- By CNI
- Category: စီးပွားရေး
- Hits: 1121
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများသို့ ကုန်စည် ပို့ဆောင်ပေးနေသည့် ကုန်ကားများမှာ ယခင်ကထက် သွားလာမှု နည်းပါးသွားကာ ၎င်းမှာ အဓိက ငှက်ပျော တင်ပို့မှုရာသီ ကုန်ဆုံးခါနီးကြောင့်ဟု ကုန်ကားသမားများထံမှ သိရသည်။
ဒါ့အပြင် ကုန်ကားအများစုမှာ မိုးများခြင်း၊ တောင်ပြိုခြင်းစသည့်အခြေအနေများကြောင့် ရပ်နားလာကြခြင်း ဖြစ်သည်ဟု ကန်ပိုက်တည်မှ ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဘယ်နှစ်စီးလောက် ရှိမလဲဆိုတော့ အခုတော့ ၃၀ ကျော် ၄၀ အဲပတ်လည်လောက်ပဲ ပြေးနေတာ။ အရင်တုန်းက အစီး ၅၀၀၊ ၆၀၀၊ ၁၀၀၀ ကျော်ပေါ့ ပထမတုန်းက ငှက်ပျောပေါတုန်းကတော့။ အခုငှက်ပျောကလည်း ကုန်တော့ မှာ ရပ်ခါနီးပြီ။ မိုးလည်း တအားများတယ်လေ။ အခုတောင်ပြို ဘာပြို အဲလိုတွေ ဖြစ်နေပြီ။
အကုန်လုံး ရပ်ထား ရမှာပဲ။ ကြားထဲ ငှက်ပျောကလည်း နည်းနည်းပါးလာပြီလေ။ အခုက ခြံသိမ်းပုံစံမျိုးဖြစ်နေပြီ။ ခြံသိမ်းပုံစံမျိုး ဖြစ်နေတော့ နားဖို့ကများတယ်။ ၇ လပိုင်းထဲမှာဆိုရင်တော့ ၇ လပိုင်းမကုန်ခင်ဆို ငှက်ပျောကကုန်လောက်ပြီ။ အကုန်နားပြီ ၇ လပိုင်းထဲမှာဆိုရင်” ဟု ပြောသည်။
ယခုအချိန်သည် ငှက်ပျောကုန်စည်တစ်မျိုးတည်းသာ တင်ပို့နေရကြောင်း၊ ငှက်ပျောသည်လည်း ကုန်တော့မည် ဖြစ်ခြင်းကြောင့် ဇူလိုင်လတွင် ကုန်တင်ကားများ ရပ်နားတော့မည်ဖြစ်ကာ တခြားသော လမ်းကြောင်းများကိုသာ ပြေးဆွဲရတော့မည်ဖြစ်ကြောင်း ကိုရှမ်းကြီးက ဆက်ပြောသည်။
“အခု ၄ လပိုင်းနားရင်လည်း ဒီလိုပဲ ကားပြင် ဘာပြင် ဒီလိုပဲ နားရတာပဲ။ ထွက်တာ ဘယ်လိုမှ အဆင်မပြေတော့ လေ။ အဆင်မပြေတော့ အဲလိုပဲ နားရတာ။ နားပြီးတော့မှ လုပ်ငန်းစမှ ပြန်လုပ်ပေါ့။ အဲလိုပဲ လုပ်နေကြရတာ။ အခက်အခဲကတော့ ရှိတာပေါ့။ ဝင်ငွေမရှိတော့ဘူးလေ အဲအချိန်ကျတော့ ၃ လ၊ ၄ လက။ မူဆယ်ဘက်လည်း သွားလို့ရ၊ မြဝတီဘက်လည်း သွားလို့ရသူက ပါးပါးပေါ့။ ပုံမှန်အခြေအနေလောက်ပဲ ရှိမှာပဲ။ နည်းနည်းတော့ ကြန့်ကြာတာပေါ့။ တစ်လမှာ နှစ်ခေါက်လိုလို ဘာလိုလို တစ်ခေါက်ခွဲလိုလို အဲလိုပဲ ဖြစ်သွားတာပေါ့” ဟု ၎င်းက CNI သို့ ပြောသည်။
ကန်ပိုက်တည်ကုန်သွယ်ရေးစခန်တစ်ခုကိုတွေ့ရစဉ်(ဓါတ်ပုံ-credit)
ဒါ့ထက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဗန်းမော် - လွယ်ဂျယ်သွားရာ လမ်းပိုင်းပျက်စီးမှုများ ရှိနေသည့် အတွက် မိုးရာသီတွင် ကုန်ကားပြေးဆွဲမှုကို ရပ်နားထားခြင်းဖြစ်သည်ဟုလည်း လွယ်ဂျယ်မှ ကုန်ကားသမား တစ်ဦးဖြစ်သူ ကိုထွဋ်ဇော်က ပြောသည်။
“ကျနော် လွယ်ဂျယ်ဘက် မသွားတော့ဘူး။ မိုးတွင်းမို့ လမ်းတွေက ဆိုးသွားတော့။ မိုးတွင်းကျတော့ ကျနော်တို့ ကားလေးတွေကျတော့ နားလိုက်တာပေါ့။ ပွင်းလင်းရာသီ ပြန်လုပ်မှာ။ ဗန်းမော်ကားတွေတော့ တက်ကြတယ်။ ဗန်းမော်သွားတဲ့ကားက သွားကြ။ နားနေတဲ့ကားက နားနေကြတာပေါ့” ဟု ၎င်းက CNI သို့ ပြောသည်။
ကန်ပိုက်တည် ကုန်သွယ်ရေးစခန်းနှင့် ဗန်းမော် - လွယ်ဂျယ် ကုန်သွယ်ရေးစခန်းတို့သည် ကချင်ပြည်နယ်အတွင်း မှ ထွက်ရှိသည့် ငှက်ပျော၊ ကြံ၊ ပဲ၊ ပြောင်း၊ ဖရဲ၊ ဆန် စသည့် သီးနှံများကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။
ဗန်းမော် - လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ကားအစီးရေ ၁၀၀ ကျော်သွားလာနေသော်လည်း ယခုအချိန်တွင် တစ်ရက်လျှင် အစီးရေ ၂၀ ခန့်သာ ပြေးဆွဲကြောင်း သိရသည်။
ထို့နောက် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးတွင်လည်း ယခင်က အစီးရေ ၁၀၀၀ နီးပါးပြေးဆွဲသော်လည်း လက်ရှိတွင် အစီးရေ ၃၀ ကျော်သာ ကျန်ရှိတော့ကြောင်းနှင့် ဇူလိုင်လကုန်တွင် ကုန်တင်ကားအားလုံးနီးပါး ရပ်နား တော့မည်ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1362
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅
ထိုင်းအစိုးရမှ နယ်စပ်ဒေသတွင် Border Pass(နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)ဖြင့် မြန်မာအလုပ်သမားများ ခေါ်ယူရန် ခွင့်ပြုသော်လည်း နှစ်နိုင်ငံနယ်စပ်ဂိတ်များ မဖွင့်သေးသရွေ့ မြန်မာအလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင်၍ မရ ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။
ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးသင့်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါက နယ်စပ်များတွင် Border Pass ဖြင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ကိုသားကြီးက “ဒီလက်မှတ်ကို ဖွင့်မယ်လို့သာ ထိုင်းက ကြေညာပေမယ့် နယ်စပ်ဂိတ်တွေကို ဖွင့်နိုင်အောင်လည်း သူက လုပ် ရမယ်။ ဘာကြောင့်လဲဆိုတော့ တံတားကြီး ပိတ်ထားပြီးတော့မှ လူအသွားအလာ မရှိဘဲနဲ့ Border Pass က ဒီနယ်စပ်ကနေ ထုတ်ပေးလို့ မရဘူးလေ။ လူအသွားအလာ ရှိမှ Border Pass ရဲ့ ဥပဒေအရ ထုတ်ပေးလို့ရမှာ ဖြစ်တယ် လူအသစ်တွေကို။ ကျနော် ထင်ပါတယ်။ ထိုင်းက ဘယ်လောက်ပဲ အဆင်သင့်ဖြစ်ဖြစ် မြန်မာဘက်က တံတားတွေဖွင့်ဖို့၊ နယ်စပ်တွေဖွင့်ဖို့၊ လူကူးသန်း သွားလာဖို့အတွက် ခွင့်ပြုချက် မရမချင်းကတော့ ဒီ Border Pass ကလည်း အကျုံးဝင်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံလူကြီးတွေ၊ သက်ဆိုင်ရာတွေက စကားပြောလို့ အဆင်ပြေတယ် ဆိုလို့ရှိရင်တော့ နယ်စပ်ဂိတ်တွေ ဖွင့် လိုက်ပြီး လူကူးသန်း သွားလာလို့ ရပြီဆိုရင်တော့ Border Pass ကလည်း အကျုံးဝင်မယ်။ နောက် ဒီနယ်စပ်မှာ အလုပ်လုပ် မယ့် မြန်မာပြည်သူတွေအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပိုမိုပြီးတော့မှ အဆင်ပြေမယ်။ ဒါဟာ လွယ် လွယ် ကူကူ ဒီ worker တုံးလေး ထုပြီးတော့ Border Pass စာအုပ်ထဲမှာ သွေးစစ် ဒီဘက်မှာ Work permit လေးလုပ်ပြီး တော့မှ အလုပ်လုပ်ခွင့် ရမှာပေါ့” ဟု ပြောသည်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား ထိုင်းအစိုးရမှ ပြန်လည် ဖွင့်လှစ်ချင်သော်လည်း မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးကြရာတွင် အဆင်မပြေဖြစ်ကာ နယ်စပ်ဂိတ် အချို့အား ယနေ့အထိ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ် ဖြတ်သန်းခွင့်ထုတ်ပေးသော နေရာ
ထိုင်းနိုင်ငံသို့ Border Pass ဖြင့် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာ အလုပ်သမားအသစ်မှာ ၅၀၀၀၀(ငါးသောင်း)နီးပါးခန့် ရှိကြောင်း၊ ကိုဗစ်ကြောင့် ထိုင်းနိုင်ငံ နယ်စပ်တွင် ပိတ်မိနေခဲ့သည့် Border Pass မြန်မာအလုပ်သမားများမှာ ၁၀၀၀၀၀ (တစ်သိန်း) ကျော်ရှိကြောင်း သိရသည်။
Border Pass ဖြင့် လာရောက် လုပ်ကိုင်မည့် သူများသည် တစ်ဦးလျှင် Work permit သုံးလ (ရက် ၉၀) ရရှိပြီး တစ်လ တစ်ကြိမ် ဆေးစစ်ရကြောင်း၊ သုံးလ ပြည့်သွားပါက မိမိနေရပ်သို့ တစ်ပတ်ခန့် အပြန် ပြရကြောင်း၊ ထိုသို့ အပြန်ပြပြီးနောက် ထပ်မံပြန်ဝင်၍ရကြောင်း သိရသည်။
Border Pass ဖြင့် အလုပ်လုပ်ကိုင်ရာတွင် အလုပ်သမား အခွင့်အရေး အပြည့်အဝ မရှိခြင်း၊ ချိုးဖောက်ခံရခြင်း၊ ခေါင်းပုံဖြတ် ခြင်း စသည်တို့ ကြုံတွေ့ရနိုင်ကြောင်း ထိုင်းတွင် အလုပ်သမားအရေး ဆောင်ရွက်နေသည့် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုနိုင်အောင်အောင်က “အလုပ်သမား အခွင့်အရေးကတော့ ထိုင်းနိုင်ငံ ဥပဒေမှာကျတော့ ပြောပြီးသားပဲလေ။ ထိုင်းနိုင်ငံမြေ ကို လာနင်းလိုက်တာနဲ့ ဘယ်လုပ်ငန်းရှင်မဆို အလုပ်သမားတစ်ယောက်ကို အလုပ်ခိုင်းတဲ့ အခါကျတော့ ထိုင်းနိုင်ငံ အခြေခံ ဥပဒေ လုပ်ခလစာကို ပေးကိုပေးရမယ်။ သို့သော်လည်း တချို့သော လုပ်ငန်းရှင်တွေက အထောက်အထားတွေကို ကြည့်ပြီးမှ လုပ်ခလစာတွေ အပြည့်အဝ မပေးတာတို့၊ အထောက်အထားတွေ ကြည့်ပြီးတော့မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ တို့ ဒါတွေလည်း တွေ့ရတာပေါ့။ ဒါတွေက ဥပဒေအတိုင်း ပေးစရာမလိုဘူး ဘာညာလုပ်ပြီးတော့ လာဘ်စားတာတို့၊ ချိုး ဖောက်တာတို့ ရှိတယ်” ဟု ပြောသည်။
Border Pass ဖြင့် သွားရောက် အလုပ်လုပ်ကိုင် မည်ဆိုပါက အဆိုပါ နိုင်ငံက သတ်မှတ်ထားသည့် နယ်မြေများမှလွဲ၍ အခြား နယ်မြေများသို့ ကျော်လွန်ပြီး အလုပ်လုပ်ခွင့် မရှိကြောင်း သိရသည်။
ကိုသားကြီးက“နှစ်နိုင်ငံ နယ်စည်းခြားထားတဲ့ နေရာကနေ ကီလို ဘယ်လောက်ပေါ့။ ဥပမာ မိုင် ဘယ်လောက်ဆိုပြီး သတ် မှတ် ထားတယ်။ ဘယ်ခရိုင် ဘယ်မြို့နယ်အထိပဲ ဆိုတာကို သတ်မှတ်ထားတယ်။ အဲဒါကို ကျော်လွန်ပြီးတော့ သွားမယ် ဆိုရင်တော့ လုပ်လို့မရဘူး။ ပြောချင်တာက မြဝတီ-မဲဆောက် နယ်စပ်မှာ အလုပ်လုပ်မယ့် မြန်မာပြည်သူတွေဟာ မဲဆောက် တံတား မဖွင့်သေးဘူး။ လူကူးသန်း သွားလာလို့ မရသေးဘူးဆိုရင်လည်း ဒီမှာ အလုပ်လုပ်ဖို့အတွက် အခြားနယ်စပ်ကနေ Border Pass နဲ့ဝင်လို့ မရဘူးဆိုတဲ့ အကြောင်းကိုလည်း ပြောချင်တယ်”ဟု ပြောသည်။
လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များထဲကမှ ကော့သောင်း-ရနောင်း ဂိတ်ကိုသာ လူအဝင်/အထွက် ပြုလုပ်ခွင့် ပြုထားပြီး ကျန်ဂိတ်များမှာ ပိတ်ထားခြင်းနှင့် ကုန်သွယ်ခြင်းတို့သာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1141
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄
မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးရရှိမှုသည် မိုင်းခွဲပြီး ဖမ်းဆီးမှုနှင့် တရားမဝင်ဖမ်းဆီးမှုများကြောင့် နှစ်စဉ် လျော့ကျနေ သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မိုင်းခွဲ၍ ငါးဖမ်းဆီးမှုများကြောင့်နှင့် ငါးဖမ်းပိုက်စိပ်စိပ်များဖြင့် ဖမ်းဆီးမှုများကြောင့် မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတ ဆုံးရှုံးမှုနှင့် ဂေဟစနစ် ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်တိုးနန္ဒာတင်က “တရားမဝင် ဖမ်းဆီးတဲ့ ဟာတွေကတော့ ပိုက်ကွက် သေးပြီးတော့မှ ခြင်တောင်မှ ဝင်လို့မရတဲ့ ပိုက်ကွက် မျိုးပေါ့နော်။ အဲလိုမျိုး တရားမဝင် ဖမ်းတဲ့ ဟာမျိုးလေးတွေကြောင့်လည်း ဒါတွေကို တားဆီးရမှာကတော့ အမှန်ပဲပေါ့။ ဟိုး အရင်တုန်းက မိုင်းခွဲတယ်ဆိုတာလည်း ထိုင်းဘက်က လာတဲ့ နည်းပညာတွေပေါ့။ မြန်မာက ဆိုလို့ရှိရင် ငါးဖမ်းနည်း အကုန် လုံးကို ထိုင်းကနေပဲ သင်တဲ့သဘောမျိုး ရှိတာပေါ့။ ထိုင်းဘက်က မိုင်းခွဲတဲ့ဟာလည်း ပါလာတဲ့ အခါကျတော့ အရင်တုန်းက တော့ ရှိတယ်ပေါ့နော်။ အခုနောက်ပိုင်းတော့ သိပ်တော့ မကြားဘူးပေါ့လေ။ မိုင်းခွဲရင်တော့ အကုန်လုံး ဂေဟစနစ် ပျက်သွား တာပေါ့။ ဂေဟစနစ် ပျက်တဲ့အတွက်ကြောင့် ဒါတွေက တားဖို့ လိုတာပေါ့။ ခွဲတဲ့နေရာမှ ဥပမာ သန္တာကျောက်တန်း ရှိရင် လည်း သန္တာကျောက်တန်း ပျက်မှာပဲလေ” ဟု ပြောသည်။
မြန်မာ့ ရေပိုက်နက်အတွင်း ငါးသယံဇာတတည်ရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ နော်ဝေသုတေသန ရလဒ်များအရ မြန်မာ့ ပင်လယ် ပြင်တွင် ပင်လယ် ငါးထုတ်လုပ်မှု အပါအဝင် ရေချိုငါး ထုတ်လုပ်မှုများနှင့် ငါးဖမ်းဆီးရရှိမှုများ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ လျော့နည်းလာကြောင်း ဖော်ပြထားသည်။
ငါးဖမ်း သမားတစ်ဦး (ဖရွန်းတီးယားမြန်မာ)
၂၀၁၈ ခုနှစ်တွင် ငါးပမာဏသည် လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွား ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထို့ကြောင့် ငါးလျော့ကျနေမှုကို ကာကွယ်ရန်အတွက် ငါးမဖမ်းရ ရာသီကို (၃)လ သတ်မှတ်ပြီး တားမြစ်ထားသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။
၎င်းက “ငါးမဖမ်းရ ရာသီလို့ လုပ်ထားတာလေ။ လျော့ကျတဲ့ အတွက်ကြောင့် ငါးမဖမ်းရ ရာသီဆိုတဲ့ ဟာမျိုးကို ကျမတို့ ငါးလုပ်ငန်း ဦးစီးဌာနကနေပြီးတော့ တရားဝင် ထုတ်ပြန်ပြီးတော့ လုပ်ရတာပေါ့။ အဲဒါ ၃၀ ရာခိုင်နှုန်းလောက်ကို သူတို့ ဖွင့်ပေးလိုက်ပါတယ်။ အဲဒါ သူတို့ရဲ့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရတယ်ဆိုပြီးတော့ သူတို့ ဝန်ကြီးဌာနကိုလည်း တင်ပြတယ်ပေါ့နော်။ အကုန်လုံးကို တင်ပြတဲ့အခါမှာ တစ်လကို လျှော့ပေးလိုက်တယ်။ လျှော့ပေးလိုက်တာကလည်း အကုန်လုံး လျှော့ပေးလိုက်တာ မဟုတ်ဘူးပေါ့။ ၃၀ ရာခိုင်နှုန်းပဲ ဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။ မေလ၊ ဇွန်လ၊ ဇူလိုင် ကျမတို့ ပိတ်တယ်မလား ဇူလိုင်မှာ ၃၀ ရာခိုင်နှုန်း ထွက်နိုင်တယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မိုင်းခွဲပြီး တရားမဝင် ငါးဖမ်းဆီးမှုကို တနင်္သာရီကမ်းရိုးတမ်းတွင်သာ အများဆုံး တွေ့ရှိရပြီး တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကမ်းရိုးတမ်းများတွင် အသုံးပြုမှု မရှိကြောင်း ငါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ထို့အပြင် ငါးဖမ်းရရှိမှု လျော့နည်းနေခြင်း၊ ကုန်ကျစရိတ်များ မြင့်တက်နေခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်မားနေမှုခြင်း တို့ကြောင့် လက်ရှိတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ လျော့ကျလာလျက် ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1364
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး ကြပ်တည်းလာကာ စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် ဆံပင် ဖြတ်၍ ရောင်းချသူများသည် ပုံမှန် အခြေအနေများထက် ထက်ဝက်ခန့် များပြားလာကြောင်း ဆံပင်ရောင်းဝယ်သူများနှင့် အဝယ်ဒိုင်များထံမှ သိရသည်။
ထို့နောက် ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းကို ရန်ကုန်မြို့နှင့် တခြားသော တိုင်းဒေသကြီးများပင် ယခင်ကထက် လုပ်ကိုင်လာ သူ များပြားကြောင်း ရန်ကုန်မြို့ရှိ ပြည့်စုံဆံပင်ရောင်းဝယ်ရေးမှ ဆိုင်ပိုင်ရှင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက လုပ်လာတာ ၃ ချိုး ၁ ချိုးလောက် များလာတယ်။ နောက် အခုနောက်ပိုင်းက နည်းနည်း ဆံပင် အဝယ်ဒိုင် ဆို ပြီးတော့ ဆိုင်းဘုတ် ရေးတာကျတော့ အမှန်ကတော့ ဝယ်ရောင်းပစ္စည်းပါပဲ။ အဝယ်ဒိုင်လို့ ရေးထားတာကလည်း လူရှိန်တာ ပေါ့နော်။ အဝယ်ဒိုင်ဆိုတာက ဘယ်က ဆံပင်ပဲလာလာ၊ ပမာဏ ဘယ်လောက်ပဲ များများ၊ ကုန်အောင် သုံးနိုင်တာမျိုးမှ အဝယ်ဒိုင်လို့ခေါ်တာ အခုနောက်ပိုင်း ရောင်းတဲ့သူတွေကလည်း ဒိုင်ဆိုတော့ နည်းနည်း အထင်ကြီးကြတာပေါ့။ ဈေးကတော့ တူတူပါပဲ” ဟု ပြောသည်။
ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းသည် ယခင်ကတည်းက ရှိခဲ့သော်လည်း လက်ရှိတွင် စီးပွားရေး ကျပ်တည်းမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများကြောင့် ပိုမို လုပ်ကိုင်လာကြောင်း၊ အဝယ်ဒိုင်များဖွင့်လှစ်၍ ရောင်းဝယ်မှု ပြုလုပ်လာကြကြောင်း၊ ထိုဆံပင်များကို တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း ပုသိမ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးနေဝင်းစိုးက ပြောသည်။
ဆံပင် အဝယ်ဒိုင် တစ်ခု (Reuters)
ဦးနေဝင်းစိုးက “ကျနော်တို့ ပုသိမ်တစ်မြို့တည်းမှာတင် ဒိုင်ကြီးဖွင့်ပြီးတော့ ဝယ်နေတာ ၃ ခုလောက် ရှိတယ်။ ဆံပင် အရောင်းအဝယ် တော်တော်ဖြစ်ကြတယ်။ ဒါကတော့ အခုမှရယ် မဟုတ်ဘူးဗျ။ အရင်နှစ်တွေ ကတည်းက ရှိတယ်။ ဆံပင် ရောင်းဝယ်ရေး ဒိုင်ဖွင့်ပြီးတော့ ရောင်းနေတာက အဓိကက သူတို့က ဒိုင်ဖွင့်ပြီးတော့ ဝယ်တယ်။ ဝယ်ပြီးတော့ အတိုအရှည်၊ အရှည်ဆိုလည်း အရှည် ပြန်သန့်တယ်။ ရှုပ်ပွနေတဲ့ ဆံပင်ချည် ထွေးတွေကနေ အရှည်ပြန်ရအောင် လုပ်သားအင်အားနဲ့ ပြန် ခွဲတာရှိတယ်။ အတိုဆိုလည်း စုစည်းပြီးတော့ ပြန်ခွဲထုတ်တယ်။ ပြီးတော့ အဲဒါတွေ အားလုံးကို အထုပ်တွေ ထုတ်ပြီးတော့ မူဆယ်ကနေ တရုတ်ကို ပို့တာဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ဆံပင်ကို ပြန်လည်အသုံးပြုသူ နည်းပါးသည့်အတွက် ပြည်ပသို့ အဓိက တင်ပို့၍ ဈေးကွက် ရှာဖွေကြ ကြောင်း၊ ထို့နောက် ပြည်ပပို့ကုန်ပစ္စည်း ဖြစ်လာကာ ဈေးကောင်းရကြောင်း သိရသည်။
လက်ရှိတွင် ၃ ပေ အရှည်ရှိသည့် ဆံပင်ကို တစ်ပိဿာလျှင် သိန်း ၂၀ ဈေးနှုန်းရှိသည်ဟု ပြည့်စုံဆံပင်ရောင်းဝယ်ရေး၏ ဆိုင်ပိုင်ရှင်က ပြောသည်။
၎င်းက “အရင်ကထက် စာရင်တော့ အခုတော့ ဈေးက ကောင်းလာတာ များပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်ကကျတော့ မြန်မာနိုင်ငံသုံး နည်းတယ်လေ။ Export ကုန်ဆိုတော့ ဈေးကွက်ကလည်း ကောင်းတယ်။ ဒါပေမယ့် ဆံပင်အပေါ် မူတည် တယ်။ ဆံပင်ကောင်း သလောက်ကို အဲလို ဈေးပေးဝယ်ရတယ်။ ၁ ပိဿာကို သိန်း ၂၀၊ တစ်ကျပ်သားကို နှစ်သောင်း၊ ၁၀ သားကို နှစ်သိန်း အဲဒါကျတော့ ၃ ပေလောက်၊ ၃၆ လက်မလေ အဲဒါမျိုးတွေ ပေါက်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် မြန်မာနိုင်ငံမှ ဆံပင်များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ကြောင်း၊ ထိုမှတဆင့် ပြန်လည်ပြုပြင်၍ အလှအပဆိုင်ရာ ဆံပင်ကုန်ချောအနေဖြင့် အာဖရိကနိုင်ငံများသို့ ရောင်းချကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆံပင်ကို ငွေကြေးရှိသူများက ဆံပင်ဆက်ရာတွင် အသုံးပြုကြကြောင်း၊ ယခုတွင် အမျိုးသား လူငယ်များ လည်း အလှအပ တစ်ခုအနေဖြင့် အသုံးပြုလာကြကြောင်း ဆံပင်ရောင်းဝယ်သူများထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1262
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနမှ ရွှေ့ပြောင်း အလုပ်သမားများအား ပြည်ပ အလုပ်အကိုင် အသိအမှတ်ပြုကတ်(OERC) ထုတ်ပေးရန် လုပ်ဆောင်နေသော်လည်း မထုတ်ခင်မှာ ထိုင်းအစိုးရက တရားဝင် လက်ခံလာအောင် အရင်ကြိုးစားသင့်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသည့် ကိုသားကြီး က CNI သတင်းဌာနသို့ ပြောသည်။
NUG အနေဖြင့် OERC ကတ် ထုတ်ပေးမည်ဆိုပါက ထိုင်းအစိုးရသို့ တင်ပြရမည်ဖြစ်ကြောင်း၊ OERC ကတ်ကို ထိုင်းအစိုးရ လက်ခံပါ့မလား မေးစရာဖြစ်နေကြောင်း၊ ထို့ကြောင့် OERC ကတ် မထုတ် ပေးခင် ထိုင်းအစိုးရ၏ တရားဝင် အသိအမှတ်ပြု လက်ခံရန် ဦးစွာကြိုးစားသင့်ကြောင်း ၎င်းက ပြောသည်။
ကိုသားကြီးက “လက်ရှိ NUG အစိုးရအနေနဲ့ ထိုင်းမှာရှိတဲ့ ပြည်သူတွေအတွက် OERC ကတ် ထုတ်ပေးမယ်ဆိုတဲ့ သတင်း အချက်အလက်တွေက အလုပ်သမားအရေးလုပ်တဲ့ ကျနော်တို့အတွက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေမယ့် ထိုင်းအစိုးရက လက်ခံပါ့မလားပေါ့။ ထိုင်းအစိုးရ လက်ခံအောင်ရော NUG က ဘာတွေ ပြင်ဆင်ထားပြီးပြီလဲပေ့ါ။ နောက် အလုပ်သမား ဝန်ကြီးဌာန အနေနဲ့ ထိုင်းအစိုးရ လက်ခံအောင် လုပ်ပြီးမှသာလျှင် ဒီ OERC ကတ်ကို မြန်မာပြည်သူတွေ လက်ထဲ ထည့်ပေး မယ်ဆိုရင် ပိုပြီးတော့မှ ကောင်းလိမ့်မှာပေါ့။ ထိုင်းအစိုးရက ကျနော်တို့ အလုပ်သမားဝန်ကြီးဌာနကို တရားဝင် ဝန်ကြီးဌာန အဖြစ်၊ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံပေးအောင် အရင် ကြိုးစားရမယ်။ ပြီးမှသာလျှင် မြန်မာ ပြည်သူတွေအတွက် မိမိတို့ဝန်ကြီးဌာနက ထုတ်ပေးတဲ့ OERC ကတ်ကို ထုတ်ပေးရင် ပိုပြီးတော့မှ ကောင်းလိမ့်မယ်ပေါ့။ မိမိ တို့ ဌာနက လုပ်တဲ့လုပ်ရပ်ဟာ အချည်းအနှီး မဖြစ်ဘဲနဲ့ အသက်ဝင်မှာပေါ့။ အများပြည်သူအတွက်လည်း အကျိုးရှိတဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်လို့ ပြောလိုတယ်”ဟု CNI သတင်းဌာနက ပြောသည်။
NUG စုဖွဲ့မှုကိုတွေ့ရစဉ်
ထိုင်းနိုင်ငံတွင် တရားမဝင်နှင့် တရားဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၇)သန်းခန့် ရှိသည့်အတွက် NUG အား အစိုးရ တစ်ရပ်အဖြစ် ထိုင်းအစိုးရထံမှ တရားဝင် အသိအမှတ်ပြု မခံရပါက OERC ကတ်သည် အရာမရောက်ဘဲ အချည်းအနှီး ဖြစ် သွားနိုင်ကြောင်း ၎င်းက ပြောသည်။
NUG အနေဖြင့် OERC ကတ် ထုတ်ပေးခြင်းအား ဇွန်လကုန်တွင် စတင် အကောင်အထည်ဖော်မည်ဟု သိရကြောင်း၊ ထိုသို့ လုပ်ဆောင်ပါက ကတ်လုပ်ရန် လျှောက်ထားသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ စာရင်းအား အပြင်သို့ မပေါက်ကြားစေ ရန် အထူးသတိပြုရမည်ဟု ရွှေ့ပြောင်းအလုပ်သမားနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “NUG ကတော့ သေသေချာချာလေး စည်းကမ်းရှိရှိ လုံလုံခြုံခြုံလေးလုပ်ဖို့ ဖြစ်သင့်တယ်။ ထိုင်းမှာလည်း စစ်ကောင်စီက လွှတ်ထားတဲ့ ထောက်လှမ်းရေးတွေလည်း ရှိတယ်။ ဒီစာရင်း ဇယားနဲ့ ပတ်သက်တာကို NUG အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် လုံခြုံရေးကိစ္စကို တော်တော်လေး လုပ်ရမှာ။ ထိုင်းဥပဒေနဲ့တော့ ဘာမှ ကြောက် စရာ မလိုဘူး။ ကြောက်စရာ ကောင်းတာက ဒီဟာတွေ ပေါက်ကြားသွားမယ်ဆိုရင် မြန်မာဘက်အခြမ်းမှာ ရန်ရှာမှာပဲ ကြောက်တာ။ မြန်မာဘက်မှာ အိမ်တွေကို လိုက်တာတို့က တကယ်လည်းရှိနေတာ၊ တကယ်လည်း တွေ့နေတာ” ဟု ပြော သည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိသော နိုင်ငံတစ်ခုဖြစ်သည့် မလေးရှားတွင် မလေးရှားအစိုးရမှ NUG အား အသိ အမှတ် ပြုသည့်အတွက် ထိုနိုင်ငံတွင် OERC ကတ် ထုတ်ပေးသည်မှာ ကောင်းမွန်ကြောင်း အလုပ်သမားအရေး လုပ်ဆောင် နေသူများက ပြောသည်။
ထိုင်းသို့ သွားရောက်မည့် မြန်မာအလုပ်သမားများကို နယ်စပ်မှာ စစ်ဆေးနေစဉ်
ထို့နောက် ယခုကဲ့သို့ ရွှေ့ပြောင်း အလုပ်သမားများအတွက် သက်သေခံ ကတ်ပြားမျိုး ထုတ်ပေးခြင်းသည် တစ်စုံတစ်ရာ အကျိုးရှိကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာန သို့ ပြောသည်။
ဦးထူးချစ်က “ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သတိထားရမှာက တစ်ဖက်ကလည်း အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတော့ ကျနော်တို့ အနေနဲ့ကတော့ အလုပ်သမားတွေ ကိုယ်တိုင်ကပဲ အချက်အလက်ကို ပြည့်ပြည့်စုံစုံနဲ့ စုဆောင်း ပြီးတော့ သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်စေချင်ပါတယ်။ သူတို့ဆုံးဖြတ်ပါ။ အကျိုးအမြတ်ကတော့ လုပ်ပေးတဲ့ ရည်ရွယ်ချက်တွေ ကတော့ အလုပ်သမားတွေကို အကာအကွယ် ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတော့လေ၊ လုပ်မယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ရှိရင်တော့ လုပ်ပေါ့” ဟု ပြောသည်။
NUG ၏ OERC ကို လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင် ထားခြင်း စိစစ်တွေ့ရှိပါက Black List စာရင်းသွင်းမည်ဖြစ် ကြောင်း၊ ထို့နောက် ပြည် ဝင်/ထွက်ခွင့် ပိတ်ခြင်း၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့ ခံရ မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများအရ အရေးယူ ခံရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့နောက် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည်ဆိုပါက လေဆိပ်၊ နယ်စပ်ဂိတ်တို့တွင် နစက၏ အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပေးသည့် OWIC ကတ် ပါရှိမှသာ ပြည်ပသို့ သွားရောက် နိုင်မည်ဟုလည်း ထုတ်ပြန်ထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1426
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေးတွင် ကုန်သွယ်မှုပမာဏ ပိုမိုများပြားလာစေရန်နှင့် ကုန်သွယ်မှု မြန်ဆန်စေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းသို့ တိုက်ရိုက်ရောက်ရှိသည့် ကုန်သွယ်ရေး သင်္ဘောလိုင်း ပြေးဆွဲရန် အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ်ထံမှ သိရ သည်။
နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်သည့် သဘောအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ဦးဆောင်သည့် ကုန်သည် အဖွဲ့နှင့် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဦးဆောင်သည့် ကုန်သည်အဖွဲ့များ ဇွန်လ ၁၈ ရက်နေ့က တွေ့ဆုံရာတွင် ကမ်းရိုးတမ်းတိုက်ရိုက် သင်္ဘောလိုင်း ပြေးဆွဲရန် ဆွေးနွေးခဲ့ကြပြီး ယင်း ကိစ္စကို အစိုးရထံတင်ပြပေးသွားမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“လက်ရှိ Border Trade ကဏ္ဍမှာတော့ မောင်တော၊ စစ်တွေ ကုန်သွယ်ရေးစခန်းနှစ်ခုကနေပြီးတော့ Border Trade သွားနေတယ်ဆိုတော့ ဒီ Border Trade ကနေပြီးတော့ ထပ်ပြီးတော့ ကျနော်တို့ နောက်ထပ် များများ စားစား ပို့နိုင်တဲ့လမ်းကြောင်းပေါ့လေ ဘာရှိလဲ ကျနော်တို့ဆွေးနွေးကြတဲ့အထဲမှာတော့ Coastal Shipping လိုင်းပေါ့။ Shipping လိုင်းလေး တစ်ခုရှိရင်တော့ ကျနော်တို့ နယ်စပ်မဟုတ်တော့ဘဲနဲ့ တစ်ဖက်နိုင်ငံရဲ့ နယ်စပ် မဟုတ်တော့ဘဲနဲ့ ဥပမာအားဖြင့် စစ်တကောင်းလောက်ထိကို ကျနော်တို့တက်ပြီးတော့ ကုန်သွယ်မှု ပြုနိုင်အောင် လုပ်နိုင်တယ်ဆိုတဲ့အကြောင်းအရာလေးတွေတော့ သိလာရပါတယ်။ ကျနော်တို့ သက်ဆိုင်ရာတွေကိုလည်း အဲဒီ အကြောင်းအရာလေးတွေကို ကျနော်တို့ ဆက်လက်ပြီးတော့ တင်ပြသွားဖို့ အနေအထားတွေလည်း ရှိပါတယ်” ဟု ပြောသည်။
အပျော်စီးခရီးသည်တင်သင်္ဘောတစ်စင်း ကုလားတန်မြစ်ကြောင်းတလျှောက် ဖြတ်သန်းသွားလာ နေစဉ်(ဓါတ်ပုံ- EPA)
လက်ရှိ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မှာယူသည့် ကုန်စည်များကိုသာ တင်ပို့နေရပြီး ကုန်သည်အချင်းချင်း ထိတွေ့ခွင့်မရဘဲဖြစ်နေကြောင်း သိရသည်။
နှစ်နိုင်ငံကုန်သွယ်ရေးတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း စသည့် စခန်းနှစ်ခုတွင်သာ ကုန်သွယ်မှု ပြုလုပ်နေရပြီး ကမ်းရိုးတန်းသင်္ဘောလိုင်းဖြင့် ကုန်သွယ်မှု ပြုလုပ်ခွင့်ရမည် ဆိုပါက ရခိုင်ပြည်နယ်အတွင်းရှိ သင်္ဘောဆိပ်ကမ်းများတွင်လည်း ကုန်သွယ်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဦးတင်အောင်ဦးက ဆက်ပြောသည်။
“လက်ရှိ သူတို့ တစ်ဖက်နိုင်ငံ ဘယ်ဆိပ်ကမ်း ဘယ်ဆိပ်ကမ်းသွားမယ်။ ကျနော်တို့ မြန်မာနိုင်ငံထဲကနေပြီးတော့ ရခိုင်မှာရှိတဲ့ စစ်တွေတို့၊ ကျောက်ဖြူတို့၊ တောင်ကုတ်တို့ ရှိတာပဲလေ သင်္ဘောဆိပ်ကမ်းအကြီးတွေ ရှိတဲ့နေရာ တွေကို သွားမယ်။ အဲလိုမျိုးလေးတွေပေါ့ ကျနော်တို့ Coastal Shipping လိုင်းတစ်ခု ဖြစ်သွားပြီဆိုရင်တော့ ကုန်သွယ်မှုကတော့ ကျနော်တို့ဘက်ကတော့ တစ်နိုင်တပိုင် လုပ်ငန်းရှင်တွေကလည်း သွားနိုင်တယ်ပေါ့လေ။ ကျနော်မှန်းထားတာက လုပ်ငန်းရှင်တွေကလည်း သူ့ပစ္စည်းတွေကို ဘယ်နေ့ ဘယ်ရက်မှာ သင်္ဘောထွက်နေတယ် သင်္ဘောလိုင်းက အမြဲတမ်း ရှိတယ်ဆိုလို့ရှိရင် ပစ္စည်းလေးတစ်ခု ပို့ချင်ရင်တောင်မှ ဒီဟာက အဲသင်္ဘောနဲ့ တင်လို့ရတယ်။ အခုလက်ရှိအချိန်မှာ ကျနော်တို့က တစ်ဖက်နိုင်ငံမှာရှိတဲ့ Border Trade လုပ်ငန်းရှင်တွေနဲ့ ကျနော်တို့ဆီမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့ ကုမ္ပဏီတွေနဲ့ပဲ တိုက်ရိုက် သွားကြတာများတယ်။ ကျနော်တို့ဆီမှာ သူတို့လိုအပ်ချက်ကို မှာတယ်။ ကျနော်တို့က ပို့ပေးတယ်။ ရောင်းတယ်ပေါ့လေ အဲဒီ အခြေအနေနဲ့ပဲ သွားတဲ့အခြေအနေကနေပြီးတော့ လူတိုင်း လွယ်လွယ်ကူကူ လုပ်နိုင်တဲ့အဆင့်ကိုရောက်အောင် ကျနော်တို့က ကြိုးပမ်းနေရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သည်များနှင့် ရခိုင်ပြည်နယ်ရှိ ကုန်သည်များ ယခုတွေ့ဆုံမှုသည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည့်အတွက် ဆွေးနွေးခဲ့ကြသည့် ကိစ္စရပ်များ၏ အကျိုးသက်ရောက်မှုများကို လုပ်ငန်းအကောင် အထည်ပေါ်လာမည့်အချိန်မှသာ သိရှိရမည်ဖြစ်သောကြောင့် စောင့်ကြည့်ရမည်ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ရခိုင်ကုန်သည်များနှင့် ဘင်္ဂလားဒေ့ရှ်ကုန်သည်များသည် ယခုတွေ့ဆုံမှုတွင် တိုက်ရိုက်တွေ့ဆုံခွင့်ရရှိသွားခြင်း ကြောင့် နှစ်ဖက်ကုန်သည်များအနေဖြင့် အဆက်အသွယ်များ ပိုမိုရရှိလာကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1124
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀
ရခိုင်ပြည်နယ်ရှိ တောင်သူများသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တိုက်ပွဲအခြေအနေနှင့်ကိုဗစ်ကပ်ရောဂါ တို့ကြောင့် စိုက်ပျိုးစရိတ် ချေးငွေမဆပ်နိုင်သည့်အတွက် ယခုနှစ် မိုးစပါး စိုက်ပျိုးရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေမရရှိကြောင်း ရခိုင်တောင်သူလယ်သမားများက CNI သတင်းဌာနသို့ ပြောသည်။
ချေးငွေမဆပ်နိုင်သည့် တောင်သူလယ်သမားမှာ ၈၅ ရာခိုင်နှုန်းခန့်ဖြစ်သည့်အတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးမှုမှာ ပြီးခဲ့သည့်နှစ်များထက် နည်းပါးနိုင်ကြောင်း ရခိုင်တောင်သူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်မြက CNI သတင်း ဌာနသို့ ပြောသည်။
ဦးအောင်ကျော်မြက “တော်တော်အခက်အခဲရှိပါတယ်။ ဒီနှစ်တော့ ကျနော်တို့ ရခိုင်ဒေသအတွက် တော်တော် စိန်ခေါ်မှုကြီးကြီးပဲ။ အခက်အခဲတွေ အများကြီး ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးစရိတ် ချေးငွေက မရတာတစ်ပိုင်း၊ နောက်ပြီးတော့ ဓာတ်မြေဩဇာက တော်တော် ဈေးကြီးတယ်။နောက်ပြီးတော့ ယူရီးယားဆိုရင် လည်းပဲ သုံးသောင်းလောက်ပဲရှိတဲ့ ဓာတ်မြေဩဇာတစ်အိတ်ကို အခုဆိုရင် တစ်သိန်းနဲ့တစ်သောင်းလောက် ရှိတယ်။ နောက်ပြီးတော့ ဓာတ်မြေဩဇာကို ရခိုင်ပြည်ဘက်ကို ကားနဲ့သယ်လို့ မရဘူးလေ။ ကားနဲ့ သယ်ခွင့် မရှိဘူး။ ကျနော်တို့လည်း ဘယ်လိုမှ နားမလည်ဘူး။ ဒီ အမ်းဂိတ်ကို ဖြတ်လာလို့ ဓာတ်မြေဩဇာက မရဘူး။ အဲဒီတော့ ကျနော်တို့ ရခိုင်တောင်သူလယ်သမားတွေဟာ ဘဏ်ရှိပေမယ့်လည်း စိုက်ပျိုးရေးစရိတ် ချေးငွေ မရဘူး။ ဒီဇယ်ဆီဆိုရင်လည်း အရင်က နှစ်သိန်းကျော် သုံးသိန်းလောက်ပဲရှိတာ၊ အခု ခြောက်သိန်းနဲ့ ငါးသောင်း လောက် ရှိတယ်။ လယ်သမားသွင်းအားစုကတော့ သုံးဆလောက် ပိုလို့တက်နေတယ်။ အဲဒီအထဲမှာ စိုက်ပျိုးရေး စရိတ်ချေးငွေကလည်း မရဘူး” ဟု ပြောသည်။
စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တောင်သူလယ်သမားတစ်ဦးလျှင် တစ်ဧကကို ကျပ်ငွေတစ်သိန်းခွဲပေးပြီး ၁၀ ဧက နှင့် ၁၀ ဧကအောက် လျော့နည်းသည့် တောင်သူများကိုသာ စိုက်ပျိုးစရိတ်ချေးငွေပေးကြောင်းနှင့် ၁၀ ဧက ကျော် ရှိသည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေမပေးကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် လယ်ဧက ၁၀ ဧက ထက်ပိုသည့် တောင်သူများမှာ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ စိုက်ပျိုးစရိတ် ချေးငွေအား အကျေမဆပ်နိုင်ပါက ထပ်မံ၍ ချေးငွေမပေးဟုဆိုကာ ဖိအားပေးမှုများရှိကြောင်း ရခိုင်ပြည်နယ်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်တောင်သူများသည် စိုက်ပျိုးစရိတ်ချေးငွေမရရှိသည့်အပြင် သွင်းအားစုစရိတ်နှင့်စက်သုံးဆီဈေးတို့ အဆမတန် မြင့်တက်နေမှုများနှင့်ရင်ဆိုင်နေရသော်လည်း မိုးစပါးစိုက်ပျိုးမှုကို အရှုံးခံပြီး စိုက်ပျိုးကြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဥက္ကဋ္ဌ ဦးကျော်ဇံက “သူတို့က အကျိုးအမြတ်ဆိုတဲ့ အနေအထားထက် သူတို့ရဲ့ သမားရိုးကျလုပ်ငန်းတစ်ခုကို လုပ်နေတဲ့ အနေအထားပေါ့။ လုပ်ရရင်ပြီးပြီဆိုတဲ့ အနေအထားပေါ့။ တောင်သူတွေက ၉၀ ရာခိုင်နှုန်းလောက် အဲဒီအကျိုးအမြတ်ပေါ်မှာ ကြည့်တတ်တဲ့ အနေအထားမရှိဘူး။ သူတို့က ပုံမှန်လုပ်နေကျ အလုပ်တစ်ခုကို မလုပ်မဖြစ်လုပ်ရမယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရတယ်။ တောင်သူတွေကတော့ စိုက်ပျိုးစရိတ်ချေးငွေတို့၊ ဌာနပိုင်းဆိုင်ရာတွေရဲ့ အထောက်အပံ့တို့ သူတို့သိပ်ပြီးတော့ တကူးတကကြီး တောင်းဆိုမယ့်အနေအထားမျိုး မတွေ့ရသေးဘူး။ အဲဒီလို အလေ့အထလည်းမရှိကြဘူး။ သူတို့ပေးရင်ယူတယ်၊ မပေးရင် မယူဘူး။ အခု စိုက်ပျိုး စရိတ် ချေးငွေကလည်း သူတို့မဆပ်နိုင်တဲ့အနေအထားမို့ မဆပ်ကြတာ” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးစပါးအထွက်နှုန်းနည်းပါက အခြေခံစားသုံးကြသည့် လက်လုပ်၊ လက်စားသမား များနှင့် ကုန်စည်ပွဲစားတို့အတွက် အခက်အခဲရှိလာနိုင်သည့်အပြင် ပြည်တွင်းရိက္ခာကိုပါ ထိခိုက်လာနိုင်ကြောင်း ရခိုင်တောင်သူများက သုံးသပ်သည်။
ရခိုင်ပြည်နယ်တွင် စပါးစိုက်ဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး စိုက်ပျိုးရေမရရှိသဖြင့် မိုးစပါးတစ်ခုတည်းသာ အဓိက အားထား စိုက်ပျိုးနေရခြင်းဖြစ်ကာ ယခုနှစ်တွင် ၇၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးကြမည်ဟု ခန့်မှန်းထားသော် လည်း ဓာတ်မြေဩဇာ အပြည့်အဝ အသုံးမပြုနိုင်သဖြင့် အထွက်နှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့်ပဲ ရှိနိုင်ကြောင်း ခန့်မှန်း ထားကြသည်။
ထို့အပြင် စက်သုံးဆီဈေးမြင့်တက်နေမှုများကြောင့် ထွန်စက်များဖြင့် ကျွဲ၊ နွားတို့အသုံးပြုကာ ထွန်ယက် စိုက်ပျိုး ခြင်းများလည်း အနည်းငယ်တွေ့လာရကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1379
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈
လက်ရှိတွင် ပြည်တွင်းဈေးကွက်၌ ကြက်သွန်တစ်ပိဿာအား ကျပ်ငွေ ၂၀၀၀(နှစ်ထောင်) ဝန်းကျင်မှ ၂၀၀၀ ကျော်(နှစ်ထောင်ကျော်)အထိ ဈေးနှုန်းများမြင့်တက်နေသော်လည်း တောင်သူများအတွက် ရရှိသည့် အမြတ်မှာ နည်းကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။
လက်ရှိတွင် တောင်သူများထံမှ ရောင်းဈေးမှာ ကြက်သွန်တစ်ပိဿာကို ၁၅၀၀ ကျပ်ရှိသော်လည်း အမြတ် ရရှိသည့်ငွေမှာ အလွန်နည်းကြောင်း ကြက်သွန်စိုက်တောင်သူ ဦးကိုကိုလေးက CNI သတင်းဌာနသို့ပြောသည်။
“ကြက်သွန်တစ်ပိဿာရဲ့ အခြေခံကုန်ကျစရိတ်ကိုက ၇၀၀ လောက်ကျတယ်။ ပြီးခဲ့တဲ့ ဧပြီလလောက်က စပေါ်တာဆိုတော့ ကြက်သွန် ၃၅ ပိဿာမှာ ၆ လပိုင်းထဲမှာချိန်တယ်ဆိုရင် ၂၉ ပိဿာပဲကျန်တော့တယ်။ ၆ ပိဿာက အရည်ဖြစ်ပြီး ခြောက်သွားတဲ့အတွက် လျော့သွားပြီဆိုတော့ သူတို့အတွက် တစ်ပိဿာကို ဟိုတုန်းကရောင်းတဲ့ဈေးနဲ့ အခုလက်ရှိ ၁၅၀၀ ဈေးနဲ့ဆို တစ်ပိဿာကို ၂၀၀ လောက်ပဲပိုရနေသေးတယ်။ ကျနော်တို့က တောင်သူဆိုတော့ ရွာကနေပြီးတော့ မြို့ပေါ်သယ်ရတဲ့ ကားခရှိမယ်။ ရွာအဝယ်တော်ဆိုပြီး တောင်သူတွေထဲကနေမှ ကြက်သွန်ကောင်းမကောင်း ကြည့်တတ်တဲ့ အဝယ်တော်ကိုလည်း ပွဲခပေးရတယ်။ ပြီးရင် ဒီကြက်သွန် အိတ်ခွံဈေးကလည်း ဟိုဘက်နှစ်တွေတုန်းက တစ်လုံးကို ၂၅၀ ပဲပေးရတာ။ အခု ကြက်သွန်အိတ်ဆို တစ်လုံး ၄၀၀ လောက်ပေးရတယ်။ ပြီးတော့ ဒီကြက်သွန်အိတ်ခွံကလည်း တစ်ခါပဲ သုံးလို့ရတာ။ နောက်တစ်ခါ ထပ်သုံးမယ်ဆိုရင် နှစ်လုံးထပ်ပြီးမှပဲ သုံးလို့ရတာ။ နှစ်ကြိမ်လောက်ပဲ သုံးရပြီးရင် သူက သုံးမရတော့ဘူး။ အဲဒီအပေါ်မှာလည်း ကြက်သွန်တစ်အိတ်မှ ၃၅ ပိဿာပဲ ဆန့်တာကိုး။ ရွာကနေပြီးတော့ မြို့ပေါ်ကို သယ်လို့ရှိရင် ထော်လာဂျီခက တစ်ပိဿာကို ၁၅ ကျပ်ပဲပေးရတာ။ အခုကျတော့ တစ်ပိဿာကို ၄၀ ပေးနေရတယ်” ဟု ပြောသည်။
ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ် နွေကြက်သွန်အား ဧက လျှော့စိုက်ခဲ့ကြသည့်အပြင် ဧပြီလက မိုးရွာ သွန်းမှုတို့ကြောင့် ပျက်စီးသွားသည့် ကြက်သွန်များရှိသဖြင့် အထွက်နှုန်းနည်းပါးခြင်းဖြစ်ကြောင်း သိရသည်။
ကြက်သွန်စိုက် တောင်သူများနှင့် ကုန်သည်များသည် ပြီးခဲ့သည့်နှစ်က သွင်းအားစုနှင့် စက်သုံးဆီဈေးတို့ အဆ မတန် မြင့်တက်မှုတို့အပါအဝင် ပြည်ပမှ ဝယ်လိုအားနည်းသဖြင့် အရှုံးပေါ်ခဲ့ကြသည့်အတွက် ယခုနှစ်တွင် နွေ ကြက်သွန်အား ဧကလျော့ပေါ့ကာ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။
ပြည်တွင်း ကြက်သွန်ဈေးကွက်သည် နယ်မြေဒေသပေါ်မူတည်ကာ တစ်ပိဿာလျှင် ၁၆၀၀ မှ ၂၀၀၀ ကျပ် ဝန်းကျင်သို့ ရောက်ရှိနေကာ ပွဲရုံနှင့်ကုန်သည်တို့သည် ကြက်သွန်စိုက်တောင်သူများထံမှ ဝယ်လိုအားများနေ ကြောင်း သိရသည်။
ထိုသို့ ဝယ်လိုအားများနေသော်လည်း တောင်သူများက မိမိတို့ထွက်ရှိထားသည့် ကြက်သွန်အကုန်လုံးကို ရောင်းချ ခြင်းမပြုသဖြင့် ပွဲရုံနှင့် ကုန်သည်များမှ လိုချင်သလောက်ဝယ်၍မရသောကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
ကြက်သွန်ကုန်သည်တစ်ဦးက “တောင်သူကလည်း အရင်က ၁၀၀၀ ရတဲ့သူက ၅၀၀ ရောင်းပြီးသွားပြီဆိုတော့ လိုတဲ့အချိန်လေးမှာပဲပေါ့ ကြက်သွန် ၁၀၀ သွားရောင်းလိုက်၊ ဆန်လိုရင် ဆန်၊ ဆီ၊ ဆား ဝယ်လိုက်ပေါ့နော်။ အဲဒီလိုဝယ်လာရတာဆိုတော့ သူတို့ရဲ့လိုအပ်ချက်သလောက်လေးပဲရောင်းတာ။
ဘယ်ဈေးပဲဖြစ်ဖြစ် တောင်သူ များများက ကိုယ့်အိမ်ရဲ့မိသားစု လိုအပ်ချက်လောက်ကလေးပဲရောင်းတာ။ ၂၀၀၀ ဈေးဖြစ်လည်း အကုန်လုံး မရောင်းဘူး။ ၃၀၀၀ ဈေးဖြစ်သွားလည်း အကုန်လုံးမရောင်းဘူး။ စားသုံးသူတွေအနေနဲ့ကျတော့လည်း တက်လာ တာကို မကြိုက်ဘူးပေါ့” ဟု ပြောသည်။
ကြက်သွန်စိုက်တောင်သူများသည် နွေကြက်သွန်ရောင်းချခြင်းအား နိုဝင်ဘာလအထိ ရောင်းချကြခြင်းဖြစ်သည့် အတွက် ယခုနှစ်တွင် အထွက်နှုန်းနည်းသောကြောင့် ကုန်သည်နှင့်ပွဲရုံများအား လိုသလောက် မရောင်းချပေးနိုင် ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မိုးကြက်သွန်စိုက်ပျိုးရန်အတွက် တောင်သူများ ပြင်ဆင်ဆောင်ရွက်နေမှုများရှိကာ ယခုနှစ် မိုး ကြက်သွန်စိုက်ပျိုးမှုတွင် ဧကအများအပြား စိုက်ပျိုးလာနိုင်ကြောင်းနှင့် အထွက်နှုန်းများနိုင်ကြောင်း တောင်သူနှင့် ကုန်သည်တို့က သုံးသပ်ကြသည်။
ကြက်သွန်များအား ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှုနည်းကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 897
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈
ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလှမ်းများ ရှားပါးနေခြင်းကြောင့် ပြည်ပသို့ ထွက်ခွာ၍ အလုပ် သွားရောက်လုပ်ကိုင်သူများမှာ ယခုနှစ် သင်္ကြန်ကာလနောက်ပိုင်း ပိုမိုများပြား လာနေကြောင်း သိရသည်။
ပြည်ပသို့ ထွက်ခွာမည့် သူများတွင် လူငယ်များ အများဆုံး ပါဝင်နေကြောင်း၊ အသက်မပြည့်သေးသည့် သူများလည်း သွား ရောက်ရန် ကြိုးပမ်းနေမှုများရှိကြောင်း ရခိုင်ပြည်နယ်မှ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “သင်္ကြန်ပြီးတာနဲ့ သူတို့က တော်တော်များများ (မှတ်ပုံတင်) လာလုပ်ကြတယ်။ နောက်ပြီး ကျနော်တို့ ဝန်ကြီးဌာနရဲ့ ပန်းခင်းစီမံချက်အရ သူတို့မှတ်ပုံတင်တွေ အကုန်လုံး လုပ်ပေးတာလေ တစ်ရွာပြီးတစ်ရွာ။ အဲဆို သူတို့က မှတ်ပုံတင် ရတာနဲ့ တစ်ခါတည်း ထွက်ကြတာပေါ့နော်။ နောက်ပြီး သူတို့က ဘယ်လိုပြဿနာ တက်လဲဆိုရင် ၁၈ နှစ်ပြည့်မှ အလုပ်ရမှာကို နိုင်ငံ ခြားမှာ၊ ပတ်စ်ပို့ လျှောက်ရင်လည်း လွယ်လွယ်ကူကူ ရမှာလေ။ ဒါပေမယ့် အသက်မပြည့်တဲ့ သူတို့က လာပြီး လုပ်ကြတာ တွေ ရှိတယ်။ ၁၈ နှစ်ပြည့် လုပ်ပေးပါ။ ဒါပေမယ့် ကျနော်တို့က အဲလို ထုတ်ပေးလို့မှ မရတာကိုး။ အသက်မပြည့်ဘဲ အလုပ် လုပ်ရင် အရေးယူ ခံရမယ်လေ။ အဲဒါမျိုးတွေ ကြုံရတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ ပြည်ပသို့ ထွက်ခွာပြီး သွားရောက် အလုပ်လုပ်ကိုင်ကြသူ အများစုသည် လူလတ်ပိုင်း လူငယ်များဖြစ် ကြောင်း၊ ထိုအထဲမှာ အမျိုးသမီးများ ပိုများကြောင်း သိရသည်။
ထို့နောက် အသက်အရွယ်အားဖြင့်ဆိုပါက အသက် ပြည့်သူများနှင့် ၃၅ နှစ်အတွင်းရှိသူများ ဖြစ်ကြောင်း၊ ခေတ်ပညာတတ် လူငယ်များစွာ ပါဝင်နေကြောင်း သိရသည်။
ရခိုင်အမျိုးသားကွန်ရက်မှဥက္ကဋ္ဌ ဦးတင်ထူးအောင်က “ရခိုင်က ဘယ်လိုဖြစ်နေလဲဆိုတော့ လူသားအရင်းအမြစ် ဆုံးရှုံးတယ်။ လူတွေရဲ့ လုပ်အားတွေ၊ လူတွေရဲ့ အတွေးအခေါ်တွေ၊ စွန့်ဦးတီထွင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူငယ်တွေ အဲဒါတွေ ဆုံးရှုံးတာပေါ့နော်။ လူသားအရင်းအမြစ် ဆုံးရှုံးနေတာကို အအဖတ်ဆယ်ဖို့ဆိုရင် ရခိုင်မှာရှိတဲ့ စွမ်းဆောင်နိုင်တဲ့ သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ရခိုင်မှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်လောက်တဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ လိုအပ် တာပေါ့။ ဒီလို စတင် ဆောင်ရွက်တဲ့အခါ အခက်အခဲက ကြုံလာရမှာကတော့ စီးပွားရေး လုပ်ငန်းလုပ်ဖို့အတွက် အခက်အခဲ ရှိ တာတွေ၊ ဆောက်လုပ်ရေးအတွက် ဆောက်လုပ်ရေး အခွင့်အလမ်းတွေကို တင်ဒါ ခေါ်ယူဖို့အတွက် နီးစပ်ရာတွေကို လာဘ် ထိုး ရမယ့် ကိစ္စတွေ၊ တရားမျှတမှု မရှိတဲ့ ကိစ္စတွေ ပပျောက်ဖို့အတွက် အများကြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေ ပပျောက်ဖို့အတွက် အဓိက လုပ်ပေးနိုင်တာကတော့ လက်ရှိ ရခိုင်ပြည်နယ် အစိုးရမှာ အများကြီး တာဝန်ရှိတာပေါ့။ အဲတော့ ကျနော်တို့အနေနဲ့ ဒီဟာတွေကို လူသားအရင်းအမြစ်တွေ ဆုံးရှုံးတယ်။ ဆုံးရှုံးနေတာကို ပြန်လာဖို့အတွက် စီးပွားရေးသမား တွေ ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းတွေကို အများကြီး အားပေး ဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ မြင်တာပေါ့ နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခင်က ရခိုင်ပြည်နယ်မှ လူငယ်များသည် ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသော်လည်း လက်ရှိတွင် စက်ရုံများ၌ လုပ်သားအင်အား လျှော့ချမှု၊ စက်ရုံများ ပိတ်သိမ်းသွားမှုများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာ ၍ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် ကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှ ဒေသခံများသည် ထိုင်း၊ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် ဒူဘိုင်း(ယူအေအီးနိုင်ငံ)သို့ သွားရောက် အလုပ်လုပ်ကိုင်သူ များလာကြောင်း သိရ သည်။
ဦးတင်ထူးအောင်က “ရွှေ့ပြောင်း လုပ်သားတွေကို အလုပ်အကိုင် အခွင့်အလမ်းနဲ့ အခွင့်အရေးတွေ မဖန်တီး ပေးနိုင်ရင် တောင် ရွှေ့ပြောင်းလုပ်သားတွေ ကျွမ်းကျင်လုပ်သား ဖြစ်ဖို့အတွက်ကိုပေါ့နော်၊ ရခိုင်ပြည်နယ်မှာ ပြည်နယ်အစိုးရ အနေနဲ့ လည်းကောင်း၊ နောက်ပြီးတော့ စွမ်းဆောင်နိုင်တဲ့ လူပုဂ္ဂိုလ်တွေ အနေနဲ့သော်လည်းကောင်း၊ ကျွမ်းကျင်လုပ်သား ဖြစ်ဖို့ အတွက်ကိုပေါ့နော်၊ သင်တန်းတွေ ဘာတွေ ပေးသင့်တယ်ပေါ့နော်။ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို သူတို့ ပြည်ပ ထွက်ခွာသွားတဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံတွေကို ရောက်တဲ့အခါမှာ အလုပ်အကိုင် အခွင့်အလမ်း ကောင်းကောင်းရမယ်၊ လစာ ကောင်းကောင်းရမယ်။ အဲတော့ မိသားစုတွေကို ပြန်ပြီး ထောက်ပံ့နိုင်မယ်။ မိသားစုကို ပြန်ပြီးထောက်ပံ့နိုင်တော့ ငွေလည်ပတ် စီးဆင်းမှု တစ်ခု ဖြစ်မယ်။ ငွေလည်ပတ်မှု တစ်ခုဖြစ်ရင် ရခိုင်ရဲ့ စီးပွားရေးဘဝတွေက အတိုင်းအတာတစ်ခု အထိ မြင့်လာနိုင်တယ်။ ဒါက လက်ရှိ အခြေအနေမှာ ဖန်တီးနိုင်တဲ့ အကြောင်းတရားတွေပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်မှ လူငယ်များသည် ပြည်ပသို့ ထွက်ခွာရာတွင် တရားဝင် လမ်းကြောင်းမှ သွားရောက်သူများ ရှိသကဲ့သို့ တရား မဝင် လမ်းကြောင်းမှ အလုပ်လုပ်ကိုင်ရန် သွားရောက်နေကြသူများရှိကြောင်း၊ တရားဝင်လမ်းကြောင်းထက် တရားမဝင် လမ်း ကြောင်းကနေ သွားရောက်သူ ပိုမိုများပြားကြောင်း၊ လူဦးရေအားဖြင့် ထောင်ကဏန်းအထိ ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 725
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားမှုနှင့်အတူ ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများ ရပ်တန့်လုနီးပါးဖြစ်ပွားခဲ့ပြီး ပိတ်ထားခဲ့ရသော်လည်း လက်ရှိတွင် ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်ခွဲများစွာ ပြန်လည်ပတ်ကာ ဖွင့်လှစ်လာပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားသည့်အချိန်တွင် ဘဏ်ဝန်ထမ်းများ CDM လုပ်ဆောင်ခြင်း၊ အလုပ်ရပ်နားသွားခြင်းနှင့် ဘဏ်သုံးစွဲသူ ပြည်သူများမှ ငွေထုတ်ယူမှု များပြားခြင်းတို့ကြောင့် ဘဏ်လုပ်ငန်းများလည်ပတ်ရန် အခက်အခဲရှိခဲ့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံရှိ ဘဏ်ခွဲများစွာ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ကြောင်း ဘဏ်တစ်ခု၏ အကြီးတန်းအရာရှိတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“တစ်ဘဏ်နဲ့ တစ်ဘဏ် မတူဘူး။ ကျနော်တို့ဘဏ်တွေကျရင်တော့ အဲဒါတွေ (CDM) ကလည်း နည်းသွားပြီလေ။ ပထမပိုင်းတော့ လူငယ်တွေတော့ ပါတာပေါ့ဗျာ။ အခုကတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေကြပြီ။ ဘဏ်ဆိုတာက ကြားမှာနေတာလေ။ ဘဏ်ဝန်ထမ်းတွေက ဘက်လိုက်လို့ မရဘူး။ ဘယ်သူ့ကိုမဆို ငွေဖြူဆိုလို့ရှိရင် လက်ခံတာ ချည်းပဲလေ။ အဲတော့ ကျနော်တို့ဘဏ်တွေအနေနဲ့ကတော့ ဘက်မလိုက်တဲ့ဝါဒကို ကျင့်သုံးတာများတော့ ရုံးတက် တဲ့သူတွေ များပါတယ်။ ဘဏ်တွေတော်တော်များများလည်း ဖွင့်လာပါပြီ” ဟု ပြောသည်။
လက်ရှိတွင် ဘဏ်ဝန်ထမ်း အများအပြား လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ခြင်းကြောင့် ဘဏ်ခွဲ အားလုံးဖွင့်လှစ်ရန်အတွက် ဝန်ထမ်းအင်အား လုံလောက်စွာမရှိခြင်း၊ ဝန်ထမ်းခန့်ထားရန် အခက်အခဲရှိနေခြင်း စသည့် ပြဿနာများသည် တချို့သော ဘဏ်အနည်းငယ်တွင် ရှိနိုင်သည်ဟု သိရသည်။
ဘဏ်များတွင် ငွေထုတ်ယူရာ၌ အကန့်အသတ်ဖြင့် တစ်ပတ်လျှင် ၃ သိန်းမှ ၅ သိန်းအထိ လတ်တလောတွင် ထုတ်ယူခွင့်ပြုထားသော်လည်း လာမည့်အချိန်ကာလအတိုင်းအတာတစ်ခုတွင် ငွေများကို အကန့်အသတ်မရှိ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တချို့သော ဒေသများတွင် ဘဏ်ခွဲအားလုံး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်းနှင့် ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိက ဆောင်ရွက်ပေးနေပြီဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုကို တွေ့ရစဉ်(ဓါတ်ပုံ-CNI)
“လောလောဆယ် ကျနော်တို့ အနီးပတ်ဝန်းကျင်ပေါ့နော် ပုသိမ်ရယ်၊ ပုသိမ်ပတ်ဝန်းကျင်မြို့ရယ် ပြန်ဖွင့်ပါတယ်။ ဘဏ်ခွဲအကုန်ပြန်ဖွင့်ပါတယ်။ အဓိက ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုကို အဓိကလုပ်နေကြတာပေါ့။ သူတို့ အရင်တုန်းက ပိတ်တာက ဝန်ထမ်းကြောင့် ပိတ်တာမျိုး မဟုတ်ဘူးဗျ။ ကာစတန်မာတွေအနေနဲ့ ငွေထုတ်ကြတာ များတယ်၊ နောက်ပြီး သူတို့ကလည်း ငွေကြေးနဲ့ပတ်သက်ပြီး အများကြီး ဖြေရှင်းမပေးနိုင်ဘူးလေ။ အဲဒါကြောင့် ဘဏ်ခွဲတော်တော်များများ ဆိုပါစို့ ဘဏ်ခွဲ ၄ ခု ရှိလို့ရှိရင် ၃ ခုလောက် ပိတ်ထားတယ်။ တစ်ခုနဲ့ပဲ run တယ်၊ ၂ ခုနဲ့ပဲ run တယ်။ ကျန်တဲ့နှစ်ခုကတော့ ပိတ်ထားတယ် စသဖြင့်။ အခုကတော့ ဘဏ်ခွဲတွေ အကုန်ပြန်ဖွင့်ပါပြီ” ဟု ပြောသည်။
ဒါ့အပြင် လက်ရှိတွင် ဘဏ်လုပ်ငန်းများ ပြန်လည်ပတ်လာပြီဖြစ်သောကြောင့် ငွေသားအခက်အခဲ ပြေလည်နေပြီ ဖြစ်သည့်အပြင် ငွေသားအသုံးပြုစရာမလိုသည့် ငွေပေးချေမှုများသည်လည်း အသုံးပြုမှု များပြားနေခြင်းကြောင့် ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဘဏ်အကြီးတန်းအရာရှိတစ်ဦးက CNI သို့ ပြော သည်။
“ငွေသားကို အခြေခံ သုံးနေတာ။ တကယ့် တကယ်ကျရင် ကဒ်စနစ်က အားကြီး အဆင်ပြေသွားပြီ။ ရှော့ပင်းမော တွေဆိုရင် ကဒ်တွေနဲ့ အဆင်ပြေတယ်လေ။ နောက် အင်တာနက်သုံးတာတွေ ရှိတယ်။ CB Pay တွေ ရှိတယ်။ K Pay တွေ ရှိတယ်လေ။ အဲဒီအတွက်လည်း လူတွေက သတိမထားမိလို့ပါ။ အဲဒီအတွက်လည်း သိပ်ထိခိုက်တာ မရှိဘူး။ အဲတော့ အဲဒီဘက်မှာလည်း ကဒ်စနစ်နဲ့ ငွေသားမပါတဲ့ ကဒ်စနစ်ကလည်း အဆင်ပြေသလို အခု ငွေသား ပါတဲ့ စနစ်ကလည်း ဘဏ်တွေအကုန်လုံး တိုးဖွင့်လာကြတာရှိတော့ အပေါင်းလက္ခဏာဆောင်တယ်လို့တော့ လုံးဝပြောလို့ရပါတယ်” ဟု ပြောသည်။
ဘဏ်များ ပြန်လည်ဖွင့်လှစ်လာပြီး ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းများ ရရှိနေပြီဖြစ်သော်လည်း ATM စက်များ ပုံမှန်လည်ပတ်မှုသည် ရန်ကုန်မြို့နှင့် မြို့ကြီးတချို့တွင်သာ ရရှိနေပြီး တချို့သော မြို့များတွင် အသုံးပြုနိုင်ခြင်း မရှိသေးပေ။
ATM စက်များသည် ဝန်ထမ်းအင်အား အနည်းငယ်သာ အသုံးပြုရသည့် အသေးစားဘဏ်လုပ်ငန်းတစ်ခုဖြစ်ခြင်း ကြောင့် ယင်းလုပ်ငန်းကို အပြည့်အဝ ပြန်လည်ပတ်ရန် ပိုမိုဆောင်ရွက်နေကြောင်း ဘဏ်လုပ်ငန်းများထံမှ သိရ သည်။

- By CNI
- Category: စီးပွားရေး
- Hits: 799
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆
လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိုဒေသမှ ပြည်သူလူထုများသည် ဖားကန့်ဒေသသို့ အများအပြား ရွှေ့ပြောင်းလာကြကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားမှု မရှိသည့်အတွက် ရေမဆေးသမားများနှင့် တိုက်ပွဲရှောင်များ အနေဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း ဖားကန့်ဒေသခံ တစ်ဦးဖြစ်သူ ကိုထွန်း (အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုက်ပွဲဆိုတာလည်း တိုက်ပွဲအတုပါကွာ၊ ဆိုလိုတာက ဟိုတစ်လောလေးက မိုးရွာရွာလေးမှာ နည်းနည်းဖြစ်လိုက် တယ်၊ အဲဒါလောက်ပဲ အဲဒါလည်း တကယ့်တိုက်ပွဲကြီး မဟုတ်ဘူး။ သူတို့ စစ်သားက တက်လာတယ် ချောင်းပစ်တော့ ဟိုက ပြန်ပစ်တယ်၊ အဲဒါလောက်ပဲ ဒါလောက် ကလေးရှိတာပါပဲ။ တိုက်ပွဲ ကြီးကြီးမားမား တစ်ခုမှ မရှိဘူး။ ဒါကြောင့်မို့ အောက်ပြည် အောက်ရွာကနေ တန့်ဆည်တို့တွေ ပျက်ပြီ၊ဒီပဲယင်းတို့ ပျက်ပြီ၊ ရေဦး၊ ရွှေဘို ဘက်ကဟာကအစ တို့ဘက်၊ ဖားကန့် ဘက်ကို လိမ့်ဝင်နေကြတာ ဖားကန့်က ငြိမ်းချမ်းတယ်၊ အေးချမ်းတယ်ဆိုတော့ အောက်ပြည်အောက်ရွာက ဝင်နေကြတာပဲ။ အများကြီး ဒီဖားကန့်ထဲမှာ ရှိတယ်။ အများကြီးပဲလေ။ ရေမဆေးတွေလည်း အများကြီး၊ စစ်ဘေးရှောင်တဲ့ အနေနဲ့ ပြေးလာကြတဲ့ဟာတွေ၊ အများကြီးပဲ ဒီဖားကန့် မှော်ထဲမှာတော့ မရေမတွက်နိုင်အောင်ကို ရှိတယ်” ဟု ပြောသည်။
ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
လတ်တလော ဖားကန့်ဒေသဘက်သို့ ရွှေ့ပြောင်းလာသူများမှာ ရေဦးနှင့် ရွှေဘို ဒေသများမှ အများဆုံးဖြစ်ကြောင်း၊ လူဦးရေ မည်မျှ ရွှေ့ပြောင်း ဝင်ရောက်လာသည်ကိုတော့ အတိအကျ မသိကြောင်း၊ သို့သော် ရွှေ့ပြောင်း ဝင်ရောက်မှု အများအပြားတော့ ရှိနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း၊ သို့သော်လည်း လုပ်ငန်းကိုင်ငန်း အဆင်မပြေမှုများ ကြုံတွေ့ရကြောင်း ဖားကန့်ရွှေ့ပြောင်း အလုပ်သမားဖြစ်သူ ဒေါ် မိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်တာ အကြီးအကျယ်ကြီးတော့ မရှိပါဘူး။ အရင်တုန်းက မနှစ်တုန်းကတော့ နည်းနည်း ဖြစ်လိုက်တယ်၊ အခုကတော့ အဲဒီလိုမျိုး အကြီးအကျယ် ဖြစ်တာတော့ မရှိပါဘူး။ လုပ်စားကိုင်စားရတာ နေရာအနှံ့အပြား လိုပါပဲ။ ကျမတို့ ရွာဖက် ရေဦး၊ တန့်ဆည်ဖက်တွေမှာလည်း အဲဒီလိုပဲ ဒီနှစ်က ခါတိုင်းနှစ်နဲ့ မတူဘူး။ လုပ်စားကိုင်စား သွားရလာရကြပ် တယ်။ လုပ်စားကိုင်စား ကြပ်တယ်။ ကျမတို့နားမှာက ပြောင်းလာတဲ့ဟာ သိပ်မတွေ့ဘူးရော။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ လည်း ရွာထဲ မဟုတ်တဲ့ အခါကြတော့ မြေစာပုံမှာ ဆိုတော့လေ။ အနည်းစု လောက်ပဲ ရှိတယ်လေ၊ အများစုကတော့ ရွာထဲ တွေ မြို့နားတွေက များတယ်လေ။ မြို့ထဲတွေ ရွာထဲတွေက များတယ်၊ ကျမတို့ မြေစာပုံမှာက လမ်းဘေးနားမှာတွေက သိပ် မရှိဘူး။ နည်းနည်းပဲရှိတယ်၊ ဘယ်လိုပြောမလဲ၊ အောက်ခြေ လူတန်းစားတွေ ဆိုတော့လေ။ ကိုယ်က နေစရာမရှိလို့ နေရတဲ့ အခြေအနေမျိုးတွေ ဆိုတော့ အဲလိုမျိုးပဲဆိုတော့ နည်းနည်းပါးပါးပဲ သိပ်မများဘူး။ ၂၀၊ ၃၀ အဲဒီလောက် တစ်စုတစ်စု နေကြတယ်” ဟု ပြောသည်။
ဖားကန့်ကျောက်စိမ်း လုပ်ကွက်များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တပ်မတော်၏ ခွင့်ပြုချက်ရမှသာ တူးဖော်၍ရကြောင်း၊ ထိုအဖွဲ့အစည်း များသည်လည်း ရှယ်ယာပါ၍ တူးဖော်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ရပ်နားထားရန် ညွှန်ကြားထား သော်လည်း ဆက်လက် တူးဖော်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
မိုးရာသီ ဝင်ရောက်လာသော်လည်း ကျောက်စိမ်း တူးဖော်မှုများ ရှိနေကြောင်း၊ မြေဈေးကွက် တစ်ပေပတ်လည်ကို ၃ သိန်း ခန့် ဈေးပေါက်နေကြောင်း ဖားကန့်ဒေသခံ တစ်ဦးဖြစ်သူ ကိုထွန်း (အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တို့ဘက်ကဆိုရင် ကတေမှော်တို့၊ ဘာတို့တောင် ရွာတွေကိုတောင်မှ ဟိုဟာခေါ်တာပေါ့။ အိမ်တွေကိုပေါ့ကွာ၊ မှော်ရွာတွေ၊ အိမ်တွေကို မြေဈေးကွက် ကောင်းကောင်းပေးပြီး တူးနေကြတယ်ကော။ တူးနေကြတယ်ဆိုရင် တချို့ဆို တစ်ပေပတ်လည်ကို အိမ်ဈေးကွက် ၂ သိန်း၊ ၃ သိန်း အဲဒီလောက်ထိတောင် ပေါက်ကြတယ်ရော၊ အခုလည်း ပေါက်နေ တာပဲ၊ အရင်တုန်းက မိုးတွင်း မတိုင်ခင်ကလည်း တစ်ပေပတ်လည်ကို ကတေမှော်ပေါ့နော်၊ ကတေမှော်ရွာဆိုရင် အဲဒီလိုပဲ မြေဈေးကွက်ကို ပေးပြီးတော့မှ ဝယ်ပြီးတော့မှ တူးနေကြတာပဲ ရွာပျက်တာပေါ့။ တချို့ အုပ်ချုပ်ရေးရုံးတွေတောင် ရောင်းထားပြီ။ ကတေမှော် အုပ်ချုပ်ရေးရုံးဆို ရောင်းစားထားပြီရော၊ အုပ်ချုပ်ရေးမရှိတော့” ဟု ပြောသည်။
ဖားကန့်မြို့နယ်၏ လူဦးရေမှာ အိမ်ထောင်စု စာရင်းများအရ သုံးသိန်းဝန်းကျင်ရှိပြီး ရွှေ့ပြောင်းလုပ် သားများကိုပါ ထည့် တွက်မည်ဆိုပါက လူဦးရေ လေးသိန်းခွဲခန့်ရှိကြောင်း ၂၀၂၀ ခုနှစ်၏ ခန့်မှန်းချက်အရ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1471
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် လယ်ယာလုပ်ငန်းခွင်များတွင် နွားများကို ပြန်လည် အသုံးပြုလာကြပြီး နွားဝယ်ယူမှုများ ရှိသော်လည်း နွားဈေးနှုန်း ကောင်းမွန်သည့် အနေအထားတွင် မရှိကြောင်း နွားကုန်သည်များထံမှ သိရသည်။
ပြည်တွင်းတွင် မွေးမြူထားသည့် နွားများသည် တရုတ်နိုင်ငံသို့ ပို့ကုန်အဖြစ် တင်ပို့နေကြခြင်းကြောင့် ယခု လယ်ယာ လုပ်ငန်းခွင်များအတွက် ဝယ်ယူလာကြသော်လည်း ပြည်ပတင်ပို့သည့် ဈေးနှုန်းနှင့် ပြည်တွင်းတွင် ရောင်းချသည့် ဈေးနှုန်း ကွာခြားမှုကြောင့် နွားဈေးများ ပုံမှန်အခြေအနေသာ ရှိနေသည်ဟု နွားကုန်သည် ဦးဇော်မင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးဇော်မင်းအောင်က “နွားဈေးကတော့ ပုံမှန်ပဲလေ အရမ်းကြီး လယ်သမားတွေသုံးလို့ ပိုကောင်းသွားတယ်လို့ မရှိဘူး။ ဘာလို့လဲဆိုတော့ နွားက Export မရှိဘူးလေ။ ပြည်တွင်းမှာပဲ ပတ်လည် ဝယ်နေတာဆိုတော့ Export ဈေးနဲ့ ပြည်တွင်းဈေး ကျတော့လည်း ကွာသင့်သလောက် တော်တော် ကွာတာဆိုတော့လေ။ နွားသိုးပေါ့ ကြီးကြီးပေါ့ ၆ သိန်း၊ ၇ သိန်း၊ ၈ သိန်းပေါ့။ ဝရင်တော့ အဲဒါလေးတွေတော့ ကောင်းတာပေါ့။ ၁၀ သိန်းလောက် ရောင်းရတယ်ပေါ့။ ၁၀ သိန်း၊ ၁၀ သိန်း ပတ်ချာလည် ရောင်းရတယ်။ နွားသီး(သင်ကွပ်ထားတဲ့နွား)ကျတော့လည်း အရမ်းမရောင်းရဘူး။ အကြီးဆုံးနွားမှ ၇ သိန်း၊ ၈ သိန်း အကုန်ပဲ” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုကြောင့် လယ်ယာလုပ်ငန်းခွင်များတွင် နွားများကို ပြန်လည် အသုံးပြု ၍ လုပ်ကိုင်နေကြကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံး အသုံးပြုလာ ကြောင်း သိရသည်။
သို့သော် တချို့သော လယ်မြေများတွင် နွားကို အသုံးပြုရန်အတွက် အခက်အခဲရှိကြောင်း၊ ဧက အမြောက်အများ လုပ်ကိုင် သူများအနေဖြင့် စက်များကိုသာ အသုံးပြုကြကြောင်း ပဲခူးတိုင်းဒေသကြီးမှ တောင်သူ ဦးခင်မောင်ညွန့်က ပြောသည်။
နွားများဖြင့် လယ်ယာလုပ်ငန်းခွင်တစ်ခု
ဦးခင်မောင်ညွန့်က “ပြန်သုံးလာတယ် နွားတွေကိုလေ။ ထယ်ရေးတွေ ပြန်သုံးတာပေါ့။ စက်ဆီတွေက ဈေးတွေ နည်းနည်း ကြီးလာတဲ့ အခါကျတော့ မရှိတာ တော်တော်များတယ်။ မရှိတာ တော်တော်များပြီးတော့ အခုမှ ပြန်ပြီးတော့ ပြန်ဝယ် ကြတာပေါ့နော်။ သဘောက စက်မှုလယ်ယာသို့ကနေ နွားမှုလယ်ယာသို့ ပြန်ရောက်သွားတာပေါ့ လောလောဆယ်။ တချို့ ကျတော့လည်း နွားသုံးလို့ မရတဲ့ ကွင်းလည်း ရှိတယ်လေ။ ဥပမာ မိုးစပါး ၊ နွေစပါး စိုက်တဲ့ နွားက သုံးရတာ အဆင်မပြေပြန် ဘူး။ အဲနေရာ ကျတော့လည်း စက်ပဲ သုံးရတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုကြောင့် နွားများကို ဝယ်ယူ အသုံးပြုကြသော်လည်း နွားများကို ရေရှည်တွင် ကျွေးမွေးရန် အခက်အခဲ ရှိကြောင်း၊ လယ်ယာလုပ်ငန်းခွင်များတွင် အသုံးပြုပြီးသည့်အခါမှာတော့ နွားများကို ပြန်လည် ရောင်းချလာကြကြောင်း နွားကုန်သည် ကိုခင်ကျော်က ပြောသည်။
ကိုခင်ကျော်က “စက်ဈေးတွေ၊ ထွန်စက်ဈေးတွေ တစ်ဧကကို ၃ သောင်းခွဲတွေ၊ ၃ သောင်းတွေ ဈေးကြီးလို အဲလို ဝယ်မောင်း တာတွေ ရှိတယ်။ ဝယ်ပြီးတော့လည်း ဘယ်လိုလဲဆိုတော့ မောင်းပြီးတော့ ပြန်ရောင်းတယ်၊ ကောက်ရိုးကောက်ဆံ မရှိလို့။ အဲလိုပဲ ပြန်ရောင်းကြတယ်။ အရှည်ကိုင်မယ့် လူကျတော့လည်း အရမ်းကြီး သိပ်မရှိဘူး။ အဲလိုပဲ ရသလောက်လေး ခိုင်း၊ ခိုင်း ပြီးတော့ အလုပ်လည်းပြီးရော ရေမိုးလေး ဘာလေးချိုးပြီး ပြန်ရောင်းကြတာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသည် နွားဈေးကွက်တွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်သွယ် ရေး လမ်းကြောင်း ပိတ်ထားခြင်း၊ ပြည်ပသို့ တင်ပို့ရာတွင် တင်ပို့မည့်သူ နည်းပါးခြင်း၊ ပြည်ပတင်ပို့သည့် ဈေးကွက် ပျောက် ဆုံး နေခြင်း စသည့် အခြေအနေများကြောင့် နွားအရောင်းအဝယ် လုပ်ကိုင်သူ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း နွားကုန် သည်များက ပြောသည်။