CNI International News
ဘန်ကောက်၊ ဧပြီ ၂၃
အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ရေရာမှုမရှိသည့် ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေသည် ထိုင်းနိုင်ငံ၏ ပို့ကုန်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို သွယ်ဝိုက်ပြီး ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်ဟု ဘန်ကောက်ပိုပစ်မှ ဖော်ပြခဲ့သည်။
အထူးသဖြင့် အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို အလျှော့မပေးပါက ကုန်သွယ်ရေး စစ်ပွဲသည် တစ်နှစ်အထိ ကြာမြင့်နိုင်သည်ဟု CGS-CIMB Securities ကုမ္ပဏီမှ အကြီးတန်းအမှုဆောင်ဒုဥက္ကဋ္ဌ နတ္တဝတ် အွန်ရတ် (Nattawat Onratn)က ပြောကြားခဲ့သည်။
“အကြီးမားဆုံး ပြဿနာကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဘာကိုလိုချင်နေတာ လဲဆိုတာကို ဘယ်သူမှ မသိနိုင်တာ ဖြစ်ပါတယ်။ အပြန်အလှန် ကုန်သွယ်ခွန် တိုးမြှင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန် အပါအဝင် အမေရိကန်နဲ့ ဆွေးနွေးထားတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ ဆွေးနွေးမှုတွေကနေ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရခဲ့ဘူးလို့ ပြောကြပါတယ်” ဟု နတ္တဝတ်က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ပြည်သူများကိုတွေ့ရစဉ်
“အကျပ်အတည်းဆိုတဲ့ စကားလုံးကို တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ဖွင့်ပုံခြင်း မတူကြပါဘူး။ ကျနော့် အမြင်ကို ပြောရမယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေက ငွေတွေကို ပိုကိုင်ထားသင့်တဲ့အချိန်မှာ ကျနော်တို့ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်”ဟု မစ္စတာ နတ္တဝတ်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းစတော့အိတ်ချိန်း (SET) ၏ အခြေအနေသည် ရေတိုတွင် ပြန်လည်ကောင်းမွန်လာသည်ကို မြင်တွေ့ ရသော်လည်း ရှယ်ယာတန်ဖိုးသည် ထရမ့်၏ အကောက်ခွန် မူဝါဒ၏ အနုတ်လက္ခဏာဆောင်သော လွှမ်းမိုးမှု အောက်၌ ရှိနေလိမ့်မည်ဖြစ်ကြောင်း နတ္တဝတ်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးသက်ရောက်မှုများကို အနည်းနှင့်အများ ဆိုသလို ရင်ဆိုင်ရဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ထိုင်းနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားဖွယ်ရှိကြောင်း ဂျာမနီနိုင်ငံ၏ ဘဏ္ဍာရေး ဝန်ဆောင်မှုကုမ္ပဏီ Allianz SE ကုမ္ပဏီက ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ပြည်သူများကိုတွေ့ရစဉ်
အမေရိကန်၏ အပြန်အလှန် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတွင် ကုန်ကျ စရိတ်များကို မြင့်တက်စေခဲ့သည်။
အထူးသဖြင့် မော်တော်ယာဉ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း လုပ်ငန်းများကို သက်ရောက်စေ ခဲ့သည်ဟု Allianz SE ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံရေးအရာရှိနှင့် စီးပွားရေးပညာရှင် လူဒိုဗစ် ဆူဘရန် (Ludovic Subran) က ပြောကြားခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေးစစ်ပွဲကြောင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည်လည်း ၂ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားဖွယ်ရှိပြီး ထိုနှုန်းထားသည် Covid-19 ကပ်ရောဂါကာလ နောက်ပိုင်း အနိမ့်ဆုံး နှုန်းထားဖြစ်သည်ဟု Allianz SE ကုမ္ပဏီက ခန့်မှန်းခဲ့သည်။
Source: ဘန်ကောက်ပို့စ်