
- By CNI
- Category: စီးပွားရေး
- Hits: 1823
CNI News
၂၀၂၄ ခုနှစ်၊ မေ ၂၉
မြဝတီမြို့မှ ထိုင်းဘက်သို့ အောက်လမ်းဖြင့် ကမ်းကူးသည့်အခါတွင် တစ်ဦးလျှင် ဘတ်ငွေ ၆၀၀ မှ ၁၀၀၀ ဝန်းကျင် (မြန်မာငွေ ခုနှစ်သောင်းမှ တစ်သိန်းကျော်) အထိ ပေါက်ဈေးရှိနေကြောင်း မြဝတီမြို့ရှိ အလင်းသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက်တွင် လှေဂိတ် ၃၀ ကျော်အထိရှိပြီး ကမ်းကူးခသည် ဒေသတွင်း အခြေအနေနှင့် ဂိတ်အပေါ်မူတည်ကာ ဈေးနှုန်း ကွာခြားချက်ရှိနိုင်ကြောင်း၊ ယခင်က ကမ်းကူးရာတွင် တစ်ဦးလျှင် ဘတ်ငွေ ၁၀၀ ဝန်းကျင်ခန့်သာ ပေးရကြောင်း ၎င်းက ပြောသည်။
၎င်းက “တစ်ဂိတ်နဲ့ တစ်ဂိတ်တော့ မတူဘူး လူတစ်ယောက် ကူးမယ်ဆိုရင်လေ။ တချို့ကြတော့ တချို့ဂိတ်တွေ ကြတော့ ကျနော် ကြားသိရသလောက် ဘတ် ၆၀၀၊ ၇၀၀ ပေါ့။ ဘာလို့ဆို တရားမဝင် သွားတဲ့လမ်းကြောင်း ကတော့ အမြဲတမ်းရှိတယ်။ ဘာဖြစ်လို့လဲဆို မော်တော်ဆိုင်ကယ်တွေ တရားမဝင်လမ်းကြောင်းက ဆင်းလာတာ တွေ ရှိသလို၊ ဂျပန်ကားတွေ တရားမဝင်လမ်းကြောင်း ဂိတ်တွေလည်း အများကြီးရှိတာကို။ အဲဒီလိုမျိုး ဂိတ်တွေ ရှိနေသမျှတော့ အဆင်ပြေသလိုပဲ သွားနေရတာပေါ့။ ဘတ် ၆၀၀၊ ၇၀၀ အဲဒီဝန်းကျင်ရှိတယ် လက်ရှိ သွားနေတဲ့ လူတွေရဲ့ ပြောပြချက်အရ သိရတာပေါ့။ ဒီထက်များချင်လည်း များနိုင်တယ်လေ။ ကမ်းကူးတာပဲ ဒီနယ်စပ်လေး ဖြတ်တာပဲ။ ဟိုဘက်ကမ်းနားကူး၊ ဒီဘက်ကမ်းနားကူးကိုပဲပြောတာ” ဟု ပြောသည်။
သို့သော် တရားမဝင် ကမ်းကူးဖြတ်သန်းခြင်းထက် တရားဝင် နယ်စပ်ဂိတ်ပေါက်မှ ဖြတ်သန်းသွားလာခြင်းမှာ ပိုမိုများပြားပြီး တရားမဝင်သွားကြရာတွင် UID စမတ်ကဒ်မရှိသူများ၊ မဖြစ်မနေ အရေးပေါ်သွားရမည့်သူများ၊ CDM သမားများသာ အဓိက သွားကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြဝတီမှ ထိုင်းသို့ ကမ်းကူးနေကြစဉ်
မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားစဉ်ကာလ၌ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၇၀၀ ဝန်းကျင်ခန့်သည် ထိုင်းဘက်သို့ ကူးလာကြသော်လည်း ယခုအခါမှာတော့ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၁၅၀ ခန့်သာ ကူးသန်းသွားလာနေကြ ကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင် မဲဆောက်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ကထက် ပိုမို ကြပ်တည်းလာကြောင်းလည်း မဲဆောက်၌ နေထိုင် အလုပ်လုပ်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။
အထောက်အထားမဲ့ အများအပြားရှိသော်လည်း ထိုင်းအာဏာပိုင်များမှ လာဘ်ပေးလာဘ်ယူပြုလုပ်ကာ အကြောင်းအမျိုးမျိုးဖြင့် ပေးနေထားကြခြင်းဖြစ်ကြောင်း မဲဆောက်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီမှ ထိုင်းသို့ ကမ်းကူးနေကြစဉ်
၎င်းက “တော်တော်လေးရှားတယ် အလုပ်အကိုင်က။ ဘာဖြစ်လို့လဲဆို ထိုင်းနိုင်ငံမှာက ကျနော်တို့ မြန်မာပြည်သူ ပြည်သား MOU စနစ်နဲ့ တက်လာတဲ့သူတွေတောင်မှ မြန်မာပြည်က အေးဂျင့်တွေ မဟုတ်ဘဲနဲ့ ထိုင်းက အချို့ ပွဲစားတွေနဲ့ လိမ်ညာပြီး ခေါ်တင်တဲ့သူတွေတောင်မှ တော်တော်လေးများတာပေါ့ အလုပ်လက်မဲ့တွေ။ အထောက် အထား ပြည့်စုံတဲ့သူတွေတောင် အလုပ်လက်မဲ့တွေက တော်တော်လေးများတယ်ဆိုတော့ အထောက်အထား မပြည့်စုံတဲ့ သူတွေအတွက်က အလုပ်အကိုင် ရှာရတာ တော်တော်လေးခက်တယ်။ များသောအားဖြင့်တော့ အမျိုးတွေရှိတဲ့သူတွေဆီမှာ လာမှီခိုနေကြတာပေါ့” ဟု ပြောသည်။
နယ်စပ်ဂိတ်ပေါက်များမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် သွားလာကြမည့်သူများအား မေလ ၁ ရက်နေ့မှ စတင်ကာ UID ကဒ်(မှတ်ပုံတင်စမတ်ကဒ်)ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သတ်မှတ် လိုက်ခြင်း ဖြစ်သည်။
နယ်စပ်ဖြတ်သန်း သွားလာလိုသူနှုန်းထားမှာ အဆမတန် များပြားသည့်အတွက် စမတ်ကဒ် ရရှိရေး ပွဲစားများ၏ ပေါက်ဈေးမှာလည်း ၂ သိန်းခန့်အထိ ရှိနေကြောင်း သိရသည်။
UID စမတ်ကဒ် ပြုလုပ်ရာတွင် နိုင်ငံတော်မှ အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး UID ပြုလုပ်ရာတွင် အခက်အခဲ များရှိခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် e-ID Department မှ တဆင့် ဆက်သွယ် တိုင်ကြားနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1752
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၈
ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်ကို ပြည်ပသို့ တင်ပို့ရာ၌ လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း အခက်အခဲကြောင့် ဈေးနှုန်းများ ကျဆင်းလာနေသည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။
ကြက်သွန်ကို တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်စပ် ကုန်သွယ်ရေးမှ တဆင့်သော်လည်း ကောင်း၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးမှ တဆင့်သော်လည်းကောင်း တင်ပို့လျက်ရှိသလို ထို့ကော်ကိုး - မြဝတီလမ်းကြောင်း၊ ကော့သောင်း - ရနောင်း လမ်းကြောင်းနှင့် စင်ခွန် - မောတောင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြု၍ ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိသည်။
သို့သော်လည်း လက်ရှိတွင် ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း၊ ထို့ကော်ကိုးလမ်းသည် မိုးရွာသွန်းမှု ကြောင့် ပျက်စီးနေခြင်း၊ ကျုံအိတ်တံတားနှင့် ဘီးလင်းတံတားတို့ မိုင်းခွဲခံထားရခြင်းတို့ကြောင့် အသုံးပြု၍ မရတော့သည့်အတွက် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ကြက်သွန်တင်ပို့မှုများ ရပ်နားနေရကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပသို့ ကြက်သွန်တင်ပို့နိုင်မှု အခက်အခဲကြောင့် ပြည်တွင်း ကြက်သွန်ဈေးနှုန်းသည် ကျဆင်းလာ နေပြီး ဈေးကွက် ပြန်လည်ဦးမော့လာရန် မလွယ်ကူနိုင်သေးကြောင်း မြင်းခြံကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ကြက်သွန်နီကို တွေ့ရစဉ်
၎င်းက “export လမ်းကြောင်းတွေက ဝယ်ထားတဲ့ပစ္စည်းတွေကလည်း လမ်းပန်းဆက်သွယ်ရေးတွေက နှောင့်နှေး ပြီးတော့ တင်မရကြဘူး ဖြစ်နေတာပေါ့။ ရောင်းပြီးသားကုန်တွေလည်း တင်မရ ဖြစ်နေတာ။ အဲဒီအခက်အခဲ အကြပ်အတည်းတွေပါတော့ နည်းနည်း လက်ထဲမှာလည်း ဂိုဒေါင်မှာလည်း ပြည့်နေကြတယ်။ ရောင်းပြီးသား ပစ္စည်းတွေ တင်မရတော့ အဲဒါတွေက ဈေးကျတာပေါ့။ လမ်းကြောင်း မကောင်းရင်တော့ ဈေးကွက်က ပြန်ပြီး ဦးမော့လာဖို့ မလွယ်သေးဘူးပေါ့” ဟု ပြောသည်။
ပြည်တွင်း ကြက်သွန်ဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်ပိဿာ ၂၂၀၀ ကျပ် ရှိခဲ့သော်လည်း ဈေးနှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ လက်ရှိတွင် တစ်ပိဿာလျှင် ၁၇၀၀ ခန့်သာ ရှိတော့သည်။
ပြည်ပတင်ပို့မှု လမ်းကြောင်း အခက်အခဲ ဆက်ရှိနေမည်ဆိုပါက ကြက်သွန်ဈေးနှုန်းသည် ကျဆင်းလာနိုင်သေး သည်ဟု သုံးသပ်နေမှုများလည်း ရှိနေသည်။
ထို့အပြင် ပြည်ပတင်ပို့သည့် လမ်းကြောင်းအပြင် ကျေးရွာများမှတဆင့် ကြက်သွန်ကုန်စည်ဒိုင်သို့ သွားရာ လမ်းကြောင်းတွင်လည်း အခက်အခဲ ရှိနေခြင်းကြောင့် ကုန်တင်ကားခ ဈေးနှုန်းကြီးမြင့်ပြီး ကြက်သွန်ဈေးနှုန်း ကျဆင်းမှုများလည်း ဖြစ်ပေါ်နေကြောင်း ပခုက္ကူကြက်သွန်ကုန်သည်များထံမှ သိရသည်။
ထို့နောက် ပခုက္ကူမြို့နယ်အတွင်း ကုန်တင်ကားများကို မြန်မာ့တပ်မတော်နှင့် စစ်ဆေးရေးဂိတ်များက ချောဆွဲမှု များ ရှိနေခြင်းကြောင့်လည်း ကုန်စည်ဒိုင်များသို့ ကြက်သွန်ဝင်ရောက်မှု နည်းပါးနေကြောင်း ပခုက္ကူကြက်သွန် ကုန်သည် ဦးကျော်သောင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ကြက်သွန်နီကို တွေ့ရစဉ်
၎င်းက “ကြက်သွန်တွေက ဒီမှာလည်း လမ်းတွေ မကောင်းဘူး။ ပခုက္ကူမြို့က လမ်းတွေ ပိတ်ပိတ်ထားတာ။ လမ်းတွေ ပိတ်တာက ပခုက္ကူနဲ့ ဦးတို့ရွာ ချက်မြုံနဲ့ဆိုရင် မိုင် ၃၀ ရှိတာ၊ အဲဒါကို ၂၀၀ ပေးရတယ် ကြက်သွန် ၁ ပိဿာကို ကားခက။ ပုသိမ်တင်တာက ၁၈၀ တဲ့ ပခုက္ကူနဲ့ မိုင် ၃၀၀ လောက် ဝေးတာက အဲဒီလိုတွေ။ ဒီနေ့ ကြက်သွန်ကားလည်း မဝင်ဘူး ချောတွေရှိလို့။ ကားတွေ ချောဆွဲတာ မနေ့ကဆိုရင် လိုက်ထရပ်တွေပါ ပါတာ၊ လိုက်ထရပ်တွေပါ ဆွဲတာ အဲဒီလိုတွေ။ ဒီနေ့ ကြက်သွန်ဈေးက ၁၈၀၀ တဲ့။ အဲဒါတောင် မပြတ်ပါဘူး။ အရောင်းပွဲ စားက သူ့ဟာသူ သိမ်းထားတာ။ ကြက်သွန်က အဝင်ရော လျော့တယ်။ ကားချောဆွဲတာကလည်း ကားတွေက ချောဆွဲတော့ ကြောက်တယ်လေ။ ဘယ်အထိတောင် ပါမလဲ မသိဘူး။ ကားချောဆွဲတာက ဒါရိုက်ဘာ တစ်ယောက်ကို ၈ သောင်း၊ ၁ သိန်း ၁ နေ့ကို အဲဒီလို ကားပိုင်က ငှားထည့်ပေးလိုက်ရတာ မလိုက်ရဲတော့။ လိုက်ရဲ တဲ့ ဒါရိုက်ဘာ ခေါ်ပြီးတော့ ၁ ရက် ၁ သိန်းတို့၊ ၁ ရက် ၈ သောင်းတို့ အဲဒီလိုတွေ။ လုပ်ကိုင်စားလို့မ လွယ်လောက် ဘူး” ဟု ပြောသည်။
ပြည်ပတင်ပို့ရာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာ အခက်အခဲ ဖြစ်နေခြင်းကြောင့် ကြက်သွန် ကုန်စည် ဒိုင်များ၊ ပွဲရုံများနှင့် ကုန်သည်များထံတွင် ပြည်ပသို့ တင်ပို့ရန် ကြက်သွန်ပိဿာချိန် သိန်းနှင့်ချီ၍ စုပြုံနေသည်ဟု သိရသည်။
လက်ရှိတွင် ပြည်ပသို့ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုသာ ရှိနေပြီး ပင်လယ်ရေကြောင်းကို အသုံးပြု၍ စက်လှေ ဖြင့် ကော့သောင်း နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် ကုန်သည်များက ကြိုးစားလျက်ရှိနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2231
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၇
မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသည့် တရားဝင်နှင့် တရားမဝင် အထောက်အထားမဲ့များသည် အခြေခံလုပ်ခလစာအပြည့်အဝမရရှိခြင်းဖြင့် ကြုံတွေ့နေရကြောင်း မလေးရှားတွင် လူမှုကူညီရေး ဆောင်ရွက်ပေး နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံ၏ အခြေခံလုပ်ခလစာမှာ ရင်းဂစ်ငွေ ၁၅၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ထိုနှုန်းထားအတိုင်းမရရှိကြခြင်းဖြစ်သည်။
ထို့အပြင် လက်ရှိတွင် အလုပ်အကိုင်များမှာ ရှားပါးနေဆဲဖြစ်ပြီး တရုတ်နိုင်ငံသားများဖွင့်လှစ်သည့် ဝိုင်ယာကြိုး ရွေးရသောစက်ရုံများတွင်လည်း လုပ်သားမလိုအပ်သည့် အခြေအနေဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
“သူတို့အခြေခံလစာက ရင်းဂစ် ၁၅၀၀ လေ။ တချို့ဆိုရင် အလုပ်အကိုင်တွေက အဆင်မပြေလို့ တရားဝင်ခေါ်တဲ့ သူတွေတောင် တချို့ကျနော့်ကို ခဏခဏလှမ်းပြီး တိုင်ပင်တာတွေရှိတယ်။ ၉၀၀ ပဲပေးတယ်၊ ၁၀၀၀ ပဲပေးတယ် ဆိုတဲ့လူတွေလည်း ရှိတယ်။ တချို့ overstay အထောက်အထားမရှိတဲ့လူတွေဆိုရင် တချို့ အလုပ်ခန့် ပြီးတော့ လစာမပေးတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် overstay ရော ဘာရော အခု အလုပ်သမားတွေ နှိပ်ကွပ်တာ တွေ များလာတယ်။ နေရာတိုင်းတော့ မဟုတ်ပါဘူး။ အလုပ်အကိုင်အခွင့်အလမ်း မှာလည်း လူလိုရင်တောင် တရားဝင် calling တွေကို ထည့်တာများတဲ့အတွက် ကိုယ့်နိုင်ငံသားတွေက ရောက်လာတာများတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိဘူး။ ဟိုတုန်းက ဆီအုန်းအလုပ်တွေ၊ စားအုန်းဆီခြံထဲတွေဆိုတာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ လုပ်ခဲတယ်။ အခုဆိုရင် စားအုန်းဆီအလုပ်ကအစ အလုပ်တွေမရကြဘူး” ဟု ၎င်းက ပြော သည်။
လက်ရှိတွင် မလေးရှားနိုင်ငံရှိ နေရာအနှံ့အပြားတွင် အဖမ်းအဆီးများ ပြန်လည်စတင်များပြားလာနေပြီး ယူနီဖောင်းဝတ်များဖြင့် ဖမ်းဆီးခြင်းထက် အရပ်ဝတ်များဝတ်ဆင်ကာ စားသောက်ဆိုင်များ၊ နိုင်ငံခြားသားများ ဖွင့်လှစ်ထားသည့်ဆိုင်များသို့ လာရောက်၍ ဖမ်းဆီးကြသည်များကို မြင်တွေ့ရကြောင်း မလေးရှားတွင် လူမှု ကူညီရေး ဆောင်ရွက်ပေးနေသူများထံက သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု
အလုပ်အကိုင်များရှားပါးနေသဖြင့် ပွဲစားများသည် မလေးရှားရှိ အေးဂျင့်များဖြင့် ပေါင်း၍ အမျိုးသမီးငယ်များကို အိမ်ဖော်အလုပ်များသွင်းပေးကြောင်း၊ ထိုသို့သွင်းပေးရာတွင် အိမ်ပိုင်ရှင်များထံမှ ငွေကြေးများ ရယူပြီး ရောင်းစား ခဲ့သည့်ပုံစံများလည်း တွေ့နေရကြောင်း သိရသည်။
ထို့အပြင် နေထိုင်စားသောက်စရာမရှိဘဲ လမ်းဘေးတွင် အိပ်ရသည့် အခြေအနေအထိ ဒုက္ခရောက်နေကြသူများ လည်း ရှိကြောင်း၊ မြန်မာနိုင်ငံသားအများစုသည် သောက်စားမူးရစ်ခြင်းများကြောင့် အချို့ရပ်ကွက်များတွင် နယ်မြေခံများမှ လက်မခံကြခြင်းများနှင့် တိုင်ကြားခြင်းများရှိကြောင်း သိရသည်။
လက်ရှိ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခက်အခဲမှာ များပြားကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ပြီးခဲ့တဲ့ တစ်ပတ်ကပဲ တိုင်လာတဲ့ ပြဿနာလေးတစ်ခုရှိပါတယ်။ သူတို့ မြန်မာပြည်ကနေ တက်လာတာ ၄၊ ၅ လလောက်ပဲ ရှိသေးတာပေါ့နော်။ ဒီမှာ Basic ကြေး ၁၅၀၀ (ရင်းဂစ်ငွေ)နဲ့ဆိုပြီး ခေါ်လာကြတယ်။ သို့ပေမယ့် လည်း ဒီကလေးတွေက အလုပ် ၁ ရက်ဆင်း၊ ၁ ရက်နားပြီးတော့ တစ်လကို ၉၀၀ နဲ့ပဲ လုပ်ကိုင်နေရတဲ့ အလုပ် သမားလေးတွေ ရှိပါတယ်။ သူဌေးတွေ၊ အေးဂျင့်တွေက သူတို့ကို ၃ လပြီးလို့ရှိရင် ပုံမှန် ပြန်ပေးမယ် ဆိုပြီး ပြောခဲ့ပေမယ့်လည်း ၃ လကျော်လာလည်း ဒီအတိုင်းပဲ ဆက်သွားနေတော့ ဒီကလေးတွေ လောလောဆယ်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြမှုတွေရှိနေပါတယ်။ လက်ရှိအချိန်မှာ ပြောချင်တာကတော့ အသွားအလာ အနေအထိုင် ဆင်ခြင်ကြပါ။ လက်ရှိ ရှိနေတဲ့အလုပ်ကိုလည်း လခ နည်းနည်း၊ များများ မှေးပြီးတော့ လုပ်ကြပါ” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက လူခံရှိရန်လိုအပ်ပြီး အလုပ်အကိုင်ရရှိရန် သေချာမှု ရှိ၊ မရှိ ဆက်သွယ်စုံစမ်းပြီးမှ တက်လာစေချင်ကြောင်း၊ လက်ရှိ ဒုက္ခရောက်သူများထဲတွင် ပွဲစားများ၏ ပြောစကား များအား ယုံလွယ်ကာ ရောက်လာကြသူများဖြစ်ကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2450
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ AYA ဘဏ်မှ မန်နေဂျာတစ်ဦးသည် ကျပ်သိန်းပေါင်း ၂ သိန်းကျော် အလွှဲသုံးစားလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း ဘဏ်နှင့်နီးစပ်သူများထံမှ သိရသည်။
အဆိုပါ မန်နေဂျာသည် ငွေကြေးအလွှဲသုံးစားလုပ်ပြီးနောက် မိသားစုလိုက် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် သွားခြင်း ဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သူများက ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

- By CNI
- Category: စီးပွားရေး
- Hits: 1471
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၄
ယခုနှစ်တွင် မွန်ပြည်နယ်အတွင်း ဆားထုတ်လုပ်မှုအနေဖြင့် ယခင်နှစ်ထက် ပိုမိုထုတ်လုပ်နိုင်သော်လည်း ဈေးနှုန်း ကျဆင်းခြင်းနှင့် ဈေးကွက် မရှိသည့်အတွက် ဆားတောင်သူများ အခက်တွေ့နေကြောင်း သိရသည်။
ဆားထုတ်လုပ်ရာတွင် ကုန်ကျမှုစရိတ် မြင့်တက်သော်လည်း ဆားဈေးနှုန်းသည် လိုက်ပါမြင့်တက်လာခြင်း မရှိသည့်အတွက် တချို့သော ဆားတောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း၊ လာမည့် ဆားထုတ်လုပ်ရာသီတွင် တချို့သော ဆားတောင်သူများ ထပ်မံထုတ်လုပ်ရန် အခက်အခဲ ရှိနေကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နွေတုန်းက ဆား မိုးမိတာ ၃ ကြိမ်လောက် ရှိသွားတယ်။ နောက်ပြီးတော့ ဆားဈေးကလည်း မရှိဘူးဆို တော့ သိပ်တော့ အဆင်မပြေဘူး ဒီနှစ်။ ဒီနှစ် ဆားရာသီကတော့ ကျနော်တို့က ဆားကတော့ ထွက်တာတော့ ပုံမှန်အတိုင်း ရတာပေါ့။ နွေတာရှည်တဲ့ အခါကျတော့ နွေတာရှည်တယ်၊ မိုး ၃ ခါဖျက်တယ်။ ဆားထွက်တော့ ခါတိုင်းနှစ်ထက်ကို တန် ၂ သောင်း၊ ၃ သောင်းလောက် ပိုရတာပေါ့။ ဥပမာဆိုလို့ရှိရင် ဆား ၃ သိန်းလောက် ထွက်တဲ့ဖိုတွေက ၃ သိန်းခွဲလောက် ထွက်တာပေါ့ ဒီနှစ်။ ဒါပေမယ့် ဆားဈေးနှုန်းက မရှိဘူး။ ဆားဈေးက ဒီလိုပဲ သွားနေမယ်ဆိုရင်တော့ နောက်နှစ်မှာ တချို့ဖိုတွေက မထွက်နိုင်ဘူး ပြောနေကြတာပေါ့။ အလုပ်သမားစရိတ်တို့၊ ဒီဇယ်ဈေးတို့ အရမ်းဈေးများနေတယ်လေ။ ကုန်ကျစရိတ်တွေက အရမ်းများနေတော့ ကျနော်တို့ ဆားဈေးနှုန်းက မတက်တဲ့အခါကျတော့ ကျနော်တို့ ဆားတောင်သူတွေ အခက်တွေ့နေတယ်။ ကျနော်တို့ ပုံမှန်ဆိုလို့ရှိရင် အစစ အရာရာ ဈေးက ခေါင်ခိုက်နေတော့ ဆားဈေးက ၂၀၀ ကျော်လောက် တက်ပေးမှဖြစ်မယ်” ဟု ပြောသည်။
ဆားချက်နေတဲ့ ဖိုကိုတွေ့ရစဉ်
ပြီးခဲ့သည့်နှစ် ကာလတူတွင် ဆားဈေးနှုန်းသည် တစ်ပိဿာလျှင် ၂၀၀ ကျပ် အထက်တွင် ရှိသော်လည်း ယခုနှစ်၌ ဆားတစ်ပိဿာလျှင် ၁၅၀ ကျပ်သာ ရှိနေကြောင်း၊ ဆားတစ်ပိဿာ ၂၀၀ ကျပ်အထက် ရရှိမှသာ ဆားထုတ်လုပ်မှု စရိတ် ကာမိမည်ဖြစ်သည်ဟု ဆားတောင်သူများက ပြောသည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားကို တနင်္သာရီ၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြန့်ဖြူးရောင်းချ လျက်ရှိသော်လည်း လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေခူနှင့် တခြားသော ရေထွက်ကုန် လုပ်ငန်း များမှာ ကျဆင်းနေခြင်းကြောင့် ဆားအသုံးပြုမှု နည်းပါးသွားကြောင် သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးတွင်လည်း မွန်ပြည်နယ်မှ ဆားကို ဝယ်ယူရာတွင် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆားကိုသာ ပြောင်းလဲ ဝယ်ယူလာကြကြောင်း သိရသည်။
ထို့ကြောင့် မွန်ပြည်နယ်၏ ဆားဈေးကွက်သည် ပျက်လုနီးပါးဖြစ်နေပြီး ဆားလက်ကျန် အမြောက်အများ ဖြစ်ပေါ် နေသည်ဟု ဆားတောင်သူများက ပြောသည်။
ဆားလုပ်ငန်းကိုတွေ့ရစဉ်
မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားကို ဒေသတွင်း စားသုံးရန်အတွက်သာမက ဆားကို တန်နှင့်ချီ၍ သုံးစွဲနိုင်သည့် စက္ကူစက်ရုံကဲ့သို့သော စက်ရုံကြီးများ တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ နိုင်ဟုက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့တွေရဲ့ မျှော်လင့်ချက်ကတော့ နိုင်ငံတော်ဖြစ်ဖြစ်၊ ကုမ္ပဏီကြီးဖြစ်ဖြစ် export ပို့နိုင်တဲ့ စက်ရုံကြီး ဆားကို မှီခိုပြီး ပို့နိုင်တဲ့ စက်ရုံကြီးတွေ တည်စေချင်တယ်။ ဟိုတုန်းကလို စစ်တောင်းစက္ကူစက်လိုမျိုးပေါ့။ စစ်တောင်းစက္ကူစက် ရပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ မွန်ပြည်နယ်က ဆားတန်ချိန် ၁ နှစ်ကို ၂ သောင်းလောက် ပိုထွက်သွားတယ် စစ်တောင်းစက္ကူစက်က မသုံးနိုင်ရင်ပေါ့။ အဲဒီလိုမျိုး အသုံးပြုတဲ့ စက်ရုံတွေ ရှိရင် ကျနော်တို့ဆားလည်း ကုန်ကြမ်းအတွက် စိတ်မပူရဘူး။ နောက်ပြီးတော့ ထွက်လာတဲ့ ကုန်ချောအပေါ်မှာ လည်း နိုင်ငံတော်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်၊ နိုင်ငံခြား export ကို သူတို့ ရောင်းလို့ရတာပေါ့။ အဲဒီလိုမျိုး စက်ရုံ တွေ ပေါ်လာပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီအတိုင်းပဲ ကျနော်တို့ ပြည်တွင်း စားသုံးတဲ့ဈေးကွက် လောက်ပဲဆိုရင် ကျနော်တို့ လုံးလည်ချာလည်နဲ့ သွားနေအုံးမယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားကို ဂျပန်နိုင်ငံသို့ တန်ချိန် ၂၀ စမ်းသပ် တင်ပို့နိုင်ခဲ့သော်လည်း ထပ်မံဝယ်ယူရန် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။
ထို့နောက် တောင်ကိုရီးယားနိုင်ငံနှင့် ဆားတန်ချိန် ၃၀,၀၀၀ တင်ပို့ရန် MOU ရေးထိုးနိုင်ခဲ့သော်လည်း တန်ချိန် ၅၀၀၀ ခန့်သာ တင်ပို့ထားနိုင်သေးကြောင်း၊ နောက်ထပ် ကျန်ရှိသည့် ဆားတန်ချိန်ကို တင်ပို့ရန်အတွက် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1957
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၄
မလေးရှားနိုင်ငံရှိ UNHCR ထံတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူနှင့် ခိုလှုံခွင့်တောင်းခံသူဦးရေ ၁၉၀,၀၀၀ (တစ်သိန်းကိုးသောင်း)နီးပါး ရှိသည့်အထဲ မြန်မာနိုင်ငံမှ ၁၆၀,၀၀၀ (တစ်သိန်းခြောက်သောင်း)ကျော် ပါဝင် ကြောင်း မလေးရှားရှိ UNHCR က ထုတ်ပြန်ထားသည်။
ထိုစာရင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်သိန်းခြောက်သောင်းကျော်အနက် ဘင်္ဂါလီ ဦးရေမှာ ၁၁၀,၀၀၀(တစ်သိန်းတစ်သောင်း)ကျော်၊ ချင်းလူမျိုး ၂၆၀၀၀ ခန့်နှင့် ပဋိပက္ခဒဏ် ခံခဲ့ရသည့် ဒေသများမှ အခြားတိုင်းရင်းသားလူမျိုး ၃၀၀၀၀ ကျော်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာတိုင်းရင်းသားများ UN ဒုက္ခသည်ကတ် ရရှိရေးမှာ ယခင်ကတည်းက ခက်ခဲနေခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ ခက်ခဲနေဆဲဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ရိုဟင်ဂျာတွေကို ဦးစားပေးတာပေါ့နော်။ ဦးစားပေးတာရယ်တော့ မဟုတ်ဘူးပေါ့၊ ရိုဟင်ဂျာတွေ အများစု ရကြတယ် ပြောရမှာပေါ့။ ရိုဟင်ဂျာတွေက အများစုရကြတယ်။ ကျန်တဲ့တိုင်းရင်းသားတွေက အနည်းစု။ ဆိုတော့ အရင်အတိုင်းပါပဲ။ ခက်ခဲတုန်းပါပဲ။ UNHCR အခွင့်ရေးရဖို့၊ နောက်ပြီးတော့ UN ကတ်ရဖို့ကတော့ တော်တော် လေး ခက်ခဲပါတယ်။ အရင်အတိုင်းပါပဲ။ Process က မြန်လာတာတော့ မရှိဘူးပေါ့။ နည်းနည်းကလေး အရင်ထက် စာရင် active ဖြစ်လာတယ်။ နည်းနည်းလှုပ်လှုပ်ရှားရှား ရှိလာတာက လွဲပြီးတော့ ဒီလိုပဲ ထွက်ပြေးလာတဲ့ မြန်မာ နိုင်ငံသားတွေ၊ ခိုလှုံခွင့်တောင်းနေတဲ့ မြန်မာနိုင်ငံသားတွေကို အသိအမှတ်ပြုမှုက နည်းတယ်။ အဖမ်းအဆီး ကလည်း တလောကပဲ လူနေတဲ့ ရပ်ကွက်ပေါ့ အဖမ်းအဆီးခံရတဲ့ မြန်မာတွေ ရာနဲ့ချီ အဖမ်းခံရတယ်။ စာရွက် စာတမ်း အထောက်အထား မရှိလို့” ဟု ပြောသည်။
ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ၏ ၆၅ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ပြီး ၃၅ ရာခိုင်နှုန်းမှာ အမျိုးသမီး များဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အောက် ကလေးအရေအတွက်မှာ ငါးသောင်းကျော်ခန့်ရှိကြောင်း UNHCR ၏ စာရင်းအရ သိရသည်။
မလေးရှားရှိ UNHCR ရုံးမြင်ကွင်း
ထို့အပြင် မလေးရှားတွင် ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာများ ဖမ်းဆီးခံရပါက UNHCR ထံသို့ အကြောင်းကြားရာတွင် အထောက်အထား မှန်ကန်မှု ရှိ၊ မရှိ အကြောင်းပြန်ကြားမှုမှာ ကြန့်ကြာကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
၎င်းတို့ဘက်မှ အကြောင်းပြန်ကြားမှု မရောက်လာသေးသရွေ့ အဖမ်းခံထားရသည့် UN ဒုက္ခသည်ကတ်သမား များမှာ ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်ကြရကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင် အလုပ်အကိုင်များလည်း ရှားပါးလျက်ရှိသည့်ကြားထဲ၌ လူလိမ်ပွဲစားများ၏ လိမ်လည်မှု များအား ခံနေရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အခုအချိန်မှာ ပါမစ်ရှိပေမယ့်လည်း ဖမ်းဆီးပြီးတော့ ပြန်ပို့ခံရတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိပါတယ်။ အလုပ် အကိုင်ဆိုရင်လည်း ရှားပါးနေပါတယ်။ အလုပ်အကိုင်နဲ့ လက်ရှိ ရှိနေတဲ့ အလုပ်သမားပေါ့နော် တခြား နိုင်ငံသား တွေလည်း အများကြီးရှိတဲ့အထဲမှာ matching မဖြစ်ဘူးပေါ့နော်။ အလုပ်တွေရှားပါးမှု ရှိနေတဲ့ အနေအထားမျိုးမှာ ဒီကြားထဲမှာ ကိုယ့်မြန်မာ ပွဲစားတွေကပဲ ကိုယ့်နိုင်ငံသားအချင်းချင်းတွေကို လိမ်လည်ပြီး အလုပ်သွင်းပေးပြီးတော့ တစ်လလောက်ပဲလုပ်၊ ပြီးတော့ အလုပ်မရှိတော့ဘူးဆိုပြီး အလုပ်ထုတ် လခမပေးတာတွေလည်း အများကြီး ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မလေးရှားတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ အော်ပရာစီ အဖမ်းအဆီး တစ်ကျော့ပြန် ပြန်လည်များလာနေပြီး မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများထံက သိရသည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာတွင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ တရားဝင် အထောက်အထား ရှိသူများဖြစ်ပါက ပြန်လည်စေလွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1574
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၃
မြန်မာနိုင်ငံအတွင်းရှိ ကြက်မွေးမြူရေး လုပ်ငန်းအများစုသည် လက်ရှိတွင် အစာဈေးနှင့် ကြက်သားပေါက် ဈေးနှုန်းများ အဆမတန် ဈေးနှုန်းမြင့်တက်မှုနှင့် ကြုံတွေ့နေရသည့်အတွက် မွေးမြူရေးလုပ်ငန်းများကို ရပ်နားလာကြကြောင်း သိရသည်။
ရာသီဥတု ပူပြင်းမှုကြောင့် ကြက်များ သေဆုံးသည့်အပြင် ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ မြင့်တက်သော်လည်း ကြက်မွေးမြူရေးခြံများ ရရှိသည့် ဈေးနှုန်းသည် မြင့်တက်လာခြင်း မရှိသည့်အတွက် မွေးမြူရေး လုပ်ကိုင်သူများသည် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ကြက်မွေးမြူသူများက ပြောသည်။
လက်ရှိတွင် ငွေကြေး အရင်းအနှီး တတ်နိုင်သူများနှင့် ကုမ္ပဏီများမှ မွေးမြူမှုများသာရှိနေပြီး ပုဂ္ဂလိက တနိုင်တပိုင် မွေးမြူမှုများ လျော့နည်းလျက်ရှိနေသည်။
လက်ရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ ကောင်းခေတ် ကြက်မွေးမြူရေးခြံပိုင်ရှင် ကိုကျော်စိုးမိုးက CNI သတင်းဌာနသို့ ပြောသည်။
ကြက်မွေးမြူရေးလုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “အစာဈေးနှုန်းတွေ တက်တယ်။ ပြီးတော့ ဆေးဈေးနှုန်းတွေ ကြီးတယ်။ ကြက်သားပေါက် ဈေးနှုန်းတွေ ကြီးမြင့်လာတယ်။ ကြက်ဥတွေ ပြန်ရောင်းတဲ့အခါကျတော့ ကြက်ဥတွေ ဈေးမရတာတွေပေါ့။ အသားထုတ်တဲ့ အချိန်မှာလည်း အသားဈေး မရတာတွေ အဲဒါတွေတော့ အရှုံးပေါ်တာပေါ့ မွေးမြူရေးသမားတွေတော့။ ဆေးဆိုရင် လည်း နဂိုတုန်းကဈေးထက် ၄ ဆ၊ ၅ ဆလောက် ပိုတက်သွားတာကိုး။ အစာဈေးဆိုလည်း နဂိုဈေးထက် အခုဆို ရင် အစာတစ်အိတ်က ဥစားကြက်စာဆိုရင် ၇ သောင်းကျော် ဖြစ်နေတယ်။ အသားတိုးကြက်စာဆိုရင်လည်း ၉၇၀၀၀ ဖြစ်နေတယ်။ ဈေးကွက်ဘက်မှာ တက်တယ်။ ခြံဖမ်းဈေးကျတော့ သိပ်မတက်ဘူး။ လက်ရှိပေါက်ဈေးဆို ရင် အစားတိုးကြက် ဘွိုင်လာခေါ်တာပေါ့ အဲဒီကြက်တွေက ခြံတွေမှာ ဖမ်းတဲ့ဈေးက ၉၀၀၀ လောက်ပဲ ရှိတယ်၊ ၁ ပိဿာကို။ ဈေးထဲမှာကျတော့ အသားပေါ်ရောက်တဲ့ လူကကျတော့ ၁ ပိဿာကို ၁ သောင်းခွဲလောက် ရောင်း တယ်။ အဲဒီမှာ ၆၀၀၀ လောက် ဟနေတာ။ ဈေးထဲကဈေးက မြင့်နေတာ။ အခု ကျနော်တို့ ဥစားကြက်ဆိုရင်လည်း ဖမ်းတဲ့ဈေးက ၁ ပိဿာ ၉၀၀၀ လောက်ပဲ ရှိတယ် ရန်ကုန်ဈေးက။ ခြံသမားတွေက ရှုံးတာတွေက များနေတော့ မွေးတဲ့သူက တော်တော်နည်းနေတယ်။ အရင်းတတ်နိုင်တဲ့သူကတော့ ဈေးတက်လာနိုး မျှော်မှန်းပြီးတော့ မွေးကြ တာလေး နည်းနည်းပဲ ရှိတော့တာပေါ့။ အဓိကကတော့ ကုမ္ပဏီခြံတွေပေါ့ ကုမ္ပဏီက ကိုယ်ပိုင်မွေးတဲ့ ခြံတွေများ တယ်။ အဲဒါတွေကပဲ ဈေးကွက်ကို ထွက်နေတာ။ အဓိကကတော့ ပုဂ္ဂလိက မွေးတဲ့ဟာတွေကတော့ တော်တော် ကြီးကို နည်းသွားပြီ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မှာ” ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်တွင် ဥစာကြက် သားပေါက်ဈေးနှုန်းသည် တစ်ကောင်လျှင် ငွေကျပ် ၈၀၀ ကျပ်သာ ရှိသော်လည်း လက်ရှိတွင် ၂၄၀၀ ကျပ်ရှိကြောင်း၊ အသားတိုးကြက် သားပေါက်ဈေးနှုန်းသည်လည်း ၁၅၀၀ ကျပ် ရှိနေသည်ဟု သိရသည်။
ကြက်အစာဈေးနှုန်း၊ ဆေးဝါးနှင့် ကြက်သားပေါက်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ကြက်မွေးမြူရာတွင် ကုန်ကျ စရိတ်သည် ယခင်ကထက် ၃ ဆခန့် မြင့်တက်လာနေကြောင်း၊ ယခင်က ကြက်အကောင်ရေ ထောင်နှင့်ချီ၍ မွေးမြူနိုင်သော်လည်း လက်ရှိတွင် ရာကဏန်းလောက်သာ မွေးမြူနိုင်တော့ကြောင်း တနိုင်တပိုင် ကြက်မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုပြည့်ဖြိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကြက်မွေးမြူရေးလုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “ဒီနှစ်က အပူဓာတ် ပိုပြင်းသွားတဲ့ အခါကျတော့ ကြက်တွေက တော်တော်များများ မဖြစ်ကြဘူး။ အပူချိန် များတဲ့ အတွက်ကြောင့် ကြက်ဝိတ်တွေ မတက်တာလည်း ပါတယ်။ အသေအပျောက် များတာလည်းပါတော့ ဆုံးရှုံးမှုက ပိုများသွားတာပေါ့။ အခုကတော့ ကုန်ဈေးနှုန်းတွေက အစစအရာရာ ဈေးကြီးနေတဲ့အခါ အရင်းတွေ ကလည်း တအားများတာပေါ့။ နဂိုတုန်းက ကျနော်တို့ ကြက် ၃၀၀၀ မွေးလို့ရမယ်ဆိုလို့ရှိရင် အခု ၁၀၀၀ တောင် မွေးဖို့ မလွယ်တော့ဘူး အဲဒီအရင်းနဲ့က။ ကျနော်တို့ဆို အများကြီး လျှော့ချရတယ်။ နဂိုတုန်းက ကျနော်တို့က ခြံ ၃ ခြံ လှည့်ပြီးတော့ ကြက် ၃/၄/၅ ထောင်လောက် ပုံမှန်မွေးနေတဲ့ဟာက အခုကတော့ ၅၀၀/၁၀၀၀ လောက်ပဲ မွေးနိုင်တော့တာပေါ့။ ဟိုလို ရာခိုင်နှုန်းအရ တွက်မယ်ဆိုရင်တော့ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာပေါ့။ အသားတိုးကြက် လောကမှာရော၊ ဥစားကြက် မွေးမြူရေးလောကမှာရော အကုန်နည်း သွားတာ။ အကုန်အကျ မြင့်သွားတာ” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ကြက်မွေးမြူရေး လုပ်ငန်းကဏ္ဍသည် လက်ရှိတွင် တဖြည်းဖြည်း ကျဆင်းလျက်ရှိနေပြီး ထုတ်လုပ် မှု ကုန်ကျစရိတ် သက်သာမှသာ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် မိုးရာသီတွင်လည်း ကြက်မွေးမြူရေးခြံ အများစု ထပ်မံရပ်နားသွားရန် ရှိနေသည်ဟု သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1326
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၃
မလေးရှားတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ အော်ပရာစီ အဖမ်းအဆီး တစ်ကျော့ပြန် ပြန်လည်များလာနေပြီး မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရှိ နိုင်ငံခြားသား အလုပ်သမားဦးရေသည် လိုအပ်သည်ထက် ပို၍များပြားနေပြီဟု မလေးရှား သတင်းဌာန တစ်ခုမှ သတင်းရေးသားဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အဖမ်းအဆီးများ ပိုမို များပြားလာသည်ကို တွေ့ရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လ.ဝ.က အကြီးဆုံးပုဂ္ဂိုလ်က သူကပြောထားပြီးသားရှိပါတယ်။ နိုင်ငံခြားသားတွေကို သူတို့ အစဉ်တစိုက် အချိန်မရွေး သူတို့ ဖမ်းဆီးမှုတွေ ပြန်လုပ်မယ်ပေါ့။ ပြီးတော့ အဓိကကတော့ နိုင်ငံခြားသားတွေ အများဆုံး စုဝေး တဲ့ နေရာတွေမှာ Target ထားပြီးတော့ ဖမ်းမယ်ပေါ့ အဆင့်လိုက် အဆင့်လိုက်ပေါ့။ အခု မြင်နေ တွေ့နေရတာ တော့ လောလောဆယ်မှာ စားသောက်ဆိုင်တို့ ဘာတို့မှာပေါ့ အဓိကထား ဖမ်းဆီးစစ်ဆေးနေတာ တွေ့ရသလို လမ်းသွားလမ်းလာရင်းနဲ့ နေရာစုံပါပဲ အိမ်တွေဘာတွေမှာလည်း ဝင်ဖမ်းတာမျိုးတွေ အများကြီး ရှိပါတယ်။ အဲဒီ တော့ သူတို့အဖမ်းအဆီးကတော့ ဆက်ရှိနေဦးမှာပဲ။ လက်ရှိမှာ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး မလေးနိုင်ငံသား တွေက ဘဝင်မကျတာတို့၊ သဘောမကျတာတို့၊ မနှစ်သက်တာတို့ အများကြီး complain တွေ ပြောထားတာတွေ ရှိတယ်။ အဲဒီအတွက်ကို နိုင်ငံခြားသားတွေ ဘယ်မှာရှိရှိ သတင်းပေးနေတာက ဒီနိုင်ငံသားတွေဆိုတော့ ပြောရ မယ်ဆို ဘယ်မှာပဲ ရှိနေရှိနေ၊ ဘယ်နေရာမှာပဲ တစ်ခါမှမရောက်ဖူးတဲ့ တောထဲတောင်ထဲတွေမှာတောင်မှ သူတို့ ဝင်စစ်ဆေးဖမ်းဆီးတာမျိုးတွေ အများကြီးရှိပါတယ်” ဟု ပြောသည်။
မလေးရှားရှိ ရွှေ့ပြောင်းများ ဖမ်းခံရစဉ်
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာတွင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ တရားဝင် အထောက်အထား ရှိသူများဖြစ်ပါက ပြန်လည်စေလွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ အဖမ်းအဆီး ပြန်လည်များပြားလာသည့် ကာလတွင် ယခင်က အော်ပရာစီ မရှိသည်မှာ ကြာမြင့်ပြီ ဖြစ်သော နေရာဒေသများတွင်ပါ ဝင်ရောက် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း မလေးရှားတွင် နေထိုင်နေ သူများထံက သိရသည်။
မလေးရှားရဲများမှ ဝင်ရောက်ဖမ်းဆီးသည့်အခါတွင် ငွေကြေးတစ်စုံတစ်ရာ ပေးလိုက်ပါက အဆင်ပြေသွားသည့် အတွက် မလေးရှားနိုင်ငံသားများမှာ ရဲများအား တိုင်ကြားခြင်းထက် လ.ဝ.ကကိုသာ ယခုနောက်ပိုင်း အဓိက တိုင်ကြားလာကြခြင်းဖြစ်ကြောင်း ရတနာစက္ကနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရှိ ရွှေ့ပြောင်းများ ဖမ်းခံရစဉ်
၎င်းက “အရင်က ၂ လ လောက်ငြိမ်သွားတယ်။ အခုနေ့စဉ်ဆိုသလို တစ်နေရာထဲကို ၃ ကြိမ်လောက် ဝင်ဝင်နေ တာ အဲဒီလိုဖြစ်နေတယ်။ ဘာဖြစ်လို့ဆို ဒီမှာက ပြောမယ်ဆိုရင် အလုပ်တွေကလည်း တချို့ ကုမ္ပဏီတော်တော် များများက ဗီယက်နမ်တို့၊ အင်ဒိုနီးရှားတို့ တော်တော်များများ ပြောင်းသွားကြပြီ။ ပြောင်းသွားပြီဆိုတော့ အလုပ် သမားက နိုင်ငံခြားသားမပြောနဲ့ ဒီနိုင်ငံသားတွေတောင် အလုပ်က တော်တော်လေး ခက်သွားပြီ။ ရှားနေတယ်ပေါ့ လေ။ အရမ်းရှားသွားပြီ။ နိုင်ငံရေးသမားတွေကလည်း သူတို့အချင်းချင်း အထဲမှာ ပွတ်တိုက်မှုတွေတော့ ရှိနေကြ တယ်ပေါ့လေ။ သူတို့ရဲ့ Politics အပေါ်မှာ မူတည်ပြီးတော့ ဖြစ်ရတာဆိုတော့ နိုင်ငံခြားသားတွေအဖို့တော့ ကြပ်ပြီးရင်း ပိုကြပ်တည်းသွားတယ်။ Politics က အခြေအနေက ဘယ်လိုမှန်းကို မသိတာ။ ဖမ်းတဲ့နေရာ တော် တော်များများကတော့ သူတို့ရဲ့ စီမံကိန်းနဲ့ဖမ်းတာထက် complain များမှုတွေက အဓိကပေါ့လေ” ဟု ပြောသည်။
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့၌ ယခုရက်ပိုင်းအတွင်း တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မလေးရှားရှိ ပရဟိတအဖွဲ့အစည်းများမှ ၎င်း အဖမ်းအဆီးသည် ဆက်လက် ရှိနေဦးမည်ဟု ခန့်မှန်းထားကြပြီး မလေးရှားရောက် မြန်မာနိုင်ငံသာများအနေဖြင့် အတိုင်အကြား မခံရစေရန် အထူးသတိပြု နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1265
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၁
ထိုင်းနယ်စပ်ဘက်အခြမ်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ ထိုင်းအစိုးရ အဖွဲ့သစ်အနေဖြင့် အလုပ်လုပ်ခွင့်ပေးခြင်း (သို့မဟုတ်) တတိယနိုင်ငံသို့ စေလွှတ်ခြင်းများကို ဆောင်ရွက်ပေးသင့် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များမှလည်း ဒုက္ခသည်စခန်းနှင့်ပတ်သက်၍ အဖြေရှာရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရပြီး ဒုက္ခသည်တစ်ဦးချင်းအလိုက် အလုပ်လုပ်ခွင့်ပေးခြင်း (သို့မဟုတ်) တတိယနိုင်ငံသို့ စေလွှတ်ခြင်း အပေါ် မဲစစ်တမ်းများ ကောက်ယူကာ ဆောင်ရွက်သင့်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“သူတို့က တတိယနိုင်ငံကို သွားလို့ရရင် ပိုကောင်းတယ်။ သွားလို့မရဘူးဆိုရင်လည်း နယ်စပ်မှာ အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရရှိဖို့အတွက်တော့ အများစုက တောင်းဆိုကြတာပေါ့။ ဒုက္ခသည်စခန်းမှာ နေတဲ့သူတွေက ဘာမှ အထောက်အထားမရှိတဲ့သူတွေ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေကို အလုပ်လုပ်မယ်ဆိုရင်ရော ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကြမလဲပေါ့။ ဒုက္ခသည်စခန်းက သူတို့ကို သက်သက်ကဒ်ထုတ်ပေးမှာလား၊ အများစုကိုင်ဆောင်နေတဲ့ ၁၀ နှစ်ခံတို့၊ CI တို့၊ ပန်းရောင်ကဒ်တို့ကို လုပ်ကြမှာလား။ ဒုက္ခသည်စခန်းက လာတဲ့လူတွေကို တချို့သော လုပ်ငန်း ရှင်တွေကရော လက်ခံပါ့မလား။ မူဝါဒ ၂ ခု ချမှတ်လိုက်ပေါ့။ အဲဒီ ၂ ခုအပေါ်မှာ မူတည်ပြီးမှ အများစုကတော့ ဒုက္ခသည်စခန်းမှာရှိတဲ့လူတွေက ဘယ်နည်းလမ်းကို ရွေးကြမှာလဲ။ သုတေသနလုပ်တာပဲ ဖြစ်ဖြစ်၊ data collection လုပ်တာဖြစ်ဖြစ် အဲဒီလိုလုပ်နိုင်ရင်တော့ တိတိကျကျ အဖြေတစ်ခု ထွက်လာမှာပေါ့။ အချက် အလက်ကောက်သင့်တယ်ပေါ့” ဟု ၎င်းက ပြောသည်။
မယ်လ ဒုက္ခသည်စခန်းရှိ ရေပေးဝေရေးနေရာတစ်ခု
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအား နိုင်ငံတကာ NGO အဖွဲ့အစည်းများမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ထိုင်း အာဏာပိုင်များမှ နေရာပေးထားခြင်းမှတစ်ပါး အခြားထောက်ပံ့ပေးခြင်းမျိုး မရှိသော်လည်း ဒုက္ခသည်စခန်းများ ရှိနေခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့မှ ဝင်ငွေများ ရရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက နှစ် ၄၀ သက်တမ်းရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား လုပ်သားအရင်းအမြစ် စနစ်ထဲသို့ ဆွဲထည့်ရန် သို့မဟုတ် တတိယနိုင်ငံသို့ ပို့ရန် အဖြေတစ်ခု ထွက်ပေါ်လာသင့်ပြီဟု ထိုင်းနယ်စပ်ရေးရာ နိုင်ငံအဆင့် လုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ရန်ဆီမန်ရုမ်က ပြောကြားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းဘက်အခြမ်းရှိ ဒုက္ခစည်စခန်းအများစုသည် ဆယ်စုနှစ် တစ်ခုခန့်အထိ ရှိနေပြီဖြစ်သောကြောင့် ဒုက္ခသည် များအရေးနှင့်ပတ်သက်၍ အဖြေရှာရန် ထုတ်ပြောလာမှုသည် လက်တွေ့တွင် မလွယ်ကူလှကြောင်း ပညာရေးနှင့် ဖွံ့ဖြိးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“တတိယနိုင်ငံ ပြောင်းရွှေ့အခြေချနေထိုင်မှု ကိစ္စကတော့ ထိုင်းအစိုးရအပေါ်မှာ အများကြီးမူတည်တာ။ သူတို့ရဲ့ ပြည်ထဲရေးဌာနရဲ့ ခွင့်ပြုချက်ပေါ့ အဲဒါကို ဖြတ်ရတာ။ နောက်တစ်ခုကကြတော့ လက်ခံမယ့်နိုင်ငံတွေရဲ့ လက်ခံနိုင်တဲ့အင်အားပေါ့။ အခုဆို ဒုက္ခသည်တစ်ယောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီးပြီဆိုရင် တတိယနိုင်ငံသွားမယ်ဆို ဘယ်နိုင်ငံ၊ ဘယ်နိုင်ငံ သူ့ဘက်ကလည်း ရွေးလို့ရသလို လက်ခံမယ့်နိုင်ငံကလည်း ဥပမာ အမေရိက က လူဦးရေ ၁၀၀၀ လက်ခံမယ်။ အဲဒီ ၁၀၀၀ ကိုပဲ လောလောဆယ် ခေါ်လို့ရတယ်၊ ကျန်တဲ့ ၁၀၀၀ ကျော်တဲ့ စာရင်းမှာပါတဲ့သူတွေက သွားဖို့က မရသေးဘူး စောင့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံရှိ မယ်လဒုက္ခသည်စခန်းကို ၂၀၁၄ ခုနှစ် ဂျူလိုင်လက တွေ့ရစဉ်
၎င်း ဒုက္ခသည်များအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်ပြန်ကြမည် မဟုတ် ကြောင်း၊ အချို့မိသားစုဝင်များထဲ၌ တတိယနိုင်ငံသို့ ရောက်ရှိသွားကြသူများလည်းရှိပြီး ဒုက္ခသည်စခန်းများ၌ ကျန်ရစ်နေကြသူများလည်း ရှိကြောင်း သိရသည်။
ဒုက္ခသည်စခန်းများ၌ နေထိုင်ကြသူများသည် နီးစပ်ရာကျေးရွာများရှိ ထိုင်းဒေသခံများ၏ စိုက်ခင်းများ၊ လုပ်ငန်း ခွင်များထဲတွင် နားလည်မှုဖြင့် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းမျိုး ရှိကြောင်းလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူ၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် အမှတ် ၁ ၊ အမှတ် ၂ ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ ကိုးသောင်း ကျော် ခိုလှုံလျက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ-KRC ပြုစုထားသော စာရင်းအရ သိရသည်။
အဆိုပါ စခန်းပေါင်း ၉ ခုအနက် မယ်လဒုက္ခသည်စခန်းသည် အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီး ဒုက္ခသည် လေးသောင်း ခန့် ခိုလှုံလျက်ရှိကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1314
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၀
မြန်မာ-တရုတ် နယ်စပ်မှတဆင့် တရုတ်နိုင်ငံထဲသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရုတ် အလုပ်ရှင် သူဋ္ဌေးများမှ လုပ်ခလစာအား ကတိပေးထားသည့်အတိုင်း အပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်နေကြောင်း မူဆယ် မြို့ရှိ ပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။
အချို့စက်ရုံများတွင် လုပ်ခလစာအား ယွမ်နှစ်ထောင်ပေးမည်ဟု ဦးစွာပြောဆိုထားခြင်းဖြစ်သော်လည်း အလုပ် လုပ်ကိုင်သည့်အခါတွင်မူ လုပ်ခလစာအပြည့်အဝမရရှိခြင်းဖြစ်ကြောင်း၊ ထို့အပြင် တစ်ခါသုံးကဒ်ဖြင့် ဝင်ရောက် ကြသည့်သူများဖြစ်သောကြောင့် အလုပ်ရှင်များ၏ ခြိမ်းခြောက်မှုများကိုလည်း ခံနေရကြောင်း ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က CNI သတင်းဌာနသို့ ပြောသည်။
“တရုတ်ကတော့ ကတိမတည်တာ များတာပေါ့။ ဒါပေမယ့် အခုဖြစ်နေတာက ရန်ကုန်ကနေ အထည်ချုပ်စက်ရုံ တွေက အလုံးလိုက်ပြောင်းတာလေ။ ပြောင်းတဲ့အခါကြတော့ အဲဒီအထည်ချုပ်စက်ရုံကလူတွေကို သူတို့က အကုန် ခေါ်သွားတာ။ ဟိုဘက်ကြတော့ စရိတ်တွေ အကုန်ခံပြီးခေါ်သွားတယ်။ ကြာလာတဲ့အခါကြတော့ သူတို့က လစာ ကို ၂၀၀၀ (ယွမ်)ပြောတယ်။ ၂၀၀၀ ပြောပြီး ၁၈၀၀၊ ၁၈၀၀ ကနေ ၁၆၀၀၊ ၁၆၀၀ ကနေ အခုဆိုရင် ကျနော်တို့ကို တိုင်တန်းလာတာတွေရှိတယ်။ ပြောတုန်းကတော့ လစာ ၂၀၀၀ ပေါ့ ဒါပေမယ့် အခု ၁၀၀၀ ပဲရတယ်။ ၁၀၀၀ ပဲ ရရင် သူတို့က စသွားကတည်းက နေထိုင်မှုက သိပ်ပြီးမခိုင်မြဲဘူးလေ တစ်ပတ်ကဒ်နဲ့ ဝင်ရတာကို။ အကြောက် တရားတွေနဲ့ လစာပေးခါနီးကြတော့ မကြိုက်ရင်ထွက်သွားဆိုတော့ လူတွေက အကြောက်တရားနဲ့ လုပ်တာ။ စက်ရုံကနေ ထွက်တာနဲ့ သူတို့က ရဲခေါ်ပြီးဖမ်းတာ။ ဖမ်းပြီးတော့ ပြည်တော်ပြန်လွှတ်လိုက်တာပေါ့ အဲဒါတွေရှိ တယ်” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ရှိ ဌာနဆိုင်ရာရုံးကိုတွေ့ရစဉ်
တရုတ်နိုင်ငံတွင် အခြေခံလုပ်ခ လစာအဖြစ် ယွမ် ၂၀၀၀ (မြန်မာငွေ ၁၀ သိန်းခန့်) သတ်မှတ်ထားခြင်း ဖြစ်သော် လည်း အလုပ်သမားတချို့သည် မှန်မှန်ကန်ကန် မရရှိကြဘဲ ဖြစ်နေကြောင်း သိရသည်။
တရုတ်တွင် လုပ်ခလစာ အနှိမ်ခံရခြင်းသည် ယခင်ကတည်းကရှိခြင်း ဖြစ်သော်လည်း ယခုအခါတွင် ပို၍ များပြား လာခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံထဲသို့ ဝင်ရောက် အလုပ်လုပ်ကိုင်ကြရာတွင် တစ်ခါသုံးကဒ် (TBP) ဖြင့် အဓိက အများဆုံး ဝင်ရောက် ကြခြင်းဖြစ်ကာ overstay အဖြစ် တရုတ်နိုင်ငံထဲ၌ နေထိုင် အလုပ်လုပ်ကိုင်နေကြသူ အများအပြား ရှိကြောင်း လည်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။
ထိုသို့ overstay အဖြစ် နေထိုင်သူ များပြားလာသည့်အတွက် တရုတ်အာဏာပိုင်များမှလည်း နေ့စဉ်နှင့်အမျှ ဖမ်းဆီး၍ ပြန်တော်ပြန်အဖြစ် တစ်ရက်လျှင် လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သွားရန် စောင့်နေကြသူများကိုတွေ့ရစဉ်
၎င်းက “အများကြီးပဲ။ ဟိုဘက်က အကုန်လုံးကို ခါလီလုပ်နေတာပေါ့ တရုတ်ပြည်ထဲမှာ။ ရက်ကျော်တာတွေရော ဘာတွေရော အကုန်လုံးပဲ။ ခက်တာက ရက်ကျော်တာတွေ များတာပဲ။ တရားမဝင်တွေက များနေတာ။ တရုတ်က တော့ ဘာကြောင့်ဆိုတာထက် အဲဒီလိုမျိုး ခဏခဏ လုပ်တယ်။ ဟိုးဘက် နှစ်တွေတုန်းကလည်း အဲဒီလိုမျိုး ခဏခဏ လုပ်တယ်။ တရားမဝင်ဆိုရင် သူတို့က ဖမ်းတယ်။ တချို့ထောင်ချတယ် ပြီးရင်ပြန်လွှတ်တယ်၊ ခိုးဝင် ခိုးပေါက်က မိတာတွေဆို ထောင်ချပစ်တာတွေ ကိုးလ၊ ဆယ်လ အဲဒီလိုမျိုးတွေ ချတာ။ အလုပ်တောင် မလုပ် လိုက်ရဘူး ခိုးပေါက်ကဝင်၊ ဝင်ပြီးတော့ တစ်ခါတည်းမိပြီး တစ်ခါတည်းထောင်ချ ပြီးတော့မှ တရုတ်ပြည် ဘယ်လို နေမှန်းတောင်မသိ။ ဒီဘက်ပြန်ပို့တာ ခံလိုက်ရတာ အဲဒီလိုမျိုးတွေရှိတယ်” ဟု ပြောသည်။
မူဆယ်တွင် တရုတ်သို့ တစ်ခါသုံးကဒ်၊ စာအုပ်အနီတို့ဖြင့် တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၃၀၀ ခန့်အထိ ထွက်ခွာ နေကြခြင်းဖြစ်ပြီး အလုပ်အကိုင် ရရှိမည်ဟုဆိုကာ မက်လုံးပေး၍ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် လိမ်လည် ခေါ်ယူသည့် ဈေးကွက်မှာ ပိုမိုများပြားလာကြောင်းလည်း သိရသည်။
ထို့ကြောင့် တရုတ်အလုပ်ရှင်များမှ အာမခံချက်ပေး၍ အလုပ်လုပ်ရန် ခေါ်သည်ရှိပါက တစ်ခါသုံးကဒ်ဖြင့် လုံးဝ မသွားကြရန်နှင့် ၎င်းတို့၏ အာမခံချက်များအားလည်း မယုံကြည်ကြရန် ပရဟိတအသင်းများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1212
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၀
နိုင်ငံတစ်ဝန်း မိုးရာသီ စိုက်ပျိုးစရိတ် တစ်ဧက ချေးငွေအပေါ်တွင် အာမခံ ၁ ရာခိုင်နှုန်း ထားရှိခြင်းကို လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိနေပြီး ထိုအာမခံစနစ်သည် အငြင်းပွား ဖွယ် ဖြစ်လာနိုင်သည်ဟု တောင်သူများက ပြောသည်။
တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေဘဏ်မှ တစ်ဧကလျှင် ငွေကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေးရန် သတ်မှတ်ထားပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက စိုက်ပျိုးရေးစရိတ်များ ပြန်လည်မပေးဆပ်နိုင် ချိန်တွင် ဘဏ်မှ ပြန်လည်လျော်ကြေး ပေးနိုင်ရန်အတွက် ရာသီဥတုညွှန်းကိန်း အခြေပြု သီးနှံအာမခံ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ရာသီဥတုကြောင့် သီးနှံများ ပျက်စီးသွားချိန်တွင် လျော်ကြေး ပေးဆောင်ရာ၌ အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဆုံးဖြတ်ပေးသည့် အဖွဲ့အစည်းများက ဘက်လိုက်မှုမရှိရန် လိုအပ်သည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများ ချေးငွေထုတ်ပေးနေစဉ်
၎င်းက “သူက ဥပမာဆိုပါတော့ မိုးရေချိန်လက်မနဲ့ တစ်နှစ်လုံး မိုးရေချိန်လက်မနဲ့ ဥပမာ ဇူလိုင်လ တစ်လထဲမှာပဲ မိုးရေချိန်လက်မက ရွာသွန်းမြဲ မဟုတ်ဘဲနဲ့ ရွာသွန်းမြဲထက် ပိုသွားမယ်ဆိုရင်လည်း အဲဒီလမှာ ပိုသွားပြီးတော့ ဇူလိုင်လမှာ နည်းသွားရင်လည်း တစ်နှစ်လုံးရဲ့ မိုးရေချိန်လက်မက အလွန်မကွာဘူး။ ဒါပေမယ့် ၁ လထဲမှာ စုရွာ တာရယ်၊ ရေကြီးလို့ မရတဲ့ရာသီမှာ ရေကြီးအောင် ရွာတာရယ် အဲဒါမျိုးကျရင် ဆုံးဖြတ်ရတာတွေက ဘယ်လို လူတွေနဲ့ ဘယ်လိုဆုံးဖြတ်ကြမလဲ အဲဒါတွေက အများကြီး ကွာခြားပါလိမ့်မယ်။ အဲဒီတော့ ၁ ရာခိုင်နှုန်းဖြစ်ဖြစ် မဖြစ်လောက်ဘူးဆိုပေမယ့်လည်း ဒါက အလုပ်သဘောလေ။ တစ်နိုင်ငံလုံးနဲ့ စာလိုက်ရင်တော့ အများကြီး ဖြစ်သွားမှာပေါ့။ အဲဒါတွေက အန်ကယ်တို့လည်း သေသေချာချာ မသိသေးပါဘူး။ ဒါပေမယ့် အန်ကယ်တို့ သဘော ပေါက်တာတော့ သီးနှံအာမခံ ရာသီဥတုအတွက် အာမခံစနစ်ဟာ နည်းနည်းတော့ အငြင်းပွားဖွယ်၊ ဆုံးဖြတ်တဲ့ နေရာတွေမှာ ဆုံးဖြတ်ရမယ့် အဖွဲ့အစည်းတွေက ဘက်လိုက်အဖွဲ့တွေ ဖြစ်သွားရင်လည်း မကောင်းပါဘူးလို့” ဟု ပြောသည်။
သီးနှံအာမခံစနစ်အစား တောင်သူလယ်သမားများ ကာကွယ်ပေးရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတွင် ပါဝင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော လယ်ယာမြေအတွက် တောင်သူများအား နိုင်ငံတော် မှ ထောက်ပံ့ကြေးပေးရန် သို့မဟုတ် ချေးငွေထပ်မံ ထုတ်ချေးပေးရန် စသည့် နည်းလမ်းများဖြင့် လုပ်ဆောင်ပေး မည်ဆိုပါက ပို၍ အကျိုးရှိမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။
ယခုဖော်ဆောင်နေသည့် သီးနှံအာမခံစနစ်သည် တောင်သူများ ဆုံးရှုံးမှု အမြောက်အများ မဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ထက် သီးနှံအာမခံ လုပ်ဆောင်မည့် ကုမ္ပဏီများအတွက် အကျိုးအမြတ် ဖော်ဆောင်ပေးသော အခြေအနေသို့ ရောက်ရှိသွားမည်ကို စိုးရိမ်ကြောင်း ဦးသိန်းအောင်က ဆက်ပြောသည်။
၎င်းက “သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားရင် နိုင်ငံတော်ကနေပြီးတော့ ပျက်စီးသွားတဲ့ လယ်ယာမြေ တွေအတွက် တောင်သူများအား ထောက်ပံ့ကြေးပေးရန်ဆိုပြီးတော့ တောင်သူလယ်သမားများ ကာကွယ်ပေးရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ၂၀၁၃ တုန်းက ရေးဆွဲပြီး ပြဋ္ဌာန်းလိုက်တာ အောက်တိုဘာ ၈ ရက်နေ့က။ အဲဒီဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမယ့် ဒါကို ထိုက်သင့်တဲ့ တကယ် အမှန်အကန် ပျက်စီးရင် ပျက်စီးတဲ့ အတိုင်း အတာ တစ်ခုပေါ့ကွာ နောက်ဆုံး မျိုးဖိုး၊ မြေဩဇာဖိုး၊ မြေဩဇာ မထည့်ရရင်လည်း ထွန်ယက်ခ ဘာညာလောက် ပေါ့ကွာ အခုချေးငွေလောက်ကို ဥပမာ ၁ ဧက ၁ သိန်းခွဲလောက် ချေးတယ်။ နောက်ဆုံးအဆင့် သဘာဝဘေး ကြောင့် ပျက်စီးသွားရင် အဲဒီ ၁ သိန်းခွဲ ထပ်ထုတ်ချေးပေးရင်လည်း တော်ပါပြီလို့။ ဒီလောက်ဆိုရင် ဒီသီးနှံအာမခံ လုပ်ငန်းက သီးနှံအတွက် တောင်သူတွေ နစ်နာဆုံးရှုံးမှု အရှုံးမများအောင်ဆိုတဲ့ ရည်ရွယ်ချက်ကနေပြီးတော့ နောက်ဆုံး သီးနှံအာမခံ လုပ်မယ့်ကုမ္ပဏီတွေအတွက် အကျိုးအမြတ် လုပ်ငန်းတစ်ခုအဖြစ်နဲ့ ဖော်ဆောင်ပေးတဲ့ ဘက်ကို တိမ်းသွားမှာ စိုးတယ်လို့” ဟု ပြောသည်။
စိုက်ပျိုးရေးတောင်သူများကိုတွေ့ရစဉ်
သီးနှံအာမခံစနစ်နှင့် ပတ်သက်၍ လက်ရှိတွင် တောင်သူများအနေဖြင့် သေချာစွာ သိရှိထားခြင်း မရှိသေးကြောင်း၊ ထို့နောက် ကာယကံရှင် တောင်သူများကိုယ်တိုင် သဘောတူ ကျေနပ်သည့် စနစ်ဖြစ်ရန် လိုအပ်ကြောင်း၊ အတင်း အဓမ္မ လုပ်ဆောင်ရမည့်စနစ်မျိုး မဖြစ်စေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူ ဦးစိုးခိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပမာ ၁ ဧကကို ၁ သိန်းခွဲ ချေးပေးရင် ၁ ရာခိုင်နှုန်းဆိုတော့ ၁၅၀၀ နဲ့ သီးနှံအာမခံ ထားရမှာလား။ အဲဒီ ၁၅၀၀ က ရာသီဥတုကြောင့် ရေမြှုပ်သွားတဲ့နေရာကို ၁ ဧကကို ဘယ်နှုန်း၊ ဘယ်လိုပြန်ပြီး ပေးမှာလဲ။ နောက်ပြီး တော့ အာမခံထားတယ်ဆိုတာ ဘယ်သူပဲဖြစ်ဖြစ် ကာယကံရှင်က သဘောတူကျေနပ်၊ အားကိုးအားထားပြုပြီး တော့ ထားမှထားခွင့်ရှိတဲ့ အလုပ်မျိုးပဲ ဖြစ်စေချင်တာပေါ့။ ကာယကံရှင်က ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ အာမခံ ထားရမယ်ဆိုတဲ့ အတင်းအဓမ္မ စနစ်မျိုးတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။
မြန်မာ့အာမခံ လုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ ရာသီဥတု ညွှန်းကိန်းအခြေပြု သီးနှံ အာမခံ ဆောင်ရွက်ခြင်းကို ပြီးခဲ့သည့် ဆောင်းရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးချိန်တွင် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် Pilot Project အဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ယခု မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1346
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၇
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားနယ်စပ် ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့မှုများကို တရုတ်နိုင်ငံက လက်ရှိတွင် ပိတ်လိုက်ပြီဖြစ်ကြောင်း ဖရဲကုန်သည်များထံမှ သိရသည်။
တရုတ်နိုင်ငံက ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီးနှင့် ကြံများကို အချိန်မှီ ဝယ်ယူနိုင်ရန်အတွက် ဖရဲတင်ပို့မှုအား ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိတွင် မြန်မာ့ဖရဲရာသီလည်း ကုန်နေပြီဖြစ်ကြောင်း ဖရဲကုန် သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မိုင်းလားက အခုလောလောဆယ် ဖရဲသီးကတော့ သူတို့ ရက်အကန့်အသတ်နဲ့ ပိတ်လိုက်ပြီလေ။ ဒီဟာက အစောပိုင်းကတည်းက သူတို့ ရက်သတ်မှတ်ပြီးတော့ ကြေညာထားတယ်လေ ဖရဲကို ဒီရက်ဒီရက်တွေမှာ၊ သူတို့ နောက်ထပ် ၅ ရက်၊ တစ်ပတ် ထပ်တောင်းထားလို့ ဖွင့်နေတာလေ။ ပိတ်တာကတော့ အခုလက်ရှိက ဖရဲလည်း မရှိတော့ပါဘူး၊ ကုန်သလောက်ဖြစ်သွားပြီ ရာသီက။ သူက အဓိကက ဝင်ပေါက်မှာ Traffic ဖြစ်မှာကြောက်လို့ သရက်သီးမှာ တရုတ်က green line ပေးထားတာ။ ဒီမှာက ရာသီပေါ် ကြံတို့ အဓိက သွင်းဖို့ပဲ ကားသွားပိတ်နေမှာ စိုးလို့လေ” ဟု ပြောသည်။
မြန်မာ့သရက်သီးများကို တွေ့ရစဉ်
ယခုနှစ် ဖရဲရာသီတွင် လမ်းကြောင်းအခက်အခဲနှင့် ကုန်တင်ကားခစရိတ် အဆမတန် ကြီးမြင့်ခြင်းကြောင့် ဖရဲကုန်သည်များနှင့် တောင်သူများအနေဖြင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ထို့နောက် လက်ရှိတွင် တရုတ်နိုင်ငံသို့ ဖရဲတင်ပို့မှု ရပ်နားသွားပြီ ဖြစ်သည့်အတွက် ရာသီပေါ်သီးနှံဖြစ်သည့် သရက်တင်ပို့မှု ပို၍အဆင်ပြေလာကြောင်း၊ ကုန်တင်ကား ငှားရမ်းခများလည်း ထက်ဝက်ခန့် သက်သာသွား သည်ဟု ခွါညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ် ဖရဲသီးဈေးကွက် မကောင်းခဲ့ပါဘူး။ ဖရဲသီးဈေးကွက်ကတော့ အကျအဆုံး များစွာနဲ့ ပြီးသွားတာပေါ့ နော်။ အဆုံးရှုံးများစွာနဲ့ ပြီးသွားတာပေါ့။ အဆုံးရှုံး ဘယ်လောက်ရှိလဲဆိုတာတော့ မသိဘူးလေ။ ပုံမှန်အားဖြင့် တော့ ရှုံးကြတယ်၊ မကိုက်ဘူး၊ စရိတ်ကြီးတယ်၊ လမ်းကြောင်းဝေးတယ်။ ဖရဲကားတွေ ပါးသွားတော့ သရက်က ပိုကောင်းသွားတာပေါ့။ ကားခ နည်းနည်း သက်သာတယ်။ ကားခ တစ်ဝက်လောက် ကားခ ၁၂၀၊ ၁၃၀ ကနေ ၆၀၊ ၄၀ ဖြစ်သွားပြီလေ။ သရက်သီး အလားအလာကတော့ ကောင်းမှာပါ။ ဘာလို့ဆို သရက်သီး အထွက်နည်းတယ် လေ။ ဘယ်သူမှ သိပ်မလုပ်ထားကြဘူးလေ လမ်းကြောင်း အခြေအနေနဲ့ဆိုတော့။ အများကြီးလည်း မတင်ပို့နိုင် ဘူး။ ၁ ရက်ကို ၂ စီး၊ ၃ စီး၊ တန်ချိန်အားဖြင့်ကတော့ ၁ ရက်ကို တန် ၃၀ - ၅၀ ကြားပဲ ပို့လို့ရတယ်” ဟု ပြောသည်။
ဖရဲသီးကားများကို တွေ့ရစဉ်
ယခင်က ဖရဲသီးကို ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ကုန်သွယ်ရေးမှတဆင့် အဓိက တင်ပို့လျက်ရှိသော်လည်း ယခုနှစ်တွင် ရှမ်းမြောက်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ထိုလမ်းကြောင်းသည် အချိန်ကြန့်ကြာမှုများ ရှိသည့်အပြင် ကုန်တင်ကားခ ငှားရမ်းရသည့် ဈေးနှုန်း လည်း အဆမတန် ကြီးမြင့်သည့်အတွက် ဖရဲကုန်သည်များနှင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ပြည်တွင်းမှ ထွက်ရှိသည့် ဖရဲသီးကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိနေပြီး နှစ်စဉ် အောက်တိုဘာလမှ မေလအထိ တင်ပို့လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဖရဲသီး တန်ချိန် ၁ သိန်းကျော် တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။