက ပြောသည်။
သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းထားစဉ်
လက်ရှိ မလေးရှားနိုင်ငံ၏ အော်ပရာစီအဖမ်းအဆီးများတွင် မြန်မာနိုင်ငံသားများဖွင့်လှစ်ထားသည့် ဆိုင်ခန်းများ၊ ရုံးခန်းများအား အပတ်စဉ် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်သည့်အတွက် နေစရာမရှိ၍ ကူညီပေးထားသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံခဲ့ရခြင်းများ ပါဝင်သည်။
ထိုသို့ အော်ပရာစီ အဖမ်းအဆီးများပြားနေသည့် မလေးရှားတွင် နေစရာအခက်အခဲဖြစ်နေကြသော မြန်မာများ အပေါ် ပရဟိတအသင်းအချို့ မှ အကူအညီပေးမှုကို ခေတ္တရပ်နားလာကြကာ အဖမ်းအဆီးများ ပြန်လည်ငြိမ်သက် သွားမှသာ နေစရာအခက်အခဲဖြစ်နေကြသူများကို ပြန်လည်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ နေစရာရှိပြီး စားစရာ အခက်အခဲဖြစ်နေသူများအနေဖြင့် အချိန်မရွေးအကူအညီတောင်းခံနိုင်ကြောင်း ပရဟိတအသင်းများထံမှ သိရ သည်။

- By CNI
- Category: စီးပွားရေး
- Hits: 752
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀
တောင်ကိုရီးယားနိုင်ငံမှ ယခု ၂၀၂၄ ခုနှစ်အတွက် ရာသီချိန်လုပ်သားခေါ်ယူရာ၌ မြန်မာနိုင်ငံသို့ ဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံမှ ရာသီချိန်လုပ်သားများခေါ်ယူ တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးထားခြင်း ဖြစ်သော်လည်း လက်ရှိ အချိန်အထိ အကြောင်းပြန်လာခြင်း မရှိသေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက “အဲဒါတွေ ဆွေးနွေးထားတယ် မှန်တယ်။ အဲဒါ တွေ ကမ်းလှမ်းထားတယ်။ သူတို့ဆီက အကြောင်းပြန် မလာသေးတဲ့အတွက် ကျနော်တို့က ဒီအပေါ်မှာ ဘာမှ ပြောစရာမရှိဘူး။ သူတို့ဘက်ကနေ ဆက်သွယ်လာရင် ကျနော်တို့ လုပ်ရမယ့် လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းအတိုင်း ဆက်လုပ်မယ်။ သူတို့ဘက်က အကြောင်းမပြန်လာရင်တော့ သူတို့က အလုပ်သမားလက်ခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့ ပို့ချင်တဲ့နိုင်ငံက ဘယ်လောက်ပဲ ပို့ပို့ လက်ခံတဲ့နိုင်ငံက ဘာမှအကြောင်းမပြန်ရင် ကျနော်တို့ အလုပ်သမားလွှတ်လို့ မရပါဘူး။ ကျနော်တို့ဆီတော့ တရားဝင် ဆက်သွယ်လာမှု အကြောင်းကြားလာ မှု မရှိသေးဘူး ဒီလိုပဲ ပြောနိုင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တောင်ကိုရီးယားရှိ စိုက်ပျိုးလုပ်ငန်းမှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
ရာသီချိန် လုပ်သားစေလွှတ်ရန် မြန်မာနှင့်ကိုရီးယား ဒေသန္တရအစိုးရ အချင်းချင်း MoU လက်မှတ်ရေးထိုးထား ကြောင်း၊ ရာသီချိန် လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မီဒီယာများအား ဖြေကြားထားသည်။
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနဘက်သို့ တရားဝင် အကြောင်းကြားလာခြင်း မရှိသည့်အတွက် ရာသီချိန် လုပ်သားခေါ်ယူမည့် နိုင်ငံများ၌ မြန်မာ မပါဝင်ခြင်းအား ဟုတ်/မဟုတ် မပြောလိုကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
တောင်ကိုရီးယား သတင်းများတွင် ဖော်ပြထားချက်အရ ယခု ၂၀၂၄ ခုနှစ်အတွက် ရာသီချိန် လုပ်သားများအား အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ခေါ်ယူရန် သဘောတူညီထားပြီး မြန်မာနိုင်ငံ မပါဝင်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၌ ရာသီချိန် လုပ်သားအဖြစ် လာရောက် လုပ်ကိုင်ကြ သည့် ရွှေ့ပြောင်းလုပ်သားများမှာ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ပြဿနာ များပြားလာကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
တောင်ကိုရီးယားသို့ E9 (လုပ်သားငှားရမ်းမှုစနစ်) visa ဖြင့် လာရောက်လုပ်ကိုင်သည့် နိုင်ငံ ၁၅ နိုင်ငံခန့်ရှိသဖြင့် ရာသီချိန်လုပ်သား ခေါ်ယူရန် သဘောတူထားသည့် နိုင်ငံမှာ ၎င်း ၁၅ နိုင်ငံလုံး မပါဝင်သေးသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ရာသီချိန် လုပ်သားစေလွှတ်ခွင့်ရရန်မှာ ဝေးကွာလွန်းသေးကြောင်း ၎င်းက သုံးသပ်သည်။
တောင်ကိုရီးယားရှိ စိုက်ပျိုးလုပ်ငန်းမှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
ကိုခန့်နေကြည်က “ဖြစ်နိုင်ခြေတွေကို ခန့်မှန်းတဲ့အခါမှာ လူပို့ဖို့လုပ်နေတဲ့ ကုမ္ပဏီမျိုးတွေ၊ လာချင်တဲ့လူတွေကြ တော့ ဒီလို ခန့်မှန်းတဲ့အပေါ်မှာ မနှစ်မြို့တာတွေ ရှိတာပေါ့။ သူတို့ကတော့ ခေါ်တော့မယ်၊ ခေါ်တော့မယ် ပြောစေ ချင်တာပေ့ါ။ ဒါမှလည်း လူတွေကို စုဆောင်းလို့လည်းရမယ်၊ ငွေကြေးလည်း ကောက်ထားလို့လည်း ရမယ်။ သွား နိုင်တာ မသွားနိုင်တာ နောက်အပိုင်းပေါ့။ လောလောဆယ်တော့ ပိုက်ဆံက သူတို့ယူထားလိုက်မယ် ဆိုတဲ့လူတွေ ကလည်း ဒီလိုဝေဖန်တာ မကြိုက်ဘူးပေါ့။ ရာသီချိန် အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အခုအချိန်မှာ တော်တော်လေး ပြင်းထန်လာတယ်။ အခုနှစ်ပိုင်းနဲ့ ပြီးခဲ့တဲ့နှစ် ကနေစပြီးတော့။ ဒါစပြီးတော့ စမ်းသပ်တဲ့စနစ်ပဲ ရှိသေးတယ်။ ယခင်ကတော့ မိသားစုနဲ့ပတ်သက်တဲ့ ဆွေမျိုးတွေ အနည်းကျဉ်းလောက်ကိုပဲ ခေါ်ယူတော့ ဒီလောက် ပြဿနာတွေက မများဘူးပေါ့ မသိသာဘူးပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ကိုရီးယားသို့ ရာသီချိန် လုပ်သားစေလွှတ်မည့် ကိစ္စနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သားများ အကြား စိတ်ဝင်စားမှု မြင့်တက်နေခြင်း ဖြစ်သည်။
ရာသီချိန်လုပ်သား အလုပ်အကိုင်သည် ၈ လသာ အလုပ်လုပ်၍ ၄ လနား စနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1194
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀
ဆန်စပါးတစ်ခုတည်းကိုပင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ပါက နိုင်ငံ့စီးပွားရေးသည်လည်း များစွာတိုးတက်လာနိုင်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆန်စပါးထက် နိုင်ငံခြားငွေ ပိုမိုရရှိသည့် စိုက်ပျိုးရေးထွက်ကုန်အများကြီးရှိသည့်အတွက် ဆန်စပါးတစ်ခုတည်းအပေါ်တွင် မမှီခိုသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ပြည်တွင်းတွင် ဆန်စပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှုသည် များပြားသော်လည်း ဆန်စပါးမှ ရရှိသည့် နိုင်ငံခြားငွေသည် ကော်ဖီနှင့် တခြားသော ဆီထွက်သီးနှံများမှ ရရှိသည့် နိုင်ငံခြားငွေထက် နည်းပါးခြင်းကြောင့် မြန်မာနိုင်ငံသည် ဆန်စပါးတစ်ခုတည်းအပေါ်တွင် မမှီခိုသင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။
“အမှန်မှာတော့ ဆန်စပါးထက် ပိုရနိုင်တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ အများကြီး ရှိတယ်လေ။ ဆန်စပါးက တစ်တန်မှ ဒေါ်လာ ၄၀၀ လောက်ပဲ ရမှာကိုး။ တွက်ကြည့်လိုက်ပေါ့၊ တန်ချိန်ကို သန်းချီတင်မှ ဘယ်လောက် ရမှာလဲ။ သိပ်ချမ်းသာလောက်တဲ့ ပိုက်ဆံတော့ မဟုတ်ဘူးဗျ။ ကမ္ဘာပေါ်မှာ ဆန်တင်ပို့ပြီး ချမ်းသာနေတဲ့နိုင်ငံ တော့ ဒီလောက်ကြီးလည်း မရှိပါဘူး။ အများအားဖြင့်တော့ အမယ်စုံ တင်ရတာပေါ့နော်။ ဆန်ထက် ပိုရတဲ့အရာ တွေလည်း ရှိတာပေါ့နော်။ စိုက်ပျိုးသီးနှံမှာ သေချာ analysis လုပ်ရင် ကော်ဖီဆိုလည်း အများကြီး ရနိုင်တာပေါ့ နော် ဥပမာအားဖြင့် ပြောပြတာ။ တကယ်တင်နိုင်ရင် ကော်ဖီက ပိုတောင်မှ ပိုက်ဆံရတာပေါ့။ အဲဒီလိုပေါ့ စိုက်ပျိုး သီးနှံမှာလည်း လုပ်နိုင်တဲ့ ဆီထွက်သီးနှံတွေအများကြီး ရှိပါတယ်။ ဆန်စပါးတစ်ခုတည်းတော့ ရည်ရွယ်ပြီး လုပ်တာတော့ သိပ်ပြီးတော့ ဆရာတို့တော့ မှတ်ချက်တော့ မပေးလိုပါဘူး။ ဘာလို့လဲဆိုတော့ ဆန်စပါးထက် ပိုကောင်းတဲ့အရာတွေ ရှိတယ်။ အဲဒါတော့ analysis လုပ်ပြီးတော့ လုပ်သင့်တယ်၊ ဆန်စပါးတစ်ခုတည်းတော့ မမှီခိုသင့်ဘူးလို့ ဆရာတို့တော့ မှတ်ချက်ပြုပါတယ်ဗျ” ဟု ပြောသည်။
ယခုနှစ်တွင် နိုင်ငံတော်မှသော်လည်းကောင်း၊ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များကသော်လည်းကောင်း ဆန်စပါး စိုက်ပျိုးရေးနှင့် ပတ်သက်၍ စိုက်ပျိုးရေး ချေးငွေများ ထုတ်ချေးပေးခြင်းနှင့် တခြားသော အထောက်အပံ့ များ ထုတ်ပေးခြင်းကြောင့် တောင်သူများ စပါးစိုက်ပျိုးမှု ပိုများခဲ့ကြောင်း၊ ထို့နောက် ယခုနှစ်တွင် ဆန်စပါးများ ဈေးကောင်းရရှိခြင်းကြောင့် တောင်သူများ အကျိုးအမြတ် ရရှိခဲ့ကြောင်း သိရသည်။
ဆန်အိတ်များကို ကွန်တိန်နာကားပေါ်သို့ တင်ပို့နေစဉ်
လယ်ယာထုတ်ကုန်များအတွက် ဈေးကွက်ကောင်းများ ဖန်တီးပေးနိုင်ပါက စိုက်ပျိုးမှုနှုန်းများ တိုးလာနိုင်ပြီး ပြည်ပသို့ တင်ပို့သည့် ပမာဏသည် တိုးလာမည် ဖြစ်သည်ဟု တောင်သူများက ပြောသည်။
သို့သော်လည်း တိုင်းပြည်၏ဝင်ငွေသည် လျော့ကျနေမည်ဆိုပါက ဆန်စပါးတစ်ခုတည်းဖြင့် ထိန်းရန် ခက်ခဲ ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“တကယ်လို့ ဦးတို့ စိုက်ပျိုးရေးကဏ္ဍမှာသာ တကယ်ပဲ ဖွံ့ဖြိုးအောင်လို့ ဖွံ့ဖြိုးအောင်လုပ်တဲ့နေရာမှာ ဘာ အရေးကြီးဆုံးလဲဆိုတော့ လယ်ယာထုတ်ကုန်တွေရဲ့ ဈေးကွက်ကောင်းရအောင် ဈေးကွက်တွေ ချိတ်ဆက်နိုင်ဖို့ လိုအပ်တယ်၊ အဲဒါဆိုရင် မှန်ပါတယ်၊ ကုန်ထုတ်စွမ်းအားက ဥပမာဆိုရင် နှစ်တိုင်းက ဆန်တန်ချိန် ၃ သန်း ရောင်းရမယ်၊ ဥပမာဆို ပဲတန်ချိန် ၃ သန်း ရောင်းရမယ်ဆိုရင် ဒီနှစ်မှာက ဆန်တန်ချိန် တဖြည်းဖြည်းနဲ့ ၅ သန်း၊ ၆ သန်းအထိ ရောင်းလို့ရတဲ့ အနေအထားအထိ ရောက်သွားနိုင်တယ် အဲဒီလိုတော့ ရှိတယ်။ သို့သော် တိုင်းပြည်ရဲ့ ဝင်ငွေတွေ လျော့ကျသွားရင်လည်း ဒီတစ်ခုတည်းနဲ့တော့ ထိန်းဖို့ဆိုတာတော့ အတော်ခက်တာပေါ့။ ဒါပေမယ့် လည်း အခု နိုင်ငံခြားထွက်လုပ်တဲ့ လူတွေရဲ့ဝင်ငွေကလည်း အမှန်တော့ ဒီတိုင်းပြည်အတွက်က နိုင်ငံခြားဝင်ငွေ ဖြစ်လာတာပဲလေ။ ဒါကို စနစ်တကျ အသုံးချတတ်ရင်ပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပညာ ပိုင်းတွင် လိုအပ်ချက်ရှိနေသေးကြောင်း၊ ဆန်စပါး စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်လုပ်ငန်းရှင်များ လည်း လိုအပ်နေသေးကြောင်း တောင်သူများက ပြောသည်။
ထို့နောက် တချို့သော မြေလွတ်မြေရိုင်းများကို လယ်ယာလုပ်ကိုင်ခွင့် ပြန်လည်ခွင့်ပြုသင့်ကြောင်း၊ စိုက်ပျိုးရေး အတွက် လိုအပ်သော စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုများကိုလည်း အလွယ်တကူ ဝယ်ယူ၍ ရရှိနိုင်ရန်၊ တိမ်ကောနေသည့် ဆည်မြောင်းများကိုလည်း ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူရာတွင်လည်း နိုင်ငံတော်မှ အထောက်အပံ့ပေးရန် လိုအပ်နေသေးသည်ဟု တောင်သူ များက ပြောသည်။
သို့မှသာ ဆန်စပါးစိုက်ပျိုးရေးတွင် တောင်သူများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မည် ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 689
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉
ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၂၀၂၀ ခုနှစ်မှ စတင်၍ ၄ နှစ်ကြာ ပိတ်ထားသည့် မြန်မာ - လာအို ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်လိုက်သည်ဟု သိရသည်။
မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာနိုင်ငံထွက် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့၍ ရနိုင်ကြောင်း ကုန်သည်များက ပြောသည်။
သို့သော်လည်း လာအိုနိုင်ငံမှတဆင့် ကုန်စည်များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့မည်ဆိုပါက ကုန်ကျစရိတ် များကြောင်း၊ ထို့နောက် လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပြောင်းများသည် ပါမစ်ကာလ ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် မြန်မာ - လာအို ချစ်ကြည်ရေးတံတားဖွင့်လှစ်သော်လည်း အသုံးပြု၍ မရတော့ ကြောင်း တာချီလိတ်မှ ပြောင်းကုန်သည် ကိုစိုင်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။
“မိုင်းလားသွားရင်လည်း တရုတ်ကိုပဲ ရောင်းရတာ။ အခု ဖွင့်လိုက်တဲ့ ကျိုင်းလပ်တံတားဘက် သွားမယ်ဆိုရင် လည်း တရုတ်ကိုပဲ ရောင်းရမှာ။ တရုတ်က ပါမစ်ရှိနေတဲ့အချိန်ဆိုရင် ကျိုင်းတုံ - မိုင်းလား - တရုတ် တိုက်ရိုက် သွားတော့မှာလေ။ ကျိုင်းလပ်တံတားကနေ လာအိုကို ခံပြီးတော့ တရုတ်ကို မသွားတော့ဘူးလေ။ လာအိုကနေ တရုတ်သွားလည်း တရုတ်က ပါမစ်မရှိတော့ဘူး။ မိုင်းလားဘက်က ပါမစ်ပိတ်လိုက်လို့ လာအိုဘက်ကလည်း ပါမစ်ပိတ်မှာပဲလေ။ သွားလို့ရနေတဲ့အချိန်တောင်မှ ကျိုင်းလပ်ဘက်က မလာနိုင်ဘူး။ ကုန်ကျစရိတ်က လာအို နိုင်ငံကို အလကား ပေးရမှာလေ။ လာအိုကနေ ဖြတ်ပြီး ဝင်လာမယ်ဆိုရင်လည်း တရုတ်ပစ္စည်းပဲ ရှိမှာပဲလေ။ တရုတ်ပစ္စည်း တံတားပေါ် ဖြတ်မယ့်အစား မိုင်းလားဘက်ပဲ တိုက်ရိုက်ဝင်တော့မှာပေါ့။ အနီးအနားရှိတဲ့ ပြည်သူတွေအတွက်တော့ အကျိုးရှိမှာပေါ့နော်။ အသွားအလာ၊ အလည်အပတ်၊ အခြား နယ်ခံကထွက်တဲ့ သီးနှံတွေပေါ့ အဲဒီလောက်တော့ အကျိုးရှိမှာပေါ့” ဟု ပြောသည်။
မြန်မာ - လာအို ချစ်ကြည်ရေးတံတား ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေး လုပ်ဆောင်နိုင်မှု နည်းပါးသော်လည်း ဟိုတယ်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးဌာနနှင့် ပြည်ဝင်၊ ပြည်ထွက် သွားလာကြမည့် ခရီးသွားလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်းအတွက်လည်း များစွာအထောက်အကူပြုနိုင်ကြောင်း သိရသည်။
မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ ယာဉ်များ
မြန်မာ - လာအို ကုန်စည်စီးဆင်းမှု နည်းပါးခြင်းကြောင့် လက်ရှိ ချစ်ကြည်ရေးတံတား ဖွင့်လှစ်လိုက်ခြင်းသည် နှစ်နိုင်ငံ ဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်ရန် ဖြစ်နိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“ကုန်သွယ်မှုက အဲဒီနေရာကနေ သိပ်ပြီးတော့ စီးဆင်းတာမှ မဟုတ်ဘဲ။ ကျိုင်းတုံဘက်ကပဲ သွားနေတာ။ အရင်တုန်းကတော့ လာအိုဘက်က ပိတ်ထားတာတော့ ရှိတယ်။ မြန်မာပြည်က အလုပ်သမားတွေ ဝင်တာနဲ့ ပတ်သက်ပြီး။ ဘာအတွက်ဆိုတာလဲတော့ ရှေ့မျှော်မှန်းချက်လည်း ရှိကောင်းရှိမှာပေါ့။ သို့သော်ငြားလည်းပဲ လောလောဆယ်မှာတော့ နှစ်နိုင်ငံ ဆက်သွယ်ရေးကိစ္စ မပြတ် ဆောင်ရွက်လို့ရအောင်လို့ ရည်ရွယ်ပြီး ဖွင့်တယ်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
မြန်မာ- လာအို ချစ်ကြည်ရေးတံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ၊ လွန်နသန်ပြည်နယ်၊ လောင်းဝ်ခရိုင်၊ ဟွေဟုန်းကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ရပ်နားခဲ့ရကြောင်း သိရသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ - လာအို နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေး စခန်းမှတဆင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၀.၄၁၁ သန်းသာ ရှိပြီး သွင်းကုန် တင်သွင်းထားမှု မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။