CNI News

၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ  ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ အခွင့်အလမ်းများအားလုံးကို အစိုးရက ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

အစိုးရတစ်ရပ်သည် အလုပ်သမား အခွင့်အရေး၊ ပြည်သူများ၏ အခွင့်အရေး၊ စီးပွားရေး လုပ်ငန်းရှင်များ၏ အခွင့်အရေး၊ တိုင်းပြည်စီးပွားရေး တိုးတက်ရေး စသည့် ဆောင်ရွက်ချက်များကို တာဝန်ခံရလေ့ရှိသည့်အတွက် အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ပေးမည်ဆိုသော ပြောကြားချက်များသည် မထူးဆန်တော့ကြောင်း ထောက်ပြကြသည်။

အလုပ်သမား အခွင့်အရေးနှင့် တိုင်းပြည်တည်ဆောက်ရေးကို အဂတိတရား ကင်းကင်းဖြစ် ဆောင်ရွက်နိုင်ပါက ကောင်းမွန်မည့် အခွင့်အလမ်းများကို မျှော်လင့်၍ ရနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံက လူတန်းစားအလွှာစုံကို တွေ့ရစဉ်

၎င်းက “ကျနော်တို့က ဒီပြောဆိုချက်အတိုင်း ဖြစ်လာဖို့တော့လိုပါတယ်။ အနည်းဆုံးတော့ ကျနော်တို့က အလုပ် သမား အခွင့်အရေးဆိုတဲ့အပိုင်းမှာ အနိမ့်ဆုံး အခြေခံလုပ်ခလစာ အပါအဝင် ‌ပြီးတော့ အခွင့်အရေးတွေ၊ အခွင့် အလမ်းတွေ ဒါတွေအားလုံးကို အစိုးရက ဘယ်လိုချပြမလဲဆိုသည့် အပေါ်တွင် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ လက်ရှိနိုင်ငံက အလုပ်သမားအခွင့်အရေး၊ အလုပ်ရှင် အခွင့်အရေး၊ ပြောမယ်ဆိုလို့ရှိရင် ဒီစီးပွားရေးသမားတွေရဲ့ အခွင့်အရေး အစရှိတဲ့ အခွင့်အရေးတွေ အရင်းအမြစ်က ပြန်ကြည့်မယ်ဆိုရင် ဆုံးရှုံးမှုတွေရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီပဋိပက္ခ ဖြစ်စဉ်တွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေတွေရှိတယ်။ ဒီကြားထဲမှာ တကယ့် ကြုံ တောင့်ကြုံခဲပေါ့ ငလျင်ဒဏ် ခံလိုက်ရတဲ့ကိစွတွေရှိတယ်။ ဒီလိုဟာတွေ ပြန်နလန်ထူဖို့ ကျနော်တို့ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော၊ လုပ်ငန်းရှင်တွေ အပါအဝင် ဘက်ပေါင်းစုံ အသီးသီးက ကြိုးစားနေကြတဲ့အခါမှာ ကျနော်တို့က အဂတိကင်းတဲ့ အဂတိကင်းစင်တဲ့ အုပ်ချုပ်မှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရမယ်ဆို အင်မတန် ကောင်းမှာပါ။ အဲလို မဟုတ်ဘဲနဲ့ တချို့တချို့သော နေရာတွေမှာ အဂတိနဲ့မကင်းတဲ့ ဆောင်ရွက်မှုတွေ သူ့လူ ကိုယ့်လူ အစရှိတဲ့ ရွေးချယ်မှုတွေ အရောင်တွေ ကာလာပါတာတွေ ဒီကြားထဲမှာ ကျနော်တို့ လုပ်ငန်းတွေ လုပ် ဆောင်ရတာ ဖြစ်တဲ့အတွက် အခွင့်အရေး မပေးခြင်းပေးခြင်းထက် စေတနာမှန်မှန်၊ အဂတိကင်းကင်း အရောင် ကာလာဆွဲ ကင်းကင်းနဲ့ အလုပ်လုပ်နိုင်မဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မယ့် တစ်ခုကိုဘဲ ပိုပြီးတော့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို မည်သူမှ အာမခံချက် မပေးနိုင်သေးကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံက လူတန်းစားအလွှာစုံကို တွေ့ရစဉ်

၎င်းက “ဒီအလုပ်သမားဘက်ကို ကြည့်ပြီး စဉ်းစားထားတဲ့ဟာတွေ မဟုတ်ဘူး policy တွေမဟုတ်ဘူး။ အားလုံးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာဖို့ အလုပ်အကိုင် အခွင့်အလမ်းရဖို့ အလုပ်အကိုင် အခွင့်အလမ်းရဖို့ဆိုတာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြန်မာပြည်ထဲကို လာလို့ခေါ်လိုက်တာပဲ အဲဒီမှာ လာတဲ့သူတွေက အလုပ်သမား အခွင့်အရေးကို လေးစားလိုက်နာမှ ဒါသမဂ္ဂတွေကို မဖြိုခွဲပါနဲ့ သမဂ္ဂဖွဲ့စည်းတာကို လက်ခံပေးပါဆိုတာမျိုးက နောက်ဆက်တွဲက မရှိနေဘူးပေါ့နော်။ အဲဒါကတော့ ဥပဒေကို စည်းကြပ်တဲ့သူက အားနည်းတာပေါ့နော်။ နောက်လာတဲ့ အလုပ်ရှင် တွေ အနေနဲ့ကလည်း အစတည်းက လုပ်သားစျေးချိုတာ တစ်ခုထဲကိုပဲ ကြည့်ပြီးလာတာ အဲနောက်မှာ ကပ်ပါ လာတဲ့ responsibilities ပေါ့နော် ငါတို့စီးပွားရေး လုပ်မယ်ဆိုလို့ရှိရင် rights and responsibility ကို ငါတို့တွေ လေးစားလိုက်နာဖို့လိုတယ်။ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ ဒီအခွင့်အရေးတွေ ငါတို့ပေးဖို့ လိုတယ်ဆိုတာမျိုး ခေါင်းထဲမှာမရှိတော့ဘူး။ ငါတို့က ဒီနိုင်ငံမှာ လုပ်သားစျေးချိုတယ် ဒီကနေပြီးတော့ ဥရောပကို တင်ပို့ရင် အခွန်ကင်းလွတ်တယ်ဆိုတဲ့ မက်လုံးတွေနဲ့ပဲ လာကြ တာပေါ့နော်။ အဲတော့ သူတို့ရဲ့ အမြတ်အစွန်း တစ်ခုတည်းကိုပဲ ကြည့်တယ်။ ပြန်ပေးရမယ့် အလုပ်သမားဘက်ကို မကြည့်နေဘူးပေါ့”ဟု ပြောသည်။

ကောက်ယူပြီးစီးခဲ့သည့် လုပ်သားအင်အား စစ်တမ်းများမှ အချက်အလက်များကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားသည့် 

၂၀၂၀-၂၀၂၃ လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများအရ အလုပ်လက်ရှိဦးရေ ၂၃.ဝ၉ သန်းရှိပြီး၊ အလုပ်လက်မဲ့ ဦးရေ ဝ.၈၈ သန်းရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ စဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ် အတွင်းမှာပင် မြန်မာနိုင်ငံ၏ လူဦးရေ ၁ ဒသမ ၂ သန်းသည် အလုပ်လက်မဲ့ဖြစ်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။