
- By CNI
- Category: စီးပွားရေး
- Hits: 731
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
မလေးရှားရှိ အလုပ်ရှင်နှင့် အလုပ်စာချုပ် ချုပ်ဆိုရာတွင် မြန်မာများအား နှစ်မပြည့်ခင် အလုပ်ထုတ်ခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်ပါက ၃ လစာ လျော်ကြေးပေး၍ နေရပ်ပြန်ပို့ရမည်ဟူသည့်အချက်အား အလုပ်သမားဝန်ကြီးဌာနမှ ထည့်သွင်းထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံအချို့တွင် စီးပွားရေးအခြေအနေကြောင့် ပိတ်သိမ်းလိုက်ရသည့်အခါမျိုးတွင် မြန်မာလုပ်သားများသည် စာချုပ်ပါ လုပ်သက်နှစ်မပြည့်ဘဲ အလုပ်ရပ်နားလိုက်ရခြင်းကြောင့် ယခုအချက်အား ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး လုပ်သားများအတွက် ပို၍ အထောက်အကူဖြစ်သွားနိုင်စေကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
“ဌာနကနေပြီးတော့ စာထုတ်ထားတာပေါ့နော်။ အလုပ်သမားသံအရာရှိကို အကြောင်း ကြားထားတယ်။ တို့အလုပ်သမားတွေ နှစ်မပြည့်ခင်မှာ အလုပ်ကနေ ရပ်ဆိုင်းပစ်တယ်။ ထုတ်ပစ်တယ်ဆိုရင်၊ ဘောင်မဝင်တဲ့ ကိစ္စတွေ အလုပ်ရှင်တွေဘက်က ဆောင်ရွက်လာလို့ရှိရင် ၃ လ လျော်ကြေးပေးပြီးမှ မိခင်နိုင်ငံကို ပြန်ပို့ရမယ်ဆိုတဲ့ စာပိုဒ်လေး အသစ်ထည့်လိုက်တယ်။ အဲဒါလေးက အလုပ်သမားတွေအတွက် နိုင်ငံတော်က စောင့်ရှောက် ပေးလိုက်တာပဲ။ ဒါမျိုးက အလုပ်ရှင်တွေအများကြီး သူတို့လည်း စဉ်းစားသွားလိမ့်မယ် လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာ သိသွားလိမ့်မယ်။ သူတို့ကို ခံဝန်ကတိပါ ထပ်ထိုးခိုင်းလိုက်တယ်။ employment contract မှာ ထည့်တယ်၊ ဒုတိယအချက်က သူတို့ကို သီးသန့်ခံဝန်ထိုးခိုင်းတယ်၊ effective ဆိုတဲ့ စာရွက်မှာ ထိုးခိုင်း ပါတယ်။ အရမ်းကောင်းပါတယ်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံတွင်လည်း ၎င်းဥပဒေသည် ယခင်ကတည်းက ရှိနေခြင်းဖြစ်သော်လည်း ၎င်းအား ဆန့်ကျင်၍ အလုပ်ထုတ်ခြင်း၊ နေရပ်ပြန်ပို့ခြင်း၊ တာဝန်မှ ရပ်ဆိုင်းခြင်းအား ပြုလုပ်ခဲ့ကြကာ အလုပ်ထုတ်ခံရသည့် မြန်မာ နိုင်ငံသားများစွာရှိခဲ့ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ အကူအညီပေးနိုင်သည့် အဖွဲ့အစည်းမျိုးမရှိဘဲ ကိုယ်ထူကိုယ်ထဖြင့် လိုက်လံ ကူညီပေးသူများသာရှိသောကြောင့် ကူညီဆောင်ရွက်ပေးမှုသည် လုပ်သားအားလုံးကို မလွှမ်းခြုံနိုင်ခဲ့ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အခုအချိန်ကြမှ လူခေါ်လို့ကောင်းအောင် ကောက်ထည့်လိုက်တာလားဆိုတာ မသဲကွဲဘူးပေါ့။ အမှန်မှန်မှာက အေးဂျင့်တို့ လူခေါ်တဲ့ အေဂျင်စီတွေကလည်း ဒီကိစ္စမျိုးမှာ သူတို့အရမ်း အရေးပါပါတယ်။ သူတို့ဦးစီးဦးဆောင် ပြီးတော့ ဒီလိုမျိုး အလုပ်ရှာဖွေပေးပြီးတော့ ထည့်သွင်းပေးတဲ့အနေအထားမျိုးမှာ ဒီလူ တစ်ဦးတစ်ယောက် အလုပ်သမားအယောက်စီတိုင်း အမိမြေပြန်ရောက်တဲ့အထိ ဥပမာ စာချုပ် ၃ နှစ်ဆို ၃ နှစ်၊ ၃ နှစ်မတိုင်ခင်မှာ အခုလိုပြဿနာဖြစ်ပေါ်လာလို့အကြောင်းတစ်ခုခုဆို သူတို့က ဒီကလေးတွေဆီက ငွေကြေး ကောက်ခံယူထားတဲ့ အပေါ်မှာ အမိမြေပြန်ရောက်တဲ့အထိ တာဝန်ယူမှု ရှိနိုင်ခဲ့မယ်ဆိုရင် အရမ်းကောင်းတာပေါ့။ သူတို့ကနေ ဦးစီး ဦးဆောင်လုပ်မယ်ဆိုရင် ဒီဟာတွေက ကိုယ့်နိုင်ငံသား အလုပ်သမားတွေအတွက်ပဲ အကောင်းဘက်ချည်းပဲ သွားမယ်လို့ ကျနော်မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်သည့်အခါ၌ ယခင် လူခေါ်ခွင့်ကျထားပြီးသား အလုပ်ခေါ်စာ အဟောင်းများကိုသာ စေလွှတ်နေခြင်းဖြစ်ပြီး မလေးရှားဘက်မှ မြန်မာလုပ်သားများအား အသစ်ထပ်မံ ခေါ်ယူ ခြင်း မရှိသေးကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။
သို့သော် လာမည့် ဧပြီလနောက်ပိုင်းတွင် မြန်မာအပါအဝင် လုပ်သားအသစ်များအား ခေါ်ယူလာနိုင်ဖွယ် ရှိကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သုံးသပ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 767
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံသားများအနေဖြင့် အသက် ၁၈ နှစ်ပြည့်သွားသည့်သူတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် နစက-က ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်တွင်းမှာ လူသားအရင်းမြစ် လျှော့နည်းကာ ကုန်ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်နိုင်လား မေးခွန်းထုတ်မှုများ ရှိလာနေသည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် လူငယ်လူရွယ်များသည် စစ်မှုထမ်းရမည်ဖြစ်သလို တချို့သော လူငယ်များသည် ပြည်ပသို့ ထွက်ခွာရန် ပြင်ဆင်လာမှုများ ရှိလာသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်း ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အပိုင်းအခြားသည် လူဦးရေး သန်း ၂၀ ခန့် ရှိသော်လည်း အားလုံးကို စစ်မှုထမ်းရန်အတွက် ခေါ်ရန် မဖြစ်နိုင်ကြောင်း၊ သိန်းကဏန်းဝန်းကျင်ခန့်သာ ခေါ်ယူ နိုင်သည့်အတွက်ကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “မြန်မာပြည်မှာနေတဲ့ ၁၈ နှစ်နဲ့ ၃၀ ကြား လူတွေကတော့ အခြေခံဥပဒေအရရော၊ လုံးဝ စစ်မှုထမ်းရမယ့် ခေါင်းစဉ်အောက်ကို ရောက်သွားတာပေါ့နော်။ ဒါပေမယ့် လူတွေထင်သလိုမျိုး အကုန်လုံးတော့ သူက ခေါ်အုံးမှာ မဟုတ်သေးဘူး။ ၁၀ သန်းလောက်ကို ကျနော်တို့က တခါတည်း Training ပေးလို့မှ မရတာ။ အနည်းဆုံး လေ့ကျင့် ရေး သင်တန်းကျောင်းက ၅၀၀၀၊ ၁၀၀၀၀ လောက်ပေါ့ အများဆုံးပေါ့။ အဲဒီဟာတွေနဲ့ပဲ သူတို့ လုပ်နေမှာပေါ့။ ဆိုတဲ့အတွက် လုပ်ငန်းစုက အဲဒီလိုပဲလည်ပြီး ကျန်နေမှာလေ။ ဒီထဲမှာ လည်ပတ်နေတဲ့သူတွေက အကုန်လုံး ရပ် သွားမှာ မဟုတ်ဘူး။ အဲဒီထဲကမှ အစိတ်အပိုင်း တချို့လောက်ပဲ ခဏ ကျောင်းသွားတက်တဲ့ ပုံစံမျိုးပေါ့။ ကျနော် တို့ ရုံးတွေမှာဆိုရင်လည်း ကျောင်းသွားတက်ရင် ခွင့်ပြုပေးရတာမျိုး ရှိတယ်လေ။ ကုန်ထုတ်မှုစွမ်းအားမှာ ကျဆင်းတယ်ဆိုတာကတော့ သိပ်ပြီးတော့ ကျနော်တို့က ခေါင်းထဲမှာ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ တော် တော်များများကလည်း နိုင်ငံခြားထွက်ကြတယ်လေ။ အခုဆိုရင် ဂျပန်ကိုသွားတဲ့သူတွေက လှည်းတန်းမှာ ကျနော် တို့သွားကြည့်တော့ ကားတွေတောင်ပိတ်တယ်။ တစ်ရက်ထဲကို လူ ၅၀၀၀၊ ၁၀၀၀၀ လောက် ရှိတာ။ ဘာမှတော့ မဆန်းဘူး။ ကျနော်တို့ကတော့ ဘာမှ မထိခိုက်ဘူးလို့တော့ မြင်တာပေါ့။ ဒီအချက်တွေအားလုံးကို သုံးသပ်ပြီးမှ ဒါကိုပဲ ကျနော်တို့က focus ထားတာပေါ့နော် ငါတို့အတွက် ဘာထိခိုက်နိုင်မလဲ” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်သည်။
ထို့အတူ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံ သားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို ဆိုသည်။
ဆန်အိတ်ထမ်းနေသူကို တွေ့ရစဉ်
ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားသော အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုသည်။
သို့သော်လည်း နိုင်ငံတော်တွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့ပါက ဥပဒေအရ ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်မည်ဟု ဖော်ပြထားသည်။
ဦးစားပေးအနေဖြင့် အသက် ၃၅ နှစ် ပြည့်တော့မည့် သူများကို ပထမဦးဆုံးအနေဖြင့် ခေါ်ယူသွားနိုင်ခြေရှိသော် လည်း လက်ရှိအခြေအနေအရ အသက် ၃၅ နှစ် ပြည့်မည့်သူတိုင်းကိုပင် မခေါ်ယူနိုင်သေးကြောင်း၊ ထို့ကြောင့် လူဦးရေ သောင်းကဏန်းခန့်သာ စတင်ခေါ်နိုင်မည့်သဘော ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက ၃၅ နှစ် ကပ်တဲ့သူတွေ အရင်ဆုံး စခေါ်မှာလေ။ လူငယ်တွေမပြောနဲ့ ၃၅ နှစ် ကပ်တဲ့သူတွေကို အကုန်မခေါ်နိုင်ပါဘူး။ သူ့ဆီမှာ လူဦးရေ ၁ သန်းလောက်ထပ်ဝင်၊ လူဦးရေ ၁ သန်းအတွက် ဘတ်ဂျက် မရှိဘူး လေ။ ဘာလို့ဆို စစ်မှုထမ်းဖို့ဆိုတာ နေရာထိုင်ခင်း၊ အဝတ်အစား၊ equipment၊ အစားအသောက်၊ နေထိုင်စရိတ် အကုန်လိုသေးတာလေ။ အဲဒါတွေ ပြင်ဆင်ပြီးမှ လုပ်လို့ရမှာလေ။ အသုတ် တစ်သုတ်ခေါ်ရင် အဲဒီလောက် ထိခိုက် တဲ့ အရေအတွက် မရောက်နိုင်ပါဘူး။ သိန်းကဏန်းလောက်တောင် မသွားနိုင်တဲ့ကိစ္စပါ။ သောင်းကဏန်းလောက် ပဲ စပြီးတော့ သွားနိုင်မှာပါ” ဟု ပြောသည်။
မြန်မာ့တပ်မတော်က ပြည်သူ့စစ်များကို လက်နက်တပ်ဆပ်ပေးနေစဉ်
စစ်မှုထမ်းရန်အတွက် ခေါ်ယူမည့် လူဦးရေ၏ အရေအတွက်ပေါ် မူတည်ပြီးတော့ ကုန်ထုတ်လုပ်မှုတွင် လုပ်သား ရှားပါးမှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ လူဦးရေ၏ အယောက် ၁၀၀၀ တွင် ၁၀ ယောက်သာ ခေါ်ယူမည်ဆိုပါက သက်ရောက်မှု မရှိသော်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအထက် ခေါ်ယူမည်ဆိုပါက ကုန်ထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှု ပြဿနာ ဖြစ်ပေါ်လာနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အတိုင်းအတာ တစ်ခုတော့ ဖြစ်သွားမှာပဲ။ ဒါပေမယ့် ရှိသမျှလူ ဝင်ရမှာလား။ ဒါမှမဟုတ် အခု ကြားနေ တာ အိမ်ခြေ ၇၀၀၊ ၁၀၀၀ အဲဒီလိုရှိတဲ့ရွာကိုမှ ၂ ယောက်၊ ၃ ယောက် အဲဒီလို ခေါ်မယ်ကြားတယ်။ အရေအတွက် ပေါ်မှာ မူတည်ပါတယ်။ ဥပမာဆိုပါတော့ အိမ်ခြေက ၁၀၀၀ ရှိတယ်၊ ၁၀၀၀ ရှိလို့ ၁၀ ယောက်ခေါ်ရင်တော့ သိပ်ပြီးတော့ အန္တရာယ် မရှိပါဘူး။ ၁၀၀၀ ကို ၅၀၀ ခေါ်ရင်တော့ အန္တရာယ် ရှိသွားမှာပေါ့။ ၂၀၀ ခေါ်ရင် အန္တရာယ် ရှိသွားမှာပေါ့။ ၁ အိမ် ၁ ယောက်နှုန်းနဲ့ ခေါ်ရင် ဘယ်သူက အလုပ်လုပ်ကျွေးတော့မှာလဲ။ ဥပမာ အုပ်စုတစ်စုမှာ အိမ်ခြေ ၇၀၀ ရှိတယ်။ အဲဒါကို လူ ၇၀၀ ခေါ်မယ်ဆိုလို့ကတော့ ဖြစ်လည်းမဖြစ်နိုင်ဘူး။ လူ ၇၀၀ ခေါ်ရင် ဒီလူတွေ ရဲ့ စရိတ်ကို ဘယ်လိုကျွေးမလဲ။ မဖြစ်နိုင်ပါဘူး။ တစ်ခုရှိတာက ရှိတဲ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းထက် မကျော်ဘူးဆို ရင်တော့ အန္တရာယ် မဖြစ်လောက်ပါဘူး” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အလိုက် အဖွဲ့များ ဖွဲ့စည်းရမည့် ဥပဒေ၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည့်အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်ရန်၊ စိစစ်မည့် အပိုင်းများကို အချိန်ယူရမည့် အပိုင်းများ ရှိနေခြင်းကြောင့် စစ်မှုထမ်းမှုကို အကောင်အထည်ဖော်ရန် အချိန်ကာလ အားဖြင့် ၃ လမှ ၆ အထိ ကြာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 675
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တရားမဝင်လမ်းကြောင်းဖြင့် ပြည်ပထွက်ခွာမည့် လူဦးရေ နှုန်းထားသည် ပို၍ များလာနိုင်မည်ဟု ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပထွက်ခွာမည့်လူဦးရေ ပိုမိုများပြားလာမည်ကို နစကဘက်မှ ကြိုတင် တွက်ချက်ထားနိုင်သဖြင့် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ်များတွင် ပို၍ တင်းကြပ်လာနိုင်ဖွယ်ရှိကြောင်း၊ ၎င်းအခြေအနေကြောင့် တရားမဝင်လမ်းကြောင်းဖြင့် ပြည်ပထွက်ခွာသူဦးရေ ပို၍ များပြားလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေကို အလွှာပေါင်းစုံကနေ လူငယ်တွေ၊ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ထွက်ပြေးလာကြမယ်။ တိမ်းရှောင်လာကြမယ်။ ခိုးဝင်လာကြမယ်။ အဲဒီအပေါ်မှာ မသမာတဲ့ ပွဲစားတွေရဲ့ သွေးဆောင်ဖြားယောင်းမှုအပေါ်မှာ ရောင်းစားခံရတာ၊ လူကုန်ကူးခံရတာ၊ အလိမ်ခံရတာတွေ၊ တစ်ဖက် ထိုင်းနိုင်ငံမှာဆိုရင်လည်း အဖမ်းအဆီးခံရတာတွေ ပိုမိုများပြားလာနိုင်တယ်လို့ သုံးသပ် တယ်။ လက်ရှိ မြန်မာနိုင်ငံထဲမှာ ဥပမာ လူငယ် ၅ သန်းရှိတယ်ဆိုပါတော့။ သူကြေညာတဲ့အတိုင်း ၁၈ ကနေ ၃၅ လူငယ် ဒီအရွယ် ၅ သန်းရှိတယ်၊ ၁၀ သန်းရှိတယ်၊ ၁၅ သန်းရှိတယ်ဆိုလည်း အဲဒီမှာ ပြည်ပနိုင်ငံကို အနည်းဆုံး ခိုးဝင်ကြမှာ ၇၅ ရာခိုင်နှုန်းလောက် ခိုးဝင်ကြမယ်။ ကျန်တဲ့လူငယ်တွေက ခိုးဝင်ရင် အဖမ်းခံရမှာဆိုတော့ တောခို သွားနိုင်တယ်။ လူငယ်တွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ရသလို ပြည်ပကို ခိုးဝင်မယ့် အင်အားဟာလည်း ပိုမို များပြားလာနိုင်တယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့တပ်မတော်သားများ
အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာမည့် မြန်မာနိုင်ငံသားလူဦးရေသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပြည်ပထွက်ခွာမှုနှုန်းထားထက် ပို၍များပြား လာနိုင်ဖွယ်ရှိကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
ပြည်ပနိုင်ငံသို့ ထွက်ခွာရာတွင်လည်း နိုင်ငံကူးလက်မှတ်တစ်ခုရှိရုံဖြင့် မလုံလောက်ကာ ငွေကြေး၊ ဘာသာစကား၊ အသိမိတ်ဆွေ၊ အလုပ်အကိုင်ကျွမ်းကျင်မှု အစရှိသဖြင့် များစွာလိုအပ်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ထုတ်ပြန်လာပါက နိုင်ငံတော်ခေါင်းဆောင်ပိုင်းမှ ၎င်းတို့၏ သားသမီးများ၊ သူဋ္ဌေးသားသမီးများ၊ အနုပညာရှင်များ စသည့် ပုဂ္ဂိုလ်တို့မပါဝင်ပါကလည်း ခွဲခြားမှုတစ်ရပ်ဖြစ်ကြောင်း ထောက်ပြကြသည်။
တောင်ကိုရီးယားတွင် စစ်မှုထမ်းရာ၌ ၎င်းတို့၏ တာဝန်သိစိတ်ဖြင့် ပြည်ပရန် ကာကွယ်ရေးအတွက် ကြိုတင် လေ့ကျင့်ထားကြခြင်းဖြစ်ပြီး လူတန်းစား ခွဲခြားမှုမရှိဘဲ သတ်မှတ်သူများအားလုံး စစ်မှုထမ်းရခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပရန် ကာကွယ်ရေးထက် ပြည်တွင်းတိုက်ပွဲများကိုသာ ဦးတည်သဖြင့် မည်သူမျှ စစ်မှုထမ်းလိုကြမည်မဟုတ်ကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေး စင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
ပတ်စပို့ရုံးရှေ့တွင် တန်းဆီစောင့်ဆိုင်းနေကြသူများ
ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုလိုက်ပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အကြောင်းကြားလာပါက ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် အထောက်အထား သက်တမ်းများရှိသရွေ့အထိ ပြည်ပ နိုင်ငံများတွင် ဆက်လက်နေထိုင်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကိုရီးယားအသိုင်းအဝိုင်းက မြန်မာတွေ ပြောနေတာကတော့ မြန်မာမှာ ပြည်တွင်းစစ်ပုံစံလိုမျိုး နိုင်ငံရေး အကြပ် အတည်းတွေဖြစ်နေတဲ့အတွက် လူသားချင်းစာနာတဲ့ ဗီဇာကို ထုတ်ပေးထားပြီးဖြစ်တဲ့အတွက် ဒီဗီဇာနဲ့ပဲ သူတို့ ဆက်နေကြမှာပဲ ပြန်မှာမဟုတ်ဘူး။ ဆိုရင် အလုပ်သမားလိုအပ်ချက်ကလည်း ရှိလာမှာ မဟုတ်တော့ဘူး။ သူက နိုင်ငံအလိုက် မြန်မာနိုင်ငံရဲ့အလုပ်သမားက ကိုရီးယားမှာ အနည်းဆုံး ၃ သောင်း ရှိရမယ်လို့ သတ်မှတ်ထားတယ် ဆိုရင် အဲဒီ ၃ သောင်းဝန်းကျင်ကိုပဲ ထားတယ်။ ဒီ ၃ သောင်းထဲက နှစ်ပြည့်လို့ တစ်နှစ်ထဲမှာ ၅ ထောင်ပြန်သွားရင် နောက် ၅ ထောင်ပြန်ခေါ်တဲ့ သဘောမျိုးပေါ့။ အခုဆိုရင် လူတွေက မပြန်တော့ဘူး ဆိုပါတော့။ မပြန်တော့ဘူး ဆိုရင် မြန်မာအတွက် ပေးထားတဲ့ အလုပ်နေရာတွေက ပြည့်နေပြီဆိုရင်တော့ မြန်မာပြည်ကနေ နောက်ထပ် လာဖို့၊ခေါ်ဖို့ဆိုတာတော့ မဖြစ်နိုင်သလောက် ခက်ခဲသွားမယ်။ ကိုယ့်လူအချင်းချင်း အခက်အခဲတွေပိုဖြစ်တာပေါ့ ရှေ့ကမပြန်လို့ နောက်ကလူတွေက လာလို့မရဘူး ဆိုတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုလိုက်သည့်အထဲတွင် အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ် မပြည့်သေးသည့် နိုင်ငံသား၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသည့် နိုင်ငံသားတိုင်း ပါဝင်ပြီး ကျွမ်းကျင်သူဖြစ်ပါက အမျိုးသားဆိုလျှင် အသက် ၄၅ မပြည့်သေးသူ၊ အမျိုးသမီးဆိုပါက ၃၅ နှစ် မပြည့်သေးသူများ အားလုံးကို ဆိုလိုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 721
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
EV လျှပ်စစ်ကားများ တင်သွင်းခွင့်ရသည့် ကုမ္ပဏီအများအပြား ဖြစ်လာခြင်းကြောင့် EV ကား အမျိုးအစားများစွာ ဝင်လာနိုင်၍ ပြိုင်ဆိုင်မှု ပြင်းထန်လာမည်ဟု မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်း ရှင်များက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ ၃၀ ကို ခွင့်ပြုပေးခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၅၁ ကျော်ကို ထပ်မံခွင့်ပြုပေးလိုက်ခြင်းကြောင့် လက်ရှိတွင် ကုမ္ပဏီ ၈၁ ခု ရှိပြီဖြစ်သည်။
ထိုသို့ EV တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီ ၈၀ ကျော် ရှိလာပြီဖြစ်သည့်အတွက် EV တင်သွင်းရာတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာမည်ဖြစ်ပြီး ပြည်တွင်းသို့ ကားအမျိုးအစားများစွာ ဝင်ရောက်လာမည်ဟု မော်တော်ယာဉ် ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များထံမှ သိရသည်။
နောက်ပိုင်းတွင် EV ကား သုံးစွဲသူ များလာပြီး EV ကား ဈေးကွက်လည်း တည်ငြိမ်လာမည်ဟု ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
လျှပ်စစ်ကားတွေကို တွေ့ရစဉ်
၎င်းက “EV ကား ဈေးကွက်တော့ တကယ် သတ်မှတ်ထားတဲ့ဈေးနဲ့ ဝယ်ထားတဲ့သူကတော့ ဘာမှဆုံးရှုံးမှု မရှိပါ ဘူး။ ဘာလို့ဆို အခွန်က free ပေးထားတယ်လေ။ ဒါပေမယ့် EV ကို အမြတ်ပေးပြီး ဝယ်ထားတဲ့ သူတွေကတော့ ဆုံးရှုံးနိုင်တာပေါ့။ နည်းနည်းလေး ဆုံးရှုံးနိုင်တော့ အမျိုးအစား အများကြီး ဝင်လာမှာ။ အပြိုင်အဆိုင် ပြင်းထန် လာလိမ့်မယ်။ ဆိုတော့ ဒီသွင်းလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းကို ဥပမာ တကယ့်ပေါက်ဈေးက တိုယိုတာလိုမျိုးဆိုရင် တကယ့်ပေါက်ဈေးက ၁၁၀၀၊ ၁၁၅၀ ပဲ ရှိတဲ့ဟာကို ၁၇၀၀၊ ၁၈၀၀ ဝယ်တဲ့သူက ကားဈေး များများ ဝပ်လာရင်တော့ နည်းနည်းလေး ပြန် change သွားမှာပေါ့။ ဒီလိုမျိုး သက်ရောက်မှုတော့ ရှိတာပေါ့။ နောက်ပိုင်း သုံးစွဲတဲ့သူက များလာမှာပါ။ EV သုံးစွဲတဲ့သူက ပိုပြီးတော့ များလာမှာ။ လောလောဆယ်တော့ ဈေးနှုန်း ကတော့ တည်ငြိမ်သွားမှာပါ နောက်နှစ်မှာတော့လေ ဈေးနှုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သွားမှာ” ဟု ပြော သည်။
လက်ရှိ ၂၀၂၄ ခုနှစ်တွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ ၈၁ ခုကို တာဝန်ပေးထားသလို သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင် ထုတ်ပေးမည်ဖြစ် ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီ ၃၀ ကို မည်မျှ တင်သွင်းခွင့် ပေးထားသည်ကို မသိရသော်လည်း လက်ရှိ EV တင်သွင်းမည့် ကုမ္ပဏီအသစ် ၅၁ ခုတွင် ကုမ္ပဏီ ၁ ခုကို တစ်နှစ်လျှင် အစီးရေ ၅၀၀ နှုန်း တင်သွင်းခွင့်ရှိကြောင်း သတ်မှတ်ထားသည်။
ထိုသို့ တင်သွင်းမည်ဆိုပါက တစ်နှစ်အတွင်း အစီးရေ ၂ သောင်းခွဲအထိ တင်သွင်းမည့်သဘော ဖြစ်နေသည်ဟု သိရသည်။
လျှပ်စစ်ကား အားသွင်းတဲ့နေရာကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် EV ကား အစီးရေနှင့် အားသွင်းနိုင်သည့်နေရာ ပြုလုပ်ပေးထားမှု သည် လုံလောက်မှုရှိသော်လည်း နောက်ထပ် ထပ်မံဝင်ရောက်မည့် ကားအစီးရေအတွက် စဉ်းစားရန် လိုအပ် ကြောင်း၊ ထို့နောက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့်လည်း EV တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေကို ရရှိနိုင်ရန် လုပ်ဆောင်ပေးဖို့ လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ် ကားများလာတဲ့အချိန်မှာ ဝန်နဲ့အားနဲ့ မမျှနိုင်ဘူး EV က။ EV station နဲ့ ကားသွင်းတဲ့အားနဲ့ မမျှ ဘူး။ အဲဒါတော့ သေချာစဉ်းစားသင့်ပြီ။ ၅၀၀ သွင်းရမယ်လို့တော့ ဦးဆောင်ကော်မတီက မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် ၅၀၀ သွင်းရမယ်လို့တော့ ဆရာတို့သိတာတော့ အေးဂျင့်တစ်ခုက ၅၀၀ သွင်းမှပဲ ဟိုဘက်က sale ကန်ထရိုက်က ထုတ်ပေးတဲ့သဘောရှိတော့ ဒီလိုပဲ ဖြစ်မှာပေါ့။ သူက ၅၀၀ သွင်းတာကို ၅၀၀ လုံး ရောင်းရချင်မှ ရောင်းရမှာလေ။ မြန်မာပြည်မှာက EV ရောက်လာလို့ အစီး ၂ သောင်းခွဲလုံး သုံးနိုင်တဲ့ ဖြုန်းအား ရှိပါ့မလားဆိုတာ ပြဿနာ ရှိတယ်လေ။ လောလောဆယ် ICE ကားတွေကလည်း လိုင်စင်ကရှိနေတော့ သုံးရအုံးမှာကိုး။ အဲဒါ ကြောင့်မို့လို့ ရှင်းရှင်းပြောရင်တော့ အခက်အခဲတွေကတော့ demand နဲ့ Supply မှာလည်း ပြဿနာ ရှိတယ်လေ။ နိုင်ငံခြားငွေ အခက်အခဲကတော့ နိုင်ငံခြားငွေခက်ရင်လည်း သွင်းရတာ ခက်အုံးမှာကိုး။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ကလည်း ပိုက်ဆံမချပေးရင် ဘာနဲ့သွင်းမလဲ။ အဲဒီတော့ အများကြီး criteria တွေတော့ ဖြစ်လာစရာ ရှိပါသေး တယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းသို့ BYD, Toyota, Honda, MG4, Nissan စသည့် EV ကား အမျိုးအစားများစွာ ဝင်ရောက်ထားကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ကားအစီးရေ ၁၀၀၀ ကျော် ဝင်ရောက်ထားကြောင်း၊ အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်ပြီး အနိမ့်ဆုံး ကျပ်သိန်း ၆၀၀ ကျော်မှ ကျပ်သိန်း ၂၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 608
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ထိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ယခုထက်ပိုမို ပေါများလာမည်ဖြစ်သောကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် လိုအပ်သည့် အရည်အချင်း၊ အထောက်အထားများအား ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများထဲတွင် ခရီးသွားလုပ်ငန်းသည် ထိပ်ဆုံးမှပါဝင်နေသဖြင့် ခရီးသွား ကဏ္ဍအား ယခုထက် ပိုမိုဦးစားပေးဆောင်ရွက်သွားရန်အတွက် ဖန်ငါ နိုင်ငံတကာလေဆိပ်သစ်အား ၂၀၃၁ ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်နိုင်မည့် စီမံကိန်းတစ်ခုကို ထိုင်းအစိုးရမှ ပြင်ဆင်နေသည်။
ထို့ကြောင့် ထိုင်းတွင် ဟိုတယ်နှင့်ဝန်ဆောင်မှုလုပ်ငန်းများသာမက ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ပေါများလာမည်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“သူက ဆက်စပ်နေတာပေါ့။ လေဆိပ်အသစ်ကို ဆောက်တယ်ဆိုတာက ဒီမှာ လူအင်အားနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်ဖို့အတွက် လေယာဉ်တွေ အဝင်/အထွက် ပိုများလာမယ်။ ဒါကြောင့် ကြိုပြီးတော့ ပြင်တာပေါ့နော်။ ဖူးခက် လေဆိပ်တစ်ခုနဲ့ဆို ဒီဘက်မှာ မနိုင်ဘူး။ အရင်တုန်းက သုဝဏ္ဏဘူမိပေါ့ လေဆိပ်ကြီးဆိုရင်လည်း ခေါ်တာပဲလေ။ ဒါပေမယ့်ကိုယ်ကတော့ တကယ့်ကျွမ်းကျင်လုပ်သားနေရာမှာ ရချင်မှရမှာပေါ့။ ဒါပေမယ့် သူက ကျွမ်းကျင်တဲ့သူ ဆိုရင်လည်း ပေးကြပါတယ်။ ကိုယ့်ကိုခေါ်တဲ့ ကန်ထရိုက်အပေါ်ပဲ မူတည်တာပေါ့။ ဒါကြောင့်မို့လို့ ကိုယ်တွေ ကသာ အရည်အချင်းလေးရှိအောင်လုပ်ထားဖို့ ကျနော်တို့က အမြဲတမ်းလှုံ့ဆော်တာပေါ့။ တကယ်လို့ ကိုယ့်မှာ ဘာသာစကားလေး၊ ဧည့်ကြိုနဲ့ပတ်သက်တဲ့ဟာမျိုးတွေ အဲဒါမျိုးတွေကို ကိုယ်က ကျွမ်းကျွမ်းကျင်ကျင် ရှိထား တယ်ဆိုရင် ဘာပဲပြောပြောအလုပ်အကိုင်ရှာရတာ သူများထက်ပိုလွယ်တာပေါ့” ဟု ၎င်းက ပြောသည်။
အလုပ်တစ်ခုရရှိသည့်အပိုင်းတွင်လည်း ဘာသာစကားအပေါ်မူတည်ကာ ကွာခြားချက်ချက်များရှိပြီး အလုပ်ရှင် များမှ ဘာသာစကားမတတ်ကျွမ်းသည့်သူထက် တတ်ကျွမ်းသည့်သူကိုသာ ဦးစားပေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိ လုပ်ကိုင် နေသည့် နယ်ပယ်တွင် ကျွမ်းကျင်လုပ်သားအဆင့်သို့ရောက်ရှိပါက ကြုံရာကျပန်း အလုပ်လုပ်ကိုင်ရခြင်းထက် လုပ်ငန်းခွင်အား မိမိစိတ်ကြိုက်ရွေးချယ်ကာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့က အကြံပြုသည်။
ဟိုတယ်ဝန်ထမ်းတစ်ဦး
ထို့အပြင် မြန်မာနိုင်ငံ၌ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာသည့်အခါတွင် နေရပ်ပြန်၍ ကိုယ်ပိုင်စီးပွားရေး ဆောင်ရွက်လိုပါက ၎င်းတတ်မြောက်ခဲ့သည့် လုပ်ငန်းပညာရပ်များသည် အကျိုးပြုမှာဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဥပမာ ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးဆောက်ရင် ဘယ်လိုဆောက်လဲ၊ ကိုယ့်ဗမာပြည်မှာ ဆောက်လုပ်ရေး ဆောက်ရင် ဘယ်လို ဆောက်လဲ အဲဒါကအစ၊ စက်ရုံတည်ဆောက်မှုကအစ။ နောက်တစ်ခုက လုပ်ငန်းရှင်တွေ အနေနဲ့ စက်ရုံတွေ ထောင်တဲ့အခါကျရင် အထည်ချုပ်လုပ်ငန်းသည် အော်ဒါတွေကို ဘယ်လိုပုံစံမှာကြလဲ၊ သူတို့ အော်ဒါတွေကို ဘယ်နိုင်ငံက ရတာလဲ၊ သူတို့လုပ်ငန်းရှင်ဖြစ်အောင် ဘယ်လိုဖန်တီးကြတာလဲ သူ့နေရာနဲ့သူပေါ့။ တစ်ပိုင်းမှာ ကိုယ့်စားဝတ်နေရေးအတွက် ရုံးကန်နေသလို တစ်ပိုင်းမှာလည်း ကိုယ့်အတွက် အသက်မွေးဝမ်း ကြောင်းတွေကို တတ်မြောက်ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံကို ပြန်သွားတဲ့အခါကျရင် ဖွံဖြိုးတိုးတက် လာလို့ စီးပွားရေး တစ်ခုခု လုပ်စားမယ်ဆိုရင်လည်း ဒါတွေက ကိုယ့်အတွက် တစ်ချိန်ချိန်မှာ အကျိုးပြုလာမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိသော်လည်း အများစုသည် အောက်ခြေ အလုပ်အကိုင် များကိုသာ အဓိက လုပ်ကိုင်နေကြရခြင်းဖြစ်သည်။
ထို့ကြောင့် ရေရှည်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါများလာနိုင်သောကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အထောက်အထား ပြည့်စုံစွာရှိထားကြရန် အဓိက လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 700
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
လက်ရှိ ထောပတ်သီးရာသီတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ပြည်ပသို့ တင်ပို့ရာမှာ အခက်အခဲ ရှိနေပြီး ထိုင်းနိုင်ငံတစ်ခုတည်းသာ တင်ပို့နိုင်သည်ဟု မြန်မာနိုင်ငံထောပတ်သီးအသင်းထံမှ သိရသည်။
ထိုင်းနိုင်ငံကို နယ်စပ်လမ်းကြောင်းဖြင့် တင်ပို့လျက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထောပတ်သီး တင်ပို့သည့် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရသလို တောင်သူများလည်း ဈေးကောင်းမရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံထောပတ်သီး တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ကိုကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ထောပတ်သီးကျတော့ ဈေးကောင်းကောင်း၊ မကောင်းကောင်း ပို့ရမှာပဲလေ။ သူက ကုန်စိမ်း ဆိုတော့ ထားလို့မရဘူး။ ကော်ဖီကျတော့ သူက ထားလို့ရတယ်။ ဒီနှစ်မကောင်းရင် နောက်နှစ်ထားလို့ရတဲ့ အတွက် ကျနော်တို့ကျတော့ ဈေးမကောင်းလည်း ကျနော်တို့ ပို့ပြီး ရောင်းရတာပဲပေါ့။ အခု ဒီနှစ်ကတော့ ကျနော် တို့ ဘယ်မှ မပို့ဖြစ်ဘူး။ ထိုင်းတစ်မျိုးပဲ ပို့ဖြစ်တယ်ဗျ။ နယ်စပ်လမ်းကြောင်းတစ်မျိုးပဲ ရှိတယ်ဗျ။ လမ်းပန်း ဆက်သွယ်ရေး မဖြောင့်ဖြူးတဲ့အတွက် ကျနော်တို့ ထိုင်းဘက်က ဝယ်တဲ့ကုန်သည်တွေ ရှုူံးတယ်။ ရှုံးတော့ သူတို့ က တောင်သူတွေကို ဈေးကောင်းကောင်း မပေးဘူးပေါ့ အဲဒီလို သံသရာလည်သွားတယ်ဗျ။ ဒီနှစ်ကတော့ အကြမ်းဖျဉ်းပဲ ကျနော်တို့ ပြောလို့ရမယ်။ ဒေသထောပတ်သီးရော၊ Hass ထောပတ်သီးရော တန်ချိန် ၂၅၀၀ လောက်တော့ မှန်းထားပါတယ်ဗျ” ဟု ပြောသည်။
မြန်မာပြည်မှ ထွက်ရှိသည့် ထောပတ်သီးကို တရုတ်၊ ထိုင်း၊ မလေးရှား၊ ယူအေအီး၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကို နှစ်စဉ်တင်ပို့လေ့ရှိသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံတစ်ခုတည်းသာ တင်ပို့နိုင်သည်။
ဒါ့အပြင် မြန်မာနိုင်ငံက ထောပတ်သီးတန်ချိန် ၁၀၀၀ ကို ဝယ်ယူဖို့ အိန္ဒိယက ဇူလိုင်လမှာ ကမ်းလှမ်းခဲ့သော်လည်း လက်ရှိတွင် နယ်စပ်လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်း အဆင်မပြေခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင်လည်း လမ်းကြောင်းအခက်အခဲများကြောင့် ကုန်သည်များမှာ ဝယ်ယူမှု နောက်ကျ ခဲ့ခြင်းကြောင့် တောင်သူများ စိုက်ပျိုးထားသည့် ထောပတ်သီးများသည် အမှည့်လွန်ခြင်းများ ဖြစ်ပေါ်ခဲ့မှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ထောပတ်သီး တစ်ကီလိုလျှင် ငွေကျပ် ၈၀၀၀ အထိ ဈေးကောင်းရရှိခဲ့သော်လည်း ယခုနှစ်တွင် ၅၀၀၀ ကျပ်သာ အမြင့်ဆုံး ရရှိခဲ့သည်ဟု ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျောက်တလုံးမြို့နယ်မှ ထောပတ်အသင်း ဥက္ကဋ္ဌ ခွန်အာကာက CNI သတင်းဌာနသို့ ပြောသည်။
“ဒီနှစ်ကျ တောင်သူက အမျိုးမျိုး ရှိတာပေါ့နော်။ အစောပိုင်းကျတော့ ပစ္စည်းပေါ်မှာ မူတည်တာပေါ့။ ပစ္စည်း ကောင်းရင်တော့ ၃၀၀၀၊ ၄၀၀၀။ ပစ္စည်းမကောင်းရင်တော့ ၁၀၀၀ လည်းရှိတယ်၊ ၁၅၀၀ လည်း ရှိတယ်။ နောက်ပြီးတော့ အဝယ်သမားက လမ်းကပိတ်တဲ့အခါကျတော့ နည်းနည်းလေး နှောင့်နှေးသွားတော့ အသီးတွေ ကြွေတာများတယ် ဒီနှစ်။ အရင်တုန်းကတော့ တစ်ကီလို ၄၀၀၀၊ ၅၀၀၀၊ ၆၀၀၀၊ ၈၀၀၀ ရောက်တယ်။ အခု ကျတော့ အစောပိုင်းကျတော့ နည်းနည်းလောက်ပဲ။ အခုနောက်ပိုင်း ရှားတဲ့အချိန်ကျမှ နည်းနည်း အကျန်သီး တွေတော့ ဈေးပြန်တက်ပါတယ်။ ဒါပေမယ့် အလယ်မှာ အများဆုံးထွက်တဲ့အချိန်ကျတော့ ဈေးမရှိဘူးပေါ့။ အမြင့်ဆုံးရတဲ့ဈေးက ၅၀၀၀ ပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးကြပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံတွင် ထောပတ်သီးတန်ချိန် ၃,၀၀၀ အထိ ထွက်ရှိခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 543
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ၏ ခရီးစဉ်နှုန်းထားများအား ပျမ်းမျှ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
ခရီးစဉ်များအား ရောင်းချပြီးသည့်နောက်မှ စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်သွားသည့် အခါမျိုးတွင် ခရီးသွား ဧည့်သည်များထံမှ နှုန်းထား ထပ်တိုးကောက်ခံ၍ မရတော့သဖြင့် ခရီးသွားလုပ်ငန်းများမှ စိုက်ထုတ်ကာ ကျခံရ သောကြောင့် အခက်အခဲများဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးနောင်းနောင်းဟန် “ခရီးသွားမှာကလေ ကျနော်တို့အခက်အခဲက ဘယ်လိုဖြစ်နေလဲဆိုတော့ ခရီးစဉ်တွေ အတွက်ကို ဈေးနှုန်းတွေ ကြိုတင်တွက်ချက်ထားတာပေါ့။ အဲဒါတွေနဲ့ မကိုက်ညီဘူး ဖြစ်နေတော့။ ခရီးစဉ်တွေက များ သောအားဖြင့်က ၆ လ၊ ၁ နှစ် ဈေးနှုန်းက ကြိုတွက်ထားရတာလေ။ အဲဒီလို ကြိုတွက်ထားတဲ့အခါမှာ အခု စက်သုံးဆီ ဈေးနှုန်းတွေက တက်လာတဲ့အတွက် ကားငှားရမ်းခတွေမှာ အများကြီး ကွာသွားတယ်။ အဲဒီအတွက် ခရီးသွားလုပ်ငန်းမှာ ဈေးနှုန်းတွေ ကြီးမြင့်သွားတာတွေ ဖြစ်တာပေါ့။ အရင်ကထက်စာရင် အများကြီးဈေးနှုန်းတွေ ကြီးမြင့်သွားတာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်ဘက်တွေမှာဆိုရင် စက်သုံးဆီရရှိမှုက အချို့နေရာတွေ မသေ ချာဘူးပေါ့။ မသေချာတဲ့အတွက် ကားငှားရမ်းခ ဈေးနှုန်းတွေကို တိတိကျကျ ပေးနိုင်ခြင်း မရှိဘူးပေါ့။ အဲဒီလို ပေးနိုင်ခြင်း မရှိဘဲနဲ့ ရမ်းပြီးတော့ တွက်ထားရတာမျိုးတွေပဲ ဖြစ်နေပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုသာမက အချို့နေရာများ၌ ဝယ်ယူ၍ မရရှိမှုတို့ကြောင့် ဟိုတယ် လုပ်ငန်းများ၏ အခန်းခ နှုန်းထားများမှာလည်း မီးစက်နှိုး ပေးထားရသဖြင့် ယခင် ၅၀,၀၀၀ ကျပ်အခန်းအား ယခု ၇၀,၀၀၀ ကျပ်အဖြစ်သို့ တိုးမြှင့်ကောက်ယူ လာကြကြောင်းလည်း သိရသည်။
ကမ်းခြေမှာ ခရီးသွားများကိုတွေ့ရစဉ်
တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် ခရီးသွားဝင်ရောက်မှု မရှိသလောက် ဖြစ်သွားသည့် အနေအထား၌ အချို့ ဟိုတယ်လုပ်ငန်းများတွင် ဝန်ထမ်းလျှော့ချခြင်း၊ ၁၀ ရက်နား ၁၀ ရက်ဆင်းဖြင့် လစာတစ်ဝက် လျှော့ချခြင်းများ ပြုလုပ်လာကြကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။
အဆိုပါ အခြေအနေများကြားထဲတွင် စက်သုံးဆီပြဿနာကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် ခရီးသွား ကုမ္ပဏီ လုပ်ငန်းများဖြင့် ခရီးသွားလာခြင်းမှာ ယခင်ကထက် ပိုမိုလျော့နည်းလာပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် အုပ်စုလိုက် ခရီးသွားလာကြမှု အဓိကပို၍ များပြားနေသည့်အတွက် ခရီးသွားလုပ်ငန်းမှာ ကျဆင်းနေကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
သို့သော် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုတယ်လုပ်ငန်းများသည် လက်ရှိ တရုတ်နှစ်သစ်ကူးကြောင့် နေရပ်ပြန်ရန် လာရောက်ကြသည့် ခရီးသွားဧည့်သည် အနည်းငယ်ရှိလာသဖြင့် အရှုံးခံကာ ဟိုတယ်ခများကို ဈေးနှုန်းလျှော့ချ၍ တည်းခိုခွင့်ပေးနေကြကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးပိန်းတံတားပေါ်မှာ ခရီးသွားများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ရှမ်းမြောက်မှာ စက်သုံးဆီကတော့ ပုံမှန်ဝယ်ယူလို့ ရပါတယ်။ ဒါပေမယ့် ဈေးတော့ ပိုတာပေါ့ ၃၀၀၀ ကျော်လောက် ဝယ်ရတယ် တစ်လီတာကို။ ဒါကလည်း တစ်ဖက်တစ်လမ်းကဆိုရင်တော့ ခရီးသွား လုပ်ငန်းကို ထိခိုက်တဲ့ ကိစ္စတစ်ခုပါပဲ။ အမှန်က ခရီးသွားလာဖို့အတွက် စက်ဆီဈေးနှုန်းကျရင် ကားခတွေကျလာ မယ်။ ကားခတွေ ကျလာတဲ့အခါ ခရီးသွားတွေလည်း ပိုပြီးသွားလာမှု များလာနိုင်တယ်။ အခုလတ်တလောတော့ ကျနော်တို့ဘက်မှာဆိုရင် ကားခတွေလည်း မတန်မဆ ပေးနေရတယ်ဆိုတော့ တော်ရုံတန်ရုံ ခရီးက မလိုအပ်ပဲ မသွားကြတော့တာပေါ့။ အဲဒီလို ဧည့်သည်တွေ ဖြစ်လာတဲ့အတွက် ခရီးသွားကတော့ တော်တော်လေး ကျသွား တယ်။ ရေရှည်ဆိုရင်တော့ ဒါကြီးက တော်တော် ထိခိုက်လာမယ့်ကိစ္စပါ” ဟု ပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ စက်သုံးဆီအား ခရီးသွား လုပ်ငန်းအတွက် ခွဲတမ်းတစ်ခုအနေဖြင့် သတ်မှတ်ပေးနိုင်မည်ဆိုပါက ခရီးသွားကဏ္ဍ ပြန်လည် မြင့်တက်လာနိုင် ဖွယ်ရှိကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
လက်ရှိတွင် ပြည်တွင်းခရီးသွားများသည် ကမ်းခြေဒေသများအပြင် ရန်ကုန်-မန္တလေး-ပုဂံ-အင်းလေး စသည့် ခရီးစဉ်ဒေသများသို့ သွားရောက်နေကြခြင်း ဖြစ်သော်လည်း နည်းပါးနေကြောင်း၊ သို့သော် ဖေဖော်ဝါရီလကုန်နှင့် မတ်လပိုင်းတွင် ကျောင်းပိတ်ရက် ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ပြည်တွင်းခရီးသွားလာမှု အနည်းငယ် မြင့်တက်လာနိုင်မည်ဟုခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 828
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇
မြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းများအနေဖြင့် ယခုနှစ်တွင် ပုသိမ်ထီးအမှာစာ ရရှိမှုသည် ပြီးခဲ့သည့်နှစ်ထက် နည်းပါးလျက် ရှိနေသည်ဟု ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
နှစ်စဉ် ယခုကာလသည် ပုသိမ်ထီး မှာယူမှု အများဆုံးလဖြစ်သော်လည်း လက်ရှိတွင် ပုသိမ်ထီး လာရောက် မှာယူ မှုသည် ထက်ဝက်ခန့် ကျဆင်းနေကြောင်း၊ အမှာစာ ရရှိမှု နည်းပါးခြင်းကြောင့် အလုပ်သမားများမှာလည်း တခြား သော အလုပ်များကို ပြောင်းလဲလုပ်ကိုင်လာကြသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ အနန္တမေတ္တာ ပုသိမ်ထီးလုပ်ငန်း တည်ထောင်သူ မသူသူစိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်ကတော့ အရင်နှစ်ကထက်စာရင် ပါးတယ်။ ပုံမှန်ဆိုရင်တော့ ဒီပြင် ထီးသမားတွေ ဘာတွေ အကုန် လုံး ကြားသိရတာတော့ အနည်းဆုံး ဥပမာပြောရရင်တော့ တစ်လကို ၁၀၀၀ လောက် ရှိတယ်ဆိုရင် အခုလတွေ မှာ ဒီနှစ်တွေမှာဆိုရင် ၅၀၀ လောက်ပဲ ရှိတယ် ဥပမာပြောပြတာပေါ့။ အဲဒီလို ပုံမှန်တော့ ပျမ်းမျှ သွားနေတယ်။ ဘာလို့ဆို အရောင်းအဝယ် အရမ်းပါးတော့လေ။ အရင် ၁၀၀၀ ရောင်းရင် အခု ၅၀၀ လောက်ပဲ အမှာရှိတော့ အဲဒီ လိုပဲ လုပ်နိုင်တယ်။ အလုပ်သမားတွေလည်း အဆင်မပြေဘူးပေါ့နော်။ အလုပ်သမားတွေလည်း စောင့်ပြီးတော့ သူတို့လည်း စားဝတ်နေရေးရှိတော့ မလုပ်နိုင်ကြတော့ဘူးလေ။ သူတို့လည်း ဒီပြင်အလုပ်တွေ ရှာကြတယ်။ အလုပ်သမားဦးရေလည်း နည်းလာတယ်။ အမှာစာတွေလည်း နည်းလာတယ် အခြေအနေ အဖက်ဖက်တွေ ကြောင့်ပေါ့” ဟု ပြောသည်။
ပုသိမ်ထီး လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
မြန်မာ့လက်မှု ထုတ်ကုန်ဖြစ်သည့် ပုသိမ်ထီးကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဓိက ထုတ်လုပ်ပြီး လက်ရှိ၌ မှာယူမှု နည်းပါးနေခြင်းကြောင့် တချို့သော ပုသိမ်ထီးလုပ်ငန်းများမှ ရပ်နားမှုများလည်း ရှိလာသည်ဟု သိရသည်။
ထို့အပြင် အလုပ်သမား ရှားပါးခြင်းကြောင့် အလုပ်သမားခ ဈေးနှုန်းများမှာလည်း မြင့်တက်လာကြောင်း ပုသိမ်ထီး လုပ်ငန်း တည်ထောင်သူများက ပြောသည်။
ထို့နောက် ပုသိမ်ထီး ပြုလုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းများမှာလည်း ယခင်ထက် ဈေးနှုန်းမြင့်တက်မှုများ ရှိလာခြင်းကြောင့် ပုသိမ်ထီးလုပ်ငန်းတချို့ ရပ်တည်ရန် ခက်ခဲလာကြသည်။
ပုသိမ်ထီး အမှာစာများ ဝင်ရောက်သည့် ကာလသည် ၂ ခန့်သာ ကျန်ရှိတော့ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် ပုသိမ်ထီး အမှာစာ နည်းပါးသည့် အခြေအနေသည် ပြန်လည်ကောင်းမွန်ရန် မျှော်လင့်၍ မရတော့ကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလ နောက်ပိုင်းသည် ပုသိမ်ထီးများ ရောင်းအားကျဆင်းသည့်လ ဖြစ်သည်ဟု ပုသိမ်ထီး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ပုသိမ်ထီး လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
၎င်းက “အခြေအနေက အခု ၂ လပိုင်းဆိုတော့ ထိုင်ကုန်(အလွန်ဆုံး) ၂ လလောက်ပဲ ရှိတော့တဲ့အတွက် တအားကြီး ကောင်းလာစရာတော့ သိပ်မရှိဘူး။ အမှန်တကယ် ဒီလိုအချိန်ဆို ဟိုးအရင် နှစ်တွေကဆို အရမ်းကို ရောင်းရတဲ့ လတွေပေါ့ ဒီလတွေက။ အခုချိန်မှာတောင် ဒီလောက်ပါးနေတာဆိုတော့ နောက်ထပ်လည်း ၂ လလောက်ပဲ ကျန်တော့မှာဆိုတော့ တအားကြီး ကောင်းလာဖို့တော့ မမြင်ဘူးပေါ့နော်။ ၄ လပိုင်းလောက်ဆို အကုန်လုံး အရောင်းအဝယ် ပြန်ပါးသွားပြီလေ။ ၄ လပိုင်းကုန်ပြီဆိုရင် မိုးတွင်းဘက် လုံးဝ အရောင်းအဝယ် ရပ်သွားပြီ၊ ပါးသွားပြီ။ ၅၀၀ လောက် ရောင်းနေတဲ့သူတောင်မှ တစ်လကို ၁၀၀၊ ၂၀၀ ရောင်းရဖို့ မနည်း။ ၁၀၀၀ ရောင်းတဲ့ သူဆိုရင်လည်း ၃/၄၀၀ ရောင်းရဖို့ မနည်း အဲဒီလို ဖြစ်သွားတာ။ ဒါကတော့ သူ့ရဲ့ နှစ်စဉ် ကြုံတွေ့ရတဲ့ အခြေအနေပေါ့” ဟု ပြောသည်။
ပုသိမ်ထီး အမှာအများဆုံး ရရှိသည့်လသည် စက်တင်ဘာလမှ ဧပြီလအထိဖြစ်ပြီး ကျန်သည့်လများမှာ အမှာစာ နည်းပါးလျက်ရှိသည်။
ပုသိမ်ထီးကို ကိုဗစ် ၁၉ မဖြစ်ပွားခင်ကာလတွင် ပြည်ပဈေးကွက်သို့ တင်ပို့မှုများ ရှိသော်လည်း လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် စသည့် ပြည်တွင်းဈေးကွက်သာ အဝယ်ရှိတော့ကြောင်း သိရသည်။
ပုသိမ်ထီးကို အလှူမင်္ဂလာနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုကြပြီး ဟိုတယ်နှင့် ကုမ္ပဏီများ၌ အလှဆင်ကြ သလို နိုင်ငံခြားသား ခရီးသွားဧည့်သည်များက မြန်မာပြည် အမှတ်တရ လက်ဆောင်အနေဖြင့် ဝယ်ယူလေ့ရှိ သည်။

- By CNI
- Category: စီးပွားရေး
- Hits: 570
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတစ်ခု၌ မြန်မာ အပါအဝင် လူပေါင်း ၁၀၀ ကျော် ထွက်ပြေးသွားသည့် ဖြစ်စဉ်ကြောင့် အချို့ လ.ဝ.က ထိန်းသိမ်းရေးစခန်းများတွင် လူတွေ့ခွင့်များ ပိတ်ပင်လာကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့က မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် မြန်မာ အပါအဝင် လူပေါင်း ၁၃၁ ဦး ထွက်ပြေးသွားခဲ့ကြသည့်အထဲ ၃၀ ကျော်အား ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးမှာ ကားတိုက်သေဆုံးသွား ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားကြသည်။
အဆိုပါ ထွက်ပြေးသွားသူများသည် နေရပ်ပြန်ရန် အခက်အခဲရှိသဖြင့် ထိန်းသိမ်းရေးစခန်းများတွင် နှစ်ကြာရှည် စွာ နေထိုင်နေရသူများဖြစ်နိုင်ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရန် ကျန်ရှိသည့် လူဦးရေ ၉၀ ခန့်အား ၎င်းအနီးတစ်ဝိုက်တွင် ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေ ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “သူတို့ ပြောတာကတော့ မြန်မာနိုင်ငံသား ရိုဟင်ဂျာက ၁၁၅ ယောက်၊ ပြီးတော့ မြန်မာ တိုင်းရင်းသားတွေ ကြတော့ ၁၅ ယောက်ပေါ့၊ တစ်ယောက်ကတော့ ဘင်္ဂလားပေါ့။ အဲဒီထဲမှာမှ ကားတိုက်သေသွားတာက ရိုဟင်ဂျာ လို့ သူတို့ပြောပါတယ်။ အခုဆိုရင် အဲဒီဂယက်ကြောင့် တချို့ လ.ဝ.က ထိန်းသိမ်းရေးစခန်းတွေမှာတောင် လူတွေ့ ခွင့်တွေ ဘာတွေ ပိတ်ပင်ထားလိုက်ပြီ။ ကျနော် ထိန်းသိမ်းရေးစခန်းတစ်ခု ရောက်ခဲ့တာ ဥပမာ ပြန်ဖို့အတွက် လေယာဉ် လက်မှတ်ဖိုးတွေ သွင်းမယ်ဆိုရင် သွင်းလို့ရတယ်။ သို့ပေမယ့်လည်း လူတွေဘာတွေ တွေ့ချင်ရင်တော့ တွေ့ခွင့် မပေးဘူး ခုချိန်မှာ အဲဒီဂယက်တွေကြောင့်ပေါ့။ အဖမ်းအဆီးကတော့ အဲဒီ Camp နဲ့ နီးစပ်တဲ့နေရာတွေ မှာ ဆိုရင်တော့ မြန်မာနိုင်ငံသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့” ဟု ပြောသည်။
မလေးရှား အာဏာပိုင်များ ထွက်ပြေးသွားသူများကို ရှာဖွေနေစဉ်
ယခုကဲ့သို့ ထိန်းသိမ်းရေးစခန်းများမှ ထွက်ပြေးကြခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ပွားဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလကလည်း မြန်မာနိုင်ငံမှ မွတ်ဆလင်ဒုက္ခသည် ၅၈၂ ဦးဟာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ထိုအထဲတွင် ၆ ဦးသည် ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ထွက်ပြေးသွားကြသည့် ထိန်းသိမ်းရေးစခန်း အနီးတစ်ဝိုက်တွင် ဆီအုန်းတောများ၊ ရွာများ ရှိသဖြင့် ၎င်းတို့သည် တောထဲ၌ ခိုအောင်းနေနိုင်ဖွယ်ရှိကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေသူများက သုံးသပ်ကြသည်။
သို့သော် ထိုဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ဖမ်းဆီးစစ်ဆေးမှု များပြားနေသည့် မလေးရှားတွင် ပိုမို၍ ဖမ်းဆီး စစ်ဆေးမှု များပြားလာနိုင်ဖွယ်ရှိကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဥစ္စာကလည်း အစိုးရမှာလည်း ပြတ်သားတဲ့ ပေါ်လစီမရှိဘူး။ ခိုင်မာတဲ့ ပေါ်လစီမရှိဘူး မလေးရှားမှာက အဲဒါကလည်း အခက်အခဲတစ်ခုပေါ့။ ဘာကြောင့်ဆို တခြားနိုင်ငံကလူတွေကို ဖမ်းတယ်၊ ဥပမာ ထောင်တစ်လ ဆို တစ်လချတယ်။ Camp ကိုပို့တယ်။
မလေးရှား အာဏာပိုင်များ ထွက်ပြေးသွားသူများကို ရှာဖွေနေစဉ်
သံရုံးတွေကလာတယ် တွေ့တယ်။ လေယာဉ်လက်မှတ် ဝယ်ပြီးတော့ ကိုယ့် တိုင်းပြည်ကို ကိုယ်ပြန်သွားလို့ရတယ်။ ဒီရိုဟင်ဂျာ မွတ်ဆလင်တွေကြတော့ ဘယ်နိုင်ငံမှ သူတို့ပြန်သွားလို့ မရ ဘူး။ မရတဲ့အခါကြတော့ တချို့တွေက ထောင်တွေ Camp တွေမှာ ၅ နှစ်၊ ၁၀ နှစ်၊ ၇ နှစ်၊ ၃ နှစ် နေကြတယ်။ ဘာ မျှော်လင့်ချက် ဘာမှမရှိတဲ့အခါကြတော့ လူကထွက်ပေါက် လုံးဝ ပိတ်တဲ့အခါကြတော့ မထူးတော့ဘူးဆိုပြီး စွန့်စားလာတာတွေရှိတယ်။ နောက်ဆုံးဖြစ်လာတာတော့ မြန်မာနိုင်ငံက ထောင်ထွက်ပြေးတယ်ပေါ့။ ရိုဟင်ဂျာဆို မြန်မာလို့ပဲ သူတို့ကမြင်တာကို အဲဒီတော့ မြန်မာနိုင်ငံသားတွေက ထောင်ဖောက်ပြီး ထွက်ပြေးတယ်ပေါ့” ဟု ပြောသည်။
လက်ရှိ ဖမ်းဆီးရမိရန် ကျန်ရှိသည့် လူ ၉၀ ဦးအား မွတ်ဆလင်ဒုက္ခသည်များ အများဆုံးနေထိုင်သည့် နေရာဒေသ များတွင် အော်ပရာစီဖြင့် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နိုင်ကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
သို့သော် မလေးရှားနိုင်ငံတွင် မွတ်ဆလင်ဒုက္ခသည်ဦးရေမှာ သိန်းနှင့်ချီရှိသည့်အတွက် ဖမ်းဆီးရမိရန်မှာ ခက်ခဲမည်ဟု မြင်မိကြောင်းလည်း ၎င်းတို့က ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 745
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ထိုင်းသို့ လုပ်သားစေလွှတ်နေသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ ဝန်ဆောင်ခကို မြန်မာကျပ်ငွေအစား ဘတ်ငွေဖြင့် ပြောင်းလဲသတ်မှတ်ရန် မြန်မာပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များအသင်း (MOEAF) တာဝန်ရှိ သူများနှင့် ထိုင်းလုပ်ငန်းကော်မတီ ခေါင်းဆောင်များမှ တင်ပြထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အခြား နိုင်ငံများသို့ စေလွှတ်သည့် အေဂျင်စီများ၏ ဝန်ဆောင်ခနှုန်းထားမှာ သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေး (သို့မဟုတ်) ဒေါ်လာဖြင့် သတ်မှတ်ထားသဖြင့် ထိုင်းသို့ စေလွှတ်သည့် အေဂျင်စီများ၏ ဝန်ဆောင်ခကိုလည်း ဘတ်ငွေဖြင့် သတ်မှတ်ရန် တင်ပြထားခြင်းဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာလို့ဆို ဘတ်ဈေး မတည်ငြိမ်မှုအပေါ်မှာ ဝန်ဆောင်ခတွေ ခဏခဏ အပြောင်းအလဲတွေ ဖြစ်နေတယ်။ အဲဒီတော့ တက်လိုက် ကျလိုက်တွေ ဖြစ်နေတဲ့အခါကြတော့ မလေးရှားလိုပဲပေါ့ မလေးရှားကလည်း ဒေါ်လာနဲ့ သတ်မှတ်တယ်။ ထိုင်းကိုလည်း ဘတ်ငွေနဲ့ သတ်မှတ်ပေးဖို့ MOEAF အဖွဲ့ချုပ်က တင်ပြတာပေါ့။ တရားဝင် စာထွက်မှ ဒီနှုန်းထားက အတည်ဖြစ်မှာပါ။ ဂျပန်ဆိုလည်း ဒေါ်လာနဲ့ပဲ သတ်မှတ်ထားတာ။ တော်တော်များများက သက်ဆိုင်ရာနိုင်ငံ ပိုက်ဆံတွေ၊ ဒေါ်လာတွေနဲ့ သတ်မှတ်တဲ့အတွက် ထိုင်းကိုလည်း ဘတ်ငွေနဲ့ သတ်မှတ်ပေးဖို့ သွားရောက်ပြီးတော့ မေတ္တာရပ်ခံထားတာပေါ့။ ဟိုအရင်တုန်းကတော့ ဘတ်ငွေ တည်ငြိမ်တဲ့အတွက် အဆင်ပြေ တယ်။ ဘတ်ဈေးတည်ငြိမ်တယ်။ ဒေါ်လာဈေး တည်ငြိမ်တဲ့အတွက် တော်တော်များများ ပြဿနာမရှိဘူး အဆင် ပြေတယ်။ အခုနောက်ပိုင်းမှာ ငွေဈေး မတည်ငြိမ်မှုတွေ ဖြစ်လာတော့ ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့။ ဆုံးရှုံး တာတွေ ဖြစ်လာကြတယ်။ အဲဒါကြောင့် ဘတ်နဲ့ သတ်မှတ်ပေးဖို့ request လုပ်ကြတာ” ဟု ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီကို တွေ့ရစဉ်
ထိုင်းပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ ဝန်ဆောင်ခအား ယခင်က ကျပ်ငွေ ၁ သိန်းခွဲ သတ်မှတ်ထားသော် လည်း ၎င်းနှုန်းထားမှာ အဆင်မပြေသည့်အတွက် ဝန်ဆောင်ခတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြရာ လက်ရှိတွင် ကျပ်ငွေ ၃ သိန်းသို့ တိုးမြှင့်ပေးထားခြင်းဖြစ်သည်။
မြန်မာကျပ်ငွေအစား ဘတ်ငွေဖြင့် ပြောင်းလဲသတ်မှတ်ရန် တင်ပြထားရာ၌ ဝန်ဆောင်ခ နှုန်းထားအား ဘတ်ငွေ ၁ သောင်းခန့် တောင်းဆိုထားကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။
သို့သော် ထိုနှုန်းထားနှင့်ပတ်သက်၍ တင်ပြထားဆဲသာဖြစ်ပြီး ဝန်ကြီးဌာနမှဘက်မှ တစ်စုံတစ်ရာ အတည်ပြုစာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပွင့်ဖူးအောင်ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာလို့ဆိုတော့ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းကပဲ ဗမာငွေနဲ့ အသုံးပြုနေတယ်။ အခု ဘတ် ၁ သောင်း တောင်းထားတယ်၊ ၁၂၀၀၀ တောင်းထားတယ်ပေါ့။ ၁ သောင်းကတော့ တောင်းရတာပေါ့။ ၁ သောင်း လောက် တောင်းမှ ၈၀၀၀ လောက် ချရင် ချပေးမှာလေ။
မြန်မာအလုပ်သမားတွေကိုတွေ့ရစဉ်
အဲဒါတောင်မှ တို့က ၂ ပိုင်းခွဲရဦးမှာ။ ဟိုဘက်က U-turn သမားကို ၁ သောင်း သွားတောင်းရင် U-turn သမားက မလာတော့ဘူးလေ။ U-turn သမားက ဟိုဘက်မှာ ဘာမှ အလုပ်ရှုပ်တာမဟုတ်ဘူး။ ပြန်တဲ့ ဘာ process မှရှိတာမဟုတ်ဘူး။ လက်မှတ်သွားထိုးပေးပြီးတော့ ကလေး တွေကို ပြန်ပို့လိုက်ရုံပဲလေ” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ MOU လုပ်သား စေလွှတ်ရာတွင် ရန်ကုန်-မြဝတီ-မဲဆောက်လမ်းကြောင်းသည် လမ်းခရီး အခြေအနေရ အဆင်မပြေသေးသဖြင့် ကော့သောင်း-ရနောင်း လမ်းကြောင်းအပြင် ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးဖြင့် စေလွှတ်ရန် အလုပ်သမားဝန်ကြီးဌာနမှ သဘောတူညီခဲ့သည်။
သို့သော် လက်ရှိတွင် ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးဖြင့် စေလွှတ်ရန် တင်ပြသည့်အခါတွင် ခေတ္တခဏ စောင့်ဆိုင်းပေးရန် အကြောင်းပြန်သဖြင့် ကော့သောင်း-ရနောင်း လမ်းကြောင်းကိုသာ အဓိကထား စေလွှတ် နေရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စေလွှတ်ရာတွင် ကော့သောင်းလေယာဉ်သည် လူ ၅၀ ခန့်သာ ခုံရရှိသဖြင့် ခရီးသည်များလည်း ပါဝင်သည့် အတွက် လူ ၅၀ ခေါ်ယူထားသည့် အလုပ်ခေါ်စာ တစ်စောင်အား ၂ ရက်ခွဲပို့ရကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ များထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 750
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ပြည်တွင်းဆန်ဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း တဖြည်းဖြည်း မြင့်တက်လာနေပြီး ဆန်တစ်ပြည်လျှင် ၄၀၀ ကျပ်မှ ၆၀၀ ကျပ်အထိ မြင့်တက်လျက်ရှိနေသည်ဟု ဆန်ဈေးကွက်အတွင်းမှ ကြားသိရသည်။
ပြည်ပတင်ပို့မည့်သူများက ဆန်ကို ဈေးနှုန်းတိုးမြှင့်၍ ဝယ်ယူလာကြသည့်အတွက် ပြည်တွင်းဆန် ဈေးနှုန်း မြင့်တက်လာရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဝယ်က exporter တွေကလည်း ပြည်ပပို့ဖို့ လိုအပ်ချက်ရှိတယ်။ ပြည်တွင်းကတော့ ပုံမှန် စားသုံးမှု ရှိတာပေါ့။ နောက် ဈေးသိပ်မြင့်ရင်လည်း လှောင်တဲ့သူတွေက ပြန်ထုတ်မှာပါ။ အခု နည်းနည်း လေး ပြန်ထွက်လာတယ် ဆန်က။ အဲဒါကလည်း သူ့ရဲ့ မူဝါဒအပေါ် မူတည်သေးတယ်။ ပြီးခဲ့တဲ့ ဆန်ဈေး တက်တာလည်း ပို့ကုန်ဝင်ငွေကို မြှင့်ပေးလိုက်တာပေါ့။ မြှင့်ပေးလိုက်တော့ exporter တွေ ဈေးကြိုက် တော့ သူတို့က ဈေးတိုးဝယ်ကြတယ်။ မူဝါဒပေါ် မူတည်ပါတယ် အဲဒီဟာတွေကတော့။ နောက် export အဖွင့်အပိတ်တို့။ ပြည်တွင်းစားဆန်ကတော့၊ ပြည်တွင်းစားသုံးမှုကတော့ ပုံမှန်ရှိတယ်။ ပြည်ပပို့တဲ့ မူဝါဒ တွေက အပြောင်းအလဲရှိတယ်၊ ငွေကြေးဆိုင်ရာ အပြောင်းအလဲရှိတဲ့အပေါ် မူတည်ပြီးတော့ ဆန်ဈေးက အနိမ့်အမြင့် ဖြစ်သွားတာ” ဟု ပြောသည်။
ဆန်ချောအမျိုးအစားဖြစ်သည့် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၂၀၀၀၀(တစ်သိန်းနှစ်သောင်းကျပ်)ရှိရာမှ လက်ရှိတွင် ၁၂၅၀၀၀(တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်)နှင့် ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဧည့်မထဆန်တစ်အိတ်လျှင် ၈၀၀၀၀(ရှစ်သောင်းကျပ်) ရှိရာမှ ၈၄၀၀၀(ရှစ်သောင်းလေးထောင်ကျပ်)သို့ ယခုလအတွင်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် စပါးဝယ်ယူမှု မြင့်တက်လာပြီး စပါးဈေးနှုန်းသည်လည်း တင်း ၁၀၀ လျှင် ၈၀၀၀၀ ကျပ်ခန့် မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဆန်ဈေးနှုန်းသည်လည်း လိုက်ပါမြင့်တက်လာခြင်း ဖြစ်သည်ဟု တောင်သူများက ပြောသည်။
သို့သော်လည်း နွေစပါးလှိုင်လှိုင်ပေါ်ချိန်တွင် ဆန်ဈေးနှုန်းသည် ပြန်လည်တည်ငြိမ်လာမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဒီမှာလည်း စပါးဈေးက စပါး ၁၀၀ ပေါ်မှာ အဝယ်လေး နည်းနည်းလိုက်လာတော့ ၄/၅/၈ သောင်း လောက် တက်သွားတော့ ဆန်တစ်ပြည်ပေါ်မှာ အဲဒီလောက် တက်သွားတာပေါ့။ ဒီအချိန်ကတော့ နည်းနည်းတော့ တက်မှာပဲ။ နွေစပါးလှိုင်လှိုင်မပေါ်သေးတာရယ်ကြောင့်မို့လို့လေ။ လှောင်ထားတဲ့သူ တွေကလည်း စပါးအလျော့အတွက်ရယ်၊ ငွေဈေးတက်တာရယ်ကြောင့် ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုတော့ စပါးပေါက်တဲ့ဈေးနဲ့ လက်ရှိ မြန်မာငွေဈေးတန်ဖိုးနဲ့ဆိုတော့ ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုတော့ တက်မှာပဲ။ ဒါပေမယ့် အလွန်အကြူးတော့ မတက်လောက်ဘူးလို့ အောက်မေ့ပါတယ်လို့” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများသည် စပါးဈေးနှုန်း ကောင်းမွန်ခြင်းကြောင့် ယခုနှစ်တွင် မိုးစပါး၊ ဆောင်းစပါးနှင့် နွေစပါးများကို တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် ပြည်တွင်းစားသုံးရန် ဆန်သည် လုံလောက်မှုရှိကြောင်း သိရသည်။
သို့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တချို့သော မြို့နယ်များသည် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် စိုက်ပျိုးရန်နှင့် ရိတ်သိမ်းရန် မလွယ်ကူခြင်းကြောင့် စပါးထွက်ရှိမှု လျော့နည်းကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မှုသည် လျော့နည်းလျက် ရှိနေ သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1357
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မလေးရှားနိုင်ငံရှိ မြန်မာအပါအဝင် နိုင်ငံခြားသား အထောက်အထားမဲ့များ၊ Overstay သမားများ မည်သူမဆို အရေးယူခြင်းမခံရဘဲ နေရပ်ပြန်ခွင့်ပေးမည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ဇန်နဝါရီ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
ယခုအစီအစဉ်သည် နေရပ်ပြန်ပို့ရေး လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုဖြစ်ပြီး ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် မတ်လ ၁ ရက်နေ့တွင် စတင်သွားမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာနေရပ်နိုင်ငံသို့ ပြန်လိုသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် တရားစွဲဆိုမှု လုပ်ငန်းစဉ်မှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သော်လည်း ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသား များအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အခုလိုမျိုး မည်သူမဆို ပြန်လို့ရတာမျိုးကတော့ ရပ်နားထားတာကြာပြီ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ရှိပြီ။ အခုက သူတို့လုပ်ထားတာက မြန်မာသံရုံးကနေ CI မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာယူပြီးတော့ လ.ဝ.က ရုံးကို သွားရောက်၊ လ.ဝ.က ရုံးမှာ ဒဏ်ကြေးဆောင်ပြီးတော့ မြန်မာပြည်ပြန်ဖို့အတွက် သူတို့ဖွင့် ထားပေးတာ၊ ဒီမှာနေထိုင်ဖို့နဲ့ ဘာမှမဆိုင်ပါဘူး။ မည်သူမဆို ပြန်လို့ရပါတယ်။ ဒီမှာ တရားမဝင်နေထိုင်နေတဲ့ ဘယ်သူမဆို ပြန်လို့ရပါတယ်။ ပြန်ခွင့်ပေးတဲ့အနေအထားမျိုးမှာ မည်သူမဆို ဒဏ်ကြေးဆောင်ပြီး ပြန်လို့ ရပါတယ်။ ဒါမည်သူမဆို ပြန်လို့ရတယ်ဆိုတော့ အဲဒီလောက်ကြီး အစစ်အဆေး အမေးအမြန်းမလိုတော့ဘူး။ ဒါပေမယ့် ဘယ်လိုနည်း ဘယ်လိုပုံလဲဆိုတာကတော့ သူတို့အတိအကျပြောထားတာမရှိသေးဘူး။ ရက်ချိန်း ယူရမှာလား ဘယ်လိုဘာညာဆိုပြီးတော့ အတိအကျတော့ ကြေညာထားတာမရှိဘူး ပြန်ဖွင့်မယ်လို့ပဲ သူတို့ ပြောထားတာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ကြေးငွေပေးဆောင်ရာတွင် မလေးရှားနိုင်ငံထဲသို့ နိုင်ငံကူးလက်မှတ်မရှိဘဲ တရားမဝင်ခိုးဝင်မှုအတွက် ရင်းဂစ်ငွေ ၅၀၀၊ နိုင်ငံကူးလက်မှတ်သက်တမ်း ကျော်လွန်ကာ Overstay ဖြင့် နေထိုင်ခြင်းအတွက် ရင်းဂစ်ငွေ ၅၀၀ နှင့် စည်းကမ်းများအား ဖောက်ဖျက်သည့်အတွက် ရင်းဂစ်ငွေ ၃၀၀ သတ်မှတ်ထားကြောင်း သိရသည်။
မလေးရှား ပြည်ထဲရေးဝန်ကြီး မီဒီယာများကို ဖြေကြားနေစဉ်
မလေးရှားအစိုးရအဖွဲ့များအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းသည် ၎င်းတို့နိုင်ငံသို့ ရောက်ရှိနေသည့် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြား သောင်တင်နေမှုအား လျှော့ချရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း မလေးရှားနိုင်ငံရှိ မြန်မာများက သုံးသပ်ကြသည်။
သို့သော် လက်ရှိမလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာနိုင်ငံသားများထဲတွင် CI ဖြင့် နေရပ်ပြန် ရရေးကို စောင့်မျှော်နေကြသူအများအပြားရှိသကဲ့သို့ မလေးရှားတွင် ပါမစ်များ ထပ်မံထုတ်ပေးမည်ကို စောင့်ဆိုင်း နေချင်သူများလည်း ရှိကြောင်း ရခိုင်ဒုက္ခသည်များဗဟို(Center for Arakan Refugees) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
“သူကနှစ်မျိုး ရှိတယ်။ အဖမ်းအဆီးအရမ်းများတယ်။ ဘယ်လိုမှ မနေနိုင်တော့တဲ့ အနေအထားမျိုးမှာ CI နဲ့ ပြန်ချင်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ပါမစ်တွေလျှောက်လို့ရလို့ နေလို့ရမယ်ဆိုရင် နေချင်တယ်။ ပြဿနာက ဘာလဲဆိုရင် သံရုံးကနေ ပတ်စပို့ထုတ်ပေးတာ အရမ်းကြာတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးကုန်သွားတယ်။ မြန်မာအနည်းဆုံးပဲ ပါမစ်လျှောက်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပတ်စပို့လျှောက်တာ ၆လ၊ တစ်နှစ်ကြာ တယ်။ သူများသံရုံးတွေမှာ ၂၄ နာရီ၊ ၃၆ နာရီ၊ ၄၈ နာရီ ကြာရုံနဲ့ ပတ်စပို့အသစ်လျှောက်လို့ရတဲ့ အချိန်မှာ မြန်မာ သံရုံးက ၆လ၊ တစ်နှစ်ကြာမှ ပတ်စပို့ရတော့ ဒီအခွင့်အရေးကို လက်လွတ်ကြတာပေါ့” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် အထောက်အထားမဲ့များ
လက်ရှိ မြန်မာနိုင်ငံ၌ မတည်ငြိမ်သည့်အပြင် ကျပ်ငွေတန်ဖိုးကျဆင်းမှုများကြောင့် မလေးရှားတွင် ကြုံရာကျပန်း ရရှိသည့် အလုပ်များအား လုပ်ကိုင်ကာ ဝင်ငွေရှာခြင်းမှာ ပို၍ အဆင်ပြေသည့်အတွက် နေရပ် မပြန်ချင်ကြသူများ လည်း ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ပုံမှန်လုပ်ထုံးလုပ်နည်းအရ အထောက်အထားမဲ့များ၊ Overstay သမားများသည် ပြစ်ဒဏ်ကျခံပြီးမှသာ နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်သော်လည်း ယခု အစီအစဉ်တွင် အရေးယူခြင်းမခံရဘဲ နေရပ်ပြန်ခွင့်ရမည်မှာ ပို၍ကောင်းမွန်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာများက သုံးသပ်သည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် လက်ရှိအဖမ်းအဆီးများမှာ နေ့စဉ်ရက်ဆက် အင်အားအလုံးအရင်းဖြင့် ဖမ်းဆီး စစ်ဆေးနေမှုများလည်းရှိသဖြင့် ဆက်လက်နေထိုင်ရန် အဆင်မပြေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက မတ်လ ၁ရက်နေ့တွင် စတင်မည့် CI အစီအစဉ်ဖြင့် နေရပ်ပြန်သင့်ကြောင်းလည်း အကြံပြုကြသည်။