CNI International News

နယူးဒေလီ၊ ဧပြီ ၂၂

အမေရိကန် ကမ္ဘာလုံးဆိုင်ရာ အခွန်တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ကြေညာထားပြီးနောက် အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်(JD Vance) သည် အိန္ဒိယသို့ ရောက်ရှိနေစဉ် ဝန်ကြီးချုပ် မိုဒီနှင့် ဆွေးနွေးကြမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့် (JD Vance) သည် ဧပြီ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး  ဝန်ကြီးချုပ် နရန်ဒရာမိုဒီ(Narendra Modi) နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

အိန္ဒိယအစိုးရသည် အစောပိုင်း ကုန်သွယ်ရေး သဘောတူညီချက်ဖြင့် အမေရိကန်၏ စည်းကြပ်ခွန်များကို ရှောင်ရှားရန်၊ ဒေါ်နယ်ထရမ့် အစိုးရနှင့် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ကြိုးပမ်းနေချိန် ဗန့်က အိန္ဒိယသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဗန့်သည် အိန္ဒိယခရီးစဉ်အတွင်း ရာဂျက်စ်သမ်ပြည်နယ် ဂျိုင်ပူရမြို့ရှိ အလယ်ခေတ် Amber ခံတပ်၊ အာဂရာမြို့ရှိ တာ့ဂျ်မဟာ အဆောက်အအုံများသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

ဗန့်နှင့်အတူ အိန္ဒိယရွှေ့ပြောင်းမိဘများက မွေးဖွားခဲ့သည့် ဇနီးသည် အာရှာ (Usha) နှင့် သားသမီး ၃ ဦးလည်း အိန္ဒိယသို့ လိုက်ပါလာခဲ့သည်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်ကို တွေ့ရစဉ်

ဗန့်သည် ရောမမြို့သို့ သွားရောက်ခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်(Pope Francis)နှင့် သီးသန့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဧပြီ ၂၁ ရက်တွင် နယူးဒေလီ၏  Palam လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

မိုဒီနှင့် ဗန့်တို့သည် ဝါရှင်တန်တွင် မိုဒီက သမ္မတဒေါ်နယ်ထရမ့်(Donald Trump)နှင့် တွေ့ဆုံချိန် ဖေဖော်ဝါရီလ၌  ဖော်ပြထားသော နှစ်နိုင်ငံ လုပ်ငန်းစဉ်များတွင် လုပ်ဆောင်ခဲ့သော တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန် မျှော်လင့်ထားသည်။

ထိုလုပ်ငန်းစဉ်များတွင် ၎င်းတို့၏ နှစ်ဘက်ကုန်သွယ်မှု၌ တရားမျှတမှုရှိရေးနှင့် ၎င်းတို့၏ ကာကွယ်ရေးကဏ္ဍမှာ  ဆက်ဆံမှုများ မြင့်တက်နေသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

မိုဒီသည် ဒေါ်နယ်ထရမ့် အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ထရမ့်နှင့်တွေ့ဆုံ ခဲ့သော ပထမဆုံး ကမ္ဘာ့ခေါင်းဆောင်များတွင် အပါအဝင် ဖြစ်သည်။

အိန္ဒိယနှင့် အမေရိကန်သည် ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို ဆွေးနွေးနေပြီး အိန္ဒိယကမူ ယခုလ အတွင်း ထရမ့်၏ ကုန်သွယ်ခွန်ကောက်ခံမှု ဆိုင်းငံ့ကာလ ရက်ပေါင်း ၉၀ အတွင်း အဆိုပါ သဘောတူညီချက်ကို ရရှိရန် မျှော်မှန်းထားသည်။

ထရမ့်သည် အိန္ဒိယအပေါ် ကုန်သွယ်ခွန် ၂၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ