CNI International News

ဘေဂျင်း၊ ဧပြီ ၂၃

အမေရိကန်နှင့်ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်သို့ တင်ပို့နေသော တရုတ်၏ သတ္တုတင်ပို့ မှုကို လျော့ကျလာစေခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

မတ်လအတွင်း တရုတ်၏ သတ္တုများ တင်ပို့မှုသည် လျော့ကျခဲ့ပြီး အရေးကြီးသည့် သတ္တုအမျိုးအစားအချို့ ပို့ဆောင်မှုများသည်လည်း အလုံးစုံ ရပ်တန့်သွားခဲ့ကြောင်း အကောက်ခွန် မှတ်တမ်းများတွင် ဖော်ပြထားသည်။

တရုတ်၏ ပို့ကုန်များအပေါ် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံခဲ့သော အမေရိကန်ကို တုန့်ပြန်သည့် အနေဖြင့် တရုတ်ကလည်း အမေရိကန်၏ ပို့ကုန်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံခဲ့သည်။

ထို့ကြောင့် တရုတ်ထံမှ တင်ပို့သည့် မြေရှားသတ္တုများကို မှီခိုနေရသော အမေရိကန်၏ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများအပေါ်ကိုလည်း ဖိအားများ ကျရောက်ဖွယ်ရှိနေသည်။

တရုတ်သည် မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်တွင် အဓိကနေရာ၌ ရပ်တည်နေပြီး ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ကို လက်ဝါးကြီးအုပ် ထားနိုင်လုနီးပါး အခြေအနေမှာ ရှိနေသည်။

 တရုတ်သတ္တု တူးဖော်မှုကို တွေ့ရစဉ်

မြေရှားသတ္တုသည် စမတ်ဖုန်းများမှအစ နည်းပညာမြင့် စစ်လက်နက် ပစ္စည်းများအဆုံး ခေတ်မီ အသုံးအဆောက် ပစ္စည်းများ အားလုံးအတွက် မရှိမဖြစ်လိုအပ်သည့် သတ္တုတစ်မျိုးဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ်ကုန်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ အမေရိကန်သို့ တင်ပို့သည့် သတ္တုတင်ပို့ မှုသည် မတ်လအတွင်း သိသိသာသာ ကျဆင်းသွားသဖြင့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်သည် မြေရှား သတ္တုကဲ့သို့ ရှားပါးသတ္တုများကို အနိုင်ဖဲချပ် တစ်ချပ်အဖြစ် ကိုင်ထားဖွယ်ရှိနေသည်။

တရုတ်မှ  အမေရိကန်သို့ တင်ပို့သည့် tellurium သတ္တုသည်လည်း တင်ပို့မှုနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွား ခဲ့သည်။

အဆိုပါ သတ္တုသည် ဆိုလာပြားများနှင့် သာမိုလျှပ်စစ် ပစ္စည်းများတွင် တွင်ကျယ်စွာ အသုံးပြုသည့် သတ္တု အမျိုးအစားဖြစ်သည်။

ထို့ပြင် တရုတ်မှ အမေရိကန်သို့ တင်ပို့သည့် Tungsten သတ္တုချောင်းများ တင်ပို့မှုနှုန်းသည်လည်း ၈၈ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ထိုသတ္တုနှင့်ဆက်နွှယ်သည့် ထုတ်ကုန်များ တင်ပို့မှုနှုန်းသည်လည်း ၇၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

Source: South China Morning Post