CNI News

၂၀၂၅  ခုနှစ်၊ မေလ ၁၉

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် လက်ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်၌ အဓိက လိုအပ်သည့် ဘိလပ်မြေမှာ ဝယ်လိုအားများမှုကြောင့် ဝယ်မရဖြစ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းများက CNI သတင်းဌာနသို့ ပြောသည်။

အချို့ဆောက်လုပ်ရေးသုံး ပစ္စည်းရောင်းချသည့် ဆိုင်များတွင် ဘိလပ်မြေ ဝယ်ချင်ပါက အခြား အိမ်ဆောက် ပစ္စည်းများကိုပါ တွဲဖက်ဝယ်ယူမှသာ ရောင်းချပေးနေကြကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘိလပ်မြေက ဝယ်ရခက်တာ မဟုတ်ဘူး။ ဝယ်ကိုမရဘူး ဖြစ်နေတာ။ လုပ်ငန်းတွေတောင်မှ ဘိလပ်မြေ ပါတဲ့ လုပ်ငန်းတွေအကုန် မှေးထားရတယ်။ ဈေးက ဈေးကွက်ထဲမှာ ၄၀၀၀ ရောင်းတဲ့သူလည်းရှိတယ် ၃၅၀၀၀ ရောင်းတဲ့သူလည်းရှိတယ်။ မှောင်ခိုဈေး အဆင်ပြေသလို ဝယ်နေရတာ။ ဘောက်ချာတောင် မပေးဘူး သူတို့က။ ငလျင်မလှုပ်ခင်တုန်းက ၁၇၀၀၀၊ ၁၈၀၀၀ လောက်ရှိတယ်။ အုတ်ခဲတောင်မဟုတ်ဘူး။ ကျန်တဲ့ပစ္စည်းပါ တွဲဝယ်မှ ဘိလပ်မြေကို အိတ် ၂၀ လောက်ရတယ်” ဟု ပြောသည်။

လက်ရှိတွင် ဘိလပ်မြေများအား ငလျင်ဘေးသင့် ဒေသများဖြစ်သည့် မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ဝယ်ယူရ ခက်နေကြောင်း သိရသည်။

ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အအုံကို တွေ့ရစဉ်

ပြီးခဲ့သည့် ဧပြီလက ဈေးကွက်အတွင်း ဘိလပ်မြေ ဈေးနှုန်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချသည့် ဆောက်လုပ် ရေးပစ္စည်းဆိုင် (၆၂) ဆိုင်အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး နစကမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငလျင်ဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရန် အတွက်သာမက အနည်းငယ် အက်ကွဲသွားသည့် နေအိမ်၊ အဆောက်အအုံများကို ဖာထေးရန်အတွက် ဘိလပ်မြေကို မဖြစ်မနေ လိုအပ်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ဘိလပ်မြေ တစ်ခုတည်းသာ လိုအပ်ချက် များပြားနေခြင်းဖြစ်ပြီး အခြားအိမ်ဆောက်ပစ္စည်းများမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း ရွှေကမ္ဘာမောင်မောင် ဆောက်လုပ်ရေးလုပ်ငန်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လိုအပ်ချက်နဲ့ ရှိတဲ့ပစ္စည်းနဲ့ မလောက်မငှဖြစ်လို့ အဲဒီလိုဖြစ်တာပေါ့။ လိုအပ်ချက်ကများပြီးတော့ အရောင်းက နည်းနေတဲ့အခါ အဲဒီလိုဖြစ်တာပါ။ အက်တာတွေ၊ ကွဲတာတွေများတဲ့ အခါကြတော့ ဟိုနားက လည်းလို၊ ဒီနားကလည်းလို။ special ကတော့ ဘိလပ်မြေ ဖြစ်နေတာပေါ့။ အဲဒီဘိလပ်မြေက သုံးတဲ့လူက တအားများလာတဲ့ အခါကြတော့ မန္တလေးတိုင်းတို့၊ စစ်ကိုင်းတို့၊ နေပြည်တော်တို့ လိုတာများတဲ့အတွက် အဲဒီလို ဖြစ်သွားတာပါ။ တချို့ကြတော့လည်း လိုရင်လိုသလောက် ပေါက်ရာပေါက်ဈေး ဝယ်ပြီး သုံးနေကြတာပေါ့။ အဲဒီ တော့ ဘယ်လိုလုပ်မလဲ။ တကယ်တော့ သူ့ဈေးက အဲဒါပုံမှန်မဟုတ်ဘူး။ ဒေါ်လာနဲ့ သွားတွက်နေကြတာကို။ လောလောဆယ် ကျနော်တို့ အမြင်မှာတော့ ဘိလပ်မြေ တစ်ခုတည်းပါပဲ။ ကျန်တဲ့ဟာကတော့ သူ့ဟာနဲ့သူ လည်သွားတာပါပဲ။ ဘာလို့ဆို နယ်စပ်ကဟာတွေလည်း သူ့အထိုက်အလျောက်နဲ့ သူ့ဟာသူ ရောက်နေတာပဲ” ဟု ပြောသည်။

 ဘိလပ်မြေသယ်ကားကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ ၉ ရုံမှ ငလျင်မလှုပ်မီက တစ်ရက်လျှင် ၃၀၇၀၀ တန် (၆၁၄,၀၀၀)အိတ် ထုတ်လုပ်ခဲ့သည်။

သို့သော် ငလျင်လှုပ်ပြီး နောက်ပိုင်း စက်ရုံ ၆ ရုံမှ ဘိလပ်မြေ ၁၇၁၀၀ တန်(၃၄၂,၀၀၀)အိတ် ထုတ်လုပ်ပေး လျက်ရှိကြောင်း၊ မေလ ၁၅ ရက်တွင် ဘိလပ်မြေ ၂၂၁၀၀ တန် (၄၄၂,၀၀၀)အိတ် ထွက်ရှိနိုင်ရေး ထပ်မံတိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားသည်။

ထို့ပြင် ဘိလပ်မြေ တစ်အိတ် ဈေးနှုန်းကိုလည်း တစ်အိတ်လျှင် ၁၇၀၀၀ ကျပ်ဖြင့် ဘေးသင့် အဆောက်အအုံ များသို့ ရောင်းချပေးရန် သက်ဆိုင်ရာ စက်ရုံများသို့ ဈေးနှုန်း သတ်မှတ် ပေးထားကြောင်းလည်း ၎င်းက ပြော သည်။