CNI Article
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၅ ကြိမ်အထိ ရရှိထားပြီး ဘုရင်အဖြစ် တင်စားခြင်း ခံထားရတဲ့ ရီးရယ်လ် အသင်းဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
ဒီရလဒ်ဟာ အံ့အားသင့်စရာ ရလဒ်ဖြစ်ခဲ့သလို ဂိုးသမား ကော့တွိုက်စ်သာ ဂိုးကာကွယ်မှုတွေ မပြုလုပ်နိုင်ရင် ရီးရယ်လ်အသင်းအတွက် အရှက်ကွဲစရာ ရလဒ်မျိုး ကြုံတွေ့ရနိုင်တာပါ။
ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က အာဆင်နယ်အသင်းကို ၃ ဂိုးပဲပေးပြီး အရေးနိမ့်ခဲ့တာ ကံကောင်းခဲ့တယ်လို့တောင် ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဗီနီစီးယက်စ်၊ ဘတ်ပီ၊ ဘယ်လင်ဂမ်နဲ့ ရိုဒရီဂိုတို့လို ကြယ်ပွင့် ကစားသမားတွေရှိနေတဲ့ ရီးရဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းက အာဆင်နယ်အသင်းရဲ့ခံစစ်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာက ရီးရယ်လ် အသင်းအတွက် စိုးရိမ်ဖို့ကောင်းတာပါ။
ရီးရယ်လ်အသင်း ကစားသမားတွေနဲ့ နည်းပြ အန်ဆယ်လော့တီက ဒုတိယအကျော့မှာ ဘာမဆိုဖြစ်သွားနိုင် တယ်လို့ ပြောပြီး သူတို့ရဲ့ယုံကြည်မှုကို ပြသခဲ့ကြပါတယ်။
ရီးရယ်လ်အသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
တကယ်တမ်း လက်တွေ့မှာရော ရီးရယ်လ်အသင်းဟာ အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို ၃ ဂိုးပြတ် ပြန်သွင်း နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။
ရီးရယ်လ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေသာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင် မယ်ဆိုရင် ၃ ဂိုးဟာ သူတို့အတွက် ခက်ခဲနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့က သူတို့အတွက် အခက်အခဲရှိနိုင်ပါတယ်။
အာဆင်နယ်အသင်းဟာ အဓိကနောက်ခံလူ ဂါဘရီရယ်လ် ဒဏ်ရာကြောင့် အနားယူနေရလို့ စိုးရိမ်စရာရှိခဲ့ပေမယ့် ပထမအကျော့မှာ ရီးရယ်လ်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်ပြခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
ဒီရာသီ အာဆင်နယ်အသင်း ကစားထားတဲ့ ပွဲတွေကို ကြည့်မယ်ဆိုရင် သူတို့ကို ဘယ်အသင်းကမှ ၂ ဂိုးထက် ပိုပြီး သွင်းယူထားနိုင်တဲ့ အသင်းမရှိတာ ဖြစ်ပါတယ်။
ဒါက အာဆင်နယ်အသင်းရဲ့ ခံစစ်ကြောင်း ဘယ်လောက်အထိ ကောင်းမွန်နေလဲဆိုတာ ပြသနေတာပါ။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် သူတို့မှာ နေရာစုံကနေ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေရှိပြီး သူတို့ရဲ့ တည်ကန်ဘောတွေဟာ ပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ပြီးတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်မှာ ရီးရယ်လ်အသင်းကို မရှုံးနိမ့်သေးဘူးဆိုတဲ့ ကောင်းမွန်တဲ့ အချက်ကို ပိုင်ဆိုင်ထားတာပါ။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့အသင်းပေါင်း ၁၁၁ သင်းကို အနိုင်ယူထားပေမယ့် ဒီအထဲ မှာ အာဆင်နယ်အသင်း ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ကွာတားဖိုင်နယ် ပထမအကျော့မှာ အရေးနိမ့်ခဲ့တဲ့ ရလဒ်ကြောင့် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ နည်းပြရာထူးအတွက် ဖိအားတွေကို ခံစားနေရတာပါ။
ရီးရယ်လ်အသင်းသာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရရင် အန်ဆယ်လော့တီဟာ နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဲဒါကြောင့် အန်ဆယ်လော့တီ အနေနဲ့ သူ့ရဲ့နည်းဗျူဟာတွေကို ဘယ်လိုတွေ ပြောင်းလဲပြီး ဒုတိယအကျော့ ပွဲစဉ်အတွက် ပြင်ဆင်လာမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။
ရီးရယ်လ်အသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒုတိယအကျော့ပွဲစဉ်မှာ ရီးရယ်လ်အသင်းအနေနဲ့ ဂိုးရဖို့ကို ဦးတည်ပြီး တိုက်စစ်ဖွင့်ကစားရင် အာဆင်နယ် အသင်းကို ဂိုးတွေ ပြန်ပေးရနိုင်လို့ ဒီပွဲဟာ ရီးရယ်လ်အသင်းအတွက် ခက်ခဲမယ့် ပွဲစဉ်ဖြစ်လာမယ် ဆိုတာ သေချာနေတာပါ။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာလည်း မဖြစ်နိုင်တဲ့ အခြေအနေတွေကနေ ပြန်လာနိုင်တဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရယ်လ်အသင်း ပြန်လာနိုင်ဖို့ မျှော်လင့်နေကြတဲ့ သူတွေလည်းရှိသလို မပြန်လာနိုင်တော့ဘူးလို့ သုံးသပ်နေကြတဲ့ သူတွေလည်းရှိနေတာပါ။
ရီးရယ်လ်အသင်းအနေနဲ့ လက်ရှိ ချန်ပီယံဆုကို ဆက်ထိန်းသိမ်းချင်တယ်ဆိုရင် အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ မဖြစ်နိုင်တဲ့အရာတွေကို လုပ်ပြရမှာဖြစ်ပြီး တကယ်ရော လုပ်ပြနိုင်မလားဆိုတာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။