CNI International News
ရီးယာ့ဒ် ၊ မေလ ၁၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် အရှေ့အလယ်ပိုင်းရှိ ရေနံပေါကြွယ်ဝ သည့် နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဆော်ဒီနှင့် ယူအေအီးနိုင်ငံတို့အပေါ် ထားရှိခဲ့သည့် AI နည်းပညာမူဝါဒကို ပြောင်းလဲခဲ့ သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဆော်ဒီနှင့် ယူအေအီးတို့သည် Nvidia နှင့် Advanced Micro Devices ကုမ္ပဏီတို့က ထုတ်လုပ်သည့် နောက်ဆုံးပေါ် ချစ်ပ်ပြားများကို ဝယ်ယူခွင့် ရရှိတော့မည်ဖြစ်သည်။
ယခင်က အမေရိကန်သည် အမေရိကန်လုပ် AI နှင့် ဆက်နွှယ်သည့် နည်းပညာများ ပျံ့နှံ့မည့်အရေးကို တားဆီးရန် ကြိုးပမ်းမှုအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ ခေတ်မီနည်းပညာများ ရောင်းချမှုကို တားမြစ်ကန့်သတ်ခဲ့သည်။
အမျိုးသားလုံခြုံရေး စိုးရိမ်စရာကိစ္စများ၊ နည်းပညာများ တရုတ်လက်ထဲသို့ ရောက်ရှိသွားမည့်အရေး အစရှိသည့် စိုးရိမ်ပူပန်မှုများကြောင့် တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၃ ရက်တွင်မူ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ယခင်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်က AI နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
ချစ်ပ်ပြားကို တွေ့ရစဉ်
ထိုပယ်ဖျက်မှုသည် မေလ ၁၅ ရက်တွင် စတင် အကျုံးဝင် သက်ရောက်ခဲ့သည်။
ထရမ့်အစိုးရအဖွဲ့သည် AI နည်းပညာနှင့်ပတ်သက်ပြီး ချဉ်းကပ်လုပ်ဆောင်မှု ပုံစံအသစ်များကို မူကြမ်း ရေးဆွဲနေသည်ဟု ထိုကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်က မည်သည့် နေရာတွင်မဆို တရုတ်၏ Huawei Technologies ကုမ္ပဏီက ထုတ်လုပ်ထားသည့် AI ချစ်ပ်ပြားများကို အသုံးပြုခြင်းသည် အမေရိကန်အစိုးရ၏ ပို့ကုန်ထိန်းချုပ်မှုများကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ဆော်ဒီနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် Humain အမည်ရှိ ကုမ္ပဏီတစ်ခုကို ထူထောင်က အမေရိကန်၏ ချစ်ပ်ပြားများနှင့်အတူ AI အခြေခံ အဆောက်အအုံများ တည်ဆောက်သွားမည်ဖြစ်သည်။
ယူအေအီးနိုင်ငံသည်လည်း ယခုနှစ်မှစပြီး ၂၀၂၇ ခုနှစ်ကြား တစ်နှစ်ကို အမေရိကန်၏ ချစ်ပ်ပြား ၅၀၀,၀၀၀ စီ ဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
Source: CAN