CNI News

၂၀၂၅ ခုနှစ်၊ မေ ၅ ရက်

ငလျင်ဘေးသင့်ခဲ့သော ဒေသများတွင်ရှိသည့် ပြည်သူလူထုများသည် အာမခံနစ်နာကြေး ဆိုသည်ထက် အလုပ်အကိုင် အခွင့်အလမ်းများကိုသာ ရှာဖွေဖန်တီးပေးရန် လိုလားနေကြသည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားများ တကယ်လိုချင်သည်က ထောက်ပံ့ကြေးဟုခေါ်သည့် ငွေကြေးမဟုတ်ကြောင်း၊ ယခုအချိန်တွင် အလုပ်အကိုင် အလွန်ရှားပါးပြီး အလုပ်လက်မဲ့များ ဖြစ်ပေါ်နေခြင်းကို ဖြေရှင်းရေးက အဓိကဟု ငလျင်ဘေးသင့် ပြည်သူများက ပြောသည်။ 

ငလျင်ဘေးသင့် ဒေသများမှ အလုပ်သမားများသည် နစ်နာကြေးရဖို့အစား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးသာဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ပြည်သူတွေကလည်း တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော သိန်းနဲ့ချီပြီးရှိတယ်။ ကျနော် တို့က စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ နောက်ဆုံး ရန်ကုန် အစရှိသဖြင့် တစ်နိုင်ငံလုံးမှာ ငလျင် ကြောရှိတဲ့ နေရာတစ်လျှောက်လုံးမှာ ထိခိုက်နစ်နာမှုတွေဖြစ်ခဲ့တော့ ဒီလူဦးရေ သိန်းနဲ့ချီပြီး ဖြစ်တဲ့အတွက် အလုပ်သမား နစ်နာကြေးဆိုတာထက် နစ်နာကြေးပေးတာက ဘယ်လောက်ပေးမှာလဲ ၁၀,၀၀၀ လား၊ သို့မဟုတ် ၁၀၀,၀၀၀ ပေးမှာလား သို့မဟုတ် ၁,၀၀၀,၀၀၀(ဆယ်သိန်း)ပေးမှာလား ဒီပမာဏတစ်ခု ဘယ်လောက်ရှိလဲ မသိ သေးဘဲနဲ့ ကျနော်တို့က နစ်နာကြေးကို လိုချင်တာ မဟုတ်ဘူး။ အမှန်တကယ်ပြောရရင် အလုပ်သမားတွေကို လည်း မေးကြည့်တယ် ကျနော်နဲ့ပက်သတ်တဲ့ ဒီဝန်ထမ်းတွေဖြစ်စေ ပြင်ပမှာ အလုပ်ထွက်လုပ်တဲ့ လူဖြစ်စေ သူတို့အခုလိုအပ်နေတာ နစ်နာကြေးမဟုတ်ဘူး အဲတာဘာလည်းဆိုတော့ လက်ရှိ ပြန်လည်ထူထောင်ရေးကာလ မှာ သူတို့ရဲ့လုပ်ငန်းတွေ ပိုမိုအဆင်ပြေချောမွေ့စေဖို့အတွက် အကူညီတွေ ဖြစ်ပါတယ်”ဟု ပြောသည်။

မန္တလေးက ငလျင်ဘေးသင့်သူများကို တွေ့ရစဉ်

ထို့နောက် အခြေခံလူတန်းစားများ အလုပ်အကိုင်များ ပြန်လည်ရရှိရေးကိုလည်း အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေး သင့်ကြောင်း ဦးအောင်ပြည့်စုံက ထောက်ပြသည်။

၎င်းက “ ကျနော်တို့ အရေးပေါ်ချမှတ်တဲ့ စည်းကမ်းတွေ၊ မူဝါဒတွေလည်း ဖြစ်နိုင်တယ် ဒီလိုအခြေအနေမျိုးမှာ ဒီအလုပ်သမားတွေအတွက်ကို အခြားလုပ်ငန်းတစ်ခုခု၊ အခြားအလုပ်တစ်ခုခုမှာ ပုံမှန်အတိုင်း အလုပ်ပြန်ဝင်နိုင်ဖို့၊  စားဝတ်နေရေးအတွက် ပြေလည်အောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးအဖွဲ့ကဖြစ်ဖြစ်၊ အလုပ် သမားဝန်ကြီးဌာနကပဲဖြစ်ဖြစ်၊ မဖြစ်မနေ ဆောင်ရွက်ပေးရမှာ အနိမ့်ဆုံး အရင်ဆုံးလုပ်ရမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားဦးရေ စာရင်းကို အရင်ဆုံး ကျနော်တို့‌ အချက်အလက်ကောက် ဖို့လိုတယ်။ ပြီးရင် ဖြစ်နေတဲ့နေရာတိုင်းကို နေရာအလိုက် မလုပ်နိုင်ဘူးဆိုရင်တောင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် State အလိုက်ကို တာဝန်တွေပေးပြီးတော့ ဒီအလုပ်သမားတွေအတွက်ကို အလုပ်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အပူတပြင်း လိုအပ်တယ်”ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်း‌ဒေသကြီး/ပြည်နယ် (၁၀)ခုတွင် ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၁၂၈,၉၆၅ စု၊ လူဦးရေ ၆၂၉,၂၀၆ ဦး ငလျင်ဘေးသင့်ခဲ့သည်။

 ငလျင်ကြောင့် ပြိုကျတော့မည့် တိုက်ကိုတွေ့ရစဉ်

အဆိုပါ ငလျင်ဘေးသင့်သူ ၆ သိန်းကျော်အနက် ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေနေထိုင်သူ ၄၈၆၅၆ ဦးရှိပြီး မိမိအစီအစဉ်နှင့် ပြောင်းရွှေ့နေထိုင်သူ ၁၅၉,၂၃၉ ဦးရှိကြောင်း၊ ငလျင်ဘေးသင့်ခဲ့သော်လည်း မိမိတို့၏ နေအိမ်များတွင် နေထိုင်လို့ရသည့်အတွက် ဆက် လက် နေထိုင်သူ ၄၂၁၃၁၁ ဦးရှိကြောင်း DMC ၏ ဧပြီ ၂၃ ရက် စာရင်းအရ သိရသည်။

အလားတူ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဧပြီ ၂၄ ရက် ကနဦးစာရင်း များအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြား ဘာသာရေး အဆောက်အဦ ၆၁၃ လုံး၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထား လမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ငလျင်ဘေးသင့်ခဲ့သော မန္တလေးတိုင်းဒေသကြီးတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ အသေးစား ကုန်ထုတ် လုပ်ငန်းများ၊ ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းများ၊ ပွဲရုံများ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ၊ ကျောက်ဆစ် လုပ်ငန်းများ စသဖြင့် လုပ်ကိုင်ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း အညာဒေသထွက် ကုန်ကြမ်းများဖြင့် တန်ဖိုးမြှင့်လူသုံးကုန်၊ စားသောက်ကုန်များ ထုတ်လုပ်ခြင်း၊ တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေး လုပ်ငန်းများရှိသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းရှင် ၁၈၈၇ ဦးရှိပြီး ရင်းနှီးငွေကျပ် ၃၁၈၂ သန်း ရှိကာ တစ်နှစ်ထုတ်လုပ်မှု ကျပ်သန်းပေါင်း ၂၃၇၅၆ ဒသမ ၂၃၉ သန်းရှိကြောင်း တိုင်းဒေသကြီး အ‌သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။