CNI Sport Article
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇
ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဗာဒီဟာ လက်စတာအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီ ကုန်ရင် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်က အပျော်တမ်းကလပ် ဖလီးဝုဒ်တောင်းအသင်းကနေ ပေါင် ၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဗာဒီဟာ လက်စတာအသင်းမှာ ၁၃ နှစ်ကြာ ကစားခဲ့ပြီးနောက် ကလပ်အသင်းရဲ့ ဂန္ထဝင်အဖြစ်နဲ့ ထွက်ခွာတော့မှာပါ။
ဗာဒီဟာ လက်စတာအသင်းနဲ့ အတူ ပရီးမီးယားလိဂ်နဲ့ FA ဖလား ၁ ကြိမ်စီ၊ ချန်ပီယံရှစ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။
ဗာဒီကို လက်စတာအသင်း စတင်ခေါ်ယူခဲ့ချိန်တုန်းက အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာသာ ရှိနေသေးတာပါ။
ဗာဒီဟာ လက်စတာအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်အောင် အဓိက စွမ်းဆောင် ပေးနိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပြီး ဒီရာသီမှာ အသင်းဖော်တွေကပေးတဲ့ အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
အပျော်တမ်း ကစားသမားဘဝ ကနေလာတဲ့ ဗာဒီဟာ သူ့ရဲ့လက်စတာအသင်း ကစားသမားဘဝ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာလည်း အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာပါ။
ဗာဒီကို ဆုဖလားများစွာနဲ့အတူ တွေ့ရစဉ်
၂၀၁၅-၁၆ ရာသီက လက်စတာအသင်း အံ့အားသင့်ဖွယ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ရာသီမှာ ဗာဒီဟာ ပြိုင်ဘက်အသင်းတိုင်းရဲ့ ခံစစ်ကစားသမားတွေကို အိပ်မက်ဆိုးတွေ ပေးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။
ဗာဒီဟာ သူ့ရဲ့လျင်မြန်မှု၊ အဆုံးသတ်ပုံ ကောင်းမွန်မှုတွေကြောင့် လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ဗာဒီဟာ ၂၀၁၅-၁၆ ရာသီမှာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒီအထဲမှာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဗာဒီဟာ လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဗာဒီကို တွေ့ရစဉ်
ဗာဒီဟာ လက်စတာအသင်းအတွက် ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပါဝင်ကာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ဗာဒီကို အာဆင်နယ်အသင်းက သူ့ရဲ့စာချုပ်ထဲမှာပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမယ့် ဗာဒီဟာ အာဆင်နယ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး လက်စတာအသင်းမှာ ဆက်ရှိခဲ့တာပါ။
လက်စတာအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ဗာဒီဟာ ၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဖြစ်တဲ့ ရွှေဖိနပ်ဆုကိုလည်း ပိုင်ဆိုင်ခဲ့တာပါ။
၂၀၂၀-၂၁ ရာသီမှာ ဗာဒီဟာ လက်စတာအသင်းနဲ့ FA ဖလားကို ရယူနိုင်ခဲ့ပြီး ၂၀၂၁-၂၂ ရာသီမစတင်မီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဗာဒီဟာ လက်စတာအသင်း အောင်မြင်မှုတွေမှာ အတူရှိခဲ့သလို အသင်း ကျရှုံးချိန်မှာလည်း အတူရှိခဲ့တဲ့သူပါ။
အင်္ဂလန်ကစားသမားဟောင်းဟာ လက်စတာအသင်း ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်း ချိန်မှာ လိုက်ပါခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာချိန်မှာ အသင်းအပေါ်သစ္စာရှိခဲ့တဲ့ ဗာဒီကို ၁ နှစ် စာချုပ်သစ်ချုပ်ပြီး အသင်းကို ဆက်ဦးဆောင်စေခဲ့တာပါ။
လက်စတာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ အလွန်ဆိုးရွားခဲ့ပြီး ဗာဒီကလည်း သူ့ရဲ့ အသက်အရွယ်ကြောင့် အသင်းကို ကူညီပေးနိုင်ခြင်း မရှိတော့ပါဘူး။ အဲဒါကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ ချက်ချင်းတန်းပြန်ဆင်းသွားခဲ့တာပါ။
ဗာဒီကို တွေ့ရစဉ်
ဗာဒီဟာ လက်စတာအသင်း တန်းဆင်းပြီးနောက် အသင်းပရိသတ်တွေကို တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ရက်ပိုင်းအကြာမှာ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ အသင်းကနေ သူထွက်ခွာတော့မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဗာဒီက လက်စတာအသင်းကနေ ထွက်ခွာမယ့် အကြောင်းပြောရတာဟာ သူ့အတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်ပေမယ့် မှန်ကန်တဲ့ အချိန်လို့ထင်ပြီး အသင်းဟာ သူ့နှလုံးသားရဲ့ ကြီးမားတဲ့နေရာမှာ အမြဲတမ်းရှိနေမယ်လို့ ပြောခဲ့ပါတယ်။
ဗာဒီဟာ လက်စတာအသင်းကနေ ထွက်ခွာမှာဖြစ်ပေမယ့် ကစားသမားဘဝကနေ အနားယူဦးမှာ မဟုတ်သေးဘဲ ဆက်ကစားပြီး သွင်းဂိုးတွေ သွင်းယူချင်တယ်လို့ ပြောခဲ့တာပါ။
ဗာဒီဟာ အစ်စဝှစ်ချ်အသင်းနဲ့ မေလ ၁၈ ရက်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်း ကစားသမားဘဝ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ပါဝင်မှာဖြစ်ပြီး ဂန္ထဝင်တစ်ဦးအနေနဲ့ ထွက်ခွာမယ့်သူ့ကို အသင်းဘက်က ဘယ်လိုဂုဏ်ပြုမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။