CNI International News

ဟောင်ကောင်၊ မေလ ၁၃

အမေရိကန်နှင့် တရုတ်သည် တစ်ဖက်နှင့်တစ်ဖက် ပို့ကုန်များအပေါ် စည်းကြပ်ကောက်ခံသည့် အခွန်များကို ယာယီလျှော့ချရန် မေလ ၁၂ ရက်က သဘောတူခဲ့ကြကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ကမောက်ကမ ဖြစ်စေခဲ့သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွား ပြီးနောက် ယခုသဘောတူညီချက်သည် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်။

နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန်အစိုးရသည် တရုတ်၏ ပို့ကုန်များအပေါ် ကောက်ခံ သော အခွန်နှုန်းထား ၁၄၅ ရာခိုင်နှုန်းကို ၃၀ ရာခိုင်နှုန်းအထိ ရက်ပေါင်း ၉၀ ကြာ လျှော့ချမည်ဟု ဖော်ပြထား သည်။

ထို့ပြင် တရုတ်ကလည်း အမေရိကန် ပို့ကုန်များအပေါ် စည်းကြပ်ကောက်ခံသည့် အခွန်နှုန်းထား ၁၂၅ ရာခိုင်နှုန်း ကို ၁၀ ရာခိုင်နှုန်းအထိ ရက်ပေါင်း ၉၀ ကြာ လျှော့ချပေးရမည်ဖြစ်သည်။

လက်ရှိတွင် ကုန်သွယ်ခွန် ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့်တရုတ်ကြား ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်နေပြီး ကုန်သွယ်ခွန် လျှော့ချမှုသည် မေလ ၁၄ ရက်တွင် စတင်အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

အမေရိကန်သံတမန်ကို တွေ့ရစဉ်

တရုတ်နှင့်အမေရိကန်သည် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဆွစ်ဇာလန်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား သဘောတူညီချက် ရရှိခဲ့သည့် သတင်းကြောင့် ရှယ်ယာစျေးကွက်များ ပြန်လည်မြင့်တက် လာခဲ့သည်။

ပြီးခဲ့သည့်လက အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစျေးကွက်များ ကမောက်ကမဖြစ်ခဲ့ပြီး ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားနိုင်ခြေရှိသည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

ပူးတွဲကြေညာချက်တွင်မူ နှစ်နိုင်ငံစလုံးသည် စီးပွားရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုများနှင့်ပတ်သက်ပြီး ဆွေးနွေး မှုများ ဆက်လက် ပြုလုပ်ရန် ယန္တရားတစ်ခု ထူထောင်သွားမည်ဟုလည်း ဖော်ပြခဲ့သည်။

Source: Nikkei Asia