
- By CNI
- Category: စီးပွားရေး
- Hits: 675
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၂၂
ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ တိကျသေချာသည့် လမ်းညွှန်ချက်များ တပြေးညီ မရှိပါက ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ အပါအဝင် ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လုပ်သား အင်အား အခက်အခဲများ ပေါ်လာနိုင်သည်ဟု နိုင်ငံရေးပါတီများနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြော သည်။
လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်ပြီး ရပ်ကွက်များတွင် စာရင်းကောက်ယူမှုများ၊ ရွေးချယ်မှု များ လုပ်ဆောင်နေကြကြောင်း၊ သို့သော် တစ်နေရာနှင့် တစ်နေရာ ဆောင်ရွက်နေပုံများ တူညီမှုမရှိဖြစ်နေ ကြောင်း ရပ်ကွက်နေ ပြည်သူများနှင့် နိုင်ငံရေးပါတီများထံမှ သိရသည်။
အစိုးရဝန်ထမ်းများသာ စစ်မှုထမ်း ယာယီကင်းလွတ်ခွင့်ရှိပြီး ပုဂ္ဂလိက အထည်ချုပ်၊ စက်ရုံ၊ အလုပ်ရုံ အပါအဝင် ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်ငန်းများမှ ဝန်ထမ်းများသည် စစ်မှုထမ်းရမည့် အထဲတွင် ပါဝင်ခြင်းကြောင့် တချို့သော ဝန်ထမ်းများမှာ ထွက်ပြေးတိမ်းရှောင် နေမှုများလည်း ရှိလာနေသည်။
ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်
ထိုသို့ ထွက်ပြေးတိမ်းရှောင်မှုများ များပြားလာပါက ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်သားအင်အား အခက်အခဲ ရှိလာနိုင်သည့်အတွက် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာ၌ တိကျသည့် လမ်းညွှန်ချက်များ တပြေးညီ သတ်မှတ်ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီကြားထဲမှာ လုပ်သားအင်အားပြဿနာ ပေါ်လာမယ်။ ဝန်ထမ်းကို ယာယီကင်းလွတ်ခွင့် ပေးမယ်ဆိုတာ က အစိုးရဝန်ထမ်းကို သူက ရည်ညွှန်းသလိုဖြစ်နေတော့ ပုဂ္ဂလိက အထည်ချုပ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေက ဝန်ထမ်းတွေကိုယ်၌က စစ်မှုထမ်းရမှာဆိုပြီး ရှောင်တာပြေးတာတွေလုပ်တော့ လုပ်ငန်းရှင်တွေကဏ္ဍမှာ export ဆိုရင် ရက်သတ်မှတ်ချက်နဲ့ အပြီးပို့ရမယ့်ကိစ္စတွေမှာ အခု အခက်အခဲတွေ စပြီး ကြုံနေရပြီလို့ ကျနော်တို့ ကြား တယ်။ နောက်ထပ် အထည်ချုပ်အော်ဒါတွေ လက်ခံဖို့ဆိုရင်လည်း ဝန်ထမ်းအင်အား အခက်အခဲပေါ်ပြီဆိုရင် ဒီလုပ်ငန်းတွေရဲ့ ဆက်လက် ရပ်တည်ရေးကိုပါ အခက်အခဲ ဖြစ်လာမယ့် သဘောရှိတယ်။ ဒါကြောင့်မို့လို့ ဥပဒေ တစ်ခုဆိုတာ မပြဋ္ဌာန်းခင် မကျင့်သုံးခင်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို စနစ်တကျ လေ့လာသုံးသပ်တာတွေ လိုသလို လုပ်ပြီဆိုရင်လည်း ကိုယ့်ရဲ့ အမိန့်နာခံမယ့် အုပ်ချုပ်ရေးယန္တရားက စနစ်တကျ စုဖွဲ့ဖို့ ညွှန်ကြားမှု၊ ပြန်လည်သုံးသပ်ဖို့ မော်နီတာလုပ်တာတွေ အဲဒါတွေကို ကျနော်တို့က တည်ဆောက်ဖို့ လိုတယ်။ အခုဆိုရင် အောက်မှာလည်း ကိုယ့်သဘောနဲ့ကိုယ် ခြေဦးတည့်ရာ လုပ်သလိုမျိုးတွေ ဖြစ်နေတော့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးတာက အလန့်တကြားဖြစ်ပြီးတော့ လုပ်ငန်းကိုင်ငန်း နေ့စဉ်ဘဝတွေမှာ ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ ရောက်လာတယ်။ ဒါကြောင့်မို့လို့ တိကျတဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်ကို တပြေးညီတည်း သတ်မှတ်ဖို့ လို တယ်။ အဲဒီသတ်မှတ်ချက်အတိုင်း မလိုက်နာဘဲ ကျော်လွန်ပြီး ဆောင်ရွက်တယ်ဆိုရင်လည်း တိုင်တန်းနိုင်တဲ့ ယန္တရား၊ အရေးယူတဲ့ ယန္တရား ရှိဖို့လိုတယ်” ဟု ပြောသည်။
အခြေခံလူတန်းစားများကိုတွေ့ရစဉ်
ပုဂ္ဂလိက လုပ်ငန်းများ အနေဖြင့် မိမိဝန်ထမ်းများ စစ်မှုထမ်းဆောင်ရန် ပါရှိပါက လိုအပ်ချက်အရ ယာယီဆိုင်းငံ့ ပေးနိုင်ရန်အတွက် တင်ပြတောင်းဆို၍ ရနိုင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။
သို့သော်လည်း အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးထားသည့် အထည်ချုပ်လုပ်ငန်းတွင် အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေ များပြားခြင်းကြောင့် လုပ်သားအင်အား ပြဿနာသည် မရှိနိုင်ကြောင်း၊ ထို့အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်းရှိ လူငယ်လူရွယ်များသည် ပြည်ပသို့ ထွက်ခွာခြင်းသည် များစွာ ရှိနေသော်လည်း ပြည်တွင်းတွင် လုပ်သားအင်အား လိုအပ်ချက်သည် မဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
ပြည်တွင်းရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ထိခိုက်မှု ရှိနိုင်မရှိနိုင်သည် လက်ရှိ ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာ တွင် လုပ်ဆောင်နေသည့် လုပ်ရပ်များအပေါ်မှာ မူတည်သည်ဟု Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရက်ပိုင်းမှာ ဖြစ်နေတဲ့ case တွေ ရှိတယ်။ အဲဒါကတော့ သတင်းအမှားတွေ အများကြီးရှိတယ်။ သတင်း အမှားတွေဆိုတာတော့ အကုန်လုံးကိုပဲ စစ်တပ်ထဲ ဆွဲသွင်းလိုက်တော့မလို၊ အဲဒီလိုမျိုး သဘောတွေပါ တွေ့ရ တော့ အဲဒီဟာကို လူတွေက ကြောက်ကြတယ်။ ကြောက်တော့ အထည်ချုပ်တွေတောင် ရပ်သွားမယ်တို့ ဘာတို့ ပြောနေကြတာပဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူးပေါ့။ အထည်ချုပ်ကို အဓိကသွားနေတာက အမျိုးသမီးတွေ၊ အမျိုးသမီး ကို ခေါ်ဖို့ လက်ရှိ အစီအစဉ် မရှိဘူးလို့ သိရတာပေါ့လေ။ အဲဒီလိုမျိုးတော့ ကျနော်နားလည်တယ်။ အဲဒီဟာမျိုးသာ ပြောကြေးဆိုရင် နိုင်ငံခြားကို ထွက်သွားတဲ့ လူဦးရေကလည်း အများကြီးပဲ လူငယ်တွေကလေ။ အဲဒီတော့ စီးပွားရေးအပေါ်မှာ သက်ရောက်မှုရှိလားဆိုတော့ လူငယ်တွေ တော်လှန်ရေးထဲ ပါသွားတာတောင်မှ ပိုများမလား မသိဘူး။ အဲဒီဟာတောင်မှ မဖြစ်ဘူးဆိုရင် ဒီဟာကလည်း သိပ်တော့ မဖြစ်ဘူးလို့ ယူဆရတာပဲ။ ဒါပေမယ့် သတင်း အချက်အလက်တွေကြောင့် လူငယ်တွေ အများကြီးက အလုပ်မတက်တော့ဘဲနဲ့ ပြေးသွားတာမျိုး ဖြစ်ရင် တော့ စီးပွားရေးအရ နည်းနည်းတော့ effective တော့ နည်းနည်း ရှိတာပေါ့။ ကျနော်တို့ CMP လုပ်ငန်းတွေမှာ နည်းနည်း နှောင့်နှေးကြန့်ကြာ သွားမလားပေါ့။ ဒီလိုတော့ စဉ်းစားထားတာရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဖြစ်တော့ တစ်ဖက်က မဖြစ်နိုင်ဘူးလို့လည်း ပြန်ယူဆလို့ရတယ်။ ဒါပေမယ့် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ လုပ်ရပ်တွေပေါ်မှာ မူတည်တာပေါ့လေ။ အဲဒီလိုတော့ နားလည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူ ၁၆ သန်းကျော် ရှိသော်လည်း လူငယ် အားလုံးကို ခေါ်ယူမည် မဟုတ်ကြောင်း၊ တစ်လလျှင် လူဦးရေ ၅၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် လူဦးရေ ၆၀,၀၀၀ ခန့်ကို ခေါ်ယူသွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထား သည်။

- By CNI
- Category: စီးပွားရေး
- Hits: 597
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်ရန်အတွက် မြန်မာများ အိမ်ခန်း၊ အဆောင်တန်းလျား၊ တိုက်ခန်း များအား အပြိုင်အဆိုင် ငှားရမ်းနေကြပြီး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မဲဆောက်မြို့တွင် နေထိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ငှားရမ်းသည့်အခါတွင် အိမ်ခန်းခ ဈေးနှုန်းများမှ ယခင်ထက် ပိုမိုကြီးမြင့်သွားသကဲ့သို့ စပေါ်ခများမှာလည်း ယခင်ကထက် များပြားသွားကြောင်း မဲဆောက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိမ်ခန်းရှာတဲ့နေရာမှာ အရင်တုန်းက ဘတ်ငွေ ခြောက်ထောင်ပေးရတဲ့ တိုက်ခန်းပေါ့ အခုဆိုရင် တစ်သောင်း သုံးထောင်ပေးရတယ်။ အဲဒီလောက်အထိကို တစ်ဝက်ကျော်ကျော်လောက် တက်သွားတာ။ အရင်တုန်းက စပေါ်ငွေ တစ်လစာပေး အကြိုတစ်လစာပေါ့ ပေါင်း ၂ လစာပေးပြီး နေလို့ရတယ်။ အခု စပေါ်ငွေ ၃ လစာ၊ ပြီးရင် လစာတစ်လစာကြိုပေး ပေါင်း ၄ လစာ အဲဒီလိုတွေ ပေးပြီးနေရတယ်။ အဲဒီတော့ မြန်မာတွေက အလုံးအရင်းနဲ့ ဝင်လာကြတော့ အိမ်ခန်းငှားတဲ့နေရာမှာ အပြိုင်အဆိုင် နင့်ထက်ငါပေါ့ အဲဒီလိုတွေ ငှားတာတွေ့ရ တယ်။ အခက်အခဲက ဘာဖြစ်လာလဲဆိုတော့ အခုပဲ ဝင်လာတဲ့သူတွေကို အိမ်ခန်းငှားဖို့အတွက် အဆင်မပြေဘူး။ အသိတွေက အိမ်ခန်းငှားပေးတယ်ဆိုရင်လည်း တရားမဝင်နေမယ့် သူတွေအတွက်က တရားဝင် အိမ်ခန်း ငှားထား တဲ့ သူတွေက လူသိုလှောင်မှု၊ လူမှောင်ခိုကူးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရားစွဲမယ်ဆိုလည်း ခံရနိုင် တယ်”ဟု ပြောသည်။
မဲဆောက်မြို့အတွင်းကို တွေ့ရစဉ်
မဲဆောက်တွင် ယခုကဲ့သို့ အိမ်ခန်းများ အလုအယက် ငှားရမ်းလာကြခြင်းသည် စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင် လာသူများ၊ ကရင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒေသခံများသည် မဲဆောက်သို့ မိသားစုလိုက် အလုံးအရင်းဖြင့် ဝင်ရောက်လာကြခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
ထို့အပြင် အိမ်ခန်းငှားရမ်းရာမှာ မလွယ်ကူလှကြောင်း၊ မဲဆောက်မြို့ထဲတွင် အားလုံးနီးပါး ပြည့်နေပြီး မြို့အပြင်ရှိ အခြားကျေးရွာများတွင်သာ ရနိုင်တော့ကြောင်း သိရသည်။
ထိုသို့ အိမ်ခန်းငှားရမ်းမည့်သူ များပြားလွန်းနေသည့်အတွက် အိမ်ရှင်များဘက်မှလည်း ယခင်ကထက် ပိုမို တင်းကြပ်၍ အိမ်ငှားလာကြကြောင်းလည်း မဲဆောက်မြို့တွင် နေထိုင်သူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
မဲဆောက်မြို့အတွင်းကို တွေ့ရစဉ်
၎င်းက “အထောက်အထားရှိတဲ့ လူတွေကို နည်းနည်း ဦးစားပေးတာပေါ့။ အရင်တုန်းကကြတော့ စစ်ဘေးရှောင် တွေ ဒုက္ခသည်တွေ နည်းတဲ့အတွက် နည်းနည်းလေး သူတို့ ချေးမများဘူးပေါ့။ အခုလည်းကြရော ပိုပြီး ချေးများ လာပြီး သူတို့တောင်းသလို ပေးနေရတာပေါ့နော်။ ဘာလို့ဆို သူတို့လည်း ဥပဒေအရပေါ့။ အရေးယူခံရမှာလည်း ကြောက်တယ်။ သူတို့အနေနဲ့ ပြန်ကြည့်ရင်လည်း အထောက်အထား မပြည့်စုံတဲ့သူတွေကို သူတို့လက်ခံထားရင် အရေးယူခံထိမှာလည်း ကြောက်တယ်။ သူတို့အတွက်လည်း အခွင့်အရေးလို့လည်း ပြောလို့ရတာပေါ့။ ဘာလို့ဆို ကိုယ်တွေနိုင်ငံက ဒီအချိန်မှာ စုတ်ပြတ်သတ်နေတာကို။ နောက်ဆုံး စုတ်ပြတ်သတ်နေတဲ့ နေရာတွေတောင်မှ အခုအချိန်မှာ လူတွေက ငှားလာတဲ့လူတွေရှိတယ်” ဟု ပြောသည်။
ကိုဗစ်မတိုင်ခင်ကာလ၌ မဲဆောက်မြို့ရှိ အိမ်ငှားခများမှာ ပုံမှန် ဘတ် ၁၅၀၀ မှ ဘတ် ၅၀၀၀ ခန့်အထိသာ ရှိခဲ့ သော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်ကာ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် မဲဆောက်မြို့သို့ ရွှေ့ပြောင်းလာသည့် မြန်မာဦးရေ များပြားလာသဖြင့် အနည်းငယ်စီ ဈေးတက်သွားခြင်း ဖြစ်သည်။
မဲဆောက်တွင် မြန်မာလူဦးရေ များပြားလာသည်နှင့်အမျှ ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမှုများမှာလည်း ယခင်ကထက် ပိုများလာကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 758
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁
ထိုင်းတွင် အနိမ့်ဆုံးလုပ်ခလစအား ဒုတိယအကြိမ် ထပ်မံတိုးမြှင့်ဖွယ်ရှိပြီး ယခင်တိုးမြှင့်သည့် နှုန်းထားထက် ၁ ဒဿမ ၅ ရာခိုင်နှုန်းသာ တိုးမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအစိုးရသစ် လက်ထက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလက လုပ်ခလစာနှုန်းထားအား ခရိုင်အပေါ်မူတည်ကာ ၂ ဘတ်မှ ၁၆ ဘတ်အထိသို့ တိုးမြှင့်ပေးထားခြင်းဖြစ်သည်။
ထိုသို့ ဒုတိယအကြိမ်တိုးမြှင့်မည့် ပမာဏသည် မများပြားသော်လည်း ၎င်းထဲတွင် အကျုံးဝင်မည့် လုပ်သားများ အတွက် လုပ်ခလစာ မတိုးခြင်းနှင့်ယှဉ်ပါက အထိုက်အလျောက် အထောက်အကူ ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်
၎င်းက “သုံးဦးကော်မတီကတော့ သဘောတူညီချက်တော့ ရပြီ။ ဒါပေမယ့် ပြည်နယ်တိုင်းမှာ မတိုးဘူး။ ထပ်တိုး မှာကလည်း ၁ ဒဿမ ၅ ရာခိုင်နှုန်း ထပ်တိုးမယ်ပေါ့။ ဒါပေမယ့်လည်း ၄၀၀ တော့ မပြည့်ဘူးပေါ့ ပြောထားတဲ့ အတိုင်း။ ပြောထားတဲ့အတိုင်းဆိုတဲ့ လက်ရှိတက်တဲ့ ထိုင်းအစိုးရကနေ သူတို့ပြောတယ်မလား သူတို့ အစိုးရ တက်ရင် ၄၀၀ ပေးမယ်တို့၊ ၆၀၀ ပေးမယ်တို့ သူတို့ပြောပြီးတက်လာတာ။ ဒါပေမယ့် တကယ့်တကယ် ၄၀၀ မပေးနိုင်ပါဘူး။ အခုက ၄၀၀ မရဘူးဆိုတဲ့သဘော တက်တော့တက်မယ် အနည်းငယ်ပဲပေါ့။ ကျန်ခဲ့တဲ့အခေါက်က ၁၆ ဘတ်လားမသိဘူး ထပ်တက်တယ်မလား။ အခုတကယ်လို့ ၁ ဒဿမ ၅ ရာခိုင်နှုန်းဆိုတော့ ကျနော်တို့က အဲဒါကို ပြန်ပြီးတွက်ရမှာပေါ့” ဟု ပြောသည်။
ယခုကဲ့သို့ ၁ ဒဿမ ၅ ရာခိုင်နှုန်း တိုးမည့်အကြောင်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သော်လည်း အနိမ့်ဆုံး လုပ်ခလစာသည် ဘတ် ၄၀၀ သို့ ရောက်ရှိရန် မဖြစ်နိုင်ကြောင်း ထိုင်းကုန်သွယ်ရေး နှင့် အလုပ်ရှင်များ ဖက်ဒရေးရှင်း၏ ပြောဆိုမှုကို ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်
ထို့အပြင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပါဝင်သော ကော်မတီသည် မတ်လ ၂၆ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
၁ ဒဿမ ၅ ရာခိုင်နှုန်း တိုးခြင်းအား အတည်ပြုပါက အလုံးစုံလုပ်ခ အနည်းငယ် တက်လာမည် ဖြစ်သော်လည်း အနိမ့်ဆုံးနေ့စဉ်လုပ်ခသည် ဘတ် ၄၀၀ အောက်သာ ရှိနေမည်ဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေးနှင့် အလုပ်ရှင်များ ဖက်ဒရေးရှင်းမှ သိရသည်။
အနည်းဆုံး အခကြေးငွေအား တွက်ချက်ရာတွင် အလုပ်သမား ထုတ်လုပ်မှုစွမ်းအား၊ GDP နှင့် ငွေကြေးဖောင်းပွ မှုတို့ကို ကြည့်ကြောင်းနှင့် ယခုတိုးမည့် ကိန်းဂဏန်းသည် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်လုံးအတွက် ကျေနပ်စရာဖြစ်ကြောင်းလည်း ၎င်းတို့၏ ပြောဆိုမှုအရ သိရသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “တချို့လုပ်သားထူးချွန်တဲ့ ပုဂ္ဂိုလ်တွေကို ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ခရိုင်အလိုက်ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ လုပ်သားထူးချွန်မှုက ကြတော့ ပြောရဆိုရခက်ခဲတာပေါ့။ ကျနော်ထင်တာကတော့ ခရိုင်အလိုက် ဖြစ်နိုင်ဖို့များတယ်။ ဥပမာ ဖန်ငါ့တို့၊ ဖူးခက်တို့ အဲဒီနေရာတွေမှာကြတော့ ကုန်ကျစရိတ်တွေ တအားကြီး များတယ်။ ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ အခါကြတော့ အဲဒီ နေရာတွေကို ဦးစားပေးမယ်ထင်တယ်။ အဓိက ခရီးသွား လုပ်ငန်းတွေ အများစုလာတဲ့ နေရာတွေ ဖြစ်ဖို့အတွက် များတယ်။ သူတို့ဥပဒေမှာက တာ့ခ်ခရိုင်ကို ပေးလိုက်ပြီ ဆိုရင် တာ့ခ်ခရိုင်မှာရှိတဲ့ လူတွေအကုန်လုံး အကျိုးခံစား ခွင့်ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခု ဒုတိယအကြိမ် ထပ်မံတိုးမြှင့်မည့် လုပ်ခလစာအား လာမည့် ဧပြီလတွင် စတင်အကောင်အထည်ဖော်နိုင် ဖွယ်ရှိကြောင်းလည်း သိရသည်။
၎င်းလုပ်ခလစာ တိုးမြှင့်မှုသည် အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက လုပ်ခလစာ ပထမအကြိမ် တိုးမြှင့်ပြီးနောက်တွင် ဖူးခက်ရှိ အနိမ့်ဆုံးလုပ်ခလစာမှာ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးနှုန်းဖြစ်ပြီး တစ်ရက်လျှင် ဘတ် ၃၇၀ ရရှိကြောင်း သိရသည်။
သို့သော် အချို့စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ခလစာ အပြည့်အဝ မရရှိခြင်းအား လက်ရှိအချိန်ထိ ကြုံတွေ့နေရ သည့် မြန်မာရွှေ့ပြောင်းလုပ်သား များစွာရှိနေသေးသည်။

- By CNI
- Category: စီးပွားရေး
- Hits: 579
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၂၀
လာမည့် မိုးစပါးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးရာတွင် ပြီးခဲ့သည့်နှစ်ထက် ငွေကျပ်ပမာဏ ပို၍ ထုတ်ချေးပေးရန်အတွက် တောင်သူများက လိုလားနေကြသည်။
ပြီးခဲ့သည့်နှစ်တွင် ၁ ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် ၁၀ ဧကနှုန်းဖြင့် ထုတ်ချေးပေးခဲ့သော် လည်း ယခုနှစ်၌ စိုက်ပျိုးမှု ကုန်ကျစရိတ်များသည့် မြင့်တက်နေခြင်းကြောင့် စိုက်ပျိုးစရိတ် ချေးငွေကိုလည်း တိုး၍ ထုတ်ချေးပေးရန် လိုအပ်သည်ဟု တောင်သူများက ပြောသည်။
စပါးစိုက်နေသော တောင်သူများကိုတွေ့ရစဉ်
လာမည့် မိုးစပါးစိုက်ရာသီတွင် လယ် ၁ ဧကလျှင် ၃ သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးစေလိုကြောင်း၊ သို့တည်း မဟုတ် ၁၀ ဧကအောက် တောင်သူများကို ၁ ဧက ၃ သိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ၁၀ ဧကအထက် တောင်သူများကို ပုံမှန်ထုတ်ချေးပေးသည့် နှုန်းထားအတိုင်းဖြင့် ဧကစေ့ ထုတ်ချေးပေးသင့်သည်ဟု လယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြီးခဲ့တဲ့နှစ်တွေကတော့ ၁ ဧကကို ၁ သိန်းခွဲ ချေးတယ်။ ၁၀ ဧက အများဆုံးပေါ့။ ဧက ၂၀ ရှိလည်း ၁၀ ဧကသာ အဲဒီလိုမျိုး ချေးတယ်။ အခုကျတော့ ကုန်ကျစရိတ်တွေလည်း များလာတော့ တကယ်လို့များ ဖြစ်နိုင်မယ် ဆိုရင်တော့ နံပါတ် ၁ က ၁ ဧက ၃ သိန်းလောက် ချေးပေးသင့်တယ်။ နံပါတ် ၂ က သွင်းအားစုပေါ့လေ ချေးဖို့ ကောင်းတယ်။ တကယ်ပေါ့လေ အဲဒီ ၂ ခုကတော့ တစ်ခုခုတော့ လုပ်သင့်တယ်။ ခါတိုင်းလိုပဲ ၁၀ ဧကအထိပဲ ချေးတယ်ဆိုရင်လည်း ၁ ဧက ၃ သိန်းနှုန်းလောက် ချေးသင့်တယ်။ ဒါမှမဟုတ်ရင်လည်း ၁၀ ဧကအောက် လယ်သမားတွေကို ၃ သိန်းနှုန်း ချေးပြီးတော့ ၁၀ ဧကအထက် ရှိတာတွေကိုတော့ ၁ သိန်းခွဲနှုန်း ချေးပေးမယ် ဆိုလည်း ချေးပေါ့။ အမှန်ကတော့ ၁ ဧက ၃ သိန်းလောက်တော့ ချေးသင့်ပြီ။ ဘာလို့လဲဆိုတော့ ကုန်ကျစရိတ်က ပိုများလာတော့။ တကယ်လို့ စိုက်ပျိုးဖို့ နိုင်ငံတော်မှာလည်း ဘတ်ဂျက်ရှိတယ်ဆိုရင်တော့ ဒါပေမယ့်လည်း အခု စာရင်းကောက်ယူမှုတွေနဲ့ ၁ ဧကကို ၂ သိန်းနှုန်း မြေဩဇာနဲ့ ပေးထားတာ ဖြစ်တဲ့အတွက် ၁ ဧက ၁ သိန်းခွဲနှုန်းကို ဧကစေ့ ၁၅ ဧကရှိရှိ၊ ၁၂ ဧကရှိရှိ အဲဒီလို ပေးနိုင်ရင်တော့ ကောင်းပါတယ်” ဟု ပြောသည်။
စပါးစိုက်နေသော တောင်သူများကိုတွေ့ရစဉ်
လာမည့် မိုးစပါးစိုက်ရာသီတွင် ငွေကျပ် ၁၄၀ ဘီလီယံ အသုံးပြုပြီး မိုးစပါးစိုက်ဧက ၇ သိန်းခန့်ကို ထုတ်ချေးရန် လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
မိုးစပါးစိုက်ဧက ၇ သိန်းအတွက် ၁ ဧကလျှင် ၂ သိန်းနှုန်းနှင့် ညီမျှသည့် သွင်းအားစုကို ပံ့ပိုးပေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းကျော် ရှိသည့်အတွက် လက်ရှိ၌ စိုက်ဧက ၇ သိန်းအတွက်သာ လျာထား ခြင်းကြောင်း၊ ဧက အမြောက်အများအတွက် လိုအပ်နေသေးကြောင်း တောင်သူများက ထောက်ပြသည်။
ထို့နောက် မိုးစပါးစိုက်ပျိုးရာ တချို့သော ဒေသများသည် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ချေးငွေထုတ်ချေးရန်အတွက် ခက်ခဲနိုင်သည်ဟု တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အန်ကယ်တို့နိုင်ငံမှာက မိုးစပါးစိုက်ဧကက ၁၇ သန်းလောက်ရှိတယ်။ အနည်းဆုံး ၁၅ သန်းလောက် ရှိမှာ ပေါ့။ သူတို့စာရင်းဇယားအရတော့ ၁၇ သန်းပေါ့။ အဲဒါကို ဧက ၇ သိန်းစာပဲ ပေးတာဆိုတော့ အများစု လိုနေသေး တာပေါ့။ အန်ကယ်တို့ ဧရာဝတီတိုင်းမှာတင် ၃ ဒသမ ၇ သန်းရှိတယ်။ ပဲခူးတိုင်းလည်း ၃ ဒသမ ၄/၅/၆ သန်း ရှိတယ်။ အန်ကယ်တို့ တိုင်း ၂ တိုင်းပဲ ၇ သန်းကျော်နေပြီလေ။ တချို့တောင်သူတွေကျတော့လည်း ကိုယ်လိုချင်တဲ့ မြေဩဇာ မရတဲ့အတွက် တချို့လည်း မယူကြဘူး။ ကိုယ့်ဟာကိုယ်ပဲ ဝယ်ကြတာပေါ့။ တစ်ခုရှိတာက ရခိုင်တို့၊ ကရင်တို့၊ မွန်တို့၊ စစ်ကိုင်းတို့၊ မကွေးတို့၊ မန္တလေးတို့ အဲဒီဘက်တွေက ငြိမ်သက်မှု မရှိတဲ့အခါကျတော့ လောလော ဆယ်ကတော့ ဧရာဝတီရယ်၊ ပဲခူးရယ်၊ ပဲခူးတောင်မှ အနောက်ခြမ်းပဲ ငြိမ်သက်မှု ရှိတာလေ။ အဲဒီတိုင်းတွေလည်း မငြိမ်မသက်ရှိတော့ သူတို့ ချေးရဲဖို့ဆိုရင် အန္တရာယ်ရှိမှာပေါ့” ဟု ပြောသည်။
စိုက်ပျိုးစရိတ် ထုတ်ချေးပေးရာတွင် သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာ အမျိုးအစားကိုလည်း တောင်သူ စိတ်ကြိုက် ရွေးချယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးသင့်ကြောင်း၊ ချေးငွေလိုအပ်သည့် တောင်သူတိုင်း ချေးငွေ ရရှိရေးအတွက်ကိုလည်း စနစ်တကျ စီမံဆောင်ရွက်ပေးရန်လည်း လိုအပ်သည်ဟု တောင်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 694
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀
အဝေးပြေးယာဉ်လိုင်းများတွင် ကားလက်မှတ်များ ဝယ်ယူရာ၌ မှတ်ပုံတင်အပြင် ထောက်ခံစာများ လိုအပ် ကြောင်း အဝေးပြေးယာဉ်လိုင်း အချို့ထံမှ သိရသည်။
ယခင်က မှတ်ပုံတင်ရှိရုံဖြင့် ကားလက်မှတ်များအား ရောင်းချပေးခြင်းဖြစ်သော်လည်း ယခုအခါတွင် မှတ်ပုံတင် အပြင် ရပ်ကွက်၊ ရဲစခန်းတို့၏ ထောက်ခံစာများ ပါရှိရန်လိုအပ်ကြောင်း အဝေးပြေးယာဉ်လိုင်း တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပမာ မန္တလေးကို သွားမယ်ဆိုရင် သွားမယ့်ခရီးသည်က မန္တလေးကဆိုရင် မှတ်ပုံတင် မူရင်းပဲလိုတယ်။ တကယ်လို့ မန္တလေးက မဟုတ်ဘူးဆိုရင် အလုပ်ကိစ္စနဲ့ဆိုရင် အလုပ်ခေါ်စာ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာလိုပါတယ်။ အလုပ်ခေါ်စာ မဟုတ်ဘဲနဲ့ အလည်အပတ်ဆိုရင်လည်း ရပ်ကွက်ထောက်ခံစာတို့၊ မှတ်ပုံတင်မူရင်းတို့ အကုန်လိုပါတယ်။ ပြောရမယ်ဆိုရင် အကုန်လုံး လိုသွားတာပေါ့” ဟု ပြောသည်။
ထောက်ခံစာပေးရသည့်အခါတွင် အချို့ယာဉ်လိုင်းများတွင် မှတ်ပုံတင်အပြင် ရပ်ကွက် သို့မဟုတ် ရဲစခန်း ထောက်ခံ စာ တစ်ခုခု ပါရှိရန်လိုအပ်ပြီး အချို့ယာဉ်လိုင်းများတွင် ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာ နှစ်မျိုးလုံး ပါရှိရန် လိုအပ်ကြောင်းနှင့် အချို့ယာဉ်လိုင်းများတွင်မူ သွားရောက်မည့် ဒေသ၌ မိမိတည်းခိုမည့် လိပ်စာများလည်း တောင်းခံကြောင်း အဝေးပြေးခရီးသွားယာဉ်လိုင်းအချို့ထံမှ သိရသည်။
အဝေးပြေးယာဉ်လိုင်း ကားလက်မှတ်အရောင်းဌာနများနဲ့ ခရီးသွားများကိုတွေ့ရစဉ်
ယခုကဲ့သို့ လိုအပ်သွားခြင်းသည် လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များမှ ထုတ်ပြန်ထားသည့် အတွက်ကြောင့် ဖြစ်ကြောင်းနှင့် ၎င်းအချက်အလက်များ မပါရှိပါက ကားလက်မှတ် ရောင်းချပေး၍မရကြောင်း သိရသည်။
ထို့အပြင် အချို့ယာဉ်လိုင်းများ၌ ၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများတွင် အထောက်အထား အပြည့်အစုံပါရှိပါက လက်မှတ် ရောင်းချပေးသော်လည်း အချို့ယာဉ်လိုင်းများတွင်မူ ၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများအား လက်မှတ်မရောင်းချရန် မှာကြားထားကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းရှိ ယာဉ်လိုင်းတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရပ်ကွက်ထောက်ခံစာ သို့မဟုတ် ရဲစခန်း ထောက်ခံစာယူရမယ်။ ပြီးရင် သွားမယ့်သူ နေထိုင်မယ့် သူသွားတည်းမယ့်နေရာရဲ့ တည်းမယ့်နေရာက ဘယ်သူ့ဆီမှာ တည်းမယ် ဘာညာပေါ့ အဲဒီလိုလည်း တောင်းပါ တယ်။ ကျနော်တို့သွားတဲ့ မြို့တွေတော့ တောင်းတယ်။ ကျန်တဲ့ မြို့တွေတော့ ယာဉ်လိုင်းက အများကြီးရှိတာဆို တော့ အားလုံးကိုတော့ မသိသေးဘူး။ ၁၁/ တွေကို မရောင်းဖို့ ကျနော်တို့ကို ပြောထားတယ်။ ကျနော်တို့ကို စာနဲ့ တရားဝင် ထုတ်ထားတာမရှိဘူး။ နှုတ်အမိန့်နဲ့ပဲ ထုတ်ထားတာဆိုတော့ ပြောရတာနည်းနည်း ခက်တယ်။ အရင် ဆိုရင်တော့ စာနဲ့ထုတ်တာပေါ့။ အခုကတော့ ကျနော်တို့နားမှာ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ပြော ထားတဲ့ သဘောပါ။ ရခိုင် ၁၁/ ကို မရောင်းပေးဖို့ဘာဖို့ တားထားတယ်ပေါ့ ဒီလောက်ပဲ” ဟု ပြောသည်။
အဝေးပြေးယာဉ်လိုင်း ကားလက်မှတ်အရောင်းဌာနများနဲ့ ခရီးသွားများကိုတွေ့ရစဉ်
၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများမှ အဝေးပြေးယာဉ်လိုင်း ကားလက်မှတ်ဝယ်ယူရန် စုံစမ်းရာတွင် မိမိသွားလိုသည့် ဒေသသို့ သွားရောက်မည့် အကြောင်းအရင်းနှင့်ပတ်သက်၍ မေးမြန်းကြောင်းလည်း သိရသည်။
၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများအား ကားလက်မှတ် ရောင်းချပြီးနောက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာ ပါက အရေးယူခြင်းခံရမည်ဟု ကြားသိရကြောင်းလည်း အဝေးပြေးယာဉ်လိုင်းခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထောက်ခံစာ ပါမှဆိုတာတော့ မှန်တယ်။ နောက်ပြီး ၁၁/ လား ရခိုင်ကလေ။ အဲဒါတွေ မရောင်းဖို့။ ရောင်းခဲ့လို့ ကိစ္စတစ်ခုခုဖြစ်ရင် လိုင်းပါပိတ်သိမ်းမယ် ဘာညာ အဲဒီလိုမျိုးတွေလည်း ကြားတယ်။ ဒါ အစ်ကိုတို့ ကြားတာ။ အစ်ကိုတို့ ဂိတ်ကတော့ တရားဝင် ဒီလို ဒီလိုလို့ ညွှန်ကြားထားတာတော့ မရှိသေးဘူး။ တခြားလိုင်းတွေ ကတော့ သူတို့လည်း အဲဒီလိုမျိုးဖြစ်တယ်လို့ ပြောတယ်” ဟု ပြောသည်။
၂၀၂၂ ခုနှစ် စာရင်းများအရ အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ရန်ကုန်အခြေပြု ယာဉ်လိုင်းပေါင်း ၁၁၅ လိုင်း ရှိပြီး ယာဉ်အစီးရေ ၃၁၄ စီးရှိကြောင်း၊ ဒဂုံ ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်အခြေပြု ယာဉ်လိုင်း ပေါင်း ၆၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၁၅၇ စီးရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 832
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၉
ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို လက်ရှိတွင် ကိုးကန့်(MNDAA)နှင့် တရုတ်အစိုးရတို့ ညှိနှိုင်း၍ ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ကိုးကန့်ဒေသခံများထံမှ သိရသည်။
ချင်းရွှေဟော် နယ်စပ်ဂိတ်ကို မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုးကန့်ဒေသခံများကိုသာ အဝင်/အထွက် ပြုလုပ်ခွင့်ပေးထားကြောင်း၊ ကုန်သွယ်ရေး အနေဖြင့်လည်း တရုတ်နိုင်ငံမှ ကုန်စည်များကို အဓိက တင်သွင်းနေကြောင်း၊ မြန်မာနိုင်ငံမှ ကြံတစ်မျိုးတည်းကိုသာ တင်ပို့နေခြင်းဖြစ်သည်ဟု လောက်ကိုင်ဒေသခံ ကိုဖြိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA တပ်စွဲထားစဉ်
၎င်းက “ကိုးကန့်အဖွဲ့ကနေ ဖွင့်လှစ်တာလေ။ ကိုးကန့်အဖွဲ့နဲ့ တရုတ်နဲ့ ညှိပြီးတော့မှ အဝင်/အထွက်တွေ၊ လောလောဆယ် ပစ္စည်းပို့တာတွေ၊ ကုန်သွယ်တာတွေ လုပ်တာပေါ့။ ကုန်သွယ်ရေးက သွားလို့ရတယ်ဆိုတာက တရုတ်ဘက်က ထွက်လာတဲ့ ပစ္စည်းတွေကို ကိုးကန့်ဒေသမှာ သုံးဖို့ အဲဒီလိုမျိုးတွေ ထုတ်တာပဲရှိတာ။ မြန်မာ ပြည်ကနေ ကိုးကန့်ဒေသကနေ ဝင်တာဆိုလို့ ကြံတွေပေါ့။ ကြံစိုက်ခင်းက ကြံတွေ တရုတ်ပြည် စက်ရုံကိုပို့တာ အဲဒီတစ်ခုပဲ ရှိတယ်။ အဝင်အထွက်တော့ ဒေသခံတွေနဲ့ အရင်စာအုပ်ရှိတဲ့ သူတွေတော့ အဝင်အထွက်ရတယ်။ အခုအသစ် ထပ်ပြီးတော့ စာအုပ်တွေ ပြန်မလုပ်ပေးသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်မှ မတ်လ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ နစကနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန် ချင်းရွှေဟော်ဂိတ်ကို လူဝင်လူထွက် ဖြတ်သန်းခွင့်နှင့် ကုန်သွယ်မှုအတွက် ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သို့သော်လည်း မြန်မာအစိုးရအနေဖြင့် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်ပေးထားခြင်း မရှိကြောင်း နယ်စပ်စခန်းများ ညှိနှိုင်းရေးကွပ်ကဲမှု ဦးစီးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တွေ့ရစဉ်
“ကျနော်တို့ဘက်ကတော့ ဖွင့်တာ မရှိပါဘူး။ အဲဒါက သွားချင်တဲ့သူတွေက ပြောတာဖြစ်မှာပေါ့ဗျာ။ မြန်မာနိုင်ငံ အစိုးရအနေနဲ့တော့ တရားဝင် ဖွင့်လှစ်တာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ဖွင့်လှစ်ထားသော်လည်း လာရှိုးမြို့ကနေ တခြားလမ်းကြောင်းများသို့ သွားရန် မလွယ်ကူသဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် အခြေအနေမရှိကြောင်း ကုန်သည်များက ပြောသည်။
ထို့အပြင် ကိုးကန့်ဒေသခံများသာ အဝင်/အထွက် ပြုလုပ်၍ရသည့် သဘောဖြစ်နေသည်ဟု လောက်ကိုင်ဒေသခံ ကိုဖြိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလို ဖွင့်ပေးလိုက်လည်း သူတို့ပိတ်ထားတဲ့ သူတို့ကန့်သတ်ထားတဲ့ လူဦးရေ ပုံစံနဲ့ဆိုရင်တော့ ဘာမှ မထူးဘူးပေါ့။ ဖွင့်တာ ဖွင့်တာ သူတို့ဒေသခံပဲ သွားလို့ရတယ်။ ကျနော်တို့ မြန်မာပြည်က တိုင်းရင်းသားတွေ တစ်ယောက်မှ သွားလို့မရတာ။ အဲဒီလိုမျိုးတွေဆိုတော့ ဘာမှ ထူးခြားမှု မရှိဘူးလေ” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်က ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ မုံးကိုး၊ လောက်ကိုင်နှင့် ကုန်းကြမ်း၊ ဖောင်းဆိုင် စသည့် ဒေသများကို သိမ်းပိုက်ထားပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အပါအဝင် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့တို့ကို တအာင်း(TNLA)က သိမ်းပိုက်ထား ဖြစ် သည်။
ထို့နောက် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၌ နစကနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား အပစ်ရပ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ နစကနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၄ ကြိမ်မြောက် ဆွေးနွေးပွဲမှာ တော့ နယ်စပ်ကုန်သွယ်ရေးဇုန်များ ပြန်လည်ဖွင့်လှစ်ရေးနှင့် အခွန်ကောက်ခံမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 707
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၈
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရာတွင် လက်ရှိ၌ ပင်လယ် ရေကြောင်း ကုန်သွယ်ရေးကိုသာ အဓိကအားထားနေရသည့် အနေအထား၌ သင်္ဘောတင်သည့်အပိုင်းတွင် အခက်အခဲများ ရှိနေခြင်းကြောင့် ပြောင်းဝယ်ယူမှုများကို တချို့သော ကုမ္ပဏီများက အဝယ်ရပ်နားမှုများ ရှိလာနေသည်ဟု သိရသည်။
ယခင်က ပြောင်းကို ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ၂၅ ရာခိုင်နှုန်းခန့်ရှိပြီး ကျန်ရှိသည့် ရာခိုင်နှုန်းပမာဏသည် ပင်လယ် ရေကြောင်းဖြင့်သာ တင်ပို့နေရခြင်း ဖြစ်သည်။
ပင်လယ်ရေကြောင်းဖြင့် တင်ပို့ရာတွင် သင်္ဘောတင်ရန်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့် ဂိုဒေါင်များနှင့် သင်္ဘောဆိပ်ကမ်းများ၌ ပြောင်းများ စုပုံနေသည့် အနေအထားတွင် ရှိနေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ပြောင်းအိတ်များ တင်ဆောင်ထားသည့် ကုန်ကားများ
“အဝယ်ရပ်တာက တစ်ဖွဲ့ပေါ့နော်။ ဘာလို့လဲဆိုတော့ သင်္ဘော အခု တင်နေကြတယ်။ သင်္ဘောတင်နေဆဲကာလ ကုမ္ပဏီတွေကျတော့ ဒီဘက်မှာ ဝယ်ပြီးတော့ ပစ္စည်းချဖို့အတွက်ကိုက အဆင်မပြေဘူး။ အဲဒီတော့ သင်္ဘော တင်ဖို့ပဲ ဦးစားပေးလုပ်နေကြတာပေါ့နော်။ အဲဒီတော့ ဝယ်ယူရေးကိုပဲ ခဏရပ်ပြီးတော့ သင်္ဘောပေါ် တင်နေရတာ ပေါ့။ ပစ္စည်းတွေကလည်း ဂိုဒေါင်တွေထဲမှာရော၊ ဆိပ်ကမ်းတွေမှာရော၊ သီလဝါမှာ ရှိနေတဲ့ ဆိပ်ကမ်းတွေဆိုလို့ ရှိရင် အပြင်မှာတောင် ပုံထားရတယ်။ မနေ့က မိုးရွာတုန်းကဆိုရင် မိုးမမိပါစေနဲ့ ဆုတောင်းနေရတယ်။ ဘာလို့လဲ ဆိုတော့ သင်္ဘောတင်ဖို့အတွက်ကို ဂိုဒေါင်ထဲမှာ မဆံ့လို့ အပြင်မှာ ပုံနေရတော့ အဝယ်ခဏရပ်ပြီးတော့ သင်္ဘော ပေါ် တင်ရသေးတာပေါ့နော်။ အဝယ်ရပ်တဲ့ ကုမ္ပဏီတွေက ရပ်တာ၊ ဝယ်တဲ့ကုမ္ပဏီတွေက ဝယ်တယ်လေ။ လုံးဝ ကြီး ဈေးကွက်ရပ်သွားတာတော့ မဟုတ်ဘူး။ သင်္ဘောတစ်စီးမှာက ကန့်သတ်ချက်မှာက ၁၀ ရက်နဲ့အထက် တင်နေရတယ်။ အဲတော့ တစ်စီးတင်နေတယ်ဆိုလို့ရှိရင် နောက်တစ်စီးက တင်ဖို့ စောင့်နေရတာမျိုးပေါ့နော် အဲဒီလိုလေးတွေလည်း အခက်အခဲတွေရှိတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် သင်္ဘောများသည် တန် ၃ သောင်းဝန်းကျင်ခန့်သာ ရှိသော်လည်း ဒီရေ အတက် အကျ၊ လုပ်သားအင်အား လိုအပ်ချက်နှင့် သင်္ဘောဆိပ်ကမ်းတွင် ပြောင်းအပြင် တခြားသော ကုန်စည်များလည်း ရှိနေပြီး ဆိပ်ကမ်းရှင်းလင်းရေး လုပ်ဆောင်ထားခြင်း မရှိသည့် အခက်အခဲများလည်းရှိသည်။
ဒါ့အပြင် မူဝါဒ အခက်အခဲများကြောင့် ပြောင်းကို သင်္ဘောတင်ရန်အတွက် ပုံမှန်အားဖြင့် ၂ ရက်ခန့်သာ ကြာမြင့် သော်လည်း လက်ရှိတွင် ၁၀ ရက်ခန့် ကြာမြင့်သည့် အနေအထားတွင် ရှိနေခြင်းလည်း ပါဝင်ကြောင်း ပြောင်း ကုန်သည်များက ပြောသည်။
ပြောင်းများကို သင်္ဘောပေါ်သို့ တင်နေစဉ်
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှု စတင်နေသော်လည်း ကမ္ဘာ့ပြောင်းဈေးနှုန်းကျဆင်းမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ကုန်မူဝါဒများအရ ကုန်ကျစရိတ်မြင့်တက်ပြီး ထိုင်းနိုင်ငံမှပေးသည့် ဈေးနှုန်းအတိုင်း ပြောင်းကုန်သည်က မရရှိဘဲ ဆုံးရှုံးမှု ရှိနေခြင်းကြောင့် ပြောင်းဝယ်ယူမှုများ နှောင့်နှေးနေခြင်းလည်း ရှိနေသည်။
ပြောင်းဈေးနှုန်းအနေဖြင့် ရန်ကုန်ဆိပ်ကမ်းအရောက် ပြောင်း တစ်ပိဿာလျှင် ၁၀၅၀ ကျပ်ဝန်းကျင်သာ ရှိနေပြီး တောင်သူများ ရရှိသည့် ဈေးနှုန်းသည် တစ်ပိဿာလျှင် ၈၀၀ ကျပ်ခန့်သာ ရရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
“ဈေးကတော့ ကျနေတာပါပဲ။ ရန်ကုန်ဈေးတွေက ၁၀၄၀ လောက်မှာ သွားနေတယ်။ မနှစ်ကတော့ ရန်ကုန် ဈေးက ၁၂၀၀ အနိမ့်ဆုံး ရှိနေတာလေ။ ဈေးက တော်တော်ကွာသွားတာပေါ့။ အခုပုံစံအတိုင်းသာဆို ဒီဈေးက အနိမ့်ဆုံးဈေးလို့ အားလုံးက ခန့်မှန်းတာပဲလေ။ ပုံမှန်ပေါက်ဈေးနဲ့တော့ ဝယ်နေကြတာပဲ။ ဈေးလေး နည်းနည်း ကျတာပေါ့လေ အဲဒီတစ်ခု။ အဲဒါကလည်း အစိုးရရဲ့ မူဝါဒနဲ့ သက်ဆိုင်တာပေါ့။ မူဝါဒ နည်းနည်းပါးပါး ဖြေလျှော့ တာတို့ လုပ်လာရင်တော့ ပြောင်းဈေးက အတက်ဘက် ရှိတာပေါ့။ လောလောဆယ် ဖြစ်နေတဲ့ပုံစံက သတ်မှတ် ထားတဲ့ အစိုးရသတ်မှတ်ဈေးနှုန်းနဲ့ အခု ရောင်းရမယ်ဆိုရင် ပြောင်းဈေးက ဒီဝန်းကျင်မှာပဲ သွားနေမှာ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့ပြောင်းကို ထိုင်း၊ ဗီယက်နမ်၊ ဘရူးနိုင်း စသည့် အာဆီယံနိုင်ငံများသို့ ပင်လယ်ရေကြောင်းဖြင့် တင်ပို့လျက် ရှိနေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက်လည်း ကြိုးစားလျက် ရှိနေသည်ဟု သိရသည်။
သို့သော်လည်း ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှု ပြုလုပ်နေသည့် ဆန်၊ ပဲ၊ ပြောင်းနှင့် တခြားသော ကုန်စည် များအနက် ပြောင်းသည် ဈေးနှုန်းရရှိမှု အနိမ့်ဆုံး ဖြစ်နေခြင်းကြောင့် ပို့ကုန်ရငွေ မူဝါဒနှင့် ပတ်သက်၍ ပြောင်းကို လျှော့ပေါ့ပေးစေလိုကြောင်း၊ သို့မှသာ ပြောင်းကုန်သည်များ ဆုံးရှုူံးမှု မရှိ တင်ပို့နိုင်မည်ဖြစ်ပြီး ပြောင်းစိုက် တောင်သူများအတွက်လည်း ဈေးနှုန်းကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောင်းကုန်သည်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 733
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၅
မြန်မာနိုင်ငံတွင် လက်ရှိ ကျဆင်းနေသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ကောင်းမွန်လာစေဖို့အတွက် နစက အနေဖြင့် မည်သည့်မူဝါဒများကို ပြင်ဆင်သင့်သလဲဆိုသည့်အပေါ် ပြန်လည်စမ်းစစ်သင့်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြနေကြသည်။
နစကသည် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် မူဝါဒများကို မကြာခဏ ပြင်ဆင်သတ်မှတ်နေခြင်း၊ လယ်ယာ ထွက်ကုန်ဆိုင်ရာ ထိန်းချုပ်နေမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် လုပ်ဆောင်ရာတွင်လည်း အားနည်းချက်များ ရှိနေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တခြားတစ်ဖက်မှာလည်း စီးပွားရေး ပြန်လည် ကောင်းမွန်လာစေရန်တွက် နိုင်ငံတော်အကြီးအကဲက အားလုံးကို ချုပ်ကိုင်ထားခြင်းမှု မရှိသင့်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့်ပေးသင့် ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း စီးပွားရေး ကျဆင်းနေမှုကို ပြုပြင်ပြောင်းလဲရမည့် အဓိက အချက်များအား နိုင်ငံတော်အကြီးအကဲကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက ထောက်ပြကြသည်။
ကုန်သွယ်ရေး ကုန်ကားများကိုတွေ့ရစဉ်
အဓိကအားဖြင့် လူမှန်၊ နေရာမှန်၊ တာဝန်မှန်နှင့် စနစ်မှန် ဖြစ်မှသာ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် လုပ်ဆောင်နိုင်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်း(မအူပင်)က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စီးပွားရေးကိစ္စကို အဆင်ပြေအောင် လုပ်ဖို့ဆိုတာက စီးပွားရေးဆိုတာ တည်ငြိမ်မှ စီးပွားရေး လုပ်လို့ ရတာ။ စီးပွားရေး လုပ်ချင်ရင် တည်ငြိမ်အောင် ကြိုးစားရမယ်။ ငြိမ်းချမ်းအောင် ကြိုးစားရမယ်။ သာယာအောင် ကြိုးစားရမယ်။ အဲဒီလိုမျိုး ကြိုးစားဖို့ဆိုတာက လူမှန်၊ နေရာမှန်၊ တာဝန်မှန် ပေးဖို့လိုတယ်။ နစကမှာလည်း တချို့နေရာမှာ လူမှန်၊ နေရာမှန်၊ တာဝန်မှန် သူ့လူတော့ သူပေးတာပေါ့၊ ဒါပေမယ့် သူ့လူမှ မကျွမ်းကျင်တာ၊ သူ့လူမှ မလုပ်တတ်တာ ဘယ်လိုလုပ်ရမလဲ။ ဒါပေမယ့် သူ့ဘက်က ပြန်ကြည့်ရင်တော့ သူစိတ်ချရတဲ့သူ သူပေး တာလေ။ ဒါကြောင့် အားလုံးပူးပေါင်းပြီးတော့ သူလည်း စိတ်ချယုံကြည်အောင် ပြောတာဆိုတာ လုပ်တာကိုင်တာ ဖြစ်ဖို့လိုတယ်။ သူ့ကိုလည်း နားလည် သဘောပေါက်အောင် ထိန်းကျောင်းပေးဖို့ လိုတယ်။ အဲဒီတော့ စီးပွားရေး မြင့်ဖို့ဆိုတာက လူမှန်၊ နေရာမှန်၊ စနစ်မှန်၊ တာဝန်မှန် အဲဒီလို မှန် ၄ မှန်လောက်ကို ထိန်းနိုင်ရင် အဂတိလည်း ကင်းနိုင်အောင် လုပ်နိုင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပြန်လည်ဦးမော့လာပါမယ်။ အဲဒီလို လုပ်နိုင်ဖို့သည် လတ်တလောကတော့ တည်ငြိမ်အေးချမ်းမှုကို အားလုံးက စားပွဲပေါ်မှာ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးပြီးတော့ အပေး အယူ၊ ယုံကြည်ချက် ရယူပြီးတော့ ဆောင်ရွက်ရင်တော့ ရပါတယ်၊ အန်ကယ်ကတော့ အဲဒီလို ယုံကြည်ပါတယ်” ဟု ပြောသည်။
စီးပွားရေးလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသည် ပို့ကုန်သွင်းကုန်ကဏ္ဍကိုသာ အဓိကထား နေရခြင်းကြောင့် ပို့ကုန်နှင့်ပတ်သက်၍ ပိုမိုတင်ပို့ ထုတ်လုပ်နိုင်ရန်အတွက် လုပ်ဆောင်ပေးရန်လိုအပ်သည်ဟု ထောက်ပြကြသည်။
စိုက်ပျိုးရေးလုပ်နေစဉ်
လက်ရှိ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ဆောင်၍မရဘဲဖြစ်နေကြောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး တစ်ခုတည်းသာ လုပ်ဆောင်ရသည့် အနေအထားတွင် ရှိနေသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လျင်လျင်မြန်မြန်ဖြင့် အဆင်ပြေ ချောမွေ့စွာ တင်ပို့ရနိုင်ရန်အတွက် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် မူဝါဒကို တိကျစွာ ထုတ်ပြန်ရန် လိုအပ်သည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။
စက်သုံးဆီနှင့် ဒေါ်လာဈေးကွက်ကို ထိန်းညှိသည့်သဘောဖြင့် ပို့ကုန်ရငွေ မူဝါဒကို မကြာခဏ ပြောင်းလဲနေခြင်း ကလည်း တခြားသော ပို့ကုန်တင်ပို့မှုအပိုင်းများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။
ပို့ကုန် အမြောက်အများ တင်ပို့နိုင်မှသာ တိုင်းပြည်၏ စီးပွားရေးသည်လည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ လက်ရှိ ကျင့်သုံးနေသည့် စီးပွားရေးစနစ်ကို ပြင်ဆင်ရန် လိုအပ်နေကြောင်း၊ လွတ်လပ်စွာ ကုန်သွယ်မှုပေးသည့် ဈေးကွက်စီးပွားရေးစနစ်ကို သွားနိုင်မှသာ ကုန်သွယ်မှု ကုန်ကျစရိတ်များ သက်သာလာပြီး ကုန်ဈေးနှုန်းများလည်း ကျဆင်းလာမည်ဟု Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “capital market ကတော့ အစိုးရက အကုန်လုံးကို ထိန်းချုပ်ထားတာပေါ့။ ဒေါ်လာဈေး၊ ရွှေဈေး၊ မြေဈေး ပြီးတော့ export, import အဲဒီ ၅ ခုကို ထိန်းထားတာပေါ့။ ထိန်းထားလိုက်တယ်ဆိုတာက သူ့ဆီက ထွက်မသွား အောင်လို့ပေါ့နော်။ အဲဒီတော့ capital market ကို ကိုင်ထားတဲ့သဘော ရှိတယ်။ အဲဒီမူဝါဒကတော့ နိုင်ငံတခုခု ဖြစ်လာရင် နိုင်ငံတွေက ကိုင်တဲ့ ထုံးစံပေါ့လေ၊ ဒါကတော့ စီးပွားရေး မူဝါဒပိုင်းဆိုင်ရာမှာ ကျနော်လေ့လာကြည့် သလောက် အဲဒီလို သွားတွေ့တယ်။ အခုတော့ ကျနော်တို့ကတော့ free market ကို ပြန်သွားချင်တာပေါ့။ ကျနော် တို့တွေအားလုံးက လုပ်ရတာ ခက်တယ်၊ ဘာလို့ဆို free market က နည်းနည်းလောက် လုပ်ပြီးရင် အရသာက တွေ့သွားပြီ။ အခုကျတော့ capital market ကို ပြန်သွားရတော့ အဆင်မပြေဘူးပေါ့။ အဲဒါကတော့ စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံနဲ့ ပတ်သက်တဲ့သူတွေ လူတွေ ပြောင်းမှရမယ်။ နောက်မို့ဆိုရင်တော့ မလွယ်ဘူးပေါ့နော်။ free market ဆိုတာလည်း ဒီအတိုင်း လွှတ်ပေးထားလို့ မရဘူး။ အချိန်တစ်ခုလောက် ရောက်လာရင် ကုန်ဈေးနှုန်းက ပြည်သူလက်ထဲကို ရောက်လာရင် ပါဝါကြီးတဲ့သူတွေက ကစားလိုက်လို့ရတယ်။ အခု ဒေါ်လာဈေးဆော့တဲ့သူလို၊ ရွှေဈေးဆော့တဲ့သူလို၊ အိမ်ခြံမြေဈေး ဆော့တဲ့သူလို” ဟု ပြောသည်။
ငွေကြေးဖောင်းပွမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး စီးပွားရေး ကျဆင်းမှုများနှင့် ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံသည် ထိုဒဏ်ကို ပို၍ ခံစားရသည့် အနေအထားတွင် ရှိနေသည်။
ပို့ကုန် အမြောက်အများ တင်ပို့နိုင်မည်ဆိုပါက တိုင်းပြည်၏ဝင်ငွေ တိုးတက်လာမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှု ကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေး ကျဆင်းမှုလည်း ပြေလည်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ကုန်ကို အမြောက်အများ တင်ပို့နိုင်ရန်အတွက် ပိုမိုလုပ်ဆောင်ပေးသင့်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 780
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့မှုများကြောင့် လောက်ကိုင်မြို့တွင် အလုပ် လုပ်ကိုင်ခဲ့ ကြသူများသည် လက်ရှိ၌ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ဒေသ ပန်ဆန်းမြို့သို့ ပြောင်းရွှေ့လုပ်ကိုင်လာနေကြကြောင်း ရှမ်းမြောက်ရှိ ပရဟိတအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ က CNI သတင်းဌာနသို့ ပြောသည်။
UWSA ၏ ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း အပါအဝင် လုပ်ငန်း အများအပြားရှိ၍ အလုပ်အကိုင်လည်း ပေါများနေသောကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့လုပ်ကိုင်လာနေခြင်း ဖြစ် သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောက်ကိုင်က အဖွဲ့တွေ၊ ကွမ်လုံအဖွဲ့တွေ တော်တော်များများကတော့ ပန်ဆန်းဘက်ကို သွားကြတာ များတယ်။ ပန်ဆန်းဘက်မှာ အလုပ်အကိုင်တွေပေါ့လေ။ စီးပွားရေး အခြေအနေကတော့ ဟိုဘက်ကတော့ ဝန်ထမ်းအနေနဲ့ပဲ သွားကြတာများပါတယ်။ စီးပွားရေး စတည်ထောင်ဖို့ အဲဒီလုပ်ငန်းရှင်တွေကတော့ လောလော ဆယ် မလှုပ်ကြဘူး။ အဓိကကတော့ အလုပ်ပြန်လုပ်မယ့် ဝန်ထမ်းတွေပဲပေါ့။ ဝန်ထမ်းတွေကတော့ အဲဒီမှာ အလုပ်အကိုင် ရရှိဖို့အတွက်၊ အလုပ်အကိုင်က အဲဒီမှာပေါတာကို။ ပေါတဲ့အတွက် ဝန်ထမ်း တော်တော်များများ ကတော့ အဲဒီဘက်ကို ရွှေ့ကြတာများပါတယ်။ အဲဒီဘက်ကတော့ များသောအားဖြင့် လုပ်ငန်းကတော့ များတယ်။ တချို့လည်း စားသောက်ဆိုင်တွေ၊ တချို့လည်း ဟိုတယ်တွေပေါ့။ ခေါ်တာတော့ တော်တော်များများ ခေါ်ပါတယ်။ အဲဒီဘက်ကလည်း အရင်က ဝန်ထမ်းရှားပါးမှု ရှိခဲ့တာဆိုတော့လေ။ အခုကြတော့ လောက်ကိုင်မှာရှိတဲ့ ဝန်ထမ်း တွေ တော်တော်များများ အဲဒီဘက်ကို ကူးတာများပါတယ်” ဟု ပြောသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုသို့ သွားရောက်ကြရာတွင် ဗမာလူမျိုး အများဆုံးဖြစ်ပြီး အခြားတိုင်းရင်းသားလူမျိုးများလည်း ပါဝင်ကာ အမျိုးသားထက် အမျိုးသမီးဦးရေမှာ ပို၍များပြားကြောင်း၊ မှတ်ပုံတင် ရှိရုံဖြင့် သွားရောက် လုပ်ကိုင်နိုင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး ပြန်လည် မကောင်းမွန်သေးသော်လည်း လားရှိုးမှ ပန်ဆန်းမြို့သို့ သွားရာမှာတော့ တန့်ယန်းမြို့ဘက်မှ သွားကြကြောင်း သိရသည်။
ယခုကဲ့သို့ ပြောင်းရွှေ့ လုပ်ကိုင်လာကြခြင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် နလန်မထူနိုင်သေးသည့်အတွက်ဖြစ်ကြောင်း လားရှိုးမြို့ရှိ ဖြူစင်မေတ္တာပရဟိတ လူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ပန်ဆန်းမြို့အတွင်းကိုတွေ့ရစဉ်
၎င်းက “သိပ်တော့မကွာဘူး လောက်ကိုင်နဲ့ ပန်ဆန်းနဲ့ကလေ။ လုပ်အားခတွေ ဘာတွေပေ့ါ။ ကွာလည်း နည်းနည်းပဲ ကွာမယ်။ တော်တော် အဆင်ပြေကြပါတယ်။ အခုကတော့ “ဝ” ပြည်ကတော့ ပုံမှန်လေးလည်ပတ် အလုပ်အကိုင်တွေ အဆင်ပြေတယ်ပေါ့။ အခုဖြစ်ခဲ့တဲ့ နေရာတွေ တော်တော်များများက အဆင်မပြေတာများ တယ်။ မလည်ပတ်နိုင်ဘူးပေါ့လေ။ တော်တော်များများ ဗမာတွေ အဲဒီမှာ တက်ပြီး လုပ်ကိုင်ကြတာ များတာကို။ လူမျိုးပေါင်းစုံပေါ့။ မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင်ရှိရုံနဲ့တော့ ရပါပြီ။ ဒါပေမယ့် ထောက်ခံစာလေးတွေ ဘာလေး တွေပေါ့ ဘယ်မြို့မှာနေတယ်။ ဘယ်ရပ်ကွက်မှာနေတယ်။ ထောက်ခံစာလေးတွေပါရင်လည်း ပိုပြီးတော့ အဆင်ပြေတာပေါ့။ “ဝ” ပြည်ကတော့ ဟိုးအရင်ကတည်းက ကောင်းနေကြဆိုတော့ အခုလည်း ကောင်းပါတယ်။ မြောက်ပိုင်း တစ်ပိုင်းလုံးနီးနီး မကောင်းဘူးပေါ့။ လားရှိုးတို့၊ သီပေါတို့ဘက်မှာ ၃ ပုံ ၁ ပုံ ကျော်ကျော် ၂ ပုံနီးနီး လည်ပတ်ကြတာပဲ။ လောက်ကိုင်တို့၊ ကွမ်လုံတို့၊ သိန္နီတို့ အခု စစ်ဖြစ်တဲ့နေရာ တော်တော်များများ နေရာတွေက တော့ မလည်ပတ်ဘူး မလည်ပတ်တာများတယ်။ ကားလေးတွေကြတော့ တက်ကြပါတယ်။ လူတစ်ယောက်ကို ၃ သိန်းခွဲ နီးပါးလို့လည်း ကြားတယ်” ဟု ပြောသည်။
လောက်ကိုင်၌ ယခင်က အခြေခံလုပ်ခလစာများမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် တစ်ရက်လျှင် တရုတ် ယွမ်ငွေ ၁၀၀ မှ ၃၀၀ (မြန်မာငွေ လေးသောင်းကျော်မှ တစ်သိန်းကျော်) အထိရရှိကာ ကာစီနိုများတွင်မူ တစ်လ လုပ်ခလစာသည် ယွမ်ငွေ ၃၅၀၀၊ ၄၀၀၀ (မြန်မာငွေ ဆယ်သိန်းကျော်) အထိ ရရှိသည့်အတွက်ကြောင့် လာရောက် လုပ်ကိုင်ကြသူ များပြားလာခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။
UWSA ထိန်းချုပ် “ဝ”ဒေသ ပန်ဆန်းမြို့၌ အခြေခံလုပ်ခလစာမှာ ပျမ်းမျှ တရုတ်ယွမ်ငွေ ၂၀၀၀ (မြန်မာငွေ ရှစ် သိန်း) ခန့်အထိ ရှိကြောင်း၊ လုပ်ငန်း အနေအထားအရ အလုပ်အကိုင်ကောင်းပါက ယွမ်ငွေ ၃၀၀၀ (မြန်မာငွေ ဆယ် သိန်းကျော်) ခန့်အထိ ရရှိပြီး ပုံမှန်အလုပ်အကိုင် ဖြစ်ပါက ယွမ်ငွေ ၁၈၀၀ (မြန်မာငွေ ခုနှစ်သိန်းကျော်) ခန့် ရရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 433
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄
မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ မရှိစေရေးအတွက် တင်းကျပ်တားဆီးရန် ထိုင်းနယ်ခြားစောင့်တပ်များမှ လုပ်ဆောင်နေသဖြင့် တရားမဝင်ခိုးဝင်မှု ယခင်ထက် ပိုမိုခက်ခဲသွားနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်က "ရာဇဝတ်မှုမျိုးစုံကို တားဆီးထိန်းချုပ်ရန်" ဆိုသည့် အကြောင်းပြချက်ဖြင့် နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးများ ယခင်ထက် ပိုမိုတင်းကျပ်စေရေး ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် မတ်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ ခိုးဝင်လာမည့် သူများအတွက် ထိုင်းနယ်စပ်ဘက်မှ တရားမဝင် ခိုးဝင်နိုင်သည့် လမ်းကြောင်းများမှာ ပိုမိုတင်းကျပ် သွားမည်ဖြစ်ကြောင်း မဲဆောက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
တရားမဝင် ခိုးဝင်လာသူများကို ထိုင်းက ဖမ်းဆီးထားစဉ်
၎င်းက “အထူးသဖြင့်တော့ မြန်မာနိုင်ငံသားတွေ အလွယ်တကူ ခိုးဝင်လာလို့ရတဲ့ လှေဂိတ်တွေ၊ နယ်စပ်ဂိတ်တွေ၊ ဂိတ်မရှိတဲ့ နေရာတွေကို ကယ်ရီပွဲစားတွေနဲ့လာတာရှိတော့ အဲဒီလိုနေရာတွေမှာ လုံခြုံရေးတွေ ပိုပြီးတင်းကျပ် သွားတယ်။ အဖမ်းခံရတဲ့ မြဝတီ-မဲဆောက် နယ်စပ်တစ်လျှောက်ဆိုရင် တော်တော်များများက တောလမ်းကနေ လာတယ်ဆိုတာကို စစ်ဆေးတဲ့အခါ တွေ့ရှိရတယ်။ အဲဒီတော့ လာတဲ့လမ်းတွေကို ဟိုးအရင်တုန်းက ဘယ်တုန်း ကမှ သူတို့သွားပြီးတော့ ဘယ်ကနေလာတယ်၊ ဘယ်လမ်းကနေလာတယ်ဆိုတာကို သွားပြီး ပြန်ပြခိုင်းတာ မရှိ ဘူး။ အခုနောက်ပိုင်း အဖမ်းခံရတဲ့ အုပ်စုတွေထဲမှာ အနည်းဆုံး ယောကျ်ားလေး ၂ ယောက်၊ ၃ ယောက် လောက် ကို ပြန်ခေါ်သွားပြီးတော့ ဘယ်လမ်းကနေလာလဲ၊ ဘယ်လိုပုံစံ လာလဲဆိုတာတွေ လေ့လာတာတွေ တွေ့ရတယ်။ နောက် မြန်မာတွေ သတိမထားမိတာက ကြိုးလွတ် ကင်မရာတွေကို (sensor ဖြင့်) ခိုးဝင်လို့ရတဲ့ လမ်းတွေမှာ အချက်ပြစနစ်တွေနဲ့ ထားရှိတာတွေကို တွေ့ရတယ်” ဟု ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်၏ ညွှန်ကြားချက်တွင် မြန်မာပြည်ထဲ၌ မတည်ငြိမ်သဖြင့် ထိုင်းနိုင်ငံထဲ ထွက်ပြေး လာသူ များလာကြောင်းနှင့် ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် ကုန်ပစ္စည်း ခိုးသွင်းမှုများရှိသည့်အတွက် အထူး သဖြင့် မူးယစ်ဆေးဝါးနှင့် တရားမဝင် ဝင်ရောက်လာမှုကို တားဆီးရန်ပါရှိသည်။
ထို့အပြင် တောလမ်းများမှ မြို့ထဲသို့ ဝင်မလာနိုင်စေရန်အတွက် ရှိပြီးသား သာမန်စစ်ဆေးရေးဂိတ်များနှင့် အခြား သဘာဝလမ်းကြောင်း မှန်သမျှကို တင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးရန်၊ သဘာဝလမ်းနှင့် တောလမ်းများ အပါအဝင် အဝင်/အထွက် လမ်းတလျှောက် ကင်းလှည့်ရန်နှင့် စစ်ဆေးမှုများကို တိုးမြှင့်ပြီး တင်းကျပ် ဆောင်ရွက် ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ်
ယခုကဲ့သို့ ထိုင်းဘက်မှ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ခြင်းသည် ပွဲစားများအတွက် ပို၍ ကောင်းမွန်သွားခြင်း ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန် အနေအထားထက်စာရင် ပိုပြီးတော့ တင်းကျပ်မှာ ဒါကတော့ ကျိန်းသေပါတယ်။ သို့သော်လည်း သူ့ဟာသူ ပွဲစားတွေကတော့ အခုလိုမျိုးသူတို့ဘက်က တင်းကျပ်တယ်ဆိုရင် ထိုင်းအစိုးရဘက်က တင်းကျပ်တယ် ဆိုရင် ပွဲစားတွေအနေနဲ့ ပိုပြီးတော့တောင် အဆင်ပြေတယ်။ ဘာဖြစ်လို့ဆို သူတို့က အာဏာပိုင်တွေနဲ့ ပေါင်းပြီး တော့မှ လမ်းကြောင်းကို ရွေးတဲ့အခါကြတော့ ပွဲစားခပိုယူပြီးတော့ သွင်းပေးနေမှာပဲ။ ရှင်းရှင်းပြောရရင် အခက်အခဲက များများဖြစ်လေ ပွဲစားတွေအတွက်က အဆင်ပြေလေပဲလို့ ပြောလို့ရတယ်” ဟု ပြောသည်။
နယ်စပ်တောလမ်းများမှ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခြင်းများ မရှိစေရန် စစ်ဆေးရေးဂိတ်များအား တင်းတင်းကျပ်ကျပ် စစ်ဆေးရန်နှင့် လိုက်နာမှုမရှိ စည်းကမ်းဖောက်ဖျက်သည့် တပ်ဖွဲ့ဝင်များနှင့် အရာရှိများအား ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်၏ ညွှန်ကြားချက်တွင် ပါရှိသည်။
လက်ရှိ အနေအထားတွင် ထိုင်းနိုင်ငံရှိ နယ်စပ်ဒေသများ၌ လုံခြုံရေးတင်းကျပ်သကဲ့သို့ မြို့များတွင်လည်း လုံခြုံရေး တင်းကျပ်နေသဖြင့် တရားမဝင် အထောက်အထားမဲ့ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာများ အထူး သတိထားကြရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြု သည်။

- By CNI
- Category: စီးပွားရေး
- Hits: 727
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၃
မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ Overstay မြန်မာနိုင်ငံသားများထဲတွင် CI လုပ်ငန်း စဉ်ဖြင့် တရားဝင် နေရပ် ပြန်ခြင်းထက် အောက်လမ်းမှ တရားမဝင် နေရပ်ခိုးပြန်မှု ပိုများနေကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
CI လုပ်ငန်းစဉ်ဖြင့် တရားဝင် နေရပ်မပြန်လိုကြခြင်းမှာ မြန်မာနိုင်ငံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား သတ်မှတ် အတည်ပြုထားသည့်အတွက် ကြောက်ရွံကာ အောက်လမ်းဖြင့် တရားမဝင် ခိုးပြန်မှုများနေခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဖွင့်ထားတဲ့ပုံစံကလည်း အခုဒဏ်ကြေးဆောင်၊ အခုပြန်လို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ၂ ပတ် အတွင်း၊ တစ်လအတွင်းဖြစ်နေတော့ တချို့တွေ အရေးကြီးလို့ မစောင့်နိုင်လို့၊ ရက်ချိန်းယူတာမရလို့ အဲဒီလို အနေအထား မျိုးမှာ ဒီအပေါ်လမ်းကနေ မပြန်ကြဘဲနဲ့ အောက်လမ်းကို ရွေးချယ်ပြီးတော့ ပြန်တဲ့လူတွေက အများ ကြီး ရှိပါတယ်။ နောက်တစ်ခုကလည်း အပေါ်လမ်းကနေ မပြန်ချင်ကြတဲ့လူတွေက ကြားတာကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်း ဖြစ်ပါတယ်။ အခုလက်ရှိမှာ မြန်မာပြည်မှာ စစ်မှုထမ်းရမယ် ဘာညာဆိုတော့ တချို့ကလေးတွေ ကတော့ အပေါ်လမ်းကပြန်ရမှာကို ကြောက်ရွံ့နေတဲ့ကလေးတွေ အများကြီးရှိပါတယ်။ အဲဒီတော့ လေဆိပ်မှာ အဖမ်းခံရမလား ဘာညာတွေးတောကြောက်ပြီးတော့ ပြောသံတွေလည်း ကြားရပါတယ်။ အဲဒီတော့ အောက်လမ်း ကနေ ပြန်မယ်ဆိုရင်တော့ လိုရာခရီးကို ပြန်ရောက်နိုင်မယ်လို့ထင်ကြလို့ အောက်လမ်းကို ရွေးတဲ့လူတွေကလည်း အများကြီးရှိပါတယ်။ အဓိကအောက်လမ်းကို ရွေးတယ်ဆိုတာကလည်း အခုအစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်ကို ကြောက်ကြလို့ ဒီလမ်းကို ရွေးချယ်ကြခြင်းဖြစ်တာလည်း အများကြီးပါပါတယ်” ဟု ပြောသည်။
မလေးရှားက တရားမ၀င် အလုပ်သမားများကို တွေ့ရစဉ်
မြန်မာသံရုံး၌ CI လက်မှတ် ပြုလုပ်ရန်အတွက် လူကိုယ်တိုင် တန်းစီ၍ သွားရောက် လျှောက်ထားရခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်မည့်သူများဖြင့် ရောနှောတန်းစီရသောကြောင့် ကြန့်ကြာမှုများ ဖြစ်စေခဲ့သည်။
ထို့အပြင် မလေးရှားနိုင်ငံရှိ ဒေသအသီးသီးမှ အထောက်အထားမဲ့ Overstay သမားများအားလုံးသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လူကိုယ်တိုင် လာရောက်ရခြင်း ဖြစ်သောကြောင့် လမ်းခရီး၌ အခက်အခဲ များလည်း ဖြစ်ပေါ်စေခဲ့သည်။
ထိုအခြေအနေများကြောင့် အခြားနိုင်ငံမှ သံရုံးများကဲ့သို့ မြန်မာသံရုံး အနေဖြင့် အွန်လိုင်းမှတဆင့် ရက်ချိန်း ထုတ်ပေးပါက ကောင်းမွန်မည်ဖြစ်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက အကြံပြုခဲ့ကြသည်။
ထို့ကြောင့် CI များအား နေ့ချင်းပြီး ထုတ်ပေးနိုင်ရေးအတွက် မတ်လ ၁၈ ရက်နေ့မှ စတင်ကာ QR code ဖြင့် ရက်ချိန်းယူရသည့် စနစ်ကို ပြောင်းလဲဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက မတ်လ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဒဏ်ကြေးပေးရန် စောင့်နေကြသူများကို တွေ့ရစဉ်
သို့သော် သံရုံး၌ ယခင်က CI လျှောက်ရာတွင် သက်တမ်းအား နှစ်လခန့် ပေးသော်လည်း ယခုအခါတွင် သက်တမ်း တစ်လသာပေးသောကြောင့် နေရပ်ပြန်ရေး ဆောင်ရွက်လိုသူများ အတွက် အချိန်မလောက်ငှ ကြောင်း ရတနာစက္က နာရေးကူညီမှုအသင်းမှဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဘက်မှာ တန်းစီရမှာလည်း တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ် ဒီတန်းစီရတာကလည်း အဲဒီလောက်ကြာမှာ ဆိုတော့ သူတို့ပေးတဲ့အချိန်က အချိန်ကိုက်ဖြစ်နေတယ်။ ကျနော်တို့က တော်တော်ဒုက္ခရောက်တယ်။ ဆိုတော့ အေးဂျင့်ကို မရှာလို့မရတော့ဘဲ ရှာကိုရှာနေရတာ။ CI လည်း တစ်ရက်တည်းရအောင် ရှာရတယ်။ ဒီဘက်လည်း CI လျှောက်ပြီး လက်ဗွေနှိပ်ပြီး နှစ်ပတ်အတောအတွင်း ပြန်ရမှာဆိုတော့ ကွက်တိကြီးလည်း ပြန်လို့မရဘူး။ ၁၄ ရက် ဆိုရင် ၁၂ ရက်လောက်နေပြီးမှ နောက် ၂ ရက်လောက်ချန်ပြီး ပြန်ရတယ်။ ဒီဘက်က CI လက်ဗွေနှိပ်ပြီးတဲ့ အချိန် ရယ်၊ မြန်မာပြည်ဘက်က သံရုံးကပေးတဲ့တစ်လက ပြည့်သွားပြီဆိုရင် ဒုက္ခတွေ ရောက်ရော။ immigration က ထပ်ပြီး ဒဏ်ငွေရိုက်ရော၊ ရစ်ရော။ CI လျှောက်မယ်ဆိုရင်လည်း original ထုတ်မပေးဘူး။ မိတ္တူပဲထုတ်ပေးတယ်။ MAI က သံရုံးထဲမှာ ဖွင့်ထားတယ်။ သူတို့ဆီက လေယာဉ်လက်မှတ်ဝယ်မှ ချက်ချင်းထုတ်ပေးတာ” ဟု ပြော သည်။
မလေးရှားအာဏာပိုင်များက နိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအတွက် ပြစ်ဒဏ်ကျခံခြင်းမရှိဘဲ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလကုန်အထိ ဖွင့်ပေးထားခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် မြန်မာနိုင်ငံသားများထဲမှ CI ဖြင့် နေရပ်ပြန်သူဦးရေမှာ နည်းပါးနေသေးပြီး ကျန်းမာရေး ချို့တဲ့သူများသာ အဓိက ပြန်နေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 713
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၁၂
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ထွက်ရှိသည့် ရော်ဘာများကို ယခင်က နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေ ကြောင်း ကုန်သွယ်ရေးမှတဆင့် တင်ပို့လျက်ရှိသော်လည်း လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နယ်စပ်မှတင်ပို့မှုကို ရပ်နားထားရသည်ဟု ရော်ဘာလုပ်ငန်း ရှင်များအသင်းထံမှ သိရသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ ထိုင်းနိုင်ငံမှတဆင့် တခြားသော နိုင်ငံများကို တင်ပို့လျက်ရှိသည်။
ထို့နောက် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်လမ်းကြောင်းတွင် တင်ပို့၍ အဆင်မပြေတော့သည့်အတွက်ကြောင့် ပင်လယ်ရေကြောင်း တစ်ခုတည်းဖြင့်သာ တင်ပို့နေရကြောင်း၊ သိရသည်။
လက်ရှိတွင် ကမ္ဘာ့ရော်ဘာဈေးနှုန်းသည် မြင့်တက်လျက်ရှိနေသော်လည်း တင်ပို့မှု အခက်အခဲများကြောင့် မြန်မာ့ ရော်ဘာဈေးနှုန်းသည် အကျဘက်သို့ ဖြစ်ပေါ်နေသည်ဟု မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးထွန်းမင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပတင်ပို့တဲ့အပိုင်းမှာ အရင်တုန်းက ကျနော်တို့က နယ်စပ်က သွားနေတာ ရှိတာပေါ့နော်။ ပြီးလို့ရှိရင် ကျနော်တို့ ရေလမ်းကနေ ထွက်တာရှိတယ်။ အခု ကျနော်တို့ border ကို လုံးဝ ရပ်သွားသလို ဖြစ်နေတာဗျ။ border က လုံးဝကို သွားလို့မရတဲ့ အနေအထားတစ်ခု ဖြစ်နေတော့ border Trade က ရပ်သွားတဲ့ အနေအထား တစ်ခု ရှိနေတယ်။ ပြီးသွားလို့ရှိရင် ရေလမ်းမှာလည်း ဗဟိုဘဏ်ရဲ့ ၆၅ - ၃၅ မူဝါဒက အမျိုးမျိုး ပြောင်းနေတဲ့ အခါကျတော့ Exporter တွေက သူတို့ အများကြီး မဝယ်တော့ဘူးဗျ။ Exporter တွေက သူတို့လုပ်တာ ရှုံးတယ်ဆို တော့ အဲဒီမှာ ကျနော်တို့က နိုင်ငံတကာမှာ တက်နေပေမယ့် မြန်မာပြည်မှာ ကျနေတဲ့ အနေအထားကို ရောက်တဲ့ အခါကျတော့ တော်တော်လေးကို အခြေအနေက ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်” ဟု ပြောသည်။
ရော်ဘာ အခြောက်လှန်းထားစဉ်
ယခင်က ရော်ဘာကို လွတ်လပ်စွာ သယ်ဆောင်၍ ရသော်လည်း လက်ရှိတွင် ရော်ဘာများကို သယ်ဆောင်ရာ၌ စစ်ဆေးရေးဂိတ်များက ရော်ဘာနှင့် ပတ်သက်သည့် အထောက်အထားများကို တောင်းခံခြင်းများ လုပ်ဆောင်နေ ကြောင်း၊ အထောက်အထား မရှိပါက သိမ်းဆည်းခြင်းနှင့် ငွေကြေးတောင်းခံခြင်းများကို လုပ်ဆောင်နေခြင်း ကြောင့် ရော်ဘာအဝယ်ဒိုင်များနှင့် တောင်သူများမှာ အခက်တွေ့နေသည်။
ထိုသို့ ရော်ဘာသယ်ဆောင်ရာတွင် စစ်ဆေးရေးဂိတ်များမှ တောင်းခံသည့် ငွေကြေးကို တောင်သူများမှ ကျခံသည့် အတွက် ရသင့်ရထိုက်သော ဈေးနှုန်းထက် ပို၍ နိမ့်ကျသည့် ဈေးနှုန်းဖြင့် ရင်ဆိုင်နေရသည်ဟု ဦးထွန်းမင်းနိုင်က ဆက်ပြောသည်။
၎င်းက “အရင်တုန်းက ကျနော်တို့ ရော်ဘာဆိုတဲ့ ဥစ္စာကတော့ လွတ်လပ်စွာ သယ်ယူရောင်းချပိုင်ခွင့် ရှိပါတယ်ဆို ပြီးတော့ ဥပဒေအရ ပြဋ္ဌားန်ထားပါတယ်။ သို့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ လုပ်စဉ်တွေက အမျိုးမျိုး ပြောင်းတဲ့ အခါကျတော့ ရော်ဘာတွေကို သယ်ယူတဲ့အချိန်မှာ အထောက်အထားတွေကို စုံလင်အောင် မပြနိုင်ဘူး ဆိုရင် ဖမ်းလို့ဆီးလို့ ရတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ အခါကျတော့ တောင်သူတွေအနေနဲ့ ရောင်းတော့ရောင်းချင် ပေမယ့် ရှိနေတဲ့ အဝယ်ဒိုင်တွေကို ရောင်းရတာ တချို့အဝယ်ဒိုင်တွေကျတော့ အဲဒီလိုမျိုး ပါရတဲ့အခါကျတော့ စရိတ်စကတွေ နည်းနည်း များလာတယ်။ စရိတ်စကတွေ များလာတာကို ဘယ်သူက ကျခံရလဲဆိုတော့ တောင်သူ ပဲ ကျခံပေးရတဲ့သဘောမျိုး ဖြစ်နေတော့ ကျနော်တို့က ဈေးနှုန်းမှာ ရသင့်ရထိုက်တဲ့ ဈေးနှုန်းထက် ထပ်ပြီးတော့ နိမ့်ကျပြီး ရတဲ့သဘောမျိုး ပြန်ရောက်သွားတာပေါ့” ဟု ပြောသည်။
ထို့အပြင် လက်ရှိ ဘဏ္ဍာနှစ်တွင် ပို့ကုန်ရငွေ မူဝါဒနှင့် ပတ်သက်၍ မကြာခဏ အပြောင်းအလဲများ လုပ်ဆောင်နေ ခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ရော်ဘာတင်ပို့မှုများလည်း ကျဆင်းခဲ့သည်ဟု သိရသည်။
ရော်ဘာခြစ်နေစဉ်
ထို့ကြောင့် ယခု ဘဏ္ဍာနှစ်တွင် ရော်ဘာတင်ပို့မှုအနေဖြင့် လျာထားချက်ကို တန်ချိန်ပြည့်မှီအောင် တင်ပို့နိုင်သည့် အနေအထားတွင် မရှိကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ ဒီနှစ် လျာထားတဲ့ တန်ချိန်နဲ့ဆိုရင်တော့ တန်ချိန်ပြည့်အောင်တော့ ပို့နိုင်တဲ့ အနေအထားမှာ မရှိဘူး လျော့ကျမှာပေါ့။ ချမှတ်ခဲ့တဲ့ ၆၅ - ၃၅၊ ၅၀ - ၅၀ မူဝါဒတွေနဲ့ ငွေကြေးနဲ့ တွက်ခြေကိုက်ခြင်း ရှိ/မရှိ၊ အဲဒီ တော့ အဲဒါကို တွက်ခြေမကိုက်လို့ပဲ နိုဝင်ဘာလအထိမှာ တန်ချိန် ၈ သောင်းပဲ ပို့နိုင်တယ်။ အဲဒီတော့ ရော်ဘာ တစ်တန်ပို့ရင် အဲဒီတုန်းက ရှုံးတယ်လေ။ တော်တော်များများက အရှုံးနဲ့ရင်ဆိုင်ရတယ်။ အဲဒါကြောင့်မို့လို့ အခု ဒီဇင်ဘာလ ၁ ရက်နေ့ကနေ မတ် ၃၁ ရက်နေ့အထိကို ပိုင်းလော့ ပရောဂျက်အနေနဲ့ ၄ လတာကာလကို ဓာတ်မြေ ဩဇာ ၇၀ ရာခိုင်နှုန်း တင်သွင်းတဲ့ မူဝါဒ လုပ်ပေးလိုက်တဲ့ အခါကျတော့ အမြတ်အစွန်းအနေနဲ့ လုပ်သာကိုင်သာ ရှိတဲ့ အမြတ်အစွန်းတစ်ခု ရလာတဲ့အတွက်ကြောင့်မို့ တင်ပို့မှုတွေ ပြန်တက်သွားတာလေ”ဟု ပြောသည်။
မြန်မာ့ရော်ဘာကဏ္ဍကို ကမ္ဘာ့ရောင်းတန်း အဆင့်ဝင်နိုင်ရန်အတွက် ရော်ဘာလုပ်ငန်းရှင်များက ကြိုးပမ်းလျက်ရှိ နေသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် တင်ပို့နိုင်မှု ကျဆင်း ခြင်း၊ ထိုသို့ တင်ပို့နိုင်မှု ကျဆင်းခြင်းနှင့်အတူ ရော်ဘာဈေးနှုန်းများသည်လည်း လိုက်ပါကျဆင်းလျက် ရှိနေသည်။
ရော်ဘာဈေးနှုန်း ကျဆင်းမှုကြောင့် ရော်ဘာလုပ်ငန်းရှင်များက ရော်ဘာလုပ်သားများကို လုပ်အားခ တိုးမြှင့်၍ ပေးဆောင်ရန် အခက်အခဲရှိနေပြီး လုပ်သားများမှာလည်း ဈေးကောင်းရရှိသည့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိနေသည်။
ထို့ကြောင့် မြန်မာ့ရော်ဘာ ထုတ်လုပ်မှုသည် လာမည့်ရာသီတွင် လုပ်သားရှားပါးမှု ပြဿနာကို ယခုထက်ပို၍ ရင်ဆိုင်လာရမည်ဖြစ်ပြီး ထုတ်လုပ်နိုင်မှုသည်လည်း လျော့ကျလာမည် ဖြစ်သည်ဟု ရော်ဘာလုပ်ငန်းရှင်များက ပြောသည်။