CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေး၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ပိုမိုများပြားလာနိုင်ကြောင်း စီးပွားရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေး မြို့တော်ဖြစ်သည့် မန္တလေးမြို့သည် ငလျင်ဘေးကြောင့် နေရာအများစု ပျက်စီးခဲ့ ရသဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ ကြာရှည်နိုင်သောကြောင့် အလုပ်လက်မဲ့နှုန်း တက်လာနိုင်ဖွယ် ရှိသည်ဟု စိုက်ပျိုးရေးနှင့်စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်လက်မဲ့နှုန်းတွေ ပိုများလာနိုင်ခြေတော့ရှိပါတယ်။ မန္တလေးမြို့ဆိုလည်း ဒုတိယအကြီးဆုံး မြို့ထဲမှာ ပါတယ်။ သူ့ရဲ့ အဲဒီမှာ လည်ပတ်နေတဲ့ business တွေလည်း အများကြီးရှိတယ်လေ။ အခုဆို မြို့ကြီးတစ်မြို့လုံး က မြို့ပျက်ကြီးလို ဖြစ်သွားတယ်။ တချို့ရပ်လိုက်ရတဲ့ဟာတွေ ရှိတယ်ဆိုတော့ အနည်းနဲ့အများတော့ အလုပ် လက်မဲ့နှုန်းတွေကတော့ တက်လာမှာပေါ့။ အချိန်တစ်ခု ပြန်ယူပြီးတော့မှ ပြန်လည်တည်ဆောက်ရဦးမယ့် အတွက်ကြောင့်မို့လို့ လုပ်ငန်းတွေလည်း ချက်ချင်းလည်ပတ်ဖို့က ခက်တယ်။ အဓိကကတော့ မန္တလေးမြို့ အထိ နာတဲ့ နေရာမှာရှိတဲ့ လုပ်ငန်းတွေပေါ့။ အလုပ်လက်မဲ့နှုန်းကတော့ အရင်ထက်စာရင် နည်းနည်းလေး တိုးလာဖို့ရှိ မယ်၊ နိုင်ငံခြားထွက်တဲ့ နှုန်းတွေလည်း ပိုများလာမယ်လို့ ထင်တယ်” ဟု ပြောသည်။
ငလျင်ကြောင့် ပြိုသွားတဲ့ အိမ်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာ ခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း နိုင်ငံတကာ အစီရင်ခံစာများတွင် ဖော်ပြ ထားကြသည်။
ထိုသို့ တစ်နှစ်ထက်တစ်နှစ် အလုပ်လက်မဲ့နှုန်း ပိုမိုများပြားလာသည့် မြန်မာနိုင်ငံတွင် လက်ရှိ ငလျင်ဘေးကြောင့် ပုဂ္ဂလိကလုပ်ငန်းများ၊ အစိုးရယန္တရားများ ပျက်စီးခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေး မလုပ်နိုင်သည်အထိ ယာယီ ရပ်ဆိုင်းနေဦးမည့် အနေအထားဖြစ်သည်။
ငလျင်ပြီး နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြန်မြန်ဆန်ဆန် ပြီးမြောက်ရန်မှာ မဖြစ်နိုင်ကြောင်းလည်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ထိုအခင်းအကျင်း၌ တိုင်းသူပြည်သားတစ်ယောက် ဆင်းရဲသွားခြင်းက တိုင်းပြည်ဆင်းရဲသွားခြင်းနှင့် ထပ်တူကျ သည်ဟု စဉ်းစားတွေးခေါ်မိရန်လိုကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ငလျင်ကြောင့် ပြိုသွားတဲ့အိမ်မှာ ကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “စဉ်းစားပုံစဉ်းစားနည်းက အားလုံးအတွက် စဉ်းစားတဲ့နေရာမှာ တိုင်းသူပြည်သားတစ်ယောက် ဆင်းရဲ သွားတာသည် တိုင်းပြည်ဆင်းရဲသွားတာနဲ့အတူတူပဲ အဲဒီလိုတွေးဖို့လိုတာပေါ့ ကျနော့်အမြင်ကလေ။ စီးပွားရေးမှာ ဝန်ထုပ်ဝန်ပိုး ထပ်ဖြစ်တာပေါ့။ မန္တလေး ဘာညာဆိုရင် ပုဂ္ဂလိက အလုပ်တွေ ရပ်သွားနိုင်တာပေါ့။ အစိုးရ အလုပ် တွေကလည်း ရပ်သွားနိုင်တာပေါ့။ သိပ်အပျက်အစီးများရင် ဒီယန္တရားကြီးကို လည်ပတ်ဖို့အတွက် ဘယ်လိုလုပ် မလဲဆိုတာ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေမဟုတ်ဘူး။ ပုဂ္ဂလိကကဏ္ဍက လောလောဆယ် မန္တလေး ဘာညာ စီးပွားရေးက အမှန်တိုင်းပြောရရင် ဗမာပြည်ရဲ့ ဒုတိယလူဦးရေ အများဆုံးမြို့လေ။ Business မြို့တော်ပေါ့။ အထက်ဗမာပြည်ရဲ့ဗဟိုပေါ့။ သူ့မှာ ထိခိုက်သွားတဲ့ အခါကြတော့ သူ့မှာလည်း စီးပွားရေးလုပ်ငန်းတွေ အချို့ ဟာတွေ တော်တော်လေး ထိခိုက်သွားတာပေါ့။ ထိခိုက်တဲ့ အခါကြတော့ တချို့ကုမ္ပဏီတွေက ပုဂ္ဂလိက လုပ်ငန်း တွေမှာ အလုပ်လက်မဲ့တွေ ဖြစ်သွားနိုင်တာပေါ့။ ဝယ်လိုအားကျမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိသည့် ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပုဂ္ဂလိကလုပ်ငန်း အပါအဝင် အစိုးရလုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သော်လည်း ပမာဏအတိအကျ ထုတ်ပြန်ထားခြင်း မရှိသည်ကို တွေ့ရသည်။
ပြိုကျပျက်စီးမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုမူ စတင်ခြင်း မရှိသေးပေ။
ထို့ပြင် ငလျင်ဘေး ကူညီမည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ နစကထံ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဧပြီ ၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးမှာ ပြောကြားထားသည်။
ထိုသို့ သွားရောက်ကူညီရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရန်ကိုလည်း မူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောထားသည်။