- By CNI
- Category: စီးပွားရေး
- Hits: 2219
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆
ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့သည့် အလုပ်သမား များ၏ ကိုယ်ရေး အချက်အလက်များကို ပေးပို့ရန် ပျက်ကွက်ပါက လုပ်ငန်းဆိုင်းငံ့မည့်အပြင် ဒဏ်ကြေးပါ ကောက်ခံမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားသည်။
လက်ရှိအချိန်အထိ စာရင်းပေးပို့ရန် ပျက်ကွက်နေသည့် အေဂျင်စီများအနေဖြင့် ဇူလိုင် ၂၆ ရက် မတိုင်ခင် စာရင်းပေးရန်နှင့် ပျက်ကွက်ပါက အရေးယူမှု စတင်မှာဖြစ်ကြောင်း သတိပေးထားခြင်းဖြစ်သည်။
လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က "လုပ်ချင်လည်းလုပ်မယ်၊ မလုပ်ချင် လည်း မလုပ်ပါဘူး ဒါတွေက။ ဝန်ကြီးရဲ့ အစီအမံတွေအောက်မှာ သွားနေတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်တဲ့အတွက် လုပ်မယ် မလုပ်ဘူးဆိုတာက အခြေအနေ ဆိုးလာရင်တော့ သူလုပ်ချင်လုပ်မျာပေါ့။ စာတော့ ထုတ်ပြန်ထားတယ်။ ဘယ်အေဂျင်စီမှလည်း အရေးယူခံရတာ မရှိသေးပါဘူး။ ဇယားကွက်ပေးထားတယ်လေ။ အဲဒီဇယားကွက်ကိုပဲ ထည့်ပြီးပို့ရမှာ။ အဲဒါက မပို့တဲ့အေဂျင်စီကို အရေးယူမယ်ဆိုတဲ့ စာသား email ကလည်း ရထားတယ်။ သူ့ဇယား ကွက်ကိုပဲ ဖြည့်ပြီးပို့ရမှာ။ အဲဒီဇယားကွက်ကို အေဂျင်စီတွေက ဖြည့်ဖို့ လိုအပ်ပြီးတော့ ဖြစ်လာတဲ့အတွက် အခု ထပ်ပြီးတော့ သူတို့ဘက်က သေသေချာချာရေးလာတာလေ" ဟု ပြောသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းအရ အလုပ်သမားများ၏ ကိုယ်ရေး အချက်အလက် ပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီ ၂၀၀ ကျော်ရှိကြောင်း သိရသည်။
အလုပ်သမားတွေ ပြည်ပထွက်ဖို့လုပ်နေကြစဉ်
လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများအပေါ် တဖြေးဖြေး တင်းကြပ် မှု ပိုမိုများပြားလာသည့်အတွက် အကြပ်ရိုက်နေကြကြောင်းလည်း သိရသည်။
အမျိုးသားများအပေါ် အသက်ကန့်သတ်မှုများကြောင့် လက်ရှိတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "အေဂျင်စီတွေရဲ့ အခက်အခဲကတော့ အခုအလုပ်အကိုင်တွေ အဆင်မပြေတော့ဘူး။ အသက်ကန့်သတ်မှု အပေါ်မှာ လုပ်ရတာ အဆင်မပြေတော့ဘူး။ နောက်တစ်ခုက Demand တွေရှားလာပြီ။ မလေးရှားဆိုလည်း ပိတ်ထားတယ်။ ထိုင်းဆိုလည်း အရင်တုန်းကထက်ကို ၇၀ ရာခိုင်နှုန်းလောက် လျော့သွားပြီလို့ ထင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေက။ ကျန်တာကတော့ ဝန်ကြီးဌာနဘက်က တင်လိုက်ရင်ချပေးတယ်၊ လုပ်ကိုင် ပေးတယ် မြန်ပါတယ်။ ဂျပန်ကတော့ အခုဈေးကွက် အကောင်းဆုံးဖြစ်နေတယ် အထွက်အများဆုံးဖြစ်နေတယ်" ဟု ပြောသည်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရယူထားသည့် အေဂျင်စီ ၅၀၀ ကျော်ရှိပြီး တစ်လလျှင် လုပ်သားဦးရေ နှစ်သောင်းနီးပါး စေလွှတ်နေကြောင်း သိရသည်။
ထို့အပြင် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုထံ လစာ၏ ၂၅ ရာခိုင်နှုန်း လွှဲပို့ရန် ဝန်ကြီးဌာနမှ အေဂျင်စီ များအပေါ် ဖိအားပေးနေသကဲ့သို့ စောင့်ကြည့်စာရင်း ပြုစုနေကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2110
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း အပါအဝင် လုပ်ငန်းတချို့၌ ကျွမ်းကျင်လုပ်သားများကို ဆုံးရှုံးနေကြ ကြောင်း လုပ်ငန်းရှင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ကျွမ်းကျင်လုပ်သားများအနေဖြင့် လုပ်ခလစာ ရရှိမှုနည်းပါးခြင်း၊ လုပ်ခတိုးမြှင့်ရန် တောင်းဆိုသော်လည်း မရရှိ ခြင်းတို့ကြောင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တရုတ် အစရှိသည့် ပြည်ပနိုင်ငံများသို့ တရားဝင်သာမက တရားမဝင် နည်းလမ်းဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက "အလုပ်အကိုင် ရှားတယ်ရယ်လို့တော့ မဟုတ်ဘူး။ အလုပ်က လုပ်ခလစာအပေါ် မူတည်ပြီး skill labour တွေက မလုပ်ကြတာ များတာ။ သူတို့ရဲ့ လုပ်ခလစာက သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ခလစာက မကိုက်ညီဘူးလို့ ခံစားရတယ် ဒါကြောင့် ထွက်ကြတာ။ အဲဒီတော့ ဒီဘက်မှာ ကျန်နေခဲ့တာက skill labour မဟုတ်တဲ့လူတွေ။ လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း skill labour တစ်ဦးဖြစ်ဖို့အတွက် သူတို့က မွေးထားရတာကိုး။ မွေးထားရတဲ့ အခါကြတော့ သူတို့လူ သူတို့ လုပ်ခလစာကြောင့် မထိန်းနိုင်တဲ့အပိုင်းတွေ အများကြီးပဲ တွေ့ရတယ်။ လုပ်ခလစာ နည်းတော့ တိုးတောင်းဖို့ ကြိုးစားလာကြတာ များတယ်။ တိုးတောင်းလို့မရတဲ့ အခါကြတော့လည်း ထွက်ပြီး နိုင်ငံခြားကို သွားကြတာများတယ်။ အဓိကကတော့ လုပ်ခလစာပိုင်းနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားတွေက တောင်းဆိုမှုတွေရှိတာ" ဟု ပြောသည်။
လုပ်ငန်းခွင်များအပေါ် မူတည်ကာ အချို့လုပ်ငန်းများတွင် သာမန်လုပ်သားများအား ကျွမ်းကျင်လုပ်သားများအဖြစ် အချိန်တိုအတွင်း လေ့ကျင့်သင်ကြားပေး၍ ရသော်လည်း အချို့လုပ်ငန်းများတွင်မူ ကျွမ်းကျင်လုပ်သားအဖြစ် အချိန်တိုအတွင်း လေ့ကျင်ပေးနိုင်ရန်မှာ မလွယ်ကူလှကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။
လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများအပေါ် ကိုင်တွယ်ကြရာတွင် တစ်ခုနှင့်တစ်ခု မတူညီကြဘဲ အချို့လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ အလုပ်ထွက်ခြင်း မဖြစ်စေရန် သေချာထိန်းနိုင်ကြကြောင်း စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင် ဦးနေလင်းက CNI သတင်းဌာနသို့ ပြောသည်။
KFC ကြက်ကြော်ဆိုင်ကိုတွေ့ရစဉ်
၎င်းက "ကျနော်တို့ကတော့ စားသောက်ဆိုင်ဆိုတော့ ကျွမ်းကျင်လုပ်သား ထွက်သွားတယ်။ ထွက်သွားရင် ကျနော်တို့ကတော့ အရမ်း Training ပေးတယ်။ ကျင့်ပေးတယ်ဆိုတော့ ကျနော်တို့အတွက်တော့ တချို့ဟာ တွေက Training ကာလ တိုတိုနဲ့ ကျင့်ပေးလို့ရတဲ့အတွက် မထိခိုက်ဘူးပေါ့။ တချို့ technology ပိုင်းနဲ့ ပတ်သက်တဲ့ ဟာမျိုးတွေကြတော့ တချို့ နည်းပညာပိုင်း ဆိုင်ရာတွေဆိုတော့ ၄၊ ၅၊ ၆ လနဲ့ ကျင့်လို့ရတာ မဟုတ်တော့ သူတို့ဆိုရင်တော့ ပိုပြီးတော့ ထိခိုက်တာပေါ့နော်။ ဘာလို့ဆို အရင်ရှိပြီးသား ကိုယ့်ဆီက ကျွမ်းကျင်တဲ့သူ တော်တော်များများက ပြည်ပထွက်ခွာ သွားကြတယ်ဆိုတော့ လူကတော့ တော်တော်နည်းသွား တာပေါ့။ ကျွမ်းကျင်တဲ့သူ နည်းသွားတယ်။ ကျနော်တို့ Train လုပ်ပေးထားတဲ့လူတွေ တချို့လည်း ထွက်တယ်။ တချို့လည်း မထွက်ဘူးပေါ့လေ" ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့သို့ အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်အနေဖြင့် ရွှေ့ပြောင်းလာကြသည့် ပြည်သူများ များပြားလာသဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအသစ်များ ပေါများလာကြောင်း၊ လုပ်သားအသစ် ပေါများ လာသဖြင့် လုပ်ငန်းရှင်များအတွက် လုပ်သားရှားပါးမှု မဖြစ်ပေါ်သော်လည်း ထိုရွှေ့ပြောင်းလာသူ အများစုသည် ကျွမ်းကျင်လုပ်သားများ မဟုတ်ကြကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2115
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄
ရန်ကုန်မြို့သို့ အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်အနေဖြင့် ရွှေ့ပြောင်းလာကြသည့် ပြည်သူများ များပြားလာ သဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအသစ်များ ပေါများလာကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေ သူများက CNI သတင်းဌာနသို့ ပြောသည်။
လုပ်သားအသစ် ပေါများလာသဖြင့် လုပ်ငန်းရှင်များအတွက် လုပ်သားရှားပါးမှု မဖြစ်ပေါ်သော်လည်း ထို ရွှေ့ပြောင်းလာသူ အများစုသည် ကျွမ်းကျင်လုပ်သားများ မဟုတ်ကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေး နေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "လတ်တလော စစ်ဖြစ်နေတဲ့ ဒေသကလူတွေပေါ့ အများဆုံးလာရောက်နေကြတယ်။ သူတို့ကတော့ တစ်ခါမှ ဒီအလုပ်ကို မလုပ်ဖူးတဲ့လူတွေ များတယ်။ အကုန်လုံး နယ်ကနေ ရန်ကုန်တက်လာရင် လုပ်စရာ ပေါပေါ လောလောက အထည်ချုပ်ပဲရှိတာလေ သူတို့အလုပ်ရဖို့က။ အဲဒါကြောင့် အထည်ချုပ်မှာ ပြုံတိုးနေတာ။ လုပ်သား တော့ မရှားဘူး။ ဒါပေမယ့် skill labour ရှားတယ်။ အလုပ်ရှင်တွေ အနေနဲ့ကတော့ train တာကတော့ train တယ်။ ဒါပေမယ့် အခုမှ ဝင်တဲ့လူကတော့ ဘယ်လောက်ပဲ Train Train သူကတော့ skill labour မဟုတ်ဘူးပေါ့။ skill labour ဖြစ်ဖို့ဆိုတာကလည်း Train တိုင်းလည်း ရတာမဟုတ်ဘူး။ လူတိုင်းလည်း skill labour မဖြစ်ဘူး လေ" ဟု ပြောသည်။
တိုက်ပွဲရှောင်များကို တွေ့ရစဉ်
လက်ရှိတွင် နေရပ်အသီးသီး၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့သို့ ရွှေ့ပြောင်း ရောက်ရှိလာသူ ပိုမို များပြားလာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်များမှာလည်း မြင့်တက်လာခြင်းဖြစ်သည်။
ရွှေ့ပြောင်းလာသူ များပြားလာသည့်အတွက် လုပ်သားအသစ်များ ပေါများလာသော်လည်း အလုပ်အကိုင် အတွေ့အကြုံ မရှိကြသူများအနေဖြင့် အလုပ်ရှာရ ခက်ခဲစေကြောင်း သိရသည်။
၎င်းတို့သည် လက်ရှိ၌ အထည်ချုပ်စက်ရုံ၊ အလုပ်ရုံပိုင်းများတွင်သာ လုပ်သားအဖြစ် များပြားနေခြင်းဖြစ်ပြီး စားသောက်ဆိုင်လုပ်ငန်းများတွင်မူ သိပ်မရှိကြသေးကြောင်း စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးနေလင်း က CNI သတင်းဌာနသို့ ပြောသည်။
စက်ရုံမှာ အလုပ်သမားများကိုတွေ့ရစဉ်
၎င်းက "ကျနော်တို့အနေနဲ့ သိပ်တော့ မထူးသေးပါဘူး။ အရမ်းကြီးတော့ ပြောင်းလဲသွားတယ်ဆိုမျိုး မရှိသေးဘူး။ အခုလောလောဆယ် ရပ်ကွက်တွေ ရပ်ကွက်တွေမှာတော့ ရွှေ့ပြောင်းတွေ များလာတယ်။ ဒါပေမယ့် ကိုယ့်ဆိုင် တွေမှာတော့လည်း အရင် ကိုယ့်လူနဲ့ကိုယ် ရှိပြီးသားဆိုတော့ ထပ်ပြီး အသစ်တိုးလာတာတွေ မရှိကြတော့ အရမ်းကြီးတော့ မသိသာဘူး။ တစ်ဆိုင်ချင်းမှာတော့ ဘယ်လိုရှိလဲတော့ မသိဘူးပေါ့" ဟု ပြောသည်။
လက်ရှိစက်ရုံ၊ အလုပ်ရုံများ၌ သတ်မှတ် အခြေခံလုပ်ခလစာအား ၄၈၀၀ အပေါ်မူတည်ကာ လုပ်ငန်းခွင်အလိုက် ၅၈၀၀ မှ ၆၈၀၀ အထိ သတ်မှတ်၍ လုပ်ခနှုန်းထားများကို ပေးနေခြင်းဖြစ်သည်။
သို့သော် ထိုနှုန်းထားနှင့် တွက်ချက်သည့်အခါတွင် အလုပ်အကိုင် အတွေ့အကြုံ မရှိသူများအနေဖြင့် လုပ်ခလစာ ရရှိမှုမှာ ပို၍ နည်းပါးကြောင်း၊ ကျွမ်းကျင်လုပ်သားများအတွက်လည်း ရရှိသည့် လုပ်ခလစာမှာ နည်းပါးသည်ဟု ယူဆသည့်အတွက် လုပ်ခလစာ တိုးမြှင့်ပေးရန် လုပ်သားများမှ တောင်းဆိုမှုများ ရှိကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1681
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
ဂျပန်နိုင်ငံသို့ လက်ရှိ လုပ်သားများစေလွှတ်ရာတွင် အမျိုးသားလုပ်သားထက် အမျိုးသမီးလုပ်သားများကိုသာ အဓိက အများဆုံးစေလွှတ်နေရကြောင်း ဂျပန်ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် စားသောက်ကုန်၊ စားသောက်ဆိုင်နှင့် ဘိုးဘွားစောင့်ရှောက်သည့် နေရာများမှ လုပ်သားအများဆုံး ခေါ်ယူကြခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားခေါ်ယူမှုက များနေကြောင်း ဂျပန်ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အလုပ်တွေကတော့ ရှိတယ်။ အလုပ်တွေကတော့ လာကြတယ်။ ဒါပေမယ့် ဒီဘက်က policy က အကန့် အသတ်လေးတော့ ရှိတာပေါ့။ မိန်းကလေးတွေပိုများလာတယ်ပေါ့နော် ယောကျာ်းလေးထက်။ စက်ရုံ အလုပ်ရုံ တွေက မိန်းကလေးများတာကို။ ယောကျာ်းလေးတွေက ဆောက်လုပ်ရေးလောက်ပဲ။ အခုကတော့ ကျနော်တို့ အင်တာဗျူးတွေက ပုံမှန်ရှိနေတာပေါ့။ မိန်းကလေးတွေ ထရိန်နင်တွေကတော့ နည်းတာပေါ့။ skill workers တော့များတာပေါ့။ အခုလောလောဆယ် တော့ မိန်းကလေး အင်တာဗျူးက များတာပေါ့။ ယောကျာ်းလေးတွေ ကြတော့လည်း ဘယ်လိုအနေအထားမှန်း မသိသေးလို့ပေါ့။ အသက်ကလည်း ၂၃-၃၂ ဆိုတော့ ကန့်သတ်ထားတဲ့ ဟာမျိုးရှိတယ်ဆိုတော့ အဲဒါကြောင့်မို့လို့ ယောကျာ်းလေးဆိုလည်း ၂၃ နှစ်အောက်ပေါ့၊ ၃၂ နှစ် အထက်ပေါ့ အဲဒီလိုဟာမျိုးတွေပဲ အင်တာဗျူးမှာ ထည့်ပေးကြတာ” ဟု ၎င်းက ပြောသည်။
ဂျပန်နိုင်ငံရှိ အသား၊ငါး လုပ်ငန်းခွင်တစ်ခု
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်းရှိ အမျိုးသားများ ပြည်ပထွက် အလုပ်လုပ် ခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည့်အတွက် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာ ရှာဖွေ ရာတွင် ၎င်းအသက်အရွယ်ကန့်သတ်ချက်နှင့်ကင်းလွတ်သူများ၊ အမျိုးသမီးလုပ်သားခေါ်ယူမှုများကိုသာ အဓိက ရွေးချယ်ကာ လုပ်ကိုင်နေကြရခြင်းဖြစ်သည်။
ဂျပန်နိုင်ငံအနေဖြင့် ယခင်ကတည်းက မြန်မာနိုင်ငံမှ လုပ်သားခေါ်ယူရာတွင် အမျိုးသားလုပ်သားဦးရေမှာ အမျိုးသမီးလုပ်သားဦးရေထက် နည်းပါးသည်။
သို့သော် လက်ရှိတွင် ပြည်ပထွက် အလုပ်လုပ်ကိုင်မည့် အမျိုးသားလုပ်သားများအပေါ် အသက်အရွယ် ကန့်သတ်ခြင်းဖြင့် ထိန်းချုပ်လိုက်သည့်အတွက် လုပ်သားအဖြစ် သွားရောက်နိုင်ရန် အခွင့်အရေးရှိသည့် အမျိုးသားလုပ်သားဦးရေမှာ ပိုမိုနည်းသွားခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သုံးသပ် သည်။
ဂျပန်စာမေးပွဲဖြေဆိုရန် စောင့်ဆိုင်းနေကြသူများ
ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက "အသက်အရွယ်ကန့်သတ်လိုက်တော့ သွားလို့ရတဲ့ သွားနိုင်တဲ့ အခွင့်အရေးရတဲ့ ယောကျာ်းလေး နည်းသွားတဲ့အတွက် ယောကျာ်းလေးခေါ်ယူမှုက နည်းနည်းလေး နည်းသွားတာပေါ့။ ကျန်တာလေးတွေကတော့ အခုမှ တချို့ ဟိုတယ်တို့၊ အခန်းသန့်ရှင်းရေးတို့ကတော့ နောက်မှ များလာမှာပေါ့လေ။ အခုမှစပြီးတော့ လိုအပ်ချက်ရှိလို့ဆိုပြီး ဂျပန်ဘက်ကပြောလာတာ။ ခွင့်ပြုမိန့်မှ မကျတာ၊ ခေါ်လို့မှမရတာ အဲဒါတော့ သူတို့နားလည်ပေးရမှာပေါ့။ အင်တာပြန်ပြီးတော့ ဗျူးရတယ်။ သူသတ်မှတ်ထားတဲ့ အသက်အရွယ်နဲ့ ဘောင်လွတ်အောင် လူရွေးပြီးတော့ လူစိစစ်ပြီးတော့ ဗျူးရတာပေါ့လေ။ ဥပမာ တင်တဲ့အထဲ မှာ မလွတ်လို့ဆိုပြီး နောက်တော့မှ လိုက်ပြီးပြောင်းလို့မရဘူး။ သူ့လူစာရင်းနဲ့ သူ့နာမည်နဲ့ သွားတာဆိုတော့လေ လုပ်ပြီးတော့မှ ပြောင်းလို့မရဘူး။ ပြန်ဗျူးပေါ့ အစကပြန်လုပ်ပေါ့ အဲဒီလိုပဲရမယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာလုပ်သားများကို ဂျပန်ကုမ္ပဏီများက အလုပ်ကမ်းလှမ်းစာ (၄၄၀)ခု ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
တိုကျိုမြို့တွင်ရှိသော မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (၄၄၀)ခု၏ အချက်အလက်များကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့အကြောင်းကြားထားကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 3229
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
ထိုင်းနိုင်ငံတွင် တစ်လအတွင်း တရားမဝင် အထောက်အထားမဲ့ မြန်မာ ၈ သောင်းကျော် ဖမ်းဆီးခံနေရသော် လည်း တရားမဝင်လမ်းကြောင်းဖြင့် လာရောက်နေသည့် မြန်မာနိုင်ငံသား များပြားနေဆဲဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ အဖမ်းအဆီးများကြား တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေမှု များပြားနေခြင်းသည် ထိုင်းနိုင်ငံမှ ဆွဲဆောင်ခြင်းကြောင့် မဟုတ်သကဲ့သို့ ပြည်သူများမှ ချိုးဖောက်ခြင်းလည်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုညံ့ဖျင်းမှုများက တရားမဝင်စနစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကလည်း ကျနော်တို့နိုင်ငံရဲ့ စီမံကွပ်ကဲအုပ်ချုပ်မှုတွေ ညံ့ဖျင်းတာလည်း ပါတယ်။ ဆိုပါစို့ အရွယ်ရောက် ပြီးသားလူတွေအားလုံးကို စစ်မှုမထမ်းမနေရဆိုတာလည်း တွန်းအားပေးချက်တစ်ခုလို့ သုံးသပ်လို့ရတယ်။ ဒီလို လွဲမှားတဲ့ အယူဝါဒတွေ အမိန့်တွေ ချမှတ်လိုက်တဲ့အတွက်ကြောင့် ဒါလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လွတ်ရာနေရာကို မင်းထွက်ပြေးလိုက်တော့လို့ တွန်းအားပေးတာ တစ်ခုလည်းပါနေတယ်။ နောက် မူလကရှိနေတဲ့ G to G လို့ခေါ်တဲ့ MOU စနစ်တွေက ကောင်းမွန်နေပြီ။ ဂျပန်ကိုသွားမလား၊ တောင်ကိုရီးယားကို သွားမလား၊ စင်္ကာပူကို သွားမ လား၊ မလေးကို သွားမလား၊ ထိုင်းနိုင်ငံကိုသွားမလား လွတ်လပ်စွာ အေဂျင်စီနဲ့ သွားခွင့်ပြုထားတဲ့ အားလုံးကို ချုပ်ချယ်ကန့်သတ်လိုက်တာလည်း ဒါလည်း တွန်းအားတစ်ခုဖြစ်တယ်” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်က အထောက်အထားတွေစစ်ဆေးနေစဉ်
ထိုင်းအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရန် ရက်ပေါင်း ၁၂၀ အထူးစစ်ဆင်ရေး စီမံချက်ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး ၃၆ ရက်အတွင်း နေရာအနှံ့ရှိ လုပ်ငန်းခွင်များ၌ စစ်ဆေးခဲ့ရာ တရားမဝင် လုပ်သား ၁ သိန်းကျော် ဖမ်းဆီးစစ်ဆေး တွေ့ရှိထားခြင်းဖြစ်သည်။
ထိုထဲတွင် မြန်မာနိုင်ငံမှ ၈ သောင်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယားမှ ၁ သောင်းကျော်၊ လာအို ၇၀၀၀ ကျော်၊ ဗီယက်နမ် ၁၀၀ ကျော်နှင့် အခြားနိုင်ငံသား ၃၀၀၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားမဝင် လုပ်သားများအား လူသစ်ဘတ်ရိုက်ပေးမည်ဟု အတည်ပြုထား သော်လည်း ရက်အတိအကျကို ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် ထိုအထောက်အထား ရရှိရေး တရားမဝင်လမ်းကြောင်းမှ ပိုမိုဝင်ရောက် လာကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တရားမဝင် ရောက်ရှိလာကြသူ အများစုသည်လည်း နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သည့် ထိုင်းဘက်အခြမ်းတွင် အဓိက နေထိုင် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ယနေ့အထိ သတ်မှတ်လုပ်ခလစာ အတိုင်း အပြည့်အဝ မရရှိကြသေးကြောင်း ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်
၎င်းက “ထိုင်းတစ်နိုင်ငံလုံးအရ လုပ်သားကတော့ လိုအပ်ချက် ရှိနေတယ်ဆိုတော့ တတ်နိုင်သလောက် လုပ်သား တွေကို ငှားရမ်းပြီး လုပ်ကိုင်နေတာ တွေ့ရတယ်။ သို့သော် တစ်ခုထူးခြား နေတာကတော့ ထိုင်းအစိုးရက ဥပဒေ တွေ အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ခဲ့တယ်။ ဥပဒေဆိုတာ လုပ်အားခတွေပေါ့။ ခရိုင်တွေအလိုက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ပြီးမှ သူက လုပ်အားခကို သတ်မှတ်တာ ဖြစ်တယ်။ ဘန်ကောက်တို့၊ စမွတ်ဆာခွန် တို့ဟာ တွေဆိုရင် ၃၆၃ ဆိုပြီး နယ်စပ်တွေမှာကတော့ ၃၂၂ တို့ဘာတို့ စသဖြင့် ခွဲခြားသတ်မှတ်တာ။ နယ်စပ်တွေမှာ လည်း သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း မရသေးတာကို အခုထိတွေ့ရတယ်။ အထူးသဖြင့် လုပ်အားခတွေ အချိုးဖောက်ခံရဆုံးဒေသတွေက ဘယ်လိုနေရာတွေလဲလို့ သုံးသပ်မယ်ဆိုရင် နှစ်နိုင်ငံအစပ်တွေမှာ ပိုပြီးချိုး ဖောက်တာတွေ တွေ့ရှိရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီး စစ်ဆေးခံရသူများထဲမှ မြန်မာ ၄၇၃ ဦးအား တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်များ၌ လုပ်ကိုင်မှုတို့ဖြင့် တရားစွဲ အရေးယူ အပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းရှိ တရားမဝင် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်း၊ ဒဏ်ရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်း အပြင် အချက်လေးချက်ဖြင့် နှိမ်နင်းမည့် ၄ လတာ (ရက်ပေါင်း ၁၂၀) စီမံချက် အား ထိုင်းအာဏပိုင်များမှ တရားဝင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ၎င်း စီမံချက်ကို ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 2776
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈
လုပ်သားခေါ်ယူမှု ရပ်နားထားသည့် မလေးရှားနိုင်ငံသို့ ပွဲစား၊ အေးဂျင့်များမှ အလုပ်ခေါ်စာအတုဖြင့် တရားမဝင် လမ်းကြောင်းများမှတဆင့် လုပ်သားခေါ်ယူမှု ယခင်ကထက် ပိုမိုများပြားလာနေကြောင်း မလေးရှားရှိ တိုင်းရင်းသားအဖွဲ့အစည်းများမှ CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကိုင်ရန် အကျပ်အတည်း ဖြစ်နေကြမှုကို အခွင့်ကောင်းယူ၍ အလုပ် ခေါ်စာအတုများဖြင့် ငွေကြေးလိမ်လည်နေသည့် ပွဲစား၊ အေးဂျင့်အုပ်စုတို့ ပိုမိုများပြားလာကြောင်း၊ မလေးရှား ဘက်မှ လက်ရှိအချိန်အထိ လုပ်သားခေါ်ယူရန် မရှိသေးကြောင်း ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူး ချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗမာပြည်ကလည်း ထွက်ချင်တဲ့ဟာတွေ များနေတဲ့အခါကြတော့ ပိုပြီးလုပ်လာကြတဲ့ လူတွေရှိတာပေါ့။ ခေါ်စာအတုဆိုတာ ဘယ်လိုမှ ထွက်လို့မရဘူးပေါ့။ တချို့ကြတော့ ခေါ်စာရှိတယ်။ အဲဒီကုမ္ပဏီနာမည် အသုံးချပြီး ခေါ်တယ် ဒီရောက်တော့ အလုပ်ကိုယ့်ဘာသာရှာပေါ့။ တကယ်တော့ စက်ရုံတွေကလည်း လုံးဝကို ခေါ်တဲ့ဟာ မရှိ သလောက်ပါပဲ။ ရှိတော့ရှိတယ် အလွန်တစ်ရာနည်းတယ်။ မလေးရှားရောက်လာတဲ့ အခါကြတော့ အလုပ်ရတဲ့လူ လည်း ရှိတယ်၊ အလုပ်မရတဲ့လူလည်းရှိတယ်။ တစ်ခုရှိတာက ပါမစ်တွေ ဘာတွေရှိရင်တော့ အလုပ်ရှာရပြုရ လွယ်တာပေါ့။ မလေးရှားမှာက အခုက ပါမစ်မရှိရင် အလုပ်တွေ မခန့်တာက များပြားလာတယ်။ အရင်တုန်းက ဘယ်လူပဲလာလာ UNHCR ကဒ်ပဲဖြစ်ဖြစ်၊ community ကဒ်ပဲဖြစ်ဖြစ်၊ ပတ်စပို့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘာမှမရှိ လည်း ခန့်ထားကြတာများတယ်။ အခုက ဒီ လ.ဝ.က အဖမ်းအဆီးတွေက အရမ်းများတယ်” ဟု ပြောသည်။
မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
မလေးရှားအစိုးရမှ ဧပြီလကုန်မှစတင်ကာ နိုင်ငံခြားသားလုပ်သားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကို ပိတ်လိုက် ခြင်းဖြစ်ပြီး အလုပ်ခေါ်စာချပေးသည့် လုပ်ငန်းစဥ်များကိုပါ ရပ်နားထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ ကျော်ရှိပြီး ထိုအထဲတွင် ပွဲစား၊ အေးဂျင့်များလည်း ပါဝင်နေကြောင်း၊ အေဂျင်စီ အချို့အနေဖြင့်လည်း အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်ကို PJ မှ PV ပြောင်းပြီး တစ်လဗီဇာဖြင့် တိုက်ရိုက် ပို့ဆောင်ခြင်းအပြင် ထိုင်းဘက်အခြမ်းမှတဆင့် ပို့ဆောင်နေကြကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပထွက်ခွာမှုများကို ပိုမိုတင်းကြပ် လာနေသည့်အတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီများ အနေ ဖြင့် အလုပ်အကိုင်မှာ ယခင်ကထက် ပိုမိုနည်းပါးနေကြကြောင်းလည်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
၎င်းက “စေလွှတ်တာကလည်း လွှတ်တဲ့လူကလည်း လွှတ်တယ်။ ဘယ်လိုလွှတ်လဲတော့ မသိဘူး။ ဘန်ကောက် မှာတင် တစ်ဖြတ် မလေးရှားကို ဘယ်လိုသွင်းကြလဲတော့မသိဘူး။ ကိုယ်တွေက လိုင်စင်ရထားတဲ့ အေဂျင်စီ ဖြစ်တဲ့အတွက် ပွဲစားတွေလိုတော့ ပေါက်ပန်းဈေးလုပ်လို့ မရဘူးပေါ့။ စည်းနဲ့ကမ်းနဲ့ demand အစစ်အမှန်ရှိမှ ပို့လို့ရတာလေ။ ပို့နေကြတယ် သွားနေကြတယ်။ ဘယ်လိုဘယ်လိုတွေ လုပ်ပြီး သွားနေလဲတော့ မသိဘူး။ တရုတ်ကို ဖောက်ဖို့ကြိုးစားတယ် တရုတ်ကလည်း မူဝါဒတွေဘာတွေနဲ့ ရှုပ်ယှက်ခတ်နေတော့ မပေါက် ဖြစ်ကြ ဘူး။ တခြားနိုင်ငံလေးတွေ တို့တိတို့တိထွက်ကြတယ်။ အဓိကကတော့ တရားမဝင် ခိုးလမ်းက သွားတဲ့လူတွေပဲ များကြတာပေါ့။ အခုက PV နဲ့ သွားတဲ့လူတွေ များကုန်ပြီ။ PJ မှာကကြ အသက် အကန့်သတ်တွေရှိတဲ့အတွက် အခက်အခဲတွေ ဖြစ်ကုန်ကြတယ်။ demand တွေကလည်း အရင်တုန်းကလို မဟုတ်ဘဲ ရှားသွားပြီလေ” ဟု ပြောသည်။
အေဂျင်စီများဖြင့် ထွက်ခွာသွားကြသည့် လုပ်သားများကိုလည်း မိသားစုလွှဲပို့ငွေနှင့် အခွန်များ တရားဝင် လွှဲပို့ကြရန် အလုပ်သမားဝန်ကြီးဌာနဘက်မှ တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ အေဂျင်စီများမှ စေလွှတ်ခဲ့သည့် အလုပ်သမား ကိုယ်ရေး အချက်အလက် များကို ပေးပို့ရန် ဝန်ကြီးဌာနက ညွှန်ကြားထားပြီး ပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီ ၄၀၀ နီးပါးရှိကြောင်း လည်း ထုတ်ပြန်ထားသည်။
ထိုသို့ ကိုယ်ရေး အချက်အလက်များ တောင်းခံခြင်းသည် မိသားစု လွှဲပို့ငွေနှင့်ပတ်သက်၍ ဝန်ကြီးဌာနဘက်မှ သေချာကြပ်မတ် ကိုင်တွယ်ရန်အတွက် ဖြစ်ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2501
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇
ငွေကြေးဖောင်းပွမှုသည် ယခင်ကထက် ပိုမိုဆိုးရွားလာနေပြီး ယင်းအခြေအနေအား ပြန်လည်ထိန်းညှိရန်မှာ တည်ငြိမ်သည့် နိုင်ငံရေးနှင့် အစိုးရတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်သော်လည်း လက်ရှိအနေအထားအရ မလွယ်ကူနိုင်သေးကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူများအကြား သုံးသပ်လျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘဏ်များတွင် လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်ကာ ငွေကြေးထုတ်ယူကြမှု အများအပြားရှိခဲ့သော်လည်း လိုသလောက်ထုတ်ယူခွင့်မရဘဲ အကန့်အသတ်ဖြင့်သာ ထုတ်ပေးသည့်အတွက် ပိုမိုစိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။
ထိုသို့ ဘဏ်ပြဿနာများဖြစ်ပေါ်ခြင်းသည် စီးပွားရေးစနစ် မှားယွင်းနေခြင်းကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ် ပြန်လည်မကောင်းမွန်သေးသရွေ့ ငွေကြေးဖောင်းပွမှုအပါအဝင် အခြားသော အရာများမှာ ပြန်ကျ မည် မဟုတ်သေးကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
"ပြည်သူက ဘဏ်တွေ Trust ရဖို့ဆိုတာကတော့ သိပ်တော့မလွယ်ဘူး။ အဓိကက economy system ကြီးမှားနေ လို့ ဘဏ်ပြဿနာဖြစ်တာကို။ economic system ကောင်းမှ ဘဏ် system ပြန်ကောင်းမယ်၊ ဘဏ် system ပြန်ကောင်းမှ ပြည်သူကယုံမယ် ဒါပဲ။ ဒီပုံအတိုင်းသွားရင်တော့ နောက် ဘဏ်ပြဿနာက ပုံစံတစ်မျိုးနဲ့ လာနိုင် သေးတာပဲလေ။ ကုန်ဈေးနှုန်းတွေတက်တဲ့အခါမှာ အစက system ထဲမှာ ငွေက ၁ သိန်းရှိရင် အခုက ဖောင်းပွ ပြီးတော့ ၃ သိန်းရှိမှ ရမှာပေါ့။ တကယ်တမ်းက system ထဲမှာ ၃ သိန်းမရှိဘူး ၁ သိန်းပဲရှိတယ်။ အဲဒီတော့ ငွေက လိုတာပေါ့။ လိုတော့ ဒါက သံသရာလည်မှာပေါ့ ဒါကို ဘာခေါ်လဲဆိုတော့ အဆိုးသံသရာလည်သွားမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ထုတ်တယ်။ ရိုက်ထုတ်တော့ currency injection ဖြစ်တယ် စီးပွားရေးစနစ်ကြီးထဲကို။ ဒါက ဘာကိုပြန်ဖိတ်ခေါ်လဲဆိုရင် inflation ကို ပြန်ဖိတ်ခေါ်တာပေါ့ ဒီလိုနဲ့ပဲ သံသရာက ဆက်လည်သွားမှာပေါ့ ပုံကြည့်ရတာလေ။ အဓိကကတော့ economic system ကြီး ပြန်ကောင်းဖို့ လိုတာပေါ့။ စီးပွားရေးနဲ့ နိုင်ငံရေး ဆက်နွယ်နေတာပေါ့ ဒါက ကင်းလို့မှမရတာ။ နိုင်ငံရေးမငြိမ်တော့ စီးပွားရေးလည်း မငြိမ်ဘူးပေါ့။ အဖြေတွေ့ အောင်လည်း power နဲ့ပဲ ကြိုးစားခဲ့တာလေ။ Knowledge နဲ့ကြိုးစားခဲ့တာမရှိဘူး" ဟု ၎င်းက ပြောသည်။
ကိုဗစ်ကာလ ကမ္ဘောဇဘဏ်ရှေ့တွင် ငွေထုတ်ယူရန်စောင့်ဆိုင်းနေကြသူများ(ပုံအဟောင်း)
မည်သည့်ကာလတွင် တည်ငြိမ်သည့် နိုင်ငံရေးနှင့် အစိုးရတစ်ရပ် ပေါ်ပေါက်မည်ကို အတိအကျ မပြောနိုင်ကြ ကြောင်း၊ ငွေကြေးဖောင်းပွမှုအား ထိန်းညှိရန်မှာလည်း နိုင်ငံရေး တည်ငြိမ်ပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးများ ပြန်လည်လည်ပတ်နိုင်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေ ကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်နေသည့် နည်းလမ်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေ(၃)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏အပ်ငွေနှင့် ချေးငွေများတိုးမြင့်လာသော်လည်း ပြည်တွင်းလှည့်လည်သုံးစွဲငွေ အပါအဝင် စုစုပေါင်းငွေကြေးပမာဏ တိုးတက်မှုကို ထိန်းကျောင်းရန်နှင့် ငွေကြေးဖောင်းပွမှုဖိအားလျှော့ချရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ထား ကြောင်း သိရသည်။
ထို့အပြင် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်ပေးသည့် အတိုးနှုန်းကိုလည်း လက်ရှိ ၃ ဒသမ ၆ ရာခိုင် နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းအား မြှင့်တင်ပေးခြင်းကို ယခုမေလမှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။
ကိုဗစ်ကာလ CB ဘဏ်ရှေ့တွင် ငွေထုတ်ယူရန်စောင့်ဆိုင်းနေကြသူများ(ပုံအဟောင်း)
ဘဏ်များအနေဖြင့် ပြည်သူလူထု၏ အပ်နှံငွေများဖြင့်သာ လည်ပတ်နေကြခြင်းဖြစ်ပြီး ဘဏ်များအပေါ် အယုံ အကြည်မရှိကြဘဲ အပ်နှံငွေများ လာရောက်အပ်နှံခြင်းမရှိတော့ပါက အန္တရာယ်ရှိနိုင်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
"အမှန်အတိုင်းပြောရရင်တော့ အန္တရာယ်ရှိတာပေါ့။ economic system ကြီးကောင်းမှ ရမှာ။ ကျန်တဲ့ import system, export system အဲဒီကြားထဲ foreign direct investment system ကျန်တဲ့ အကုန်လုံး consequence ပေါ့ အကျိုးဆက်အနေနဲ့ ကောင်းလာမှာပေါ့။ ဒီအခြေအနေကတော့ ကျန်တဲ့ကိစ္စတွေ အခြေအနေဆိုးတာကတော့ စီးပွားရေးကတော့ နိုင်ငံရေးအခြေအနေ မကောင်းသရွေ့ ဒီပုံစံနဲ့ပဲ သွားနေမှာပဲ။ ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက စခဲ့တာ ပဲလေ။ တစ်နေ့တစ်နေ့ ပိုပိုပြီးတော့ ၃ ထောင်ကနေ ၄ ထောင်၊ ၄ ထောင်ကနေ ၅ ထောင် ဒေါ်လာဈေးက။ ရွှေဈေးဆိုလည်း ဒီအတိုင်းပဲလေ။ လောလောဆယ်တော့ ထိုးပြီး ဒါကြီးကောင်းသွားဖို့ မမြင်ဘူး" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဂ္ဂလိကဘဏ်များ၌ ငွေသားအလွယ်တကူ ထုတ်ယူနိုင်သလို၊ ATM စက်များတွင်လည်း ငွေဖြည့်တင်း ပေးထားကြောင်း ဘဏ်များကကြေညာထားကြပြီး ငွေပမာဏအများအပြား ထုတ်ယူချင်သူများ၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ကျပ်သိန်း ၂၀၀ ကျော်ပါက အကြောင်းပြချက် ရေးသားရကာ လက်မှတ်ထိုးထုတ်ယူ၍ ရကြောင်း လည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2316
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆
ရန်ကုန်မြို့ အပါအဝင် အခြားဒေသများရှိ အိမ်ခြံမြေ၊ တိုက်ခန်းဈေးကွက်မှာ အရောင်းသာရှိပြီး အဝယ်မလိုက်ဘဲ အငှားနေထိုင်သူသာ များပြားလျက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြော သည်။
လက်ရှိတွင် အိမ်ခြံမြေ၊ တိုက်ခန်း အရောင်းဈေးနှုန်းများမှာ ပြီးခဲ့သည့် ၂ လအတွင်းကထက် ပိုမိုမြင့်တက်သွား ကြောင်း၊ ယခင်က အိမ်ခြံမြေ၊ တိုက်ခန်းများ ဝယ်ယူပြီး ငွေကြေးရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခြား ဈေးကွက် များသို့ ပြောင်းလဲ ရောက်ရှိသွားကြသဖြင့် အရောင်းသာရှိပြီး အဝယ်မရှိဖြစ်နေကြောင်း ဒလမြို့ရှိ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "မြို့တွင်းပိုင်းလည်း အလားသဏ္ဍန် အတူတူပါပဲ အရောင်းအဝယ်ထက် အငှားဈေးကွက်တွေ ပိုများနေတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလာတဲ့ အိမ်ထောင်စုတွေလည်း ရန်ကုန် ကို ဝင်လာတာလည်း များလာတာကိုလေ။ အဲဒီလို အခြေအနေတွေကြောင့် အရောင်းအဝယ်ထက် အငှား အခြေအနေလေးတွေက ပိုကောင်း၊ ပိုအလုပ်ဖြစ်နေကြတာ။ ဒလမှာကတော့ အဓိကအခြေခံနေတာက ပြင်ပ Figure တွေထက် ဒလတံတား အခြေအနပေါ်ပဲ မူတည်နေတာပေါ့။ ဒီဟာလည်း တိုက်ရိုက်အချိုး သက်ရောက် တာရှိတယ်။ တံတားကလည်း ရက်က နည်းနည်း ထပ်ကြာမယ်ဆိုပြီး ရှိနေတာ တစ်ကြောင်းရယ်၊ နောက် အကြောင်းက ငွေဈေး တန်ဖိုးကျတာပေါ့နော်။ ဒီအပေါ်မှာ သူတို့က အိမ်ခြံမြေထက် တခြား ငွေဖော်လို့လွယ်တဲ့ တခြား Access တွေဘက်ကို တော်တော်များများကလည်း စိတ်ဝင်စားနေကြတာရှိတာပေါ့။ အထူးသဖြင့် ဒေါ်လာ လိုမျိုး၊ ရွှေလိုမျိုး၊ ကားလိုမျိုး ဒီလိုမျိုးလေးတွေက ငွေဖော်လို့လွယ်တော့ ဒီလိုအခြေအနေမျိုးရှိတယ်" ဟု ပြော သည်။
ရန်ကုန်မြို့က အိမ်ခြံမြေများကိုတွေ့ရစဉ်
လက်ရှိတွင် ငွေကြေးတန်ဖိုး သိန်း ၁၀၀၀ ဝန်းကျင်ရှိ အိမ်ခြံမြေ၊ တိုက်ခန်းတို့ကို အဝယ်လိုက်သူ အနည်းငယ်သာ ရှိကြောင်းလည်း သိရသည်။
ထို့အပြင် အိမ်ခြံမြေ ဆောက်လုပ်ပြီး ပြန်လည် ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လက်ရှိ ကာလ အတွင်း ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ ရပ်နားထားရ ကြောင်း သိရသည်။
ယခင်က အိမ်ခြံမြေများကို ကြိုတင်ဝယ်ယူထားသူများမှလည်း လက်ရှိတွင် ပြန်လည် ရောင်းချလိုနေကြကြောင်း၊ ဝယ်ယူသူများအနေဖြင့်လည်း လက်ရှိ အိမ်ခြံမြေ၊ တိုက်ခန်းများမှာ လွယ်လင့်တကူ ငွေပြန်ရှာရန် မဖြစ်နိုင်သဖြင့် အခြားလုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံနေကြကြောင်း တာချီလိတ်မြို့ရှိ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့က အိမ်ခြံမြေများကိုတွေ့ရစဉ်
၎င်းက "အဝယ်က ဗမာပြည်မှာ မဝယ်ပဲနဲ့ ယိုးဒယားမှာ သွားဝယ်ကုန်ကြတာလေ။ အပြင်တွေ ထွက်နေကြတယ် အပြင်တွေမှာ ဝယ်နေကြတယ်။ ကျနော်တို့ဘက်မှာတော့ အငှားကြတော့ တာချီလိတ်ဘက်မှာက ရွှေ့ပြောင်း အလုပ်သမားတွေ ရွှေ့ပြောင်းလာကြတာဆိုတော့ အငှားတော့ ရှိကြတယ်။ သိသလောက် မယ်ဆိုင်ဘက်မှာ သွားသွားဝယ်တာ များကြတယ်။ အရောင်းအဝယ်ကတော့ မဖြစ်ကြဘူးပေါ့။ ပြောမယ်ဆိုရင် စာရွက်စာတမ်း complete ဖြစ်တဲ့ဟာက အရောင်းအဝယ် ဖြစ်တယ်ဆိုလည်း ကျဲတိကျဲတောက်ပဲပေါ့။ ပုံမှန် ပြီးခဲ့တဲ့ နှစ်တွေ လောက်တော့ မစွံဘူး။ အခုကကြတော့ နိုင်ငံရေး မငြိမ်မသက်၊ စစ်ရေး မငြိမ်မသက်တွေနဲ့ကြတော့ ရင်းနှီးမြှုပ်နှံ တဲ့သူတွေ သိပ်မဝင်ကြဘူး။ ဝယ်လိုအားနည်းတယ် ရောင်းလိုအားများတယ်။ ဈေးကတော့ သိပ်ကျလာ တာမရှိ ဘူး။ ဘာလို့ဆို မြန်မာငွေက ဈေးကကျသွားတော့ ဈေးကွက်အနေနဲ့ တန်ဖိုးက ကျမသွားဘူး။ အရောင်း အဝယ် မဖြစ်ဘူးလည်း ချမရောင်းတာပေါ့။ သူတို့ရင်းနှီးမြှုပ်နှံထားတာဆိုတော့ တောင့်ခံထားကြတယ်။ ပြန်ပြီးဦးမော့လာ မလားဆိုတဲ့ပုံစံမျိုး" ဟု ပြောသည်။
အိမ်ခြံမြေဈေးကွက်အပြင် ကွန်ဒိုနှင့်အထပ်မြင့် တိုက်ခန်းများသည်လည်း ကြိုပွိုင့် အရောင်းအဝယ်များသာ ဈေးကွက်ကောင်းနေပြီး ဆောက်လုပ်ပြီးသော တိုက်ခန်း၊ အိမ်ခန်းများမှာ အရောင်းအဝယ်ပါးနေကြောင်း သိရ သည်။
ထိုအခြေအနေများကြောင့် လက်ရှိတွင် အိမ်ခြံမြေ၊ တိုက်ခန်း ရောင်းဝယ်ရေး လုပ်ကိုင်သူများအနေဖြင့် အငှားဈေးကွက်သို့ ပြောင်းလဲလုပ်ဆောင်လာကြကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1808
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁
ပြည်ပထွက်ခွင့်အပေါ် တင်းကြပ်လာမှုကြောင့် တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာနိုင်ပြီး ထိုသို့ တရားမဝင်လုပ်သား များပြားလာသည်နှင့်အမျှ လုပ်ခနှုန်းထား ပိုမိုအနှိမ်ခံရနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပထွက်ခွာ အလုပ်လုပ်မည့် သူများအပေါ် တင်းကြပ်မှုများမှာ ပိုမိုဆိုးရွားလာသဖြင့် တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ရန် နည်းလမ်းကိုသာ ရွေးချယ်ရန်ရှိသည့် အခြေအနေဖြစ်သည်။
လက်ရှိ မလေးရှားသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သားဦးရေမှာ အင်မတန်များပြားနေပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် အခြေခံလုပ်ခနှုန်းထားထက် လျှော့ပေါ့ကာ အလုပ်ရရှိရေးကိုသာ အဓိက ဦးစားပေး ဖြေရှင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုအခြေအနေများကြားထဲတွင် တရားမဝင်လုပ်သား ထပ်မံများပြားလာမည်ဆိုပါက လုပ်ခနှုန်းထားမှာ ယခုထက် ပိုမို အနှိမ်ခံရမည်ဖြစ်ကြောင်း မလေးရှားတွင်နေထိုင်သူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
၎င်းက “လက်ရှိ အနေအထားတော့ အဲဒီလိုမျိုးတွေ တအားတွေဝင်လာတဲ့အတွက် လက်ရှိမှာ အလုပ်အကိုင်တွေ က မရှိသလောက် ရှားသွားပါပြီ။ ပြီးသွားရင် ဒီဘက်မှာ သူဋ္ဌေးတွေက လုပ်အားခကို ပုံမှန်ဆိုရင် ၇ ရက်ရှင်းတာ တွေက ၁၅ ရက်၊ ရက် ၂၀ တွေ ဖြစ်သွားတယ်။ ပြီးသွားရင် လခတွေလည်း နှိမ်တာတွေရှိတယ်။ basic ကြေး ၁၅၀၀ မပေးဘဲ ၁၂၀၀ တို့ ၁၃၀၀ တို့ လက်ရှိအနေထားမျိုးမှာ စက်ရုံတွေက ခေါ်နေတာတွေ မြင်တွေ့နေရတယ်။ ဒီလောက်လူတွေ ဖောင်းပွတာ အလုပ်မရှိတော့ ရတဲ့အခြေခံလခနဲ့ ဝင်လုပ်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ လက်ရှိ အနေအထားတောင် ဒီလိုဖြစ်နေတော့ အလုပ်မရှိတော့လေ စားဖို့သောက်ဖို့ ရဖို့အတွက် အဆင်ပြေတဲ့ အလုပ်တွေကို ဝင်လုပ်ပြီး အဆင်ပြေတဲ့လခနဲ့ လုပ်နေရတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ တရားဝင်လာထား တဲ့ သူတွေတော့ မပါဘူးပေါ့နော်” ဟု ပြောသည်။
တရားမဝင်အဖြစ် အလုပ်လုပ်ကိုင်သည့်အခါတွင် လုပ်ခလစာ၊ အလုပ်သမားအခွင့်အရေး အပါအဝင် အခြားသော ချိုးဖောက်ခံရမှုများကို ကြုံတွေ့ရနိုင်ကြောင်း၊ တစ်ဖက်အလုပ်ရှင်များမှလည်း တရားဝင်လုပ်သား ခေါ်ယူမည် ဆိုပါက မြန်မာနိုင်ငံ၏ ကန့်သတ်ချက်များကြောင့် အဆင်မပြေဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။
တရားဝင် လုပ်သားခေါ်ယူ၍ မရပါက တရားမဝင် လုပ်သားများအား အထောက်အထားများ ပြုလုပ်ပေးကာ လုပ်သားအဖြစ် ခေါ်ယူလာနိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
၎င်းက “တရားမဝင်ဘူးဆို ဒီမှာလည်း အလုပ်အကိုင်ရှာရတာ ခက်တာပေါ့။ လုပ်လို့ရတယ်ဆိုရင်လည်း သတ်မှတ် ထားတဲ့ လုပ်အားခမျိုးမရဘဲနဲ့ အခြေခံအခွင့်အရေးတွေ လျစ်လျူရှုပြီး လုပ်ကိုင်နေရတဲ့ သဘောရှိတာပေါ့။ တရားဝင်လုပ်သား ဒီဘက်ကတော့ ခေါ်တာပဲလေ။ ပြဿနာတွေက ဒီဘက်မှာအမျိုးမျိုး၊ ဟိုဘက်ကနေ သတ်မှတ်အချိန်အတွင်း ရောက်မလာနိုင်ဘူး။ စစ်တဲ့ဆေးတဲ့ process တွေမှာ ကြာနေတာတို့ ဖြစ်တဲ့အတွက် အလုပ်သမားက ရုတ်တရက် အခုခေါ်မယ်ဆိုရင် ချက်ချင်းရောက်လာတာ မဟုတ်ဘူးလေ။ ဆိုတော့ ဒီကြားထဲမှာ မှ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေကို ၆ ရက်နေ့က စပြီးတော့လား မသိဘူး ရပ်လိုက်တယ်လို့ ပြောတယ်လေ။ ဒီဘက်ကတော့ အလုပ်သမားက လိုနေတာပဲ။ ဒါပေမယ့် တရားမဝင် အလုပ်သမားကို ခန့်မယ် ဆိုရင် ဥပဒေအရ အလုပ်ရှင်ကလည်း ပြဿနာရှိတယ် အရေးယူခံရနိုင်တယ်” ဟု ပြောသည်။
ပြည်ပထွက်ခွာမည့် လူငယ်များအား အသက်ကန့်သတ်ချက်ဖြင့် ထွက်ခွာစေခြင်း၊ PJ မှ PV သို့ ပြောင်းလဲမှုအား ပိတ်ပစ်ခြင်း၊ နိုင်ငံကူးလက်မှတ် အလည်အပတ် PV ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်မှုများကို ထိန်းချုပ်ရန် လုပ်ဆောင်နေခြင်းတို့ကြောင့် တရားမဝင်နည်းလမ်းဖြင့်သာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်ရန်သာ ရှိတော့သည်။
တရားမဝင် အောက်လမ်းနည်းဖြင့် ထွက်ခွာမည့်သူ များပြားလာသည့်နှင့်အမျှ ပွဲစားများ၊ လူမှောင်ခို ကူးမှုများ၏ အခန်းကဏ္ဍမှာလည်း ပိုမို ပါဝင်ပတ်သက်လာဦးမည် ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 3522
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀
ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်သည့်တိုင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများ ကြောင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထိပါးလာသည့်အတွက် အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေရသည်ဟု နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် နစက အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဌ ဒုတိယဝန်ကြီးချုပ်ဦးဝင်းရှိန်တို့ တွေ့ဆုံ၍ ဘဏ်လုပ်ငန်းဆိုင်ရာများ ဆွေးနွေးစဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစသ်ည်။
ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ် တည်ငြိမ် မှု၊ လုံခြုံမှုနှင့်ခိုင်မာမှု ထိန်းသိမ်းရေးကို တစ်ပါတည်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က ဘဏ်လုပ်ငန်းရှင်များနဲ့ နစက တာဝန်ရှိသူများတွေ့ဆုံစဉ်
ထို့နောက် ဘဏ်များ၏ လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များက လည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စီးပွား ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီး အုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများကြောင့် အများပြည်သူ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ အလားတူ တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက “ မိမိတို့ နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ်နှင့် ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ပါကြောင်း၊ သို့ သော် ယခုအခါတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများသည် နိုင်ငံတော်၏စီးပွားရေး မူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေပါ သည်”ဟု ပြောသည်။
ထို့နောက် ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ ငွေကြေး အမြောက်အများ ထုတ်ယူခြင်း၊ ကောလာဟလ သတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန်လည်း လိုအပ်ကြောင်း၊ ဘဏ်များ အနေဖြင့် Card စနစ်များ e-Banking ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထား ဆောင်ရွက်သွားစေ လိုကြောင်း ၎င်းက ပြောသည်။
အရေးယူခံရတဲ့ ဘဏ်များကိုတွေ့ရစဉ်
နစကသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေး စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ UAB ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုကာ အရေးယူခဲ့သည်။
ထို့နောက် ပြည်သူများအကြား စိုးရိမ်မှုများ လွန်ကဲကာ ဘဏ်အပ်နှံငွေများကို ပြန်လည်ထုတ်ယူလာခြင်းကြောင့် ဘဏ်များသည် ထုတ်ယူငွေကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးမှုများ ပေါ်ပေါက်လာခဲ့သည်။
လက်ရှိတွင် ပြည်သူလူထုအကြား ယုံကြည်မှုအားနည်းနေခြင်းကြောင့် နစကအနေဖြင့် လူထုယုံကြည်မှုကို ပြန် လည် ရရှိအောင် လုပ်ဆောင်ရန် အလွန်အရေးကြီးကြောင်း၊ လူထုယုံကြည်မှုကို ရရှိမှသာလျှင် လူမှုစီးပွားရေး နှင့် ဘဏ်စနစ်များ ပြန်လည် အားကောင်းလာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 4337
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀
နိုင်ငံကူးလက်မှတ် အလည်အပတ် PV ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို ထိန်းချုပ် မည်ဟု အလုပ်သမားဝန်ကြီးဌာနဘက်မှ ပြောဆိုထားပြီး ထိုသို့ သွားရောက်ခြင်း မရှိစေလိုပါက အသက် ကန့်သတ်ချက်ပြုလုပ်ထားမှုကို ဖြေလျှော့ရန် လိုကြောင်း ထောက်ပြကြသည်။
ပြည်ပထွက်ခွာမည့် လူငယ်များအား အသက်ကန့်သတ်ချက်ဖြင့် စေလွှတ်ခြင်း၊ PJ မှ PV သို့ ပြောင်းလဲခြင်းအား ပိတ်ပစ်ခြင်းတို့ကြောင့် ရွေးချယ်စရာမရှိသဖြင့် PV စာအုပ်ကိုင်ဆောင်ထားသူများက အလည်အပတ်ဖြင့် ပြည်ပသို့ ထွက်ခွာပြီး တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
PV ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို ထိန်းချုပ်မည်ဆိုပါက အသက်ကန့်သတ်ချက် ဖြင့် ပြည်ပထွက်ခွာခွင့်ကို ဖြေလျှော့ပေးသင့်ကြောင်း အေဂျင်စီများမှ တောင်းဆိုသော်လည်း ဝန်ကြီးဌာနဘက်မှ လက်မခံကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကြပ်တာကတော့ အကုန်လုံးကို ကြပ်နေတာ။ အေဂျင်စီတွေကိုလည်း ဇွတ်ကြပ်နေတာ သူတို့ပလန်နဲ့သူတို့။ အသက်ကန့်သတ်လိုက်တဲ့အခါမှာ အေဂျင်စီကိုလည်း လာတဲ့လူနည်းသွားပြီး သူတို့အသက်ကန့်သတ်တဲ့ လူတွေ မှန်သမျှက PV ပတ်စပို့နဲ့ ထွက်တာတွေ ရှိတယ်။ အောက်လမ်းကနေ ထွက်သွားတာတွေလည်းရှိတယ်။ အဲဒါကို သူတို့မသိဘူးမဟုတ်ဘူး သိတယ်။ အဲဒါကြောင့်မို့လို့ လိုက်ကန့်သတ်နေတာ။ ဒီကလေးတွေဘက်ကလည်း ရှင်းတယ်။ အသက်ကန့်သတ်ချက်က သွားလို့မရဘူးဆို သူတို့က ရသလိုနည်းနဲ့ထွက်မှာပဲ။ ဒီဘက်ကလည်း တင်ပြတယ်။ ဂျပန်ဆို ကျွမ်းကျင်လုပ်သားအနေနဲ့သွားဖို့ ကလေးတွေက ၂၃ နှစ်နဲ့ ၃၂ နှစ် အဲဒီကြားထဲမှာ ဖြစ်နေ တာ ကလေးတွေက ဒီအမိန့်မထွက်ခင် အစောကြီးကတည်းက ပြင်ဆင်ထားရတာ စာတွေနှစ်နဲ့ချီ လုပ်ထား ရတာ။ ဒါတွေကို ခွင့်ပြုပေးပါလို့ တောင်းတာတောင် သူတို့က ဒီအသက်အရွယ်မရဘူးဆိုပြီး တစ်ခါတည်း ဖြတ်ပစ် တာ” ဟု ၎င်းက ပြောသည်။
နိုင်ငံကူးလက်မှတ်လုပ်ရန် တန်းစီစောင့်ဆိုင်းနေကြသူများ
အသက်ကန့်သတ်ချက်ဖြင့် ပြည်ပထွက်ခွာခွင့်အပေါ် ဖြေလျှော့ပေးရန် အေဂျင်စီများဘက်မှ ဆွေးနွေးအကြုံပြု တင်ပြကြသော်လည်း အလုပ်သမားဝန်ကြီးဌာနဘက်မှလည်း ဖြေလျှော့ရန် အစီအစဉ်မရှိကြောင်း တုန့်ပြန်သည် ဟု သိရသည်။
ထိုသို့ ပြည်ပထွက်ခွင့်အပေါ် ဌာနဆိုင်ရာများဘက်မှ တစ်ခုပြီးတစ်ခု တင်းကြပ်လုပ်ဆောင်နေမှုကြောင့် တရားဝင် နည်းလမ်းဖြင့် ထွက်ခွာမှုမှာနည်းပါးသွားနိုင်ပြီး တရားမဝင် ခိုးထွက်ကြမှုမှာ များပြားလာနိုင်သည်။
တရားမဝင်အောက်လမ်းနည်းဖြင့် ထွက်ခွာမည့်သူ များပြားလာသည့်နှင့်အမျှ ပွဲစားများ၊ လူမှောင်ခိုကူးမှုများ၏ အခန်းကဏ္ဍမှာလည်း ပိုမိုပါဝင်ပတ်သက်လာဦးမည်မှာ မလွဲမသွေဖြစ်သည်။
တရားဝင်ထွက်ခွာခွင့်မရသဖြင့် တရားမဝင်နည်းဖြင့် ထွက်ခွာကြရပြီး တစ်ဖက်နိုင်ငံ၌ အလုပ်လုပ်ကိုင် ကြရာတွင် မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးရနိုင်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“ဟိုးနှစ်ပေါင်းများစွာကတည်းက တိုင်းတစ်ပါးကို သွားမယ်ဆိုရင် တရားဝင်စနစ်နဲ့ပဲသွားပါ။ တရားဝင်စနစ်နဲ့ သွားခြင်းအားဖြင့် မိမိဘဝကိုလည်း လုံခြုံတယ်။ မိမိရဲ့အခွင့်အရေးလည်း အပြည့်အဝရရှိနိုင်တယ်ဆိုပြီး တစ်ချိန် လုံးပြောခဲ့တယ်။ တရားမဝင်လမ်းကြောင်းနဲ့မသွားဖို့ လုံးဝပြောခဲ့တယ်။ အခုဒီအချိန်မှာ အဲဒီစကားပြောလို့ မရတော့ဘူး။ မင်းတို့တရားဝင်စနစ်နဲ့ပဲသွားပါဆို တရားဝင်စနစ်ကိုလည်း ထိန်းချုပ်လိုက်ပြီ။ တရားဝင်စနစ်ကို ထိန်းချုပ်လိုက်လို့ တရားမဝင်နဲ့ မလာပါနဲ့လို့ ပြောခွင့်မရှိတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေအားလုံးကို ကိုယ်ပိုင် ဉာဏ်နဲ့ စနစ်တကျစိစစ်လေ့လာပြီးမှ ဆုံးဖြတ်ကြပါလို့ပဲ ပြောလိုပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာသွားကြသူများပြားနေခြင်း၊ အသက်အရွယ် ကန့်သတ်ချက် အပါအဝင် အခြားသော တင်းကြပ်မှုများကြောင့် ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် လုပ်သား များမှာရှားလာနေခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီများတွင် ပြည်ပအလုပ်ခေါ်စာများရှိသော်လည်း လုပ်သား ရှားပါးနေမှုကြောင့် နောင်တွင် ပြည်ပနိုင်ငံမျာသို့ လုပ်သားစေလွှတ်ရေးမှာ လျော့ကျသွားနိုင်ကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 4842
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉
မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီများတွင် ပြည်ပအလုပ်ခေါ်စာများရှိသော်လည်း လုပ်သားရှားပါးနေမှု ကြောင့် နောင်တွင် ပြည်ပနိုင်ငံမျာသို့ လုပ်သားစေလွှတ်ရေးမှာ လျော့ကျသွားနိုင်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာသွားကြသူ များပြားနေခြင်း၊ အသက်အရွယ် ကန့်သတ်ချက် အပါအဝင် အခြားသော တင်းကြပ်မှုများကြောင့် ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် လုပ်သားများမှာ ရှားလာနေ ခြင်းဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လျော့သွားနိုင်တဲ့ သဘောရှိတယ်။ ကလေးတွေကလည်း ဒီထဲမှာ လူသိပ်မရှိတော့ဘူး။ အလုပ်ခေါ်စာတွေ ရပြီးတော့ ကလေးတွေခေါ်တာတောင် ကလေးတွေက သိပ်မရှိတော့ဘူး။ များသောအားဖြင့်က အကုန်လုံး နိုင်ငံခြားထွက်ကုန်တဲ့ ကလေးတွေများတယ်။ အပေါ်ကမရရင် အောက်လမ်းက ထွက်ကုန်တာများတာကို။ များကုန်တော့ demand ရှိတာတောင် ကလေးတွေခေါ်ရတာ အရမ်းရှားသွားပြီ။ နောက် အသက်ကန့်သတ်ချက် တွေလည်းများလာတော့လေ။ တော်ရုံတန်ရုံ တော်တော်ရှားနေသလိုဖြစ်နေတယ် လုပ်သားတွေ။ လျော့သွား လိမ့် မယ်၊ တော်တော်လေးကို လျော့နေတာ။ ဘာလို့ဆို ကလေးတွေက ခုနအသက်တွေက ထွက်လို့မရဘူးဆိုတော့ အောက်လမ်းက ထွက်ကုန်တာအများကြီး” ဟု ပြောသည်။
အလုပ်သမားဦးစီးဌာနကိုတွေ့ရစဉ်
ပြည်ပသို့ လုပ်သားစေလွှတ်ရာတွင် အဓိကအများဆုံးခေါ်ယူသည့် အိမ်နီးချင်းနိုင်ငံများထဲကမှ မလေးရှားနိုင်ငံ သည် လက်ရှိ၌ လုပ်သားခေါ်ယူမှုပိတ်ထားခြင်း၊ ထိုင်းနိုင်ငံသည်လည်း မြန်မာဘက်မှ အသက်ကန့်သတ်ချက်များ ပြုလုပ်ထားသဖြင့် လုပ်သားခေါ်ယူမှု နည်းပါးလာခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။
ထိုသို့ လုပ်သားခေါ်ယူမှုများ နည်းပါးလာသဖြင့် အခြားနိုင်ငံများသို့ လုပ်သားများ ပြောင်းလဲ စေလွှတ်လာနေကြ သော်လည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ဒယ်ဟုန်သို့ လုပ်သားစေလွှတ် ဆွေးနွေးညှိနှိုင်းမှုမှာ အဆင်မပြေသေး ကြောင်း သိရသည်။
တရုတ်ဘက်မှ မြန်မာနိုင်ငံမှလုပ်သားများအား ကုန်းလမ်းဖြင့် စေလွှတ်ခြင်းသော်လည်း နယ်မြေမတည်ငြိမ်မှု ကြောင့် မြန်မာဘက်မှ လေကြောင်းလိုင်းဖြင့် စေလွှတ်ရန် ညှိနှိုင်းနေကြခြင်းဖြစ်သည်။
ကုန်းလမ်းဖြင့်လာပါက လုပ်သားအရေအတွက် အကန့်အသတ် မရှိသော်လည်း တရုတ်ပြည်မကြီးမှတဆင့် လေကြောင်းလိုင်းဖြင့် ဝင်မည်ဆိုပါက ဗီဇာယူရခြင်း အကန့်အသတ်များ ရှိနေသည့်အတွက် နှစ်ဖက်ညှိနှိုင်း၍ အဆင်မပြေဖြစ်နေကြခြင်းဖြစ်သည်။
သို့သော် ယခင်က လူစိတ်ဝင်စားမှုနည်းခဲ့သည့် လာအိုနိုင်ငံသို့ လက်ရှိတွင် လုပ်သားပြောင်းလဲစေလွှတ်မှုမှာ များပြား လာနေသော်လည်း တရားမဝင် သွားရောက်လုပ်ကိုင်ခြင်းမှာ ပိုများကြောင်း လပ်ကီးပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်
၎င်းက “လာအိုလည်း တရားဝင်စေလွှတ်တဲ့ အပိုင်းရှိတယ်လေ။ လာအိုကလည်း တရားမဝင်သွားတာတွေက ပိုများနေတာ။ အောက်လမ်းကသွားတဲ့သူတွေ များနေတယ်။ တင်ပြတာကတော့ safe migration မှာ ကြည့်လိုက် ရင်သိတာပေါ့။ စမတ်ကဒ် လုပ်ခွင့်ရတဲ့ဟာ အဲဒါတရားဝင်ပဲလေ။ လာအိုမှာ ရောက်နေတဲ့လူတွေ သိန်းနဲ့ချီပြီးရှိ နေပြီ သိရတာ။ တရားမဝင်က ပိုများတယ်။ ကြားတာတော့ လာအိုတို့ တရုတ်ပြည်တို့က အခြေခံလစာတွေ ကောင်းတယ်။ သတ်မှတ်စံနှုန်းမှီတယ်။ စားတာ၊ ကျွေးတာ၊ နေတာ ထိုင်တာတွေ အဆင့်မြင့်တယ်ပြောတယ်။ တချို့ကိစ္စတွေမှာ ထိုင်းထပ်သာတယ်လို့ ပြောကြတယ်” ဟု ပြောသည်။
လာအိုနိုင်ငံတွင် ဆောက်လုပ်ရေး၊ ဂိမ်းဆိုင်၊ စားသောက်ဆိုင်၊ အထည်ချုပ် လုပ်ငန်းများအတွက် လုပ်သားခေါ်ယူ နေခြင်းရှိပြီး အခြေခံလစာ မြန်မာငွေ ၁၀ သိန်းနီးပါးရှိကြောင်းလည်း သိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ယခုရက်ပိုင်းအတွင်း လာအိုနိုင်ငံသို့ အေဂျင်စီတစ်ခုလျှင် လုပ်သား ၁၂၀ ကျော် စေလွှတ်ခွင့်ပြုခဲ့ခြင်းရှိကြောင်း သိရသည်။